• Today is: Friday, March 29, 2024

အင်းတိုင်းရင်းသားတို့၏ အနာဂတ်နိုင်ငံရေးအိမ်မက် (၁)

အင်းတိုင်းရင်းသားတို့၏ အနာဂတ်နိုင်ငံရေးအိမ်မက် (၁)

– မြတ်ညိုလွင် (စိုင်းဆာစမ်)

အင်းတိုင်းရင်းသားဟုဆိုရာတွင် မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံး ရေချိုကန်၊ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက် ရာ ဒေသ၊ ရေပေါ်ရွာများနှင့်ဒေသဟူ၍ တွဲဖက်မြင်ကြသည်။ အင်းတိုင်းရင်းသားဆိုသည်မှာ အဆိုပါ ရှမ်းပြည် တောင်ပိုင်း၊ အင်းလေးဒေသတွင်အများဆုံးအခြေချနေထိုင်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းတစ်ဝိုက်တွင်သာမက မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်လည်း ပြန့်ကျဲစွာနေထိုင်လျက်ရှိသောလူမျိုးတစ်မျိုးဖြစ်သည်။ သို့ရာတွင် ၎င်းတို့ သည် ဌာနေလူမျိုးစုတစ်စုဟူ၍မဆိုနိုင်ချေ။ အင်းတိုင်းရင်းသားတို့သည် ဌာနေရှမ်းလူမျိုးစုများထက် မြန်မာပိုဆန် သည်။ စာပေအရလည်း မြန်မာစာပေကိုသာယူ၍ ဘာသာစကားအရမူ မြန်မာအသံနဲ့ကွဲလွဲ၍ ရခိုင်၊ထားဝယ်ဟန် ရှိသည်။ပါးစပ်ရာဇဝင်များအရ အင်းတိုင်းရင်းသားတို့သည် ပုဂံခေတ်၊အလောင်းစည်သူမင်း ဖောင် စင်္ကြာဖြင့် တိုင်းခန်းလှည့်လည်စဉ် ပါလာသော ထားဝယ်လှေထိုးသားအစုမှ အင်းလေးဒေသအရောက်တွင်ပါလာသော ထားဝယ်သားအစုမှ ကျန်ခဲ့ပြီး ရွာကြီး(၄)ရွာ စတင်တည်ခဲ့ရာမှစတင်သည်ဟုဆိုသည်။

မျက်မှောက်အခြေအနေတွင်မူ အင်းတိုင်းရင်းသားသည် ရှမ်းပြည်နယ်၏ အဓိကလူမျိုးများတွင် တစ်ခုအပါအဝင် ဖြစ်လာပြီး အင်းလေး ဒေသသည် ရှမ်းပြည်နယ် ၏ အဓိက စီးပွားရေးသော့ချက်ဖြစ်လာပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေအမြောက်အများရှာဖွေပေးနိုင်သော ခရီးသွားဇုန် တစ်ခုဖြစ်လာသည်။ သို့ဖြစ်ရာ အင်း တိုင်းရင်းသားတို့မှာ စီးပွားရေးအသင့်အတင့်ပြေလည်ပြီး ယဉ်ကျေးမှူ အဆင့်အတန်း မြင့်မားသော လူမျိုး တစ်မျိုးဟုဆိုနိုင်ပေသည်။သို့ရာတွင် အဆိုပါကိစ္စရပ်များ၏ နောက်ကွယ်တွင် အင်းတိုင်းရင်းသားတို့၏ အမှောင် ဖက်ခြမ်းရှိနေသည်။

အင်းလေးဒေသသည် ကမ္ဘာလှည့်ခရီးသည် အများဆုံးရှာဖွေပေးနိုင်သောဒေသများတွင် တစ်ခုအပါ ဖြစ်သော် လည်း ဇုန်ဝင်ကြေးနှင့်နိုင်ငံခြားဝင်ငွေရရှိမှူသည် အင်းလေးဒေသအပေါ် စိုးစဉ်းသက်ရောက်မှူမရှိချေ။အဆိုပါ ဝင်ငွေအားလုံးကို ပြည်ထောင်စုအစိုးရသို့ အပြည့်အဝအပ်နှံရပြီး ပြည်ထောင်စုမှပြည်နယ် ပြည်နယ်မှဒေသ အဆင့်ဆင့်ခွဲဝေချထားပေးသည့်ပုံစံကြောင့် အင်းလေးဒေသနှင့်အင်းတိုင်းရင်းသား သည် ပြည်မကသဒ္ဒါ သလောက်သာစားရသည့်ဘဝသာဖြစ်သည်။ပြည့်သည့်အိုးကို ဖြည့်နေရပြီး မိမိတို့ဟာ ဗိုက်ဟောင်းလောင်းနှင့် နေနေရသည့်ဘဝပင်။ဤတွင် အင်းတိုင်းရင်းသားတို့ကိုနိုင်ငံရေးအရ ဖိနှိပ်ထားမှူကို ထပ်မံမြင်တွေ့ရပေမည်။ အင်းလေးဒေသဝန်းကျင် နေတိုင်းရင်းသားများဖြစ်သည့် ပအိုဝ်းနှင့်ဓနုတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသများအဖြစ် အခွင့်အရေးများရရှိပြီး ယင်းဒေသများမှရရှိသည့်ဇုန်ဝင်ကြေးကို ဒေသဦးစီးအဖွဲ့က တိုက်ရိုက် စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည်။ဤသည်မှာ အင်းတိုင်းရင်းသားတို့အတွက် နိုင်ငံရေးအရရှုံးနိမ့်မှူဖြစ်ပြီး နောက်အားနည်း ချက်တစ်ခုမှာ ရှမ်းပြည်နယ်သည် တရားမဝင်ငွေမဲဈေးကွက်၏ ဘူမိနက်သန်ဖြစ်နေရာ အင်းလေးဒေသတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအပေါ် ရင်းနှီးမြုပ်နှံလိုက်ခြင်းအားဖြင့် ငွေဖြူရရှိမှူ အလားအလာ ပေါ်ထွက်လာသည့်အတွက် ဒေသခံ အင်းသားတို့အဖို့ ငွေလုံးငွေရင်းရရှိမှူ ကွယ်ပျောက်သွားပြီး လက်မှူပစ္စည်းရောင်းချခြင်း ခရီးသွားဝန်ဆောင်မှူစသည်ဖြင့် ဝင်ငွေနည်းပါးသည့် အလုပ်အကိုင်များ အပေါ်တွင် သာမှီချုလာရသည်။သို့ဖြစ်ရာ အင်းလေးကန်နှင့်အင်းတိုင်းရင်းသားတို့သည် ပိုင်သာပိုင်မဆိုင်တော့သည့် ဘဝဖြစ်နေသည်။

အဆိုပါဟိုတယ်ဇုန်များချဲ့ထွင်လာမှူသည် အင်းလေးကန် ရေတိမ်ကောမှူ၏အကြောင်းရင်းခံတစ်ရပ်ဖြစ်ပြီး အင်းလေး ကန်ထိန်းသိမ်းမှူလုပ်ငန်းစဉ်နှင့်ဥပဒေများကို ပြည်နယ်အင်းတိုင်းရင်းသား ရေးရာဝန်ကြီး၊ ၎င်းမှ တစ်ဆင့် ပြည်နယ်လွှတ်တော်၊ယင်းမှပြည်ထောင်စုလွှတ်တော်ဟူ၍ အဆင့်ဆင့်ဖြတ်သန်းရသောအခါ နှစ်ကာလ အားဖြင့် ၃နှစ်ကြာသည်အထိ မိမိတို့အဆိုသည် ပြည်ထောင်စုလွှတ်တော်တွင် မကြားနာရသေးသည့် အဆိုအဖြစ်သာဆက်ရှိနေဆဲဖြစ်သည်။အင်းတိုင်းရင်းသားတို့၏ နိုင်ငံရေးအသိဉာဏ်ပွင့်မှူသည် အခြားသော ပြည်နယ်နေတိုင်းရင်းသားများနှင့်စာလျှင် အလွန်နည်းပါးနေသေးသည်။ အစဉ်အဆက်စော်ဘွား အုပ်ချုပ်သော ပဒေသရာဇ်အုပ်ချုပ်ရေးမှ သည် စစ်အာဏာရှင်စနစ်၊ဒီမိုကရေစီတစ်ပိုင်းခေတ်၊ယခု တစ်ဖန်စစ်အာဏာသိမ်းမှူ ကာလအထိ အင်းတိုင်းရင်းသားတို့၏ နိုင်ငံရေးလှူပ်ရှားမှူများသည် အမျိုးသားလှူပ်ရှားမှူအသွင်သဏ္ဍာန်သို့ မရောက်ရှိခဲ့ပေ။

လွတ်လပ်ရေးခေတ်မတိုင်မီကာလများတွင် အင်းတိုင်းရင်းသားတို့၏ မြို့တော်ညောင်ရွှေသည် ပဒေသရာဇ် ရှမ်းပြည်တစ်ခုလုံးအတိုင်းအတာဖြင့်အရေးပါလှသည့်မြို့တော်ဖြစ်ခဲ့ပြီး ညောင်ရွှေစော်ဘွားများ သည်လည်း နိုင်ငံရေးအရတန်ခိုးသြဇာကြီးမားခဲ့ကြသည်။လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလများမှာလည်း ဦးတင်ဧ၊ဦးရွှေအုံး တို့ကဲ့သို့သောအင်းတိုင်းရင်းသား အနွယ်ဝင်ကျောင်းသားလူငယ်ခေတ်ပညာတတ်များဟာ ပင်လုံစာချုပ်ချုပ် ဆိုနိုင်ဖို့ အဓိကအရေးပါတဲ့ ပုဂ္ဂိုလ်တွေဖြစ်လခဲ့ပြီး ဦးတင်ဧ ကို အင်းတိုင်းရင်းသားများအနက် အထွန်းပေါက်ဆုံး နိုင်ငံရေးသမား၊ ဖက်ဒရယ်အရေးပိုင်နိုင်သူ၊ ပင်လုံဗိသုကာစသည်ဖြင့် အင်းတိုင်းရင်းသားများက ယနေ့ထက်တိုင် လေးစားသည့် တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်အဖြစ် လက်ခံသဘောတူထားကြသည်။ ၁၉၄၇ပင်လုံ စာချုပ်ချုပ်ဆိုချိန်တွင် လူထုကိုယ်စားလှယ်များဖြစ်သည့် အင်းတိုင်းရင်းသားအနွယ်ဝင်များဖြစ်သည့် ဦးတင်ဧ၊ တောင်ကြီးဦးထွန်းမြင့် တို့အနေဖြင့် ပဒေသရာဇ်ဆန့်ကျင်ရေးကို လက်ကိုင်ထားသည့် တိုးတတ်သော ကျောင်းသားများဖြစ်ကြပြီး ဖက်ဒရယ်အဆိုအပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ခဲ့ပေသည်။ သို့သော် ၎င်းတို့၏ ဖက်ဒရယ် လိုလားချက်သည် အင်းလူထုတစ်ရပ်လုံးအပေါ်ကိုယ်စားပြုမှူ မည်ရွေ့မည်မျှရှိသည်ကိုမူ ကာယကံရှင် များမှ လွဲ၍ဖြေနိုင်မည့်သူမရှိပေ။ အဘယ်ကြောင့်ဆိုသော် အင်းလူထုသည် ဖက်ဒရယ်ဟူသော ဝေါဟာရ အပေါ်တွင် အဓိပ္ပာယ်လွဲမှားစွာကောက်ယူနေသည့်အပြင်၊ အဆိုပါ ဖက်ဒရယ်သဘောတရားကို နကန်းတစ်လုံးမှ မသိသူများ အမြောက်အမြားရှိနေသေးသည်။

၁၉၄၈ လွတ်လပ်ရေးရချိန်မှာတော့ အင်းတိုင်းရင်းသားတို့ရဲ့ ဥသျှောင် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်မှာ လွတ်လပ်သောမြန်မာနိုင်ငံ ၏ ပထမဆုံးသမ္မတဖြစ်လာပြီး ယင်းကာလသည် အင်းတိုင်းရင်းသားတွေ နိုင်ငံရေးမှာ အထွတ်အထိပ်အရောက်ဆုံးအချိန်ဟူ၍သတ်မှတ်နိုင်သည်။သို့ရာတွင် ၁၉၄၉ခုနှစ်၌ ပအိုဝ်းတိုင်းရင်းသားများ၏ ပဒေသရာဇ်ဆန့်ကျင်တော်လှန်ရေးလှူပ်ရှားမှူပေါ်ပေါက်လာခဲ့ပြီး ပအိုဝ်းတပ်နဲ့တောခိုကရင်ပြည်သူ့ရဲဘော်များ ပူးပေါင်းပြီး ပြည်နယ်မြို့တော် တောင်ကြီး နှင့် စော်ဘွားဥကင် စိုက်ရာ ညောင်ရွှေမြို့ကိုပါသိမ်းယူလိုက်သည့် အခြေအနေထိဆိုက်ရောက်သွားခဲ့သည်။ထိုသို့သောအခြေအနေသည် ရှမ်းပြည်တစ်ဝှမ်းသာမက ဖဆပလအစိုးရ အထိ လှူပ်ခတ်သွားသော်လည်း အင်းတိုင်းရင်းသားများအနေဖြင့် အဆိုပါဆန့်ကျင်ရေး လှူပ်ရှားမှူမှာ ပါဝင်လာ ခြင်းမတွေ့ရပေ။

၁၉၅၉ခုနှစ် ဗိုလ်နေဝင်းအိမ်စောင့်အစိုးရအနေနဲ့ အာဏာသိမ်းပြီး သည့်နောက် စော်ဘွားများ အာဏာစွန့် ရချိန်တွင်မူ အင်းတိုင်းရင်းသားတို့၏ ပဒေသရာဇ်နိုင်ငံရေးသည် ဆုံးခန်းတိုင်ပြိုလဲသွားခဲ့ပြီး ၁၉၆၀တွင်တော့ နေဝင်းက ဦးနု ၏ အနိုင်ရသန့်ရှင်းဖဆပလကို ပါလီမန်ရွေးကောက်ပွဲအရ အာဏာပြန်အပ်သည် ဆိုပါအခြေအနေ တွင် အာဏာစွန့်စော်ဘွားများသည် ပြည်နယ်ဝန်ကြီးများ၊ပါလီမန်အမတ်များအလိုအလျောက် ဖြစ်လာခဲ့သည်။ အဆိုပါ ၁၉၅၉-၆၀မတိုင်မီ ၁၉၅၈ဗိုလ်နေဝင်း အိမ်စောင့်အစိုးရခေတ်မှာပင် နွံစစ်ဟန် ခေါ် ရဲရင့်သော လူငယ်စစ်သည်တော်များအဖွဲ့ပေါ်ပေါက်လာပြီး ၁၉၆၁တွင် ရှမ်းပြည်လွတ်လပ်ရေးတပ်မတော် (SSIA)၊ ၁၉၆၂ဝန်းကျင်တွင် ရှမ်းအမျိုးသားညီညွတ်ရေးတပ်ဦး(SNUF)တို့ပေါ်ထွန်းလာပြီး လက်နက်ကိုင် တော်လှန်ရေး စတင်ဆင်နွှဲခဲ့ပေသည်။ ၁၉၆၂ တွင်မူ  ဗိုလ်နေဝင်းက အာဏာကိုလုံးဝသိမ်းလိုက်တဲ့အခါမှာ ရှမ်းပြည် စော်ဘွားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ဖဆပလ၊ပမညတအမတ်တွေ အဖမ်းခံရပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်လည်းဖမ်းဆီးခံရပြီး ထောင်ထဲမှာပဲကွယ်လွန်ခဲ့ရသည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် သမ္မတကတော် ညောင်ရွှေစော်ဘွား ရဲ့မဟာဒေဝီ စဝ်နန်းဟိမ်းခမ်း ဟာ ပြည်ပကို  ထွက်ခွာခဲ့ရသည်။အဆိုပါကာလမတိုင်မီ စဝ်ရွှေသိုက်၏သားကြီး ယူဂျင်းသိုက်သည် ၁၉၆၂ ကတည်း ပင် SSIA တွင် အရေးပါသော နိုင်ငံရေးခေါင်းဆောင်၊တပ်မှူးတစ်ယောက်ဖြစ်နေပြီးဖြစ်သည်။

၁၉၆၄မှာSSIA နဲ့ SNUF ကိုပူးပေါင်းပြီး ရှမ်းပြည်တပ်မတော် – SSA ထူထောင်ခဲ့ကာ မဟာဒေဝီက ဥက္ကဋ္ဌ/နာယကအဖြစ် တာဝန်ယူခဲ့သည်။SSA၏ မူလကြွေးကြော်သံသည် ရှမ်းပြည်ကိုရှမ်းလူထုက သာလျှင် ပိုင်သည်ဟူသော ကြွေးကြော်သံဖြစ်သည်။အဆိုပါ ရှမ်းပြည်တပ်မတော် – SSA မှာလည်း အင်တိုင်းရင်းသား တွေဟာ တပ်ရင်း၊တပ်စိတ် တစ်ခုအနေနှင့်ပင် ပါဝင်လာခဲ့ခြင်းမရှိပေ။

အပိုင်း ၂ ဆက်တင်ပြပါမည်။