• Today is: Saturday, April 20, 2024

အမျိုးသားလွတ်မြောက်ရေး

▣ အမျိုးသားလွတ်မြောက်ရေး

အမျိုးသားလွတ်မြောက်ရေးကို ရှေ့ရှုတဲ့နေရာမှာ၊ Self-determination လို့ခေါ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားလုံးကို ခပ်တွင်တွင် သုံးလေ့ရှိပါတယ်။ Self-determination ဆိုတာကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ ဆိုနိုင်သလို၊ လုံးဝ လွတ်လပ်ရေးလို့ အနက်ဖွင့်တာတွေလည်း ရှိပါတယ်။ ဘာပဲ ဖြစ်ဖြစ် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ရဲ့ ဒီဂရီ အနိမ့်အမြင့်လို့ပဲ မှတ်ယူနိုင်ပါတယ်။

အမျိုးသားရေးရည်မှန်းချက် ပြင်းထန်လွန်းရင်၊ လုံးဝ လွတ်လပ်ရေး အထိ သွားမယ်။ အမျိုးသားရေးရည်မှန်းချက် သာမန်ပဲဆိုရင်တော့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကျေနပ်မယ်။ တစ်ဆင့် နိမ့် လုပ်ပိုင်ခွင့်ရရင် တော်ပြီလို့ ရောင့်ရဲရင်တော့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) လောက်နဲ့ပဲ ရပ်နေပါလိမ့် မယ်။ ဒါ့ကြောင့် အနာဂတ် မြန်မာ့ဖက်ဒရယ်ရေး လေ့လာချက်တွေမှာ၊ လူမျိုးစုတွေရဲ့ အမျိုးသားရေးရည်မှန်းချက် ဟာ ဘယ်လောက်ထိ မှန်းသလဲဆိုတာကို လေ့လာအကဲဖြတ်ဖို့ လိုပါတယ်။

▄ လက်ရုံးအားဖြင့် တန်းတူကြောင်း ပြသရန်

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့အတွက် ပထမဆုံး ဖြတ်သန်းရမယ့် အဆင့်ကတော့၊ အမျိုးသားအောင်ပွဲ ဖြစ်ပါတယ်။ အမျိုးသား အောင်ပွဲ မရတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ပေးစာကမ်းစာလောက်နဲ့ပဲ တင်းတိမ်ရတတ်ပါတယ်။ အမျိုးသားအောင်ပွဲ မပြီးမြောက်ခဲ့တဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုဟာ နိုင်ငံရေးအရ ညှိကြနှိုင်းကြတဲ့အခါ၊ bargaining power နိမ့်နေတတ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးစားပွဲဝိုင်းမှာ အနှိမ်ခံရတာ၊ တစ်ဆင့်နိမ့်ဆက်ဆံခံ ရတာမျိုးဖြစ်တတ်ပါတယ်။

ဒါ့ကြောင့်လည်း အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှဲတဲ့အခါ၊ ကိုယ့်လိုချင် တာကို အထက်စီးက ညှိနိုင်အောင် ကြိုးစားလေ့ရှိပါတယ်။ ဒီနေရာမှာ တန်းတူညီမျှရေးကို ပါးစပ်ကနေ တောင်းဆို နေရုံနဲ့ မရဘူး။ တန်းတူညီမျှရေးဆိုတာကို တမင်တောင်းဆိုစရာမလိုဘဲနဲ့ ၊ တို့အားလုံးဟာ တန်းတူညီမျှဖြစ်တယ် ဆိုတာကို လက်နက်အင်အား၊ လူအင်အားနဲ့ လက်တွေ့ပြမှ ဖြစ်ပါလိမ့်မယ်။

လက်ရုံးမရှိရင် ဘုန်းမရှိဘူးလို့ ယူဆ ထားတဲ့ မြန်မာ့လူမှုဓလေ့မှာ၊ လက်ရုံးအားကို ဆန့်တန်းပြပြီး တန်းတည်းတူတယ်၊ အင်အားညီမျှမှုလည်း ရှိတယ် ဆိုတာကို လက်တွေ့ ပြသဖို့ လိုနေပါတယ်။ သို့မဟုတ်ရင်တော့ လူမျိုးစုလွတ်မြောက်ရေးဟာ ပေးစာကမ်းစာ လောက်နဲ့ တင်းတိမ်ရောင့်ရဲနေရတဲ့ အဆင့်မှာပဲ ရှိနေပါလိမ့်မယ်။

▄ အောက်ကြေးနဲ့ အညှိမခံဖို့

အနာဂတ်မှာ ဖြစ်လတ္တံ့သော ဖက်ဒရယ်ပဋိညာဉ်မှာ ထိုနည်းလည်းကောင်းဖြစ်မယ် မထင်ပါ။ အမှန်တကယ် တန်းတူညီမျှရေး ဖြစ်ကြတော့မယ်လို့ မှတ်ယူရပါတယ်။ သို့သော်လည်း စက္ကူပေါ်မှာ စာရွက်ပေါ်မှာ ဘယ်လောက် ပဲ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းမှုကို ပေးအပ်ထားပါစေ၊ လက်တွေ့မှာ အမျိုးသားအောင်ပွဲကို မဖြတ်သန်းခဲ့ရင် ကိုယ်ပြဋ္ဌာန်းခွင့် အစစ်ကိုလည်း မရဘူး။ အမျိုးသားလွတ်မြောက်ရေးလည်း အစစ်အမှန် မဖြစ်ဘူး။ ဒီတော့ လက်နက်ကိုင်လမ်းစဉ်နဲ့ လျှောက်နေတဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ၊ ပီပြင်တဲ့ အမျိုးသားအောင်ပွဲကို ကျကျနန ဖြတ်သန်းရောက်ရှိပြီးမှ၊ နိုင်ငံရေးအရ ညှိတဲ့အခါ စျေးအနှိမ်မခံရမှာ ဖြစ်ကြောင်း သတိပေးလိုက်ရပါတယ် ခင်ဗျား….။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဧပြီ ၁၆၊ ၂၀၂၂