• Today is: Saturday, April 20, 2024

ကိုဗစ်နှင့် စစ်အာဏာသိမ်းမှု ဂယက် ရတနာနယ်မြေက လက်လုပ်လက်စားလူထုများ အခက်ကြုံ

Getty Images

ဧပြီ ၁၈၊ ၂၀၂၂ (ဖားကန့်)

လူမျိုးပေါင်းစုံ လာရောက်အခြေချ နေထိုင်ကြသည့် ဖားကန့် ရတာနာနယ်မြေဒေသဟာ ကိုဗစ်ကြောင့် စီးပွားရေး မတည်ငြိမ်မှု နောက်ဆက်တွဲက လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် ပိုမိုထိခိုက်စေပြီး နေ့စဉ်စားဝတ်နေရေး အတွက် ဖြေရှင်းရာမှာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရခဲ့ရပါတယ်၊ တဖန် စစ်အာဏာ သိမ်းမှု ဖြစ်ပွားပြီး နောက်မှာတော့ နောက်ထပ် ပိုမိုဆိုးဝါးကြီးမားတဲ့ စီးပွားရေးကျဆင်းမှုများကြောင့် အခြေခံ လူတန်းစားများကြား ထမင်းနှပ်မမှန်တဲ့ အဖြစ်ကိုတောင် ရောက်ရှိလာနေကြသလို နောက် ဆက်တွဲ ကယက်များက လူမှုရေး ပြဿနာများနှင့် လုံခြုံမှုကင်းမဲ့နေတဲ့ အခြေ အနေများကိုပါ စိုးရိမ်စရာ ကြီးမားတဲ့အဆင့်ထိ ရောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “အခုလိုအချိန်မျိုးမှာ လုပ်ငန်းလည်ပတ်ဖို့ အင်မတန်ခက်ခဲနေတဲ့ အနေအထားပါ။ ပြီးတော့ ကုန်စျေးနှုန်းတွေက လေး၊ ငါး ဆလောက် တက်လာတယ်၊ ဝင်ငွေတွေမရှိကြတော့ဘူး၊ ထွက်ငွေတွေက နေ့တိုင်း ရှိနေကြတယ်၊ လက်လုပ်လက်စားတွေအနေနဲ့ ရေမဆေး ကျောက်ရရင်တောင် သွားရောင်းမယ့် နေရာတွေက ရှားလာတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျောက်ဝယ်တဲ့ သူဌေးတွေက နည်းလာတယ်။ စျေးကွက်က အရင်ကထက် ပိုပြီး တည်ငြိမ်မှု မရှိတော့ ကျောက်တွေက လက်ထဲမှာထားပြီး ရောင်းမထွက်တဲ့ အခြေအနေမျိုး ကြုံလာရတယ်၊ တရုတ်စျေးကွက်နဲ့ မန္တလေးစျေးကွက်ကလည်း အခုချိန်မှာ လည်ပတ်နိုင်ဖို့ မဖြစ်နိုင် သေးဘူးဆိုတော့ ကျောက်အရောင်းအဝယ် လုပ်နေတဲ့သူတွေကလည်း အဝယ်ပါး လာကြတယ်။ ရေမဆေး ကျောက်တွေကို ပဲ မှီခိုနေကြတဲ့ လက်လုပ်လက်စားများရဲ့ဘ၀က အင်မတန် စိုးရိမ်စရာ ဖြစ်လာတယ်။ ဒီလိုအချိန်မျိုးမှာ လည်ပတ်နိုင်နေတယ်ဆိုသာကလည်း စျေးကောင်းတဲ့ကျောက်စျေးကွက်တွေကို ဖားကန့်က သူဌေးတွေ ကစားတဲ့ စျေးတချို့လောက်နဲ့ပဲ လည်ပတ် နေကြတယ် ရေမဆေးကတော့ ဝယ်သူတောင်မဲ့နေကြပြီ” လို့ ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

ယခုအချိန်တွင် ဖားကန့်ဒေသသည် လုံခြုံရေး အခြေအနေက စိုးရိမ်စရာများ ကြုံနေရပြီး လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အရင်ကထက် ပိုများလာသာကြောင့် မည်သူမည်ဝါက မကျေနပ်လို့ ပစ်ခတ်သွား ရင်တောင် လုံး၀မသိနိုင်တော့ အခြေအနေမျိုးဖြစ်ပြီး အပြင်ထွက် စီးပွားရှာသူများအတွက်ပါ လုံခြုံမှု မရှိနိုင်တော့ အခြေအနေကြုံနေရပါတယ်။

ဒေသခံ တဦးက “ဖားကန့် ဒေသဟာ လူမျိုးပေါင်းစုံ အလွှာပေါင်းစုံကသူ လာပြီး စုနေကြတဲ့နေရာ ဖြစ်သာကြောင့် အရင်ကထက် အခုလိုအခြေအနေမျိုးမှာ ထိန်းဖို့ သိမ်းဖို့ ဆိုတာ အင်မတန်ခက်ခဲတဲ့ နေရာဒေသ ဖြစ်နေပါပြီ၊ ညဝိုင်းရှိလို့ ကျောက်သွားဝယ်ပြီး စျေးမတည့်လို့ မကျေနပ်တဲ့အဖြစ်မျိုး ဖြစ်သွားခဲ့တယ်ဆိုရင်တောင် ဘယ်သူက ဘယ်သူ့ကို လုပ်ကြံလိုက်တယ်ဆိုတာမျိုးကတော့ သတင်းပဲကြားရမယ် အတိအကျကတော့ သိနိုင်ဖို့ခက်တယ်၊ ဖြစ်ပြီးသွားမှ လူမှားသွားပါတယ် ဆိုသာမျိုး ကလည်း ဘာမှမတက်နိုင်ဘူးလေ၊ ပြီးတော့ အားလုံးက ကျပ်တည်းနေတဲ့ ကာလဆိုတော့ လူမှုပြဿနာတွေက ပိုပြီး တိုးလာသာပေါ့ ဘယ်သူက ဘယ်သူ့ကို ကျောက်လိမ်ယူသွားပါတယ်၊ ငွေတွေ လိမ်ယူသွားပါတယ်၊ ထွက်ပြေးသွားပါပြီ ဆိုတာမျိုးကလည်း တောက်လျောက်ကို ကြားနေရတယ်” လို့ အခုလို ဆက်ပြောပါတယ်။

ဖားကန့် ရတနာမြေဒေသသည် အရင်က ကုန်စျေးနှုန်းများ မြင့်မားမှု ရှိခဲ့သောလည်း ဝင်ငွေ၊ ထွက်ငွေ မျှခြေ ရှိနေသောကြောင့် အခြေခံလူတန်းစား လက်လုပ် လက်စားများကပါ လုပ်ငန်းများ လည်ပတ်နိုင်ကြသေးပေမယ့် ယခုအခါ ကုန်စျေးမြှင့်မားမှု၊ စီးပွားရေးကျဆင်းမှု၊ လုပ်ငန်းများ မလည်ပတ်နိုင်မှုတို့ဟာ လူဦးရေ ၁၅ သိန်း ဝန်းကျင်ခန့် နေထိုင်ကြသည့် ရတနာမြေရှိ အခြေခံ လူတန်းစား လက်လုပ်လက်စား လူထုများ၏ဘ၀ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသည့် စားဝတ်နေရေးအခက်အခဲများဟာ ပုံဖော်၍ မရနိုင်လောက်တဲ့ အခြေအနေများထိ ကြုံနေရမည်မှာ ဧကန်မလွဲပင် ဖြစ်ပါတယ်။