• Today is: Monday, August 8, 2022

ကယန်းလူမျိုးသမိုင်းအကျဉ်းချုပ်

ကယန်းလူမျိုးသမိုင်းအကျဉ်းချုပ်

သမိုင်းအကျဉ်း၊ 

            ကယန်းလူမျိုးသည် ကရင်နီအမျိုးသားအုပ်စုတွင်ပါဝင်သည်၊ ကရင်နီအမျိုးသားအုပ်စုသည် ကရင်အမျိုးသားအုပ်စု၊ ပအိုဝ်းအမျိုးသားအုပ်စု တို့နှင့်အတူ ကမ်းယန် လူမျိုးအုပ်စုကြီး အနွယ်ဝင် များ ဖြစ်ကြသည် ဟု ခံယူကြသည်။

            ကယန်းလူမျိုးသည် မိမိလူမျိုး စတင်ဆင်းသက်လာခဲ့သည့်ဒေသ၊ အဆင့်ဆင့်ပြောင်း‌‌ရွှေ့နေထိုင် လာခဲ့သည့်ဒေသများ၊ နောက်ဆုံးအတည်တကျ နေထိုင်လာသည့် ကရင်နီပြည် တည်ထောင်လာပုံသမိုင်းကို ရှေးလင်္ကာသံပေါက်ဖြင့် သီဆိုပတ်ကုံး ပြီး ယနေ့အထိ အာဂုဏ်ဆောင် ‌ရှေးသီချင်းကြီးများအဖြစ် သီဆိုပတ်ကုံး လာသည်ကို မိမိလူမျိုးသမိုင်းအဖြစ် ယုံကြည်လက်ခံထားရှိသည်။

            ကယန်းလူမျိုး၏ ရှေးအာဂုဏ်ဆောင်တေးသီချင်း သီဆိုသည်မှာ သက္ကရာဇ်ခုနှစ် အတိအကျ ဖော်ပြခြင်း မရှိသော်လည်း ဆွေစဉ်မျိုးဆက်အလိုက်ဖော်ပြပါရှိပြီး ယင်းသီဆိုပတ်ကုံးလာသည့် အာဂုဏ်ဆောင်ရှေး တေးသီချင်း များသည် အမျိုးသားစာပေဆုရ စာရေးဆရာကြီး မန်းညွှန့်မောင်(မောင်စင်ကြယ်)ရေးထားသည့် ကရင့်အမျိုးသားဘဝဓလေ့ စာအုပ်ထဲမှာ ကရင်လူမျိုးစတင်ဆင်းသက်လာပုံ၊ အဆင့်ဆင့်ဆင်းသက် နေထိုင် လာခဲ့ပုံ၊ နောက်ဆုံးအတည်တကျနေထိုင်လာခဲ့ပုံအကြောင်းဖော်ပြထားသည့် နေရာဒေသများဖော်ပြ ရာတွင် အားလုံးထပ်တူနီးပါးတူညီကြောင်းတွေ့ရှိရသည်။

            ထို့ကြောင့်ကယန်းလူမျိုး၏ ယခုနှစ်သက္ကရာဇ်ပြက္ခဒိန်သည်ကရင်နီအမျိုးသား၊ ကရင်လူမျိုး သက္ကရာဇ်ဖြစ်သော  ၂၇၆၁ခုနှစ် အတူတူပင်ဖြစ်သည်။ ကရင်နီအမျိုးသားအုပ်စုသည် ကရင်အမျိုးသားအုပ်စု၊ ပအိုဝ်းအမျိုးသားအုပ်စု တို့နှင့်အတူ ကြက်ဥ တခြင်း တည်းမှ ပေါက်ဖွားလာသည့် ညီအစ်ကိုများဖြစ်သည်ဟု ယုံကြည်ခံယူထားကြသည်။ ကရင်နီအမျိုးသားအုပ်စု၊ ကရင်အမျိုးသားအုပ်စု၊ ပအိုဝ်းအမျိုးသားအုပ်စု တို့သည် ဝတ်စားဆင်ယင်မှု အတော်ကွဲပြား ကြသော်လည်း အခြေခံဘာသာစကားသည် ၇၅ ရာခိုင်နှုန်းကျော် တူညီကြောင်းခိုင်မာပေသည်။ ‌

            ကရင်နီအုပ်စု၊ ကရင်အုပ်စု၊ ပအိုဝ်းအုပ်စု တို့သည် ဘေဘီလုံ ဒေသမှ မွန်ဂိုလီးယားဒေသ၊ အရှေ့တာကစ္စတန်ဒေသ၊ တိဗက်ဒေသ၊ ယူနန်ဒေသမှ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ စစ်တောင်မြစ် အတိုင်း စုန်ဆင်းလာကြပြီး BC 1125 ခုနှစ်တွင် ပထမသုတ်၊ BC 739 ခုနှစ်တွင် ဒုတိယအသုတ်၊ ယခု မြန်မာပြည် အောက်ပိုင်းဒေသဖြစ်သော တောင်ငူ၊ ဒဂွမ်း(ခ)ရန်ကုန်၊ တန်ဖတ်၊ သထုံ၊ လုံးလိလု(ခ)ကျိုက်ထီးရိုးတွင် အခြေချ နေထိုင်လာခဲ့ကြသည်။ ထိုသို့ဆင်းလာချိန်တွင် ကရင်နီအမျိုးသားအုပ်စုအချို့နှင့် ပအိုဝ်းအမျိုးသားအုပ်စု အချို့ တို့သည် ယခု ကရင်နီပြည်‌ဒေသများတွင် အခြေချနေထိုင်လာခဲ့ကြောင်းသမိုင်းအရ သိရှိရသည်။

တိုင်းပြည်တည်ထောင်ပုံ

ကရင်နီအမျိုးသားအုပ်စုသည် ကရင်၊ ပအိုဝ်း၊ မွန်လူမျိုးများတို့နှင့်အတူ နေထိုင်လာခဲ့ပြီး  AD 1057 ခုနှစ်တွင် စစ်ဘေးဒဏ်ကြောင့် သံလွင်မြစ်၊ စစ်တောင်းမြစ်အတိုင်း ပြန်ဆန်တက်လာကာ ကရင်နီပြည် တွင် တိုင်းပြည်ထူထောင်လာခဲ့သည်။ ပအိုဝ်းလူမျိုးသည် ဆက်လက်ဆန်တက်ပြီး ယခုရှမ်းပြည် တောင်ပိုင်း သထုံပေး(ခ) ဆီဆိုင်နယ်၊ ဟိုပုံးနယ် ဒေသများတွင် အခြေချနေထိုင်ကြောင်းသမိုင်းအရသိရှိရသည်။

            ကရင်နီပြည်သမိုင်းကြောင်းသည် ဘောလခဲနယ်၊ ကြက်ဖိုးကြီးနယ်၊ ကန္တာရဝတီနယ်၊ နန်းဖယ်ခုံနယ်၊ နောင်ပလဲ နယ်၊ မွန်းပိုင်(ခ) မိုးဗြဲနယ်၊ ဆောင်ထုံ(ခ)ဘန်းဖရာ(ခ)လွယ်လုံနယ်၊ ကဲစော့(ခ)မောင်‌ကျော်နယ် ဟူ၍ (၈)နယ်စုစည်းပါဝင်သည်။ ၁၈၇၅ခုနှစ်၊ ဇွန် (၂၁)ရက်နေ့တွင်အင်္ဂလိပ်ဘုရင်နှင့် မြန်မာဘုရင်မင်းတုန်းမင်းတို့သည် ကရင်နီပြည်ကို သီးခြားလွပ်လပ်သောပြည်အဖြစ်အသိအမှတ်ပြုခဲ့သည်။ သို့သော် နယ်နိမိတ်အပိုင်းအခြား ချမှတ်ခြင်း မရှိသေးပေ။

            အင်္ဂလိပ်အစိုးရသည် ၁၈၈၇ခုနှစ်မှ စ၍ နယ်မြေအပိုင်းအခြား စတင်တိုင်းတာပြီး  ၁၈၉၂ ခုနှစ်တွင် နယ်နိမိတ်တိုင်းတာရေးလုပ်ငန်းပြီးစီးသွားသည်။ ထို ၁၈၉၂ ခုနှစ် ဇွန်လိုင်လ ၃၁ရက်တည်းတွင်ပင် နောင်ပုလဲ စောဖျာသူးရယ် သည် လွိုင်ကော်တွင်ရှိသော အင်္ဂလိပ်သံအမတ် ဝန်ထောက်ရုံးကိုလည်းကောင်း၊ ယခုပျဉ်းမနား အရှေ့တောင်တန်း အလည်ချောင်းစော်ဘွား အိုက်သထောင်သည် ဘက်သလင်ဟင် ရှိအင်္ဂလိပ်တောင်ပေါ်စခန်း မြို့ကိုလည်းကောင်း၊ ယခုသံတောင်မြောက်ပိုင်းရှိ ယာဒိုစော်ဘွား ပရိုက်ဖဒူသည် စစ်တောင်းမြစ်တလျှောက် တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သဖြင့် အင်္ဂလိပ်အစိုးရက တုန်လှုပ်ချောက်ခြားမိတော့သည်။

            ထို့ကြောင့် အင်္ဂလိပ်အစိုးရသည် မိုးဗြဲနယ်နှင့် လွယ်လုံနယ်ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးထား         သော်လည်း၊ တောင်ကြီးအရေးပိုင်အစောင့်အရှောက်ခံနယ်မြေအဖြစ်လည်းကောင်း၊ အိုက်သထောင်နယ်ကို ယမည်းသင်း အရေးပိုင်အစောင့်အ‌ရှောက်ခံနယ်မြေအဖြစ်လည်းကောင်း၊ ယာဒိုစော်ဘွား ပရိုက်ဖဒူ နယ်မြေကို တောင်ငူအရေးပိုင် အစောင့်အရှောက်ခံနယ်မြေအဖြစ်လည်းကောင်း သတ်မှတ်လိုက်သည်။ ထို့ကြောင့်လက်ရှိ  ကရင်နီပြည်သည် ယနေ့အထိ ရှမ်းပြည်၊ မန္တလေးတိုင်း၊ ကရင်ပြည် ဟူ၍အပိုင်းလေးပိုင်း ပိုင်းခြားသတ်မှတ်ခံရ သည်။

ထိုသို့ကရင်နီအမျိုးသားသည် နယ်မြေအပိုင်းလေးပိုင်းပိုင်းခြားခံရသည်ကို လူမျိုးတစ်မျိုးသည် ပြည်နယ် နှစ်ခုမှအထက် သမိုင်းအရသော်လည်းကောင်း၊ လက်ရှိအခြေအနေအရသော်လည်းကောင်း တဆက်တစပ်တည်းနေထိုင် ပါက ပြန်လည်စုစည်းခွင့် ရရှိခြင်းသည် လူမျိုးတစ်မျိုး၏ အကြီးမားဆုံးသော အခြေခံအခွင့်အရေး ပင်ဖြစ်သည်။

ကရင်နီအမျိုးသားများပြန်လည်စုစည်းရေးအတွက်ကရင်နီခေါင်းဆောင်များသည်လွပ်လပ်ရေးအချိန် ကာလတွင် လည်းကောင်း၊ ၁၉၆၄ ခု၊ ကယန်းပြည်သစ်ပါတီကြိုးပမ်းလာရာတွင်လည်းကောင်း၊ ယနေ့ နွေဦးတော်လှန်ရေး ကာလတွင်လည်းကောင်း အစဉ်သဖြင့်ကြိုးပမ်းလာကြပါသည်။ ကရင်နီအမျိုးသားတွင် ပါဝင်သော ကယန်းလူမျိုး၏ အတိမ ရည်မှန်းချက်သည် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်‌ဆောက်ရေး၊ ကရင်နီအမျိုးသားဖြစ်သော ကယန်းလူမျိုးနေထိုင်ရာဒေသည် ကရင်နီပြည်နယ် အတွင်းပြန်လည်စုစည်းရေးဖြစ်သည်။

အမျိုးသားနေ့ဖြစ်ပေါ်လာပုံ

လူမျိုးတစ်မျိုး၏အသက်သည် စာပေ၊ စကား၊ ယဉ်ကျေးမှု တည်တံ့ခိုင်မြဲထွန်းကားရေးပင်ဖြစ်သည်။ ကယန်းလူမျိုးသည် ရှေးဟောင်းစာပေဖြစ်သော ကြက်ယက်စာပေ ရှိခဲ့သော်လည်းတတ်ကျွမ်းသူအလွန်နည်းပါး ခေတ်နောက်ကျသည်။ လွန်ခဲ့သည့် နှစ်ပေါင်း၁၀၀ ကျော်လောက်က လက်တင်အက္ခရာဖြင့် အသုံးပြုလာခဲ့သော စာပေသည်လည်း ထပ်ဆင့် မွမ်းမံရန် လိုအပ်နေသည်။ ထို့ကြောင့် ကယန်းအမျိုးသား ခေါင်းဆောင်များ ဖြစ်ကြသောနယ်မြေ(၄) ခုမှ ကရင်ပြည်မှ ခေါင်းဆောင်များ၊ ရှမ်းပြည်မှခေါင်းဆောင်များ၊ မန္တလေးတိုင်း ခေါင်းဆောင်များ၊ ကယားပြည်ခေါင်းဆောင်များ၊ ကယန်းလူမျိုးနွယ်စု (၄)စုမှ ကယန်းကငန်၊ ကယန်းကဲဒေါ့၊ ကယန်းလထာ၊ ကယန်းကခေါင်း ခေါင်းဆောင်များ၊ ကယန်းလူမျိုးဘာသာဝင် ခေါင်းဆောင်များဖြစ်ကြသော ဗုဒ္ဓဘာသာဆရာတော်ကြီးများ၊ ကက်သလစ်အသင်းတော်ဆရာတော်ကြီးများ၊ နှစ်ခြင်းဆရာတော်ကြီးများ၊ တံခွန်တိုင် ခေါင်းဆောင်ကြီးများ၊ ဗြမ္မစိုရ်ခေါင်းဆောင်ကြီးများ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ကယန်းပြည်သစ်ပါတီ၊ ကလလတအဖွဲ့ ၊ KNGအဖွဲ့ ၊ MTAရွှေပြည်အေးအဖွဲ့ ခေါင်းဆောင်များ တို့သည် ညီလာခံကြီးတစ်ရပ်ကို သက္ကရာဇ်၂၀၀၀ ခုနှစ်၊ ဧပြီလ(၈၊၉၊၁၀) ရက်နေ့တွင် အမျှော်အမြင်ကြီးမားစွာ ဖြင့် တိုင်ပင်ဆွေးနွေး ကြပြီး ဆုံးဖြတ်ချက်(၃) ရပ်ကို အတည်ပြုချမှတ်နိုင်ခဲ့သည်။

(၁)        လက်တင်အက္ခရာဖြင့် အသုံးပြုလာသောစာကို မွမ်းမံပြင်ဆင်ဖြည့်စွက်၍ ကယန်းအမျိုးသားစာပေ အဖြစ်အတည်ပြုသည်။

(၂)         ကယန်းလူမျိုးတွင် မျိုးနွယ်စုဖြစ်သော ကယန်းကငန်၊ ကယန်းလထာ၊ ကယန်းကဲဒေါ့၊ ကယန်းကခေါင်း၊ (၄)စုသည် ကယန်းအမျိုးသားတစ်ခုတည်းအဖြစ် ခံယူရန်အတည်ပြုကြသည်။

(၃)        ကယန်းအမျိုးသားအလံတော်ကို အတည်ပြုကြသည်။

ယင်း ၂၀၀၀ခုနှစ်၊ ဧပြီလ(၁၀) ရက်နေ့ကို ကယန်းအမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး ၂၀၀၁ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့မှာ ကယန်းအမျိုးသားနေ့အဖြစ် ပထမအကြိမ် ကျင်းပလာရာ ယနေ့ ၂၀၂၂ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့ တွင် ၂၂ ကြိမ်မြောက်ကျရောက်သည့် နေ့ဖြစ်သည်။ ထိုကယန်းစာပေကို ပြည်ထောင်စု နိုင်ငံတော်အစိုးရ က အတည်ပြုထားပြီး ကိုယ်ပိုင်ကျောင်းများ နှင့် အစိုးရစာသင်‌ကျောင်းများတွင် သင်ကြားလျက်ရှိသည်။ (ဆုံး)

ခွန်းမားကိုရ်ဘန်  (ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီ နာယကအဖွဲ့ ) ရေးတယ်။

ဖက်ဒရယ်ဂျာနယ်
ဧပြီ ၈၊ ၂၀၂၂

Getty Images