• Today is: Friday, April 19, 2024

PPST ၏ နှစ်ရက်တာ အစည်းအဝေး ဆက်လက်ကျင်းပ

ဖက်ဒရယ်ဂျာနယ်

မတ် ၂၂၊ ၂၀၂၂

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ နှစ်ရက်တာ အစည်းအဝေးကျင်းပနေကြောင်း သိရှိရသည်။ အစည်းအဝေးတွက် မကြာမှီကျင်းပမည့် NCA-S EAOတို့၏ စတုတ္ထအကြိမ်မြောက်ညီလာခံ (ဒုတိယပိုင်း)ကို အဓိကထား ဆွေးနွေးမှာ ဖြစ်သလို လက်ရှိပြည်တွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်မှုများကို ဆွေးနွေးမည်ဖြစ်ကြောင်း PPST အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောဆိုသည်။

နိုင်အောင်မင်းက “ဒီနှစ်ရက်တာ အစည်းအဝေးမှာ မကြာမှီကျင်းပမည့် NCA-S EAOတို့၏ စတုတ္ထအကြိမ် မြောက်ညီလာခံ (ဒုတိယပိုင်း)ကို အဓိကထား ဆွေးနွေးမှာ ဖြစ်သလို လက်ရှိပြည်တွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်မှုများကို သုံးသပ် ဆွေးနွေးမှာ ဖြစ်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပြည်တွင်းခရီးစဉ် ရလဒ်များပိုလည်း ဆွေးနွေးသွားမှာ ဖြစ်သလို နိပွန်ဖောင်ဒေးရှင်းရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေးကို လက်ခံရယူရေး၊ သယ်ယူ ပို့ဆောင်ရေး နည်းလမ်းများနဲ့ ပတ်သက်လို့လည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။

လက်ရှိ အထွေထွေ နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ UN ၊ အာဆီယံနဲ့ အခြားနိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ်မှာလည်း သုံးသပ်ဆွေးနွေး သွားဖို့ ရှိပါတယ်” ဟု ပြောသည်။

PPST သည် ၎င်းတို့ကြား ချမှတ်ထားတဲ့ နိုင်ငံရေးဦးတည်ချက် (၇)ရပ်အတိုင်း မားမားမတ်မတ် ရပ်တည်ပြီး လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲပုံစံအသစ်မှတဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အဖက်ဖက်နဲ့ လက်တွဲပူးပေါင်းပြီး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ NCA-S EAO အပစ်ရပ်(၁၀)ဖွဲ့များသည် –

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)

၂။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

၃။ ချင်းအမျိုးသား တပ်ဦး (CNF)

၄။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)

၅။ ကရင်အမျိုးသားအစည်းအရုံး (KNU)

၆။ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)

၇။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)

၈။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)

၉။ မွန်ပြည်သစ်ပါတီ (NMSP)

၁၀။ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။