• Today is: Thursday, April 25, 2024

(TNP)ဥက္ကဌ “မိုင်းနုမ်ဟန်နှင့် မိသားစု” မတရား ဖမ်းဆီးသတ်ဖြတ်ခံရခြင်းနှင့် စပ်လျဉ်းပြီး သီးသန့် ဆက်သွယ်မေးမြန်းချက်

ရှမ်းတောင် မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ (TNP)ဥက္ကဌ “မိုင်းနုမ်ဟန်နှင့် မိသားစု” မတရား ဖမ်းဆီး သတ်ဖြတ်ခံရခြင်းနှင့် စပ်လျဉ်းပြီး တအာင်းအမျိုးသားပါတီ (TNP) မိုင်းကိုင်မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင် မိုင်းအောင်ခမ်းနဲ့ သီးသန့် ဆက်သွယ် မေးမြန်းချက် အပြည့်အစုံ တင်ဆက်မှုကို ဖတ်ရှုနိုင်ပါတယ်။

ဖက်ဒရယ်ဂျာနယ်
မတ် ၁၇၊ ၂၀၂၂

မေး။     ။ ဦးမိုင်းနုမ်ဟန်အဖမ်းမခံရခင်နဲ့ အဖမ်းခံရပြီးဖြစ်စဉ်ကို အကျဉ်းချုပ်ပြောပြပေးပါ ဆရာ။

ဖြေ။      ။ မိုင်းနုမ်ဟန်က ပြီးခဲ့တဲ့ ဇန်နဝါရီ (၅) ရက်နေ့မှာ သူ့ရဲ့အမေ အသုဘကိုသွားတယ်။ (၁၀) ရက်နေ့မှာ မိုင်းကိုင်ကိုဆင်းလာမယ်ဆိုပြီး သူစီစဉ်ထားတယ်။ စီစဉ်ထားတဲ့အချိန်မှာ RCSS ကသူလျှိုတစ်ယောက်က သူမိုင်းကိုင်ကို သွားမလား၊ မသွားဘူးလားဆိုတာ လာစုံစမ်းတယ်။ သူက မိုင်းကိုင်မြို့ကိုတက်သွားတော့မယ်ဆိုတဲ့ဟာကို ရွာသားတွေလည်းပြောတယ်။ (၁၁) နာရီလောက်မှာ မိုင်းနုမ်ဟန် ကျွန်တော်တို့ဆီဖုန်းဆက်သွယ်လာတယ်။ သူဖုန်းဆက်ပြီး လေးငါးခြောက်မိနစ်အတွင်းမှာပဲ ကျွန်တော်တို့ပြန်ဆက်တော့ လုံးဝဆက်သွယ်လို့မရတော့ဘူး။ အဲ့ဒီအချိန်ကတည်းကကိုက RCSS က မိုင်းနူဟန်ကို ဖမ်းဆီးသွားတာ ပါ။ ဇန်နဝါရီ (၂၄) ရက်နေ့မတိုင်ခင် အဲ့ဒီနေရာတကြောလုံးလည်း RCSS ပဲထိန်းချုပ်ထားတယ်။ ကျွန်တော်တို့လည်း မိုင်းနုမ်ဟန် မသေသေးဘူးလို့ပဲ ထင်နေခဲ့တယ်။ သက်ဆိုင်ရာဠာနအသီးသီးကိုလည်း ကျွန်တော်တို့စာပို့ပေးခဲ့တယ်။ အကြောင်းကြားခဲ့တယ်။ RCSS ဗဟိုကိုလည်းကျွန်တော်တို့စာပို့ပေးတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ကျွန်တော်တို့စာပို့ပေးတယ်။ စာပို့ပီးတဲ့အချိန်မှာ ဘာအကြောင်းပြန်မှုမှလည်းမလာသေးဘူး။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ RCSS ကနေထွက်ပြေးလာတဲ့ RCSS တပ်သား တအောင်း(ပလောင်) လူမျိုးက မိုင်းနုမ်ဟန်တို့ မိသားစုကို RCSS ကဖမ်းဆီးသတ်ဖြတ်တယ်လို့သူပြောတယ်။ (၁) ရက်နေ့မှာ ကျွန်တော်တို့သူ့ဆီကို သွားရောက်စုံစမ်းမေးမြန်း တယ်။ ၃ ရက်နေ့မှာ ကျွန်တော်တို့မိုင်းနုမ်ဟန်လို့ထင်ယောင်ထင်မှားဖြစ်နေတဲ့ အလောင်းတစ်လောင်းကိုတွေ့ရှိတယ်။ တွေ့ရှိပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ထပ်ပြီးတော့ရှာဖွေမှုတွေလုပ်တယ်။ မတ်လ ၉ ရက်နေ့မှာ ကျွန်တော်တို့မိုင်းနုမ်ဟန်အလောင်း ကိုတွေ့တယ်။ ပန်းပွဲရွာခံ ယာသမားတစ်ဉီးက အမျိုးသမီးကိုကြိုးတုပ်ပြီးခေါ်လာတာသူတွေ့တယ်။ နောက်ပြီးတော့ ကလေးငိုသံတွေကြားရတယ်။ ဖမ်းဆီးခေါ်ဆောင်ပြီး သူ့ယာတဲကျော်သွားတဲ့ တစ်နာရီအတောအတွင်းမှာ သေနတ်သံကြားတယ်။ သေနတ်သံကြားတဲ့အပေါ်မှာ မူတည်ပြီး သူ့ရဲ့ထွက်ဆိုချက်အရကျွန်တော်တို့လိုက်သွားကြည့်တယ်။ အဲ့မှာ ရုပ်အလောင်း (၃) လောင်းလုံးကျွန်တော်တို့တွေ့တယ်။

မေး။     ။ TNLA အပါအဝင် တအောင်းအဖွဲ့အစည်းတွေက RCSS ကသတ်ဖြတ်တယ်လို့ပြောထားကြတယ်။ ဒါပေမယ့် RCSS ကတော့ သူတို့မဟုတ်ဘူးလို့ငြင်းချက်ထုတ်ထားတယ်။ ဆရာတို့ရရှိတဲ့အချက်အလက်တွေက RCSS ကသတ်ဖြတ်တယ်လို့ အခိုင်အမာယူဆလို့ရပါသလား။

ဖြေ။      ။ ရပါတယ်။ ဘာဖြစ်လို့လဲဆို RCSS ကနေထွက်ပြေးလာတဲ့တပ်သားဟောင်းဆီကနေ တိကျသေချာတဲ့သက်သေရှိတယ်။ နောက်တစ်ချက်က အဲ့ဒီ ပန်ပွဲရွာမှာရှိတဲ့ ရှမ်းဒေသခံတွေကလည်း RCSS ကမိုင်းနုမ်ဟန်တို့မိသားစုကို ခေါ်ဆောင်သွား တယ်ဆိုတာကို သူတို့လည်းသိရှိခဲ့တယ်။ RCSS ကသူဖမ်းတယ်ဆိုတာကို ဘယ်တုန်းကမှ ဝန်မခံဖူးဘူး။ RCSS ရဲ့ငြင်းဆိုချက်အရက အဲ့ဒီမိုင်းကိုင်နယ်မြေတစ်ဝိုက်မှာ သူတို့ဆုတ်ခွာသွားပြီဖြစ်တယ်ဆိုတာကို ငြင်းဆိုထားတယ်ပေါ့။ ဒါပေမယ့် ဇန်နဝါရီ ၂၄ ၂၀၂၂ မတိုင် ခင် အဲ့နယ်တစ်ဝိုက်ကို RCSS ကထိန်းချုပ်ထားတယ်။ ၂၄ ရက်နေ့နောက်ပိုင်းမှာ အခြားသော တပ်ဖွဲ့တွေက အဲ့ဒီနယ်နိမိတ်ကိုရောက် လာတယ်။ မိုင်းနုမ်ဟန်ပျောက်တဲ့အချိန်က ဇန်နဝါရီ ၁၀ ရက်နေ့ဖြစ်တဲ့အတွက် RCSS ကသူဖမ်းထားတယ်ဆိုတဲ့ လုံးဝကို သက်သေ အထောက်အထားတွေဖြစ်ပါတယ်။ လုံးဝခိုင်မာတဲ့အချက် ၃ ချက်ရှိပါတယ်။ ပထမအချက်က RCSS တပ်သားဟောင်းရဲ့ မိုင်းနုမ်ဟန်ဖမ်းဆီးခံရတာ သူတွေ့တယ်ဆိုတဲ့အချက်၊ နောက်တစ်ချက်က ပန်းပွဲရွာရှမ်းလူထုက တွေ့ရှိတယ်ဆိုတဲ့အချက်၊ နောက်ဆုံးအချက်က ဇန်နဝါရီ ၂၄ ရက်နေ့မတိုင်ခင်မှာ RCSS ကသူတို့ဒေသကို ထိန်းချုပ်တာဖြစ်တဲ့အတွက်ကြောင့် RCSS ကမိုင်းနုမ်ဟန်ကို သတ်ဖြတ်တယ်ဆိုတာကို ပြောလို့ရတယ်။

မေး။     ။ ကားတိုက်ခံရပြီးသေဆုံးသွားတဲ့ မိုင်းနုမ်ဟန်ရဲ့မိခင်အဖြစ်ကိုကြည့်မယ်ဆိုရင်လည်း သံသဃဖြစ်စရာတွေရှိတာပေါ့။ အခုထိလည်း အမှုမှန်မပေါ်သေးဘူး။ မိုင်းနုမ်ဟန်တို့မိသားစုတွေအသတ်ခံရတာတွေက ဆက်စပ်မှုရှိနိုင်မလားဆရာ။ အဖွဲ့အစည်းတစ် ခုခုက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်ခဲ့တယ်လို့ သုံးသပ်လို့ရမလားဆရာ။

ဖြေ။      ။ ကျွန်တော်တို့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ နှစ်ဖက်လုံးက စစ်ရေးတင်းမာနေတဲ့အချိန်မှာကျတော့ လုံခြုံရေးအရ တော်တော်လေးသတိထားရတယ်။ မိုင်းနုမ်ဟန်ကို RCSS ကလုံးဝမလိုလားဘူး။ မိုင်းနုမ်ဟန်ကိုလည်း မြို့ထဲကနေမထွက်ဖို့ ကျွန်တော်တို့အကြိမ်ကြိမ်ပြောတယ်။ ကျွန်တော်တို့ပြောတော့ မိုင်းနုမ်ဟန်ကလည်း မြို့ထဲကနေလုံးဝမထွက်ဘူး။ RCSS ကမိုင်းနုမ်ဟန်ရဲ့မိခင်ကို သတ်လိုက်ရင်မိုင်းနုမ်ဟန်မြို့ထဲကနေထွက်လာနိုင်တယ်ဆိုပြီး မိုင်းနုမ်ဟန်ရဲ့မိခင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ကားနဲ့ဝင်တိုက်ပြီး သတ်လိုက်တယ်။ ကားနဲ့တိုက်သတ်တယ်လို့ဘာလို့သံသဃဖြစ်တာလဲဆိုရင် မိုင်းနုမ်ဟန်ညီက သူ့အမေကိုတင်လာတဲ့အချိန်မှာ သူ့မျက်စိရှေ့တည့်တည့်မှာ ဝင်တိုက်တာပေါ့။ တွဲဆိုင်ကယ်နဲ့သူ့အမေကို သူ့ညီကတင်လာတာပေါ့။ ကားနဲ့တိုက်ချပြီး မောင်းပြေးသွားတယ်။ အဲ့ဖြစ်စဉ်ကိုကြည့်ပြီး မိုင်းနုမ်ဟန် မထွက်ထွက်လာအောင် သူ့အမေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကားနဲ့တိုက်သတ် သွားတယ်ပေါ့။

မေး။     ။ RCSS ကသတ်ဖြတ်တယ်ဆိုတာ ဆရာတို့ဖက်က အခိုင်အမာသက်သေတွေလည်း တွေ့ထားပြီဆိုတော့ ဆရာတို့ပါတီအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဘယ်လိုမျိုးတရားမျှတမှုတွေလိုချင်ပါသလဲ။

ဖြေ။      ။ နိုင်ငံတော်အစိုးရအနေနဲ့မိုင်းနူဟန်ကိစ္စကိုအရေးယူဆောင်ရွက်ပေးစေချင်တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့လည်း အရေးယူဆောင်ရွက်ပေးဖို့ကျွန်တော်တို့တောင်းဆိုချင်တယ်။ အကယ်၍နိုင်ငံတော်အစိုးရအနေနဲ့မိုင်းနုမ်ဟန်ကိစ္စကို လျစ်လျူရှုခဲ့မယ်ဆိုရင် ပုလင်းတူဗူးဆို့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ လုံးဝကိုရည်ရွယ်ချက်ရှိရှိနဲ့သတ်တာဖြစ်တယ်။ လူ့အခွင့်အရေးကိုချိုးဖောက်တာဖြစ်တဲ့အတွက်ကြောင့် RCSS ကိုအရေးယူပေးဖို့ကျွန်တော်တို့တောင်းဆိုချင်တယ်။ နောက်တစ် ချက်က သူ့ရဲ့အမျိုးသမီးသည်နိုင်ငံရေးနဲ့ လုံးဝကိုမသက်ဆိုင်၊ ဘာမှ မသိမတတ်တဲ့အပြစ်ကင်းတဲ့အမျိုးသမီးဖြစ်ပါတယ်။ ဘာမှကို မသိမတတ် နားမလည်သေးတဲ့ ၇ လသားအရွယ်သူတို့သမီးကို သတ်ဖြတ်လိုက်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့လည်း RCSS ကိုဖိအားပေး၊ အရေးယူပေးဖို့ တောင်းဆိုချင်တယ်။ ဒီကိစ္စကိုလျစ်လျူရှုခဲ့မယ်ဆိုရင် လူသတ်လိုင်စင်ထုတ်ပေးသလိုဖြစ်မယ်ပေါ့။ ဒါကြောင့်အရေးယူပေးဖို့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်။

မေး။     ။ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ဖြစ်စဉ်ဆိုတော့ RCSS အနေနဲ့ဘယ်လိုအပြုသဘောဆောင်တဲ့ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်စေချင်ပါသလဲ။

ဖြေ။      ။ RCSS အနေနဲ့ဒီကိစ္စကိုသူလုပ်ပါတယ်လို့ မှန်မှန်ကန်ကန်ဝန်ချတောင်းပန်ဖို့လိုမယ်။ မိုင်းနုမ်ဟန်သည် တအန်းပါတီခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့တအန်းလူမျိူးစုတစ်စုလုံးကို ဝန်ချတောင်းပန်ဖို့လိုပါ မယ်။ RCSS ကသူတို့သတ်ဖြတ်တာဖြစ်တဲ့အတွက်ကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှုတွေလုပ်ဖို့ ကျွန်တော်တို့တောင်းဆိုချင်ပါတယ်။ ပူးပေါင်းပါဝင်စေချင်ပါတယ်။

မေး။     ။ လက်ရှိမိုင်းကိုင်မြို့နယ်ထဲမှာရှိနေတဲ့ TNP ပါတီဝင်တွေရဲ့အသက်အန္တရာယ် လုံခြံရေး ခြိမ်းခြောက်ခံရတာတွေ ရှိနေနိုင်မလား ဆရာ။

ဖြေ။      ။ လက်ရှိမိုင်းကိုင်မြို့နယ်ထဲမှာ TNP ပါတီဝင်တွေအနေနဲ့ အသက်အန္တရာယ်ကတော့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေသေးတယ်။ RCSS ကလုံးဝဒီနယ်မြေကိုစွန့်လွှတ်သွားပြီဖြစ်ပေမယ့် RCSS ကပြောက်ကျားပုံစံနဲ့အခြားသောအဖွဲ့ဝင်တွေကို အန္တာယ်ပြုခြိမ်းခြောက်မှာလည်း ကျွန်တော်တို့စိုးရိမ်ရသေးတယ်။ ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲလုပ်ပြီးတဲ့နောက်ပိုင်း၊ ဒီပြဿနာပေါ်ပေါက်ပြီးနောက်ပိုင်း ပိုပြီးတော့စိုးရိမ်ရတဲ့အနေအထားမျိုးဖြစ်ပါတယ်။

မေး။     ။ နောက်ဆုံးအနေနဲ့ဖြည့်စွက်ပြောစရာများရှိအုံးမလားခင်ဗျ။

ဖြေ။      ။ RCSS အနေနဲ့ နိုင်ငံတကာမူပေါ်လစီကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့အရေးကြီးပါတယ်။ ဒီလိုမျိုးဖမ်းဆီးသတ်ဖြတ် တာမျိုးမရှိဘူးလို့တော့သူတို့ကတော့ ပြောတာပေါ့နော်။ ဒီလိုမျိုးသတ်ဖြတ်တဲ့ပေါ်လစီသည် ဘယ်အဖွဲ့အစည်းမှ မရှိပါဘူး။ သူတို့ရဲ့ပေါ်လစီကို  မချိုးဖောက်ဖို့တော့လိုအပ်ပါတယ်။ သူကသူလုပ်ပါတယ်လို့ အကြိမ်ကြိမ်အခါခါ ဘယ်တော့မှလည်း ဝန်မခံဘူး။ ဒါကြောင့်မို့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့လုံးဝကို သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်။ RCSSအနေနဲ့သူလုပ်တဲ့ ကိစ္စရပ်တွေအားလုံးအ တွက်တာဝန်ခံမှု၊ တာဝန်ယူမှုရှိဖို့လိုအပ်ပါတယ်။