• Today is: Wednesday, December 7, 2022

သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ (၂)

သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ (၂)

by Hla Soewai – Mar 31 2022

တော်လှန်ရေး၏ ဖန်တီးရှင်များ

၁၉၆၈ ခုနှစ်သည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကမ္ဘာနှင့် တဝှမ်း ပြင်းထန်လှသော နိုင်ငံရေး မုန်တိုင်းကြီး ရိုက်ခတ်ခံခဲ့ရသော နှစ်တနှစ် ဟု ပြော၍ ရပေသည်။

မာတင်လူသာကင်း နှင့် ဘော်ဘီ ကနေဒီ တို့ နှစ်ဦးစလုံး လုပ်ကြံသတ်ဖြတ်သူများ၏ ကျည်သင့်ခံခဲ့ကြရသည်။ ပဲရစ် မြို့ကြီး၏ လမ်းများ ပေါ်တွင် အတားအဆီးများ ချလာခဲ့ကြရပြီး ဆော်ဘွန်း တက္ကသိုလ်ကြီးမှ စတင်ခဲ့သော ကျောင်းသားများ၏ ကန့်ကွက်ဆန္ဒပြမှုများသည် တနိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ရသည်။ ချက်ကိုစလိုဗက်ကီယား နိုင်ငံသားများ၏ နွေဦး၏ ချိုမြိန်သော လေ ကို လွတ်လွတ်လပ်လပ် ရှုရှိုက်နိုင်ခွင့် ရခဲ့ကြသော်လည်း ခေတ္တခဏမျှသာ ဖြစ်ပြီး ဆိုဗီယက် တင့်ကားများ ဝင်ရောက်လာမှု နှင့် အတူ ဖိနှိပ်ချုပ်ချယ်ရေး ယန္တရားသစ်ကြီး၏ အောက်တွင် မွန်းကျပ်စွာ နေထိုင်ခဲ့ကြရပေသည်။

အမေရိကန် ပြည်ထောင်စု တွင်လည်း ဒီမိုကရက်တစ် ကွန်ဗင်ရှင်းစင်တာကြီး ၏ ရှေ့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့သည်၊ ထိုအချိန်က ဗီယက်နမ်စစ် ဆန့်ကျင်ရေး လှုပ်ရှားမှုသည် အမေရိကန် တက္ကသိုလ် ကျောင်းဝင်းများ၊ မြို့ကြီးများ အပြင် ကျေးလက်ဒေသများအထိ အရှိန်အဟုန် ပြင်းစွာ ရိုက်ခတ်ခံနေရသော အချိန်လည်း ဖြစ်သည်။

၁၉၆၀ ကျော် နှစ်များ နှင့် ၁၉၇၀ အစောပိုင်း ကာလများအတွင်း ထွက်ပေါ်လာသော မျိုးဆက်သစ်များသည် ကမ္ဘာကြီးကို ပြုပြင် ပြောင်းလဲရန် အင်နှင့် အားနှင့် ကြွေးကျော်လာခဲ့ကြသည်။ ထိုအချိန်က လူ့အဖွဲ့အစည်းကို ခြုံလွှမ်းထားသော ဝတ်ရုံကြီးနှင့် လူတို့၏ အခြေခံ အယူအဆများကို ဆွဲခါ ချကာ မှောက်လှန်ပစ်ခဲ့သော ကာလများလည်း ဖြစ်သည်။

လူ့အဖွဲ့အစည်းကို လွှမ်းမိုး ချုပ်ကိုင်ထားကြသော အင်အားကောင်းလှသည့် လက်တဆုပ်စာ လူတန်းစား၏ စိုးမိုးထားမှုမှ ရုန်းထွက်ရန် နိုင်ငံရေး တွင် အောက်ကျနောက်ကျ ပါဝင်ခဲ့ရသည့် လူတန်းစားများ၏ မျှော်လင့်ချက်များ နှင့်အတူ တွန်းထိုး ရုန်းကန်လာမှုများကို ရှားရှားပါးပါး မြင့်တွေ့ခွင့် ရခဲ့သည့် ကာလများလည်း ဖြစ်ပေသည်။ ခေတ် အဆက်ဆက် ရေငုံနှုတ်ပိတ် နေခဲ့ကြရသည့် လူတန်းစားတို့၏ ကျယ်လောင်စွာ တောင်းဆိုလာမှုများကို ကျွနုပ်တို့ ကြားခွင့် ရလာကြသည်။

အဓိကရုဏ်များ၊ ပုန်ကန်မှုများ၊ အုံကြွလာမှုများသည် တကယ်တမ်းတွင် လူသားတို့၏ သမိုင်းစဉ် နှင့် မည်သို့မျှ ခွဲခြား၍ မရသော အတူတူ တွဲလျက် ပါလာသော အစိတ်အပိုင်းများလည်း ဖြစ်ပေသည်။ သို့သော် တော်လှန်ရေး ဆိုသည်က ထိုဖြစ်စဉ်များ နှင့် မတူ တမူထူးခြားသည်ဟု ဆိုရမည် ဖြစ်သည်။

တော်လှန်ရေးသည် အမြဲလို ဆန်းသစ်နေသည်၊ နိုင်ငံ နှင့် နိုင်ငံကို အုပ်ချုပ်နေကြသည့် အာဏာပိုင်များ၊ အခွင့်ထူးခံများ၊ ပြည်သူများ အကြား အပြန်အလှန် ဆက်သွယ် ထိန်းချုပ်ထားသည့် လုပ်ငန်းစဉ် တခုလုံးကို စနစ်တကျ ပြောင်းလဲ ပစ်နိုင်စွမ်း ရှိနေသောကြောင့်ပင် ဖြစ်သည်။

၁၄ ရာစု မှ ၁၇ ရာစုများ အကြား ပေါ်ပေါက်ခဲ့သော ဥရောပတွင် အနုပညာ နှင့် စာပေ ပြန်လည် ထွန်းကားလာသည့် ခေတ် နှင့် ၁၆ ရာစု နှင့် ၁၇ ရာစု များအကြား ပေါ်ပေါက်လာသည့် ခရစ်ယာန် သာသနာ ပြုပြင် ပြောင်းလဲလာသည့် ကာလများ အတွင်း လူသားတို့၏ အတွေး အခေါ်များသည်လည်း အတူတူ ရွေ့လျား ပြောင်းလဲ လာခဲ့ပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ နောက်ဘဝ အတွက် လက်ရှိ ဘဝမှ ထုတ်နှုတ် ပေးဆပ်မည် ဟူ အယူအများ နေရာတွင် အတွေးအခေါ် အသစ်များ အစားထိုး ဝင်ရောက်လာခဲ့ကြသည်။

မိမိတို့ သည်းငြည်းခံ နေထိုင်ရမည် ဆိုသည်ထက် မည်သို့ ဖြစ်နိုင်ခြေ ရှိသည်များကို တည်ဆောက်သွားနိုင်သည်ဆိုသော အသိလိမ္မာတရားများ ကို ပုံဖေါ် လာခဲ့ကြသည်။ ထိုသို့ အနောက်တိုင်း ယဉ်ကျေးမှု နယ်ပယ်တွင် မိမိတို့ လက်ရှိ နေထိုင်လျက် ရှိသော လူမှု စနစ်ကြီး၏ ဆိုးကျိုး များကို မည်သို့ မည်ပုံ ပြောင်းလဲ နိုင်သည် ဆိုသော ခံယူချက်များ ပေါ်ထွန်းလာမှု နှင့် အတူ တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့ရသည်။

တော်လှန်ရေး ဆိုသည်က နိုင်ငံ အုပ်ချုပ်သူများသည် နိုင်ငံသားတို့၏ လိုလားချက်များ အား တုန့်ပြန်ခြင်းမရှိ၊ လိုက်လျောပေးခြင်းလည်း မရှိ၊ အမြတ်ထုတ် အသုံးချလာသည့်အခါ ၎င်းတို့၏ ရပိုင်ခွင့်များအား ဥပဒေ ပြင်ပမှ နည်းလမ်းများ ဖြင့် ဖန်တီး ယူရမည်ဆိုသည့် အယူအဆ အပေါ် အခြေခံ သည်။ တော်လှန်‌ရေး တိုင်းတွင် အကြမ်းဖက် နည်းလမ်းသည် မရှိမဖြစ် ပါဝင်ရမည့် အရာမျိုးတော့ မဟုတ်၊ သို့သော် နောက်ကွယ်မှနေ၍ အမြဲလို အရိပ်မိုး ခြောက်လှန့်နေတတ်သည့် သဘောတော့ ရှိပေသည်။

တော်လှန်ရေးများ ဖြစ်ပွားလာသည့် အခါတွင် ပြည်သူများသည် ရေငုံနှုတ်ပိတ်နေကြခြင်း မရှိတော့၊ လက်ရှိ အနေအထားအတိုင်း ဆက်သွားမည့် အရေးကို ငြင်းပယ်လာကြသည်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု အဆောက်အအုံ သစ်ကြီးများ တည်ဆောက်သွားနိုင်ရေး အတွက် လက်ရှိ အစဉ်အလာများကို ရိုက်ချိုး ချေဖျက် ပစ်နိုင်ရန် ကြိုးပမ်းလာကြသည်။

ထိုသို့ လက်ရှိ လူနေမှု စနစ်ကြီးကို ပြောင်းပြန်လှန်ပစ်ခဲ့မှုသည် သဘာဝကျသည်၊ မလုပ်၍ မဖြစ်ဟု ယူဆလာသည်နှင့်အမျှ တော်လှန်ရေးကြောင့် ကသောင်းကနင်း၊ ဖရိုဖရဲ ဖြစ်လာမှု၊ သွေးထွက်သံယို ဖြစ်ပွားလာမှုများသည် လောလောဆယ် အနစ်နာခံ သင့် ခံထိုက်သည့် အချင်းအရာများ ဖြစ်သည်ဟု တော်လှန်ရေး တွင် ဦးဆောင်သူများက အချင်းချင်း သဘောပေါက်ရန် ကြိုးပမ်းခဲ့ကြသည်။

ထိုအချင်းအရာများ ပေါ်လွင်စေရန် ဒဿမမြောက် ချား ဘုရင် အား ဖြုတ်ချခဲ့ကြသည့် တော်လှန်ရေးကြီး အား သရုပ်ဖေါ် ရေးဆွဲခဲ့သည့် ၁၉ ရာစုနှစ် ပြင်သစ် ပန်းချီ ပညာရှင် Eugene Delacroix က ၁၈၃၀ တွင် သရုပ်ဖေါ် ရေးဆွဲခဲ့သည့် “Liberty Leading the People” ပန်းချီကား တွင် အနစ်နာခံလိုစိတ်များ နိုးထလာစေရန် ဖေါ်ကျုးလာခဲ့သည်။ Delacroix ၏ ပန်းချီကားတွင် လက်နက်စွဲကိုင်ထားသော တော်လှန်ရေးသမားများသည် ရှေ့သို့ ချီတက်လာနေကြပုံ နှင့် ကျဆုံးသွားသော ရဲဘော်များ နှင့် ရန်သူ အလောင်းများအပေါ် ကျော်ဖြတ်ရင်း ပန်းချီကားတွင် လွတ်လပ်ရေး အထိမ်းအမှတ် အဖြစ် ပုံဆောင်ရေးဖွဲ့ခဲ့သည့် အမျိုးသမီးအားလည်း သူတော်စင် တဦး ပမာ ရောင်ခြည်များ ကွန့်မြူးချယ်သပေးခဲ့သည်။ သူမသည် ပဲရစ် မြို့သူမြို့သားများအား တော်လှန်ရေး အောင်ပွဲဆီသို့ ခေါ်ဆောင်ပြီး လွတ်လပ်ခွင့်များ ပိုမို ရရှိအောင် ဆောင်ကျဉ်းပေးသည့် ပြယုဒ် ဖြစ်လာခဲ့သည်။

သို့သော် ပန်းချီ ပညာရှင် ကိုယ်တိုင်ကတော့ လမ်းပေါ်တိုက်ပွဲဝင်နေသူများ အကြားတွင် ပါဝင်ခဲ့ခြင်း မရှိပေ၊ ပန်းချီကား ကိုလည်း လူထုစိတ်ကို နိုးကြွစေရန် သဘောဖြင့် ဖန်တီး ရေးဆွဲခဲ့ခြင်း မဟုတ်၊ ပန်းချီကားကြီး ရေးဆွဲပြီးသည့် နောက်မှသာ သူကိုယ်တိုင် စိတ်ဓါတ် ခွန်အားများ တက်ကြွလာခဲ့ပြီး အကို ဖြစ်သူအား ရေးသားခဲ့သည့်စာတွင် ယခုလို ဖေါ်ပြခဲ့သည်။

 “အခုလို ကြိုးကြိုးစားစား ရေးဆွဲခဲ့တဲ့ အတွက် ငါ့မှာ ရှိတဲ့ မကောင်းတဲ့ စိတ်‌ထားတွေ ပျောက်သွားခဲ့တယ်၊ ခေတ်စားလာနေတဲ့ “လမ်းပေါ် အတားအဆီး” ဆိုတဲ့ အကြောင်းအရာ ကို စတင်နိုင်ခဲ့တယ်။ နိုင်ငံအတွက် ကိုယ်တိုင် ကိုယ်ကျ တိုက်ပွဲမဝင်နိုင်ခဲ့ပေမယ့် ပန်းချီ နဲ့တော့ တိုက်ပွဲဝင်နိုင်ခဲ့တယ်”

၎င်း၏ စကားရပ်ထဲတွင် “လမ်းပေါ် အတားအဆီး” ဆိုသည်အား ခေတ်သစ် အကြောင်းအရာ တခု အဖြစ် ဖေါ်ပြထားခဲ့သည်၊ အဘယ်ကြောင့် ထိုသို့ ပြောရပေသနည်း။

ဆက်လက် တင်ပြပါမည်။