• Today is: Friday, March 29, 2024

ပြည်သူ့နှစ်လုံး ပြည်သူ့ခွန်အား မကိုးစားသော်

ပြည်သူ့နှစ်လုံး ပြည်သူ့ခွန်အား မကိုးစားသော်

မြန်မာနှစ်သစ်ကူးမိန့်ခွန်းအဖြစ် နှစ်ဆန်းတစ်ရက်နေ့က ရုပ်မြင်သံကြားမှာမိန့်ခွန်းပြောကြားခဲ့သော စကစဥက္ကဠ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မကြာမီကပင် ရုပ်မြင်သံကြားမှ တိုင်းပြည်အခြေပြုမိန့်ခွန်းအဖြစ်ပြည်သူလူထုအား ထပ်မံအသိ ပေးပြောကြားပြန်သည်။

၎င်းမိန့်ခွန်း၏အနှစ်ချုပ်မှာ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၎င်းကိုယ်တိုင်တွေ့ဆုံ မည်ဖြစ်ကြောင်း ဖိတ်ခေါ်ခြင်းဖြစ်သည်။ လာမည့်နှစ်သည် စိန်ရတုလွတ်လပ်ရေးနှစ်ဖြစ်သည့်အတွက် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အ ဖြစ် ဆောင်ရွက်လိုကြောင်းလည်းထည့်သွင်းပြောကြားသွားသည်။

စ.က.စ ဥက္ကဠ၏ဖိတ်ခေါ်ကမ်းလှမ်းမှုနှင့်ပတ်သက်၍ မီဒီယာများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အား ဆက်သွယ်မေးမြန်းရာတွင် စ.က.စ ၏ဖိတ်ခေါ်မှုမှာ အပြုသဘောဆောင်ကြောင်းပြောကြားသူများရှိသကဲ့သို့ တပ်မတော်အနေဖြင့် နိုင်ငံရေးကထွက်ခွာမည်ဟု ကတိမပြုမခြင်း တွေ့ဆုံဆွေးနွေးနိုင်မည်မဟုတ်သကဲ့သို့ တွေ့ဆုံဆွေးနွေးပါကလည်း ရလာဒ်ကောင်း ထွက်မလာနိုင်ကြောင်း တုံ့ပြန်သူများလည်းရှိလာသည်ကို တွေ့ရသည်။

စ.က.စ ဥက္ကဠကတွေ့ဆုံမည့်အဖွဲ့များအနေနှင့် မေလ ၉ ရက်နေ့နောက်ဆုံးထားအကြောင်းပြန်ရန်တောင်းဆိုထားသည်။ ဘယ်အဖွဲ့အစည်းများ တက်ရောက်မည်၊ မတက်ရောက်မည်ကို ခဏထားပြီး တပ်မတော်-အရပ်ဘက်ဆက်ဆံရေး သမိုင်းကို ပြန်ကြည့်ချင်သည်။

သမိုင်းကိုပြန်ကြည့်လျှင် မြန်မာ့တပ်မတော်နှင့် အရပ်ဘက်ဆက်ဆံရေးသည် ရဲဘော်သုံးကျိပ်ဦးဆောင်ပြီး အင်္ဂလိပ်အား တော်လှန်ခဲ့သောကာလနှင့် ဖက်ဆစ်တော်လှန်ရေးကာလများတွင် အကောင်းဆုံးဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ဒီမို ကရေစီခေတ် ၁၉၄၉ ခုနှစ်တစ်ဝိုက်တွင် အထက်ဗမာပြည်နှင့်အောက်ဗမာပြည်ကမြို့ကြီးများ ကျဆုံးခဲ့ရပြီး ရန်ကုန်အစိုးရဟုနာမည် သာကျန်ချိန်မှာလည်း တပ်မတော်က ကယ်တင်ရှင်အဖြစ် ပြည်သူ့မေတ္တာကို ရရှိခဲ့သေးသည်။

တဆက်တည်း ၁၉၅၀ ပြည့်နှစ်တွင် တရုတ်ပြည်ယူနန်တောင်ပိုင်းမှာရှိသော တရုတ်ဖြူကွန်မင်တန်တပ်များက ကျိုင်းတုံနယ် မိုင်းယန်းကိုဝင်ရောက်ကျူးကျော်ပြီးနောက်ပိုင်းတွင် “ဝ” နယ်၊ ကိုးကန့်၊ မိုင်းလင်းနယ်တို့သာမက ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပန်း၊ မောက်မယ်နှင့် ကယားပြည်နယ်အထိ ဝင်ရောက်ကျူးကျော်ခဲ့သဖြင့် ကျူးကျော်စစ်အဖြစ် ကုလသမဂ္ဂတွင် အဆုံးအဖြတ်ခံ ယူကာ ၁၉၅၄ ခုနှစ် မတ်လတွင် ဗိုလ်မှူးချုပ်ကျော်ဇောခေါင်းဆောင်သော ဘုရင့်နောင်စစ်ဆင်ရေးနှင့် တရုတ်ဖြူကို တိုက်ထုတ်ခဲ့ချိန် ၌လည်း ပြည်သူကတပ်မတော်ကို လေးစားကြည်ညိုဂရုဏာပိုခဲ့ကြသည်။

၁၉၆၂ ခုနှစ်တပ်မတော်ကအာဏာသိမ်းယူခဲ့ပြီးနောက် တပ်မတော်သည် နိုင်ငံ၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဝင်ရောက် နေရာယူခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲခဲ့ပြီး တိုင်းပြည်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်ဆိုသော်ငြားလည်း တပ်မတော်က နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍတွင် ဦးဆောင်ပါဝင်နေဆဲ ဖြစ်၏။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြောင့် တစ်ပါတီအာဏာရှင်စနစ်ပြုတ်ကျသွားပြီး တပ်မတော်ကပင်အာဏာသိမ်း ယူခဲ့ကာ ပြည်သူလူထုတောင်းဆိုသည့် ပါတီစုံဒီမိုကရေစီစနစ်သို့ ဦးတည်ခဲ့သည်။ သို့သော်လည်း တပ်မတော်လက်ထဲတွင် နှစ်ပေါင်း ၂၀ ကျော် နိုင်ငံ၏အာဏာကတည်ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အခြေခံဥပဒေတစ်ခုကို အသက်သွင်းခဲ့ပြန်သည်။ ထိုဥပဒေတွင် လွှတ်တော်အရပ်ရပ်၌ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေပြီး ကာကွယ်ရေးနှင့်အုပ်ချုပ်ရေးဌာနများကို တပ်မတော်ကပင် ချုပ်ကိုင်ထားနိုင်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံကာကွယ်ရေးအတွက် တပ်မတော်မရှိ၍မဖြစ်သလို ထိုတပ်မတော်က နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား ရေးနယ်ပယ်များအား ဝင်ရောက်စွက်ဖက်နေမည်ဆိုလျှင် အဲဒီနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးမှာ အဟန့်အတားဖြစ်နေမှာ သေချာပါသည်။

ထိုနည်းတူစွာတပ်မတော်နှင့် အရပ်ဘက်ပြည်သူဆက်ဆံရေးမှာလည်း တစ်ဦးနှင့်တစ်ဦးသံသယ ကြည့်နှင့် ကြည့်မနေသင့်သလို တစ်ဦးဦးက သိမ်ငယ်နေသောစိတ်နှင့်နေရလျှင်လည်း သည်တိုင်းပြည်၏နောင်ရေးမှာ ရင်လေးစရာ ကောင်းလှပါသည်။

၁၉၆၃ ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် တော်လှန်ရေးကောင်စီက “ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေး ကောင်စီ၏ ကမ်းလှမ်းချက်” ဟု ဗိုလ်ချုပ်ကြီးနေဝင်းက လက်နက်ကိုင်အဖွဲ့များအား တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ဖိတ်ခေါ်ခဲ့ဖူးပါသည်။ ငြိမ်းချမ်းရေးဆိုသည့်အသံကြားရ၍ ပြည်သူများလည်း မျှော်လင့်ချက်ကြီးခဲ့ကြပါသည်။ သို့သော်လည်း တစ်ဦးနှင့်တစ်ဦး မူဝါဒများ အသေဆုတ်ကိုင်ထားမှု၊ တစ်ဖက်နှင့်တစ်ဖက် သံသယကြီးမားမှုတို့ကြောင့် “သူတို့ပြန်ကြလေပြီ” ဆိုသည့်သတင်းစာခေါင်းကြီးပိုင်း နှင့်ပင် တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။

၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်မည်ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သာမက မြန်မာပြည်သူပြည်သားအပေါင်းနှင့် ငြိမ်းချမ်းရေးရဖို့လိုသည်။

တပ်မတော် ဗိုလ်လောင်းသင်တန်းကျောင်းတွင် မြန်မာစာဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီးဦးအောင်သင်း က ကဗျာတစ်ပုဒ်ရေးခဲ့သည်။ ကဗျာမှာ..

                        လှံကိုသို့ထား၊ ဓားကိုသို့ဝင်

                        သို့ဝင်သို့ထွက်၊ သို့တက်သို့ခွာ

                        စစ်ပညာကို၊ ကြေစွာတတ်မြောက်ကျွမ်းကျင်လည်း

                        ပြည်သူ့နှလုံး

                        ပြည်သူ့ခွန်အား

                        မကိုးစားသော်

                        ဓားသွားကျိုးကြေ၊ လှံသွားခွေအံ့” ဟုရေးခဲ့သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်း၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်ကြမည်ဆိုလျှင် ပြည်သူ့နှလုံး၊ ပြည်သူ့ ခွန်အားကို ကိုးစားကြမှာသာလျှင် ထာဝရငြိမ်းချမ်းလျှက် ဒီမိုကရေစီနိုင်ငံ အဓွန့်ရှည်မည်ဖြစ်ကြောင်း ဆန္ဒပြု လိုက်ပါသည်။

မောဂ္ဂလိ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဧပြီ ၂၆၊ ၂၀၂၂