• Today is: Thursday, March 28, 2024

ဖက်ဒရယ် နှင့် အမျိုးသားရေးတိုးတိုက်မှုများ

▣ ဖက်ဒရယ် နှင့် အမျိုးသားရေးတိုးတိုက်မှုများ

မြန်မာပြည်ရဲ့သမိုင်းဖြတ်သန်းမှုကို လေ့လာကြည့်ရင်၊ စုပေါင်းအမှတ်အသားသရုပ်ထက် မိမိတို့ရဲ့သက်ဆိုင်ရာ ဒေသအမှတ်အသားကို ပိုပြီး အစွဲသန်ကြတာကိုတွေ့ရပါတယ်။ တစ်ဖက်မှာလည်း လူမျိုးစုတွေထဲမှာ အချိုးမညီတဲ့ လူဦးရေအချိုးအစားရှိနေပြန်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ၊ ဗမာလူမျိုးဟာ လူမျိုးအားဖြင့် အရေအတွက် ကြီးမားတဲ့ အုပ်စုတစ်ခု ဖြစ်နေပါတယ်။ ဗမာထက် ရှေ့ကျတဲ့ ယဉ်ကျေးမှု ရှိသော်လည်းပဲ၊ လူဦးရေအားဖြင့် ဗမာ ထက် နည်းပါးတဲ့ မွန် ၊ ရခိုင်လို လူမျိုးတွေလည်း ရှိနေပါတယ်။ ဗမာပြီးရင် ရှမ်းလူမျိုးတွေဟာ မြန်မာ့လူ့အဖွဲ့ အစည်းထဲမှာ လူဦးရေ အရေအတွက်များပြားတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။

လူမျိုးစု အမှတ်သရုပ်တွေ များတဲ့ မြန်မာ နိုင်ငံလို တိုင်းပြည်မျိုးမှာ၊ ဖက်ဒရယ်ကျင့်သုံးသင့်တဲ့ တွန်းအားတွေ ခပ်များများ ရှိနေပါတယ်။ အထူးသဖြင့် စုပေါင်း အမှတ်သရုပ်ထက် သက်ဆိုင်ရာလူမျိုးစုက ကိုယ့်အမှတ်အသားသရုပ်နဲ့ အတူ သီးခြားနေလိုကြတာတွေ့ရပါတယ်။ အတိတ်သမိုင်းဖြတ်သန်းမှုမှာလည်း၊ လူဦးရေအချိုးအစားအရ အုပ်စုအားကြီးတဲ့ ဗမာတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးကို ခြယ်လှယ်လွှမ်းမိုးထားတာတွေ့ရပါတယ်။ ခြယ်လှယ်လွှမ်းမိုးမှုဟာ၊ ဗိုလ်ကျတဲ့အဆင့်ထိ ရောက်လာ ခဲ့တာတွေ့ရပါတယ်။

ဒါ့ကြောင့်လည်း မြန်မာပြည်ဟာ ခေတ်သစ်ကာလထဲကို တိုးဝင်လာခဲ့ပေမယ့်၊ လူမျိုးရေး ပဋိပက္ခတွေ အစာမကျေ၊ မပြေလည်တဲ့ နိုင်ငံမျိုးဖြစ်နေပါတယ်။ အခုလည်း မြန်မာပြည်ဟာ လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေနဲ့ နွေဦးတော်လှန် ရေးအင်အားစုတွေ ပေါင်းဖက်သွားပြီး၊ ဗမာကြီးစိုးတဲ့ စစ်အာဏာရှင်စနစ်ကို ဖြို ဖျက်တဲ့ တိုက်ပွဲကို ဆင်နွှဲနေပါတယ်။ ပြည်တွင်းစစ်ဟာ ရုတ်တရက် ပြန်လည်ကြီးထွားသွားတဲ့ ပုံစံကို ဆောင်နေ ပါတယ်။

▄ ဘယ်လို ဖက်ဒရယ်လဲ

လူမျိုးစုအမှတ်သရုပ်အစွဲသန်တဲ့ လူမျိုးအချင်းချင်းကြားမှာ၊ ဖက်ဒရယ်ဒီမိုကရေစီပေါ် အခြေခံတဲ့ ဘုံတူညီချက်ကို တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနဲ့ပတ်သက်ပြီး နိုင်ငံအတွင်းက လူမျိုးစုအားလုံးဟာ မူအားဖြင့် သဘောတူရပ်ခံထားပြီး ဖြစ်ပေမယ့်၊ ဘယ်လို ဖက်ဒရယ်ဒီဇိုင်းမျိုးလဲဆိုတာကိုတော့ မကင်းပြတ်သေးပါ။ အထူး သဖြင့် ဗမာအမျိုးသားရေးဝါဒ စွဲကိုင်ထားတဲ့ ဗမာစစ်အာဏာရှင်စနစ်ကို ပြိုလဲအောင် မဖြိုဖျက်နိုင်သေးတဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီဆိုတာကို လက်တွေ့ အကောင်အထည်မဖော်နိုင်သေးပါ။

ဘယ်လို ဖက်ဒရယ်စနစ်မျိုးကို ကျင့်သုံးမလဲဆိုတာဟာ နိုင်ငံရေးအရ ပဋိညာဉ်ထားရှိပြီး အဆင့်လိုက် စနစ်တကျ အကောင်အထည်ဖော်မှ ရပါ လိမ့်မယ်။ ဒီအဆင့်မတိုင်ခင်မှာ၊ စစ်အာဏာရှင်ကို အမြစ်ပြတ်တူးဖြတ်ဖို့ အထူးလိုအပ်ပါတယ်။ နွေဦးတော်လှန် ရေး အောင်ပွဲမရှိရင် ဖက်ဒရယ်ဒီမိုကရေစီ မရှိနိုင်ပါ။ ဒီနှစ်ခုဟာ တွဲလျက် ဖြစ်တည်နေပါလိမ့်မယ်။

▄ လူမျိုးစု အမှတ်သရုပ်တွေ

တော်လှန်ရေးအလွန်ကာလရောက်ခဲ့သည်ရှိသော်၊ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ သတိချပ်စရာတွေ ခပ်များများ ရှိနေပါလိမ့်အုံးမယ်။ အဲသည့်ထဲက တစ်ချက်ကတော့ “သက်ဆိုင်ရာလူမျိုးစုအချင်းချင်းအကြား အမျိုးသားရေး တိုးတိုက်မှု” တွေကို ရှောင်ရှားနိုင်ဖို့ဟာ အဓိက ကျလှပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီအပေါ် မူအရ သဘောတူညီမှု ဟာ အဆင့်တစ်ဆင့်အနေနဲ့ ကျော်လှမ်းနိုင်ခဲ့ပြီ။ သို့သော်လည်း ဘယ်လို ဖက်ဒရယ်မျိုး ကျင့်သုံးမလဲဆိုတဲ့အပေါ် မှာ အားလုံးသဘောညီဖြစ်ဖို့ ခဲယဉ်းလှပါတယ်။

အထူးသဖြင့် လူမျိုးစုအမှတ်သရုပ်အစွဲအားကြီးတဲ့ သက်ဆိုင်ရာ လူမျိုးစုအချင်းချင်းအကြားမှာ “အမျိုးသားရေးတိုးတိုက်မှု” တွေ မဖြစ်ဖို့ သတိချပ်ရပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ မြန်မာပြည်ဟာ နွေဦးတော်လှန်ရေးအောင်ခဲ့စေအုံးတော့၊ ပြည်တွင်းစစ်သံသရာထဲ ပြန်ပြီး ထိုးကျသွားပါလိမ့်မယ်။ ဒါကို သတိချပ်ဖို့ ဖြစ်ပါတယ်။

▄ ပထဝီအရ ကွဲပြားချက်

ဖက်ဒရယ်ရဲ့ အနှစ်သဘောဟာ “အာဏာခွဲဝေခြင်း” ဖြစ်ပါတယ်။ လူမျိုးစုဒေသတွေဟာ တစ်ခုနဲ့ တစ်ခု သဘော သဘာဝအားဖြင့် မတူညီပါ။ ပထဝီအားဖြင့်လည်း မတူညီပါ။ ပထဝီအပေါ်မှာ အခြေခံတဲ့ သယံဇာတကိန်းအောင်း မှုလည်း မတူညီကြပါ။ မြေမျက်နှာသွင်ပြင်အနေအထားနဲ့ တည်နေရာအနေ အထားလည်း ကွဲပြားလှပါတယ်။ လူမျိုးစုဒေသတွေရဲ့ ပထဝီအချက် အလက်ကွဲပြားမှုတွေအကြားမှာ နိုင်ငံရေးအရ ဆွဲစေ့နိုင်မယ့် ဖက်ဒရယ်ဒီဇိုင်းမျိုး ဟာ စဉ်းစားရခက်ကောင်း ခက်နိုင်ပါတယ်။ ပထဝီအရ ကွဲပြားချက်တွေဟာ၊ လူမျိုးစုဒေသတွေ အတွင်း လိုအပ်ချက်အရ မတူညီမှုတွေ ဖြစ်စေပါတယ်။

ဒါကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ အချိုးမညီ ဖက်ဒရယ် (asymmetrical federalism) ကို ကျင့်သုံးတာမျိုး လုပ်လေ့ရှိပါတယ်။
တစ်ဖက်မှာလည်း လူမျိုးစုတွေရဲ့ လူဦးရေ အချိုးအစားကွဲပြားမှုဟာ နိုင်ငံရေးအရ ဘုံသဘောတူညီချက်တွေ တည်ဆောက်တဲ့နေရာမှာ၊ အချိုးမညီ တဲ့ အခွင့်အရေးတွေကို ဖန်တီးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားအမှတ်သရုပ်အချင်းချင်း တိုးတိုက် မှုတွေ ဖြစ်ကောင်းဖြစ်နိုင်လို့၊ ဒါဟာ သတိချပ်စရာကိစ္စအဖြစ် ရှိနေပါလိမ့်မယ်။

▄ လူမျိုးစုအကျိုးစီးပွား

အမျိုးသားရေးဆွဲကိုင်ချက်တွေရဲ့ နောက်ကွယ်မှာ၊ လူမျိုးစုတွေရဲ့ အကျိုးစီးပွား ကိုယ်စီ ရှိနေပါလိမ့်မယ်။ အကျိုးစီးပွားပဋိပက္ခဟာ၊ အမှတ်သရုပ်ပြဿနာအဖြစ် သကာအုပ်ပြီး ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် လက်တွေ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းကိုင်တွယ်တဲ့နေရာမှာ၊ အကျိုးစီးပွားပဋိပက္ခကို လက်တွေ့ကျကျ မြင်နိုင်ဖို့ဟာ အဓိက ကျနေပါတယ်။ လူမျိုးစုအကျိုးစီးပွားတွေ တိုးတိုက်မှုဖြစ်ရင်၊ သက်ဆိုင်ရာ လူမျိုးစုအသီးသီးမှာ လက်နက် ကိုင်အုပ်စုတွေ ရှိနေတာမို့၊ ပြည်တွင်းစစ်ပဋိပက္ခဟာ ရပ်စဲနိုင်မယ် မထင်ပါ။
ပြည်တွင်းစစ်သံသရာကို သားကြော ဖြတ်နိုင်ဖို့အတွက်၊ အမျိုးသားရေးတိုးတိုက်မှုတွေကို ရှောင်နိုင်ဖို့ ဖြစ်ပါတယ်။

▄ ဥပမာ တချို့

ဥပမာအားဖြင့် – ရှမ်းပြည်နယ်ကို ကြည့်ပါ။ ရှမ်းပြည်နယ်ရဲ့ ပထဝီဧရိယာဟာ ကျယ်ပြန့်လှတယ်။ ရှမ်းပြည်နယ်ထဲ မှာ၊ ကိန်းအောင်းတည်ရှိနေတဲ့ တခြားသောလူမျိုးစုတွေလည်း အများအပြား ရှိတယ်။ ထင်ရှားတဲ့လူမျိုးစုတွေထဲမှာ “တအာင်းပလောင်၊ ဝ ကိုးကန့် နဲ့ ပအိုဝ်း” လူမျိုးစုတွေ ပါဝင်နေပါတယ်။ ဒီလူမျိုးစုတွေဟာလည်း ကိုယ်စီ ကိုယ်စီ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ ရှိနေပါတယ်။ ဒါ့ကြောင့် ရှမ်းပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခတွေကို ကြည့်ရင်၊ လူမျိုးစုအချင်းချင်းအကြား တိုက်ပွဲတွေကို တွေ့နိုင်ပါတယ်။ ဒါဟာ တနည်းအားဖြင့် အမျိုးသားရေးတိုးတိုက်မှုတွေ လို့ ပြောနိုင်ပါတယ်။

နောက်ထပ် ဥပမာ တစ်ခုကတော့ – စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွင်းက အမျိုးသားရေးတိုးတိုက်မှု တချို့ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေအတွင်းမှာ တိုင်းလိုင် (သျှမ်းနီ) လူမျိုးတွေ ရှိပါတယ်။ တိုင်းလိုင်သျှမ်းနီလူမျိုးတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ မရှိပါ။ စစ်ကိုင်း တိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ ပျံ့နှံ့နေထိုင်တဲ့လူမျိုးတွေဖြစ်ပါတယ်။ လူမျိုးစုအတိတ်သမိုင်းမှာ၊ ကချင်တွေနဲ့ တိုင်းလိုင်သျှမ်းနီလူမျိုးစုတွေအကြားမှာ လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့ဖူးတယ်။ ဒါတွေဟာ အခြေအနေ မပေးသေးလို့ မပေါ်လာသေးတာဖြစ်တယ်။ မီးခဲပြာဖုံးဖြစ်နေလို့ အပူကို မတွေ့ရတာ ဖြစ်တယ်။

အနာဂတ် ဖက်ဒရယ်တည်ဆောက်ရေးကာလတွေမှာ လူမျိုးစုအချင်းချင်းအကြား အမျိုးသားရေးတိုးတိုက်မှုတွေဟာ ဖြစ်နိုင် ခြေ ရှိတဲ့ အကြောင်းတရားတွေ ရှိနေပါတယ်။ ဒါကို သက်ဆိုင်ရာလူမျိုးစုခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေ ဟာ ကြိုတင်တွက်ဆမြင်ထားနိုင်ဖို့ လိုပါတယ်။

▄ ဖြစ်နိုင်ခြေ အကြောင်းတရား

ဖက်ဒရယ်စနစ်ကို တည်ဆောက်တဲ့နေရာမှာ၊ အမျိုးသားရေးတိုးတိုက်မှုတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတရား တွေ အဖြစ် တွေ့မြင်နေရပါတယ်။ ဒါကို နားလည်ပြီး နိုင်ငံရေးအရ အမြော်အမြင် ရှိရှိ ကြိုတင် တွက်ဆထားဖို့ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီမူဘောင်တွေဟာ နှုန်းစံတန်ဖိုးအားဖြင့် ယေဘုယျအချက်တွေ ဖြစ်တာမို့၊ ထူးထွေသော အငြင်းပွားမှု မဖြစ်နိုင်ပါ။ သို့သော်လည်း ဒီလိုနှုန်းစံတွေကို လက်တွေ့ အကောင်အထည်ဖော်တဲ့နေ ရာမှာ၊ အကန့်အသတ်တွေနဲ့ အခုအခံအတားအဆီးတွေ ရှိနိုင်ပါတယ်။

လက်တွေ့ကျသော အမြင်ရယ်၊ နှုန်းစံ အခြေပြုချည်းကပ်မှုအယူအဆအကြားမှာ တိုးတိုက်မှုတွေ ရှိတတ်လို့၊ စကားလုံးတွေကို ကျော်ကြည့်နိုင်ဖို့ အထူးလို အပ်ပါတယ်။ စကားလုံးတစ္ဆေခြောက်ခံရတာတွေဟာလည်း ဖြစ်တတ်တယ်။

အထူးသဖြင့် လူမျိုးပေါင်းစုံ ခေါင်းချင်းဆိုင် ဆွေးနွေးကြတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ စကားလုံးတစ္ဆေခြောက်ခံရမှုတွေ ခပ်များများ တွေ့ရ တတ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးရဲ့နောက်ကွယ်မှာ အမျိုးသားရေးတိုးတိုက်မှုတွေ ရှိတတ်တယ်လို့ ထင်ပါတယ်။ ဒါကို ကြိုတင်တွက်ဆပြီး စဉ်းစားခန်းဖွင့်ထားဖို့ အထူးလိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

မင်းသေ့ ရေးတယ်
ဖက်ဒရယ်ဂျာနယ်
ဧပြီ ၇၊ ၂၀၂၂