• Today is: Saturday, April 20, 2024

စစ်ကောင်စီထုတ်ကုန်များ သိုလောင် သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ရန်၊ စစ်​ရှောင်​ဒေသများတွင် ​စျေး​ရောင်းချသူများ ၁၀ရာခိုင်နှုန်းသာ အမြတ်တင်​ရောင်းချကြရန် KNDF ‌ပြော

ပုံစာ – (ကရင်နီတပ်ဖွဲ့ဝင်များက သတိပေးစာများလိုက်လံကပ်နေစဥ်) KNDF/ B-15

ဖက်ဒရယ်ဂျာနယ်
မတ် ၂၃၊ ၂၀၂၂

ဖရူဆိုမြို့နယ် အခြေစိုက်  KNDF တပ်ရင်း (၁၅)၏ လှုပ်ရှားမှုနယ် မြေအတွင်း စစ်ရှောင်ဒေသများရှိ စားသောက် ကုန် ရောင်းချသူများသည် ကုန်ပစ္စည်းဈေးနူန်း၏ ၁၀ရာခိုင်နှုန်းသာအမြတ်တင်​ရောင်းချရန်နှင့် စစ်ကောင်စီထုတ် ကုန်ပစ္စည်းများ လက်ဝယ် သိုလောင်၊ သယ်ယူ ပို့ဆောင် ရောင်းချင်ခြင်းတို့ကို လုံး၀ ခွင့်ပြုမည် မဟုတ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ကျေးရွာလူထု အကြီးအကဲများ၊ ကရင်နီတပ်မတော်(KA) အကြီးအကဲများနှင့် KNDF တပ်ရင်း(၁၅)မှ ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

၎င်းတို့က “မိမိတို့ KNDF တပ်ရင်း(၁၅)၏ လှုပ်ရှားမှုနယ်မြေအတွင်းရှိ ဆိုင်ရှင်များနှင့် ပြည်သူလူထုများအားလုံး အကြမ်းဖက်စစ်ကောင်စီမှ ထုတ်လုပ်သည့် (Mytel, Premium Gold, Red Ruby ၊အန်ဒမန်၊ မြန်မာဘီယာ၊ မန္တလေးတံဆိပ်ဘီယာများ၊ ဆင်မင်၊ ဒဂုံ၊ ကြံတဆိပ်ဘိလပ်မြေ၊ Milky နို့ဆီ၊ ရွှေဖီဦး တီးမစ်) အစရှိသည့် မည်သည့်ထုတ်ကုန်ပစွည်းများကိုမဆို လက်ဝယ်သိုလှောင်ခြင်းနှင့်သယ်ယူပို့ဆောင်ခြင်းများကို လုံးဝ (လုံးဝ) ခွင့်မပြုပါ။

ထို့ပြင် မိမိတို့တပ်ရင်း(၁၅)နှင့် KA လှုပ်ရှားမှုနယ်မြေအတွင်းရှိ ကျေးရွာများနှင့် စစ်ရှောင်ဒေသများ၌ အခြားသော စားသောက်ကုန်ပစွည်းများရောင်းဝယ်လျက်ရှိသော ဆိုင်ရှင်များနှင့် ဈေးသည်များသည် ဝယ်ယူအားပေး သူများကို လူသားချင်းစာနာထောက်ထားသောအားဖြင့် မိမိတို့ဝယ်ယူသောကုန်ပစွည်းဈေးနူန်း၏ (၁၀%)သာ အမြတ်ထုတ်ရောင်းချနိုင်ရန် KAမှအကြီးအကဲများ ၊ တပ်ရင်း(၁၅)မှ တပ်ဗိုလ်တပ်မှူးများနှင့် ကျေးရွာလူထု အကြီးအကဲများ၏ ဆုတ်ဖြတ်ချက်အရ တားမြစ်ထားပါသည်” ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တစ်လကျော်ကြာထိုးစစ်ဆင်ခံနေရသည့် ကရင်နီ(ကယား) ပြည်နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၁၇၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။