• Today is: Monday, August 8, 2022

“ပြည်နယ်ဖွဲ့စည်းပုံ အခြေခခံဥပဒေရေးဆွဲရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ”(စကားဝိုင်း) အနှစ်ချုပ်

(စကားဝိုင်း) အနှစ်ချုပ်

“ကျွန်မတို့ နိုင်ငံက လက်ရှိအချိန်ထိ ကျား/မတန်းတူရေးကို လက်ခံဖို့လိုနေသေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ဒါတွေကို ဒီနွေဦးတော်လှန်ရေးနဲ့ အတူ ကျော်လွှာနိုင်လိမ့်လို့မျှော်လင့်မိပါတယ်”

ဆရာမ လွင်ပိုးငယ် ( မြန်မာအမျိုးသမီးများအဖွဲ့အချုပ်)

မြန်မာအမျိုးသမီးများအဖွဲ့အချုပ် အနေနဲ့က NUCC ထဲမှာလည်း ပါဝင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။ သို့ပေမဲ့ ကျွန်မတို့ ဖက်ဒရယ်လို့ပြောတဲ့အဟာမှာ ပြည်နယ်တွေမရှိဘဲနဲ့ ပြည်ထောင်စုဆိုတာမရှိဘူးလေ။ အခု NUCC မှာ ဝိုင်းဝန်းဆွေးနွေးနေတဲ့ ဖက်ဒရယ်ချာတာမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် ပြည်နယ်တွေရဲ့ ဖွဲ့စည်ပုံ ဥပဒေတွေကို ရေးဆွဲခွင့်တွေကို ထည့်သွင်းထားတာရှိတယ်။ ထည့်သွင်းထားတာရှိသော်ငြားလည်း စာရွက်ပေါ် မှာရှိရုံနဲ့တော့ အာမခံချက်မရှိဘူးလို့ ပြောချင်တယ်။ အလုပ်နဲ့ လက်တွေ့ပြဖို့လိုအပ်ပါမယ်။ ဖက်ဒရယ် နဲ့ပါတ်သက်တဲ့ ပြည်နယ်တွေအရေးကို လက်တွေ့မလုပ်ရသေးတဲ့အချိန်မှာ ပြောဖို့ကစောပါသေးတယ်။

ကျွန်မတို့က ဒီနွေဦးတော်လှန်ရေးကစပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ နိုင်ငံတော်သစ်တခုကို တည်ဆောက်ချင်တာ ဖြစ်တဲ့ အတွက်ကြောင့်မို့ လုံးဝ တိုင်းရင်းသားတို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ခြေပေါ်ကိုရပ်တည်ခွင့် ရဖို့ကို ပိုလိုလားတာ ဖြစ်ပါတယ်။ အဲ့ဒီလိုအခွင့်အရေးတွေကိုရဖို့ဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းသင့် တာဖြစ်ပါတယ်။ နောက်တခုက ဗမာလူမျိုးတွေ လိုချင်တဲ့ ဖက်ဒရယ်က ဘာလဲဆိုတာကိုတော့ ကျွန်မတစ်ဦးရဲ့ အမြင်အရ ဆိုတော့ ဒီနေ့အချိန်ထိ မတွေ့သေးပါဘူး။ ချပြတာလည်း မရှိသေးဘူးလေ။ ဖက်ဒရယ်ဒီမိုကရက်တစ် Constitution ပေါ် ပေါက်နိုင်ရေးအတွက် လုပ်ဆောင်တဲ့အခါမှာ စိန်ခေါ်မှုတွေအများကြီးရှိနေတာကို တွေ့ရတယ်။ အဓိက စိန်ခေါ်မှုကဘာလဲ ဆိုရင် လူမျိုးကြီးဝါဒကို မဖယ်ရှားနိုင်သေးတဲ့ အတွေးအခေါ်၊ အယူအဆတွေအများကြီးရှိနေတယ်။ အထူးသဖြင့် လူမျိုးကြီး တွေက ဘယ်လိုမြင်လဲဆိုတော့ ဖက်ဒရယ်လို့ဆိုရင် တောင်းနေကြတယ်။ သူတို့က ဘာပြန်ပေးခဲ့လို့လဲဆိုတဲ့ စဉ်းစားချက်တွေ က ရှိနေတယ်။ ဒေါ်အောင်ဆန်းဆုကြည် ကိုယ်တိုင်က အဒီအတွေးအခေါ်ရှိနေတယ်။ အမှန်တော့ ဘယ်သူ့ဆီကမှ တောင်းဆို နေတာမဟုတ်ဘူး မူရင်းအခွင့်အရေးတွေရှိပြီးဖြစ်တယ်။ အဲ့ဒါကို လက်တွေ့ကျကျ လွတ်လွတ်လပ်လပ် ကျင့်သုံးပိုင်ခွင့်ရရှိ အောင် တိုက်ပွဲဝင်နေတာ၊ တော်လှန်နေတာ ဖြစ်ပါတယ်။ ဖိနိုပ်တဲ့လူရှိလို့ တော်လှန်တဲ့သူရှိနေတာဖြစ်တယ်။  Constitution လို့ပြောလို့ရှိရင် ပြည့်ပြည့်စုံတဲ့ တန်းတူရေးကို ဖော်ဆောင်ပေးရမှာဖြစ်ပါတယ်။ နောက်တခုက ဖိုဒါဒကြီးစိုးမှုကို ဖယ်ရှားရ မယ်။ ကျွန်မတို့ နိုင်ငံက လက်ရှိအချိန်ထိ ကျား/မတန်းတူရေးကို လက်ခံဖို့လိုနေသေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။ ဒီလို အခက်အခဲပေါင်းစုံကို ဒီနွေဦးတော်လှန်ရေးနဲ့ အတူ ကျော်လွှာနိုင်လိမ့်လို့မျှော်လင့်မိပါတယ်။  

မွန်အန်ဂျေလာ (ကယန်းအမျိုးသမီးအစည်းအရုံး၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်)

လက်ရှိမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ချာတာရဲ့ အစိတ်အပိုင်(၁) အခြေခံလမ်းညွှန်ချက်မှာဆိုရင်လည်း အချက်တစ်ချက်ပါထားတယ်။ သက်ဆိုင်ရာပြည်နယ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းပိုင်ခွင့်ရှိ တယ်ဆို တာ။ ကျွန်မအနေနဲ့ ဒီအချက်အပေါ်မှာ သုံးသပ်ရမယ်ဆိုရင် အခြေခံလမ်းညွှန်မှုဖြစ်တဲ့အတွက်ကြောင့် ပါဝင် ဆွေးနွေးတဲ့နေရာမှာ NUCC မှာ အလွှာပေါင်းစုံပါဝင်ပြီး သွားတာဖြစ်ပါတယ်။ ဆိုတော့ ဗမာတွေဘက်က လက်ခံလားဆိုတော့ လက်ခံလို့ပဲ ဒီအခြေခံလမ်းညွှန်မှု မူကြမ်းထွက်လာတာဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့ ကျင့်သုံးမှုက မရှိသေးတဲ့ခါကျတော့ သုံးသပ်ရတာ အချိန်အားဖြင့် စောသေးတယ်လို့မြင်တယ်။ ပြည်နယ် ဖွဲ့စည်းပုံရေးဆွဲရာမှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေကြားမှာ အာဏာခွဲဝေမှု ဘယ်လောက်အတိုင်းအတာ ထိထားလဲ၊ ဘယ်လောက်ထိ အာမခံချက်ရှိလဲ ဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကျွန်မတို့ ကရင်နီ မှာကျတော့ စတုတ္ထအကြိမ် ( 4 – Draft ) ပြည်နယ်ဖွဲ့စည်းပုံ မူကြမ်းပြီးစီးထားပါပြီ။ ဒီထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့  ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ တွေလည်းပါတယ်။ အခုလက်ရှိမှာဆိုရင် ကရင်နီပြည်ရဲ့ ကြားကာလ ဖွဲ့စည်းပုံအစီအမံ ရေးဆွဲဖို့ အတွက်ပြင်နေတယ်။ လုပ်ငန်းကော်မတီတွေဖွဲ့ထားတာရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလမှာ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ဖွဲ့စည်းခဲ့တယ်။ ဒီထဲမှာ ၂၀၂၀ ရွေးကောက်ပွဲကနေပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တယ်။ NLD ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်း၊ အမျိုးသမီးအစုအဖွဲ့ ၊ တတ်သိပညာရှင်တွေပါဝင်တဲ့ ကောင်စီ တစ်ခု ဖြစ်ပါတယ်။ ဒီထဲမှာ  အမျိုးသမီးပါဝင်မှုက ၅၀% ထိရှိတယ်ဆိုတော့ အားကောင်ပါတယ်။ လက်ရှိ အနေအထား မှာ လုပ်ငန်းကော်မတီတွေကနေပြီးတော့ ကြားကာလဖွဲ့စည်ပုံအစီအမံနဲ့ပါတ်သက်ပြီး ဥပဒေ ပညာရှင်တွေကနေ လေ့လာနေတယ်။ ပြီးတော့ ပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်တွေ ထိန်းချုပ်တဲ့ ဒေသတွေ မှာ ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းအုပ်ချုပ်တယ်ဆိုတာတွေကိုလည်း လေ့လာနေတယ်။ ပြီးလို့ရှိရင်တော့ ကျွန်မတို့  ကြားကာလဖွဲ့စည်းပုံအစီအမံရေးပါမယ်။ ရေးဆွဲတဲ့နေရာမှာ NUCC ကရေးဆွဲထားတဲ့ ချာတာ (၂) ကို မဆန့်ကျင်ဘဲ ရေးဆွဲသွားမှာြဖစ်ပါတယ်။

မိုင်သင်းယုမွန် ( Chin Human Rights Organization )

ဖက်ဒရယ်ဒီမိုကရေစီ ချာတာမှာ ပါတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူအောက်မှာ ပြည်နယ်တွေရဲ့ အခြေခံဥပဒေရေးဆွဲရေးပါလာတဲ့အခါမှာ ကျွန်မအနေနဲ့တော့ တာဟာ အင်မတန်မှကြီးမားတဲ့ တိုးတက်မှုတခုလို့မြင်မိတယ်။ နိုင်ငံရေးအရ ဒီချာတာက အခြေခံဥပဒေတစ်ခုတော့ မဟုတ်ဘူး ဒါပေမဲ့ ကျွန်မတို့ ဒီမိုကရေစီ အင်အားစုတွေတော်တော်များများ ပေါင်းစည်း ဆွေးနွေးပြီးတော့မှ ရလာတဲ့ ရလာဒ်တစ်ခုဖြစ်တဲ့ အတွက် တိုးတက်မှုလို့မြင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ ဗမာလူမျိုးတွေကို ဘယ်လောက်ထိကိုယ်စားပြုလည်း ဆိုရင်တော့ အင်စတီကျူးရှင်းအရ အကောင်အထည်ဖော်မှုမှာပဲ စောင့်ကြည့်ရမယ်လို့ သုံးသပ်မိပါတယ်။

နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ကဏ္ဍတွေမှာ အမျိုးတွေရဲ့ပါဝင်မှုက သိပ်ပြီးတော့ အက္ခရာမကျဘူးလို့ခံယူတာလည်း ဖြစ်နိုင်တယ်။ တချိန်တည်းမှာပဲ ကျွန်မတို့ ချင်းလူမှုအသိုင်းအဝန်းကိုပြန်ကြည့်မယ်ဆိုရင် နှစ်ကာများစွာမှာ နိုင်ငံရေးနယ်ပါယ်၊ ဦးဆောင်ဦးရွက်ပြုရတဲ့ အခန်းကဏ္ဍတွေမှာ တကယ်အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးတော့ မယ်ဆိုရင် အမျိုးသမီးတွေပါဝင်မှုက အရေးပါတယ်မပါဘူးဆိုတာကိုတောင် ထည့်မစဉ်းစားတဲ့ အနေထားထိကို ရောက်နေခဲ့တာကိုတွေ့နေရတယ်။ ဒီအရေးမှာတော့ အမျိုးသမီးတွေပါဝင်မှဖြစ်မယ်ဆိုပြီးတော့ ဖိတ်ခေါ်တာ လည်း မတွေ့ရပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လာတဲ့အပြင် အနည်းဆုံးတော့ ၃၀% တော့ပါသင့်တယ်ဆိုတဲ့ မူအရလက်ခံဖိတ်ခေါ်လာကြတယ်။

အမျိုးသမီးပါဝင်မှုလို့ ဆိုလို့ရှိရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးကိုပဲ ကိုယ်စားပြုပြီး စကားပြောမယ်ဆိုပြီးတော့ ထင်မှတ်မှားတတ်ကြပါတယ်။ ကမ္ဘာကြီးရဲ့ လူဦးရေကိုပဲကြည့်ကြည့်မယ်ဆိုလို့ရှိရင်ကို ထက်ဝက်ကျော်ကျော်က အမျိုးသမီးတွေဖြစ်ပါတယ်။ ဆိုတော့ ကမ္ဘာကြီးမှာ နေ့ဓတူဝရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေအားလုံးရဲ့ ထက်ဝက်ကျော်ကျော်က အမျိုးသမီးတွေနဲ့ အဓိကပိုပြီးတော့ သက်ဆိုင်တဲ့ ကြောင်းအရာတွေဖြစ်တယ်။ ဒါကြေင့် အမျိုးသမီးပါဝင်မှုဆိုတာကို ရှင်းရှင်းလင်းနားလည်ဖို့က အမျိုးသမီးတွေပါဝင်ခြင်းသည် သူတို့သိရှိထားတဲ့ အတွေ့အကြုံ၊ ပညာတွေနဲ့ ဝင်ရောက်ဖြေရှင်းပေးခြင်းဖြစ်တယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။

ဆရာမ မွန်းနေလီ ( Kachin Woman’s Association Thailand – KWAT )

ဒီဖြစ်စဉ်ကိုမပြောခင်မှာ အဓိက ကျွန်မတို့ မြန်မာနိုင်ငံမှာ ပြည်ထောင်စု ဆိုပြီးတော့ နိုင်ငံတစ်ခုအနေနဲ့ ရပ်တည်လာတာက ပင်လုံစာချုပ်အခြေခံဖြစ်ပါတယ်။ အဲ့ဒီမှာ ဖက်ဒရယ်ဒီမိုကရေနဲ့သက်ဆိုင်တဲ့ အချက် အဓိကတော့ ပြည်နယ်တိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိရေးဆိုတဲ့ဟာရှိတယ်။ ဒါကြောင့်မှုလည်း ဗမာ မဟုတ်တဲ့ အခြားတိုင်းရင်းသားတွေ ကိုယ့်ပြည်နယ်ကိုယ့်ဒေသရှိထားပြီးသား အားလုံးကစုစည်းပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာ နေထိုင်လာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။ ဒါကသမိုင်းကြောင်းဖြစ်တယ်။ ဒီသမိုင်း ကြောင်းကို ဘယ်လိုမှ ခြေဖျက်လို့မရဘူး။ နှစ်ပေါင်း (၇၀)ကျော် ဒီ ဗမာကြီးစိုးရေးနဲ့ကြုံခဲ့တယ်။ ပြီးလို့ရှိရင် တစ်ပြည်ထောင်စနစ်နဲ့ ချုပ်ကိုင်ထားတဲ့ဟာရှိတယ်။ ဆိုတော့ ဗမာလူမျိုးတွေရဲ့ အမြင်မှာက သူတို့ပိုင်တဲ့နိုင်ငံမှာပဲ ကျန်တဲ့ တိုင်းရင်းသားတွေက လာနေပါလားဆိုတဲ့ အသိက သူတို့ထဲမှာ စိမ့်ဝင်သွားတယ်။ ဒီစိတ်ဓါတ်တွေကို ဖယ်ရှားဖို့လိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီဆိုပြီးတော့ ပါးစပ်ကနေပဲပြော၊ စာမှာပဲရေးချထားလို့တော့ အဆင်မပြေဘူး။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ပြည်ပကိုရောက်နေတဲ့ အဖွဲ့အစည်းတွေ ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေအပါအဝင်ပေါ့  ဖက်ဒရယ်ဒီမိုကရေစီနဲ့ပါတ်သက်တဲ့ Constitution တစ်ခုကို ရေးဆွဲခဲ့တာတွေရှိတယ်။  ဒီထဲမှာ လက်နက်ကိုင် အဖွဲ့အစည်း၊ လူငယ်အဖွဲ့အစည်း၊ အမျိုးသမီး၊ နောက်ပြီး အဲ့အချိန်တုန်းက ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ညွန့်ပေါင်း အစိုးရတွေပါတယ်။ လိုအပ်ချက်တွေတော့ရှိမယ် ခေတ်နဲ့အညီပြုပြင်ရမဲ့ဟာတွေရှိမယ်။ တချိန်တည်းမှာပဲ ကိုယ့်ပြည်နယ်အလိုက် ရေးဆွဲထားတာတွေလည်း အခုချိန်ထိရှိတယ်။ အခုဆက်ပြီးတော့ NUG အစိုးရဖြစ်လာတဲ့ အချိန် ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ဟာကို ပြန်ပြီးတော့ အသက်သွင်းလိုက်တာကို ကျွန်မတို့ ဝမ်းသာကြိုဆိုတယ်။ နှစ်ပေါင်းများစွာ စစ်တပ်၊ NLD အပါအဝင် ဖက်ဒရယ်မူဆိုတာ ဘယ်သောအခါမှ မပြောခဲ့တဲ့ဘူးလေ။ ဖက်ဒရယ် လို့ပြောလိုက်လို့ရှိရင် နိုင်ငံကို ဖျက်ဆီးမဲ့လူတွေဆိုပြီး ပြည်သူတွေကို မဟုတ်မမှန်တဲ့ အတွေးအခေါ် တွေထည့် သွင်းပေးခဲ့တယ်။

အမျိုးသမီးများရဲ့ အခန်းကဏ္ဍဆိုရာမှာ နိုင်ငံတိုင်းမှာ၊ နေရာတိုင်းမှာ ဥပမာ- အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် ကလေးတယောက်ကို မေးလို့ရှိတောင် အမေရဲ့ အခန်းကဏ္ဍဘယ်လောက်အရေးပါလဲဆိုတာ သိတယ်။

ဆရာမ ဒေါ်မြမေ (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)

ပြည်နယ်တွေမှာ ပြည်နယ်အခြေခံဥပဒေ ဘယ်အထိရေးဆွဲထားပြီလည်း ဆိုလို့ရှိရင် တော်တော်များများက ရေးဆွဲထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေအကုန် စုပေါင်းပေါင်းပြီးတော့ ရေးဆွဲတဲ့အဆင့်ထိ တော့သွားဖို့တော့ ရပ်တန့်နေပါတယ်။ စိန်ခေါ်မှုက ကျွန်မတို့ ရေးဆွဲထားပြီးသား ဥပဒေတွေကို အကောင်အထည် ဖော်ခွင့်မရတာက စိန်ခေါ်မှုပါ။

ပြည်နယ်ခြေဥရေးဆွဲရေး အမျိုးသမီးအခန်းကဏ္ဍမှာ ဥပဒေဖွဲ့တဲ့ထဲမှာ အမျိုးသမီးတွေကိုယ်တိုင်ပါဝင်မှ ပြည့်ပြည့် စုံတဲ့ ဥပေဒကိုဖြစ်လာမှာဖြစ်ပါတယ်။ အမျိုးသမီးတွေကပဲ အမျိုးသမီးများရဲ့ ခံစားချက်တွေ၊ လိုအပ် ချက်တွေ၊ မတရားဖိနိုပ်မှုတွေကို ကိုယ်ကိုယ်တိုင်ခံစားရတာ သူများခံစားရတာကို နားလည်ပေးနိုင်တာမို့လို့ အမျိုးသမီးတွေ ပါဝင်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် ဥပဒေရေးဆွဲရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်တွင်မှာပါ အမျိုးသမီးတွေ ပါဝင်ဖို့လိုပါတယ်။ လက်ရှိအချိန်ထိ ကျား/မတန်းတူရေးကို ခွဲခြားမှုတွေရှိနေတယ်။ အခြေခံဥပဒေ မှာ အမျိုးသမီး အခွင့်အရေး သီးခြားထည့်တွင်းထားခြင်းမရှိဘဲနဲ့ ဥပဒေရှေ့မှောက်တွင် မည်သူမှဆို တန်းတူရှိရမယ် ဆိုတာက တရားမျှတမှုမရှိဘူးလို့မြင်ပါတယ်။ လိင်အရခွဲခြားတာ၊ ဘာသာရေးအရခွဲခြားတာ၊ ယာဉ်ကျေးမှု ဓလေ့ထုံတမ်း တွေနဲ့ခွဲခြားတာ ယာဉ်ကျေးမှုဓလေ့ ထုံးတမ်းဆိုတာ ခေတ်ကာလနဲ့အညီပြောင်းလဲ နေရမယ်။ နိုင်ငံတကာမှာ လည်း အမျိုးတွေကို တန်းတူညီမျှပေးတဲ့ စံတွေရှိပါတယ်။