• Today is: Saturday, April 20, 2024

အင်းတိုင်းရင်းသားတို့၏ အနာဂတ်နိုင်ငံရေးအိမ်မက် (၂)

အင်းတိုင်းရင်းသားတို့၏ အနာဂတ်နိုင်ငံရေးအိမ်မက် (၂)

– မြတ်ညိုလွင်

အပိုင်း ၁ တွင် အင်းတိုင်းရင်းသားတို့၏နောက်ခံအကြောင်းရင်းနှင့် နိုင်ငံရေးဆိုင်ရာသမိုင်းစဉ်တို့ကို အနည်းကျဉ်းမျှ ဖော်ပြသွားခဲ့ပြီးဖြစ်သည်။ယခုအပိုင်းတွင်မူ ယခုတော်လှန်ရေး၏ မျက်မှောက်အခြေအနေကို တင်ပြသွားမည်ဖြစ်သည်။အင်းတိုင်းရင်းသားတို့၏ နိုင်ငံရေးအိမ်မက်များအကောင်အထည်ဖော်နိုင်ရန် ပထမ အရေး အကြီးဆုံးသော အချက်သည် “ပြုပြင်ပြောင်းလဲလိုစိတ်”ရှိရမည်ဖြစ်သည်။အင်းတိုင်းရင်းသား တက်ကြွ လှူပ်ရှား သူများ၊ နိုင်ငံရေးသမားများက အင်းတိုင်းရင်းသားတို့အား ပြုပြင်ပြောင်းရေးတွင် ပါဝင်စေရန် တိုက်တွန်းဆောင်ရွက်ရမည်။ဒုတိယအချက်မှာ “နိုင်ငံရေးတွင် ရေစုန်မြောလိုက်မနေဖို့လိုအပ်သည်”။ဤသည်မှာ အင်းအမျိုးသားရေးအမည်ခံနိုင်ငံရေးသမားတို့၏ ပြစ်ချက်ဟူ၍လည်းဆိုနိုင်သည်။ အစဉ်အဆက်အားဖြင့် အင်းတိုင်းရင်းသားတို့၏ နိုင်ငံရေးပေါ်လစီသည် တည်ငြိမ်မှူမရှိ သာသည့်ဖက်ယိမ်းသည့် သဏ္ဍာန်သက်ရောက် နေသည်။ဤသည်မှာ အင်းပါတီနိုင်ငံရေးသမားတို့၏ အမှားယွင်းဆုံးသောနိုင်ငံရေး နည်းဗျူဟာ ဖြစ်သည်။

ရှမ်းပြည်နယ်သည် အထူးဒေသအများဆုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအများရှိပြီး တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အများဆုံးတည်ရှိရာဒေသတစ်ခုဖြစ်သည်။။ လူဦးရေအချိုးအစား ပမာဏတခုအထိ ရှိပြီး နိုင်ငံရေး၊ စစ်ရေးအရ အများသတိပြုမိကြသော လူမျိုးများမှာ ရှမ်း၊ဝ၊ ပအိုဝ်း၊ တအာင်း (ပလောင်)၊  လားဟူ၊ အခါ ၊ ကိုးကန့်၊ ကချင်တို့ ဖြစ်ကြ၏။ ယင်းတို့ကို အဆင့်(က)အဖြစ်သတ်မှတ်နိုင်ပြီး အဆင့်(ခ)တွင် ဓနု၊အင်းသား၊တောင်ရိုး၊လီဆူး၊ကယန်းအစရှိသည်တို့ဖြစ်သည်။အဆင့်(ခ)တွင် ကယန်းမှအပ ကျန်တိုင်းရင်း သားများတွင် စစ်အင်အားဟူ၍မတွေ့ရပေ။ထို့ကြောင့်လည်း ၂၀၀၈ ခြေဥတွင် ဝ၊ တအာင်း၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနုတို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု သတ်မှတ် ပေးထားသည်ကို တွေ့ရသကဲ့သို့  လားဟူ၊ အခါ၊ ကချင်၊ အင်းသား၊ လီဆူး၊ ကယန်း တို့နှင့် ဌာနေတိုင်းရင်းသားမဟုတ်သည့် ဗမာတို့အား တိုင်းရင်းသား ရေးရာ ဝန်ကြီးများအဖြစ် သတ်မှတ်ပေးသည်။

အဆိုပါ တိုင်းရင်းသားရေးရာဝန်ကြီးဟုဆိုသော်လည်း ယင်း၏ အဆင့်သည် လွှတ်တော်ကိုယ်စားလှယ်အဆင့်နှင့်တန်းတူမျှသာသက်ရောက်နေပြီး အရေးကြီးသည့် အဆုံး အဖြတ် ချက်များကို အတည်ပြုပေးနိုင်သည့်အဆင့်မရှိပေ။သို့ဖြစ်ရာ ကိုယ်စားပြုမှူအပိုင်းနှင့် နိုင်ငံရေးပါဝါမှာ ပြည်ထောင်စုအစိုးရ၏ရုပ်သေးသာဖြစ်သည်။၂၀၁၀ခုနှစ် ရွေးကောက်ပွဲကာလတွင် အင်းတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဟူ၍ ပေါ်ပေါက်လာခဲ့ပြီး ပြည်သူ့လွှတ်တော် ၁ နေရာ ၊ ပြည်နယ်လွှတ်တော် ၂နေရာ နှင့် ပထမဆုံးသော အင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာက အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ အနိုင်ရရှိခဲ့သည်။ အင်းတိုင်းရင်းသားတို့ ၏ ပါတီနိုင်ငံရေးခရီးသည် ၁၉၈၈ ခုနှစ်မှပင်စတင်ခဲ့၏။

ယခု အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှူန်းဆာခေါင် ၏ “ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)သမိုင်းဝင်မှတ်တမ်း ” တွင် အဖွဲ့ဝင်မဟာမိတ်အနေဖြင့်“ အင်းအမျိုးသားအဖွဲ့ချုပ်”ဟူ၍တွေ့ရှိရသော်လည်း ကိုယ်စားလှယ်စေလွှတ်မှူ၊ လုပ်ငန်းပါဝင်မှူများနှင့် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မှူအထောက်အထားများကိုမူမတွေ့ရှိခဲ့ရပေ။ ၂၀၁၀ နိုင်ငံရေးတံခါးပေါက် ဟလာသည်နှင့်အမျှ အင်းတိုင်းရင်းသားတို့အဖို့ ပြည်မအင်အားကြီးပါတီတစ်ခု၏ ဦးဆောင်မှူကို လိုက်မည်လော။ ဒေသတွင်းနှင့် လူမျိုးအခြေပြု ပါတီများကိုထောက်ခံမည်လောဟူ၍ သို့လောသို့လောဖြစ်လာသည်။

အဆိုပါ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ သည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ မဟာမိတ်ပါတီငယ် တစ်ခုဖြစ်သည်။၂၀၁၅ ရွေးကောက်ပွဲတွင် အင်းတိုင်းရင်းအဖွဲ့ချုပ်ပါတီ ဟူ၍ ပါတီတစ်ခုထပ်မံပေါ်ထွက်လာခဲ့ရာ ၂၀၁၅ရွေးကောက်ပွဲသည် အင်းလေးဒေသတွင် အင်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက် အခရာဖြစ်လာသည်။ သို့သော်အဆိုပါ ပါတီနှစ်ရပ်လုံးရံှူးနိမ့်ပြီး အင်အားကြီးပြည်မပါတီဖြစ်သည့် “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်”(NLD)မှ မဲဆန္ဒနယ်အားလုံးအနိုင်ရရှိသွားပြီး ဒေါင်တာထွန်းလှိူင်က အင်းရေးရာဝန်ကြီး ဖြစ်လာသည်။ ၂၀၁၈တွင် အဆိုပါ အင်းပါတီ၂ရပ်ပေါင်းစည်း၍ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တစ်ပါတီတည်းဖြစ်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပါတီတွင်းဗဟိုအလုပ်အမှူဆောင်ရွေးချယ်ခြင်းနှင့် မူဝါဒကွဲလွဲမှူများ ကြောင့် ပေါင်းစည်းမှူကာလမရှည်လျားခဲ့ဘဲ အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီမှာ ၂၀၁၉ တွင် ပါတီအဖြစ် မှတ်ပုံတင် ထားခြင်းမှရုတ်သိမ်းခံရသည်။ဤအချက်မှာလည်း အင်းနိုင်ငံရေးဦးဆောင်မှူတွင် ညီညွတ်ရေး တစ်ရပ်တစ်ဆောက်ရန် အင်မတန်အရေးကြီးကြောင်း မီးမောင်းထိုးပြသည့်အချက်ဖြစ်လာသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ “အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ”ဟူ၍ ပါတီသစ်ပေါ်ထွက်လာပြီး အင်းဖွံ့ ထက် ဒေသတွင်း လူထုထောက်ခံမှူပိုမိုများပြားလာသည်။သိုံရာတွင် အဆိုပါ ၂၀၂၀ရွေးကောက်ပွဲတွင်လည်းယခင် ၂၀၁၅ ရွေးကောက်ပွဲ ကဲ့သို့ပင် ဇာတ်သိမ်းခဲ့ရသည်။

၂၀၂၁ဖေဖော်ဝါရီလ အာဏာသိမ်းချိန်တွင်မူ အင်းလေးဒေသတွင်သာမက၊နိုင်ငံအနှံ့အပြားရှိ အင်းတိုင်းရင်းသား တို့မှာ အာဏာသိမ်းမှူကိုလက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ဤအခြေအနေတွင် အင်းတိုင်းရင်းသား နွယ်ဖွားအများအပြားသည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှူများ ကြောင့်အသက်ပေး လှူသွားခဲ့ရပြီးဖြစ်သည်။ဤအခြေအနေတွင် အင်း(၂)ပါတီလုံးသည် စကစ ၏ UECမှခေါ်ယူသော တွေ့ဆုံပွဲများကို မိမိတို့ လူမျိုးများ၏ မျက်နှာကိုမျှမထောက်ဘဲ တက်ရောက်ခဲ့မှူကြောင့် အင်းအမျိုးသားတို့၏ နိုင်ငံရေး အိမ်မက်သည် တစ်စစီပြိုကွဲခဲ့သွားပြီဖြစ်သည်။တော်လှန်ရေးကာလအတွင်းဖွြ့စည်းသော ဒေသတွင်းနိုင်ငံရေး တပ်ပေါင်းစုများတွင် အင်းတိုင်းရင်းသားကိုယ်စားလှယ်များ၊လူငယ်ကိုယ်စားလှယ်များပါဝင်မှူရှိသော်လည်း အင်းတိုင်းရင်းသား ဟူ၍ သီးခြားအစုအဖွဲ့မတွေ့ရှိရပေ။၂၀၂၁၊မတ်လ ၁ရက်နေ့တွင်မူ အင်းတိုင်းရင်းသား သမိုင်းတစ်ခေတ် ပထမဆုံးသော “အင်းကျောင်းသားများသမဂ္ဂ(ISU)”ဟူ၍ ပေါ်ထွန်းလာခဲ့သည်။သို့သော် ယင်း သမဂ္ဂ ၏ လုပ်ငန်းအကောင်အထည်ဖော်မှူကာလသည် လပိုင်းသာ ကြာမြှင့်ခဲ့ပြီး နောက်ပိုင်းကာလများတွင် ပြန်ကွယ်ပျောက်ခဲ့သည်။ISUစတင်တည်ထောင်သူ တစ်ဦး၏ပြောကြားချက်တွင်မူ “အင်းတိုင်းရင်းသား ကျောင်းသား၊လူငယ်တွေက နိုင်ငံရေးအပေါ် ဘာသိဘာသာနေကုန်ကြပြီ၊ ကိုယ်နဲ့ဆိုင်သလို နေတယ်၊ လောင်းကစားနဲံမူးယစ်ဆေးက အင်းလူငယ်တွေအနာဂတ်အတွက်အဟန့်အတားပဲ၊ဒီလိုပုံစံဆို အင်းတိုင်းရင်းသား တွေရဲ့နိုင်ငံရေးကစိုးရိမ်ရေမှတ်ပဲ”ဟူ၍ ပြောဆိုခဲ့ဖူးသည်။

ဤနွေဦးတော်လှန်ရေးအတွင်း ၂၀၂၀ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် ရွေးကောက်ခံ ကိုယ်စား လှယ်တွေများဖြင့် စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွဖျတ်တော်ကိုယ်စားမှူကော်မတီ(CRPH)တွင် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းပါဝင်လာခဲ့ပြီး ယင်း CRPH မှ ဦးဆောင် ဖွဲ့စည်းလိုက်တဲ့ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ)၊ ထိုမှတဆင့်  INUG( ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ) ပေါ်ထွက်လာခဲ့ပြီး ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားဒေသ အခြေစိုက်လူမှူအခြေပြု အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံအရပ်ရပ်ရှိအစိုးရများ၊ အစိုးရအထောက်အကူပြု အဖွဲ့အစည်းများ နှင့် ဆက်သွယ်ချိတ်ဆပ်ကာ ရွေးကောက်ခံအစိုးရအနေနဲ့ တရားဝင်အသိအမှတ်ပြုမှူရရှိရေ ဆောင်လျက်ရှိသည်ကိုတွေ့ရသည်။လူထုအနေဖြင့်လည်း တော်လှန်ရေးကို တောင်းယူမရတိုက်ယူမှ ရမည်ဖြစ်ကြောင်း သဘောပေါက်လာသည်နှင့်အမျှ လက်နက်ကိူင်တော်လှန်ရွေးကို ရွေးချယ်လိုက်သည်နှင့်အမျှ

NUG အနေနှင် တိုင်းရင်းသားEROsမျျားနှင့်လက်တွဲ၍ လက်နက်ကိုင်တော်လှန်ရေးကိုဦးဆောင်နေသလို၊ တစ်ချိန်ထည်းမှာပင် တော်လှန်ရေးအန္တိမနိုင်ငံရေးပန်းတိုင် ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုသွားနိုင်ရန်အတွက် NUCC သည် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်။

ယခုလက်ရှိ NUCC မှာ အတိုင်ပင်ခံကောင်စီ အနေဖြင့် ၆ ခု ပါဝင်နှင့်ပြီးဖြစ်သည်။ ကချင်၊ ချင်း၊ကရင်နီ၊ တအာင်း(ပလောင်)၊ပအိုဝ်း၊မွန်  စသဖြင့်ဖြစ်ပါတယ်။ရှမ်းပြည်အနေဖြင့် တအောင်း နှင့် ပအိုဝ်း နှစ်ဖွဲ့တည်းသာ ထင်ထင်ပေါ်ပေါ်ပေါ်ထွက်လာခဲ့ပြီး အင်အားကြီး ပင်မ ရှမ်းကိုမူမတွေ့ရပေ။ ကျန်ရှိနေသေးသော

EROs များနှင့် တိုင်းရင်းသားအဖွဲ့အစည်းတွေအနေဖြင့်လည်း သက်ဆိုင်ရာ အတိုင်ပင်ခံကောင်စီအသီးသီးဖြင့် NUCC တွင်ထပ်မံပူးပေါင်းလာနိုင်ချေရှိသည်ဟု သုံးသပ်ယူဆကြသည်။ပြည်နယ်အသီးသီး လူမျိုးအသီးသီး အနေဖြင့်လည်း လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာပါဝင်နိုင်မှူအလားအလာသည် မိမိတို့၏ နိုင်ငံရေး ယုံကြည်မှူအပေါ် များစွာသက်ရောက်မှူရှိနေသည်။အင်းတိုင်ရင်းသားအနေဖြင့်လည်း ယခင်က တစ်ကြိမ် တစ်ခါမျှ လက်ခံခခဲ့ခြင်းမရှိသည့် လက်နက်ကိုင်တော်လှန်ရေးကိုဆင်နွဲလာရပြီး အင်းလေးပြည်သူ့ကာကွယ် ရေးတပ်(IPDF)မှာ ဒေသတွင်းလူထုအကြား အထိုက်အလျောက် ကျယ်ပြန့်လာပြီဖြစ်သည်။သို့ရာတွင် ယင်းတပ်ဖွဲ့သည် NUG/CRPH၏ လမ်းညွှန်မှူကို ခံယူမည်ဆိုသဖြင့် အင်းတိုင်းရင်းသားတို့၏ ကိုယ်ထူကိုယ်ထ မူ ဟူသော မီးတောက်ကလေးသည် ပြန်လည်ငြိမ်းသွားမည့်သဘောရှိနေသည်။

တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြတာဖြစ်သလို  အနာဂါတ်နိုင်ငံရေးအတွက်ပါ တပြိုင်နက်ထဲ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ဒါနဲ့တစ်ဆက်ထာ်းမှာပဲ ကျွန်တော်တို့ အင်းလေးသေအနေနဲ့၊ အင်းတိုင်းရင်းသားတွေအနေ နဲ့ တော်လှန်ရေးနှင့် ဖက်ဒရယ်အနာဂါတ်နိုင်ငံရေးမှာဘယ်လိုပါဝင် လျှောက်လှမ်း ကြမလဲ ဆိုတဲ့ မေးခွန်းကတော့ထုတ်စရာရှိလာပါပြီ။အင်းနိုင်ငံရေး ဘာလဲ၊ဘယ်ဆီလဲ ဆိုပြီးမေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။အင်းတိုင်းရင်းသားတွေမှာလည်း တိကျခိုင်မာပြတ်သားတဲ့ နိုင်ငံရေးလမ်းစဉ်ရှိရမှာဖြစ်ပြီး သည်နိုင်ငံရေးလမ်းစဉ်တွေကို ဦးဆောင်မှူပေးနိုင်တဲ့ အင်းအမျိုးသားတပ်ဦးလိုအပ်ပါတယ်။ဒါ့အပြင် နှောင်း ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကာလတွေအတွက် ခုတော်လှန်ရေးမှာလည်းတိုက်ပွဲဝင်နိုင်တဲ့ အမတေ အင်းအမျိုးသားတပ်ဖွဲ့ ရှိဖို့လိုအပ်လာပါတယ်။ရှိလာအောင်လည်း အတူတကွကြိုးစားဖို့လိုပါတယ်။

ဥပမာအားဖြင့် ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ရှမ်းပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ အင်းတိုင်းရင်းသား ကိုယ်စားလှယ်များရွေးချယ်စွေလွှတ်ပါဝင်မလား။ သို့တည်းမဟုတ် အင်းတိုင်းရင်းသား အတိုင်ပင်ခံ ကောင်စီ အနေ နဲ့ သီးခြားပါဝင်လာမလား။စဉ်းစားစရာဖြစ်ပါတယ်။

ဒါ့အပြင် ညောင်ရွှေ၊အင်းလေးဒေသနဲ့ထိစပ်နေတဲ့ ဖယ်ခုံ၊မိုးဗြဲဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပေမယ့် အင်းလေး ဒေသနဲ့ အင်းတိုင်းရင်းသားတွေကတော့ တော်လှန်ရေး နှင့် အနာဂါတ်ဖက်ဒရယ်နိုင်ငံရေး ကို စိတ်ပါဝင်စားတဲ့ပြည်သူလူထုက အတော်ကို နည်းပါးတာကို တွေ့ရှိရပါတယ်။

အဲဒါဟာ ကောင်းတဲ့ လက္ခဏာ တော့ မဟုတ်လှပါဘူး။အပေါ်မှာဖော်ပြထားသလို နိုင်ငံရေးဟာ အနှုတ်လက္ခဏာဖြစ်နေပါတယ်။

ဒေသခံတွေအနေနဲ့ မိမိတို့တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ ဘယ်လိုအနေအထားလဲ၊ဘယ်လိုပုံစံရှိသလဲ ဆိုတာမျက်ခြေ မပြတ်ဖို့ သိရှိနားလည်နေဖို့ လိုပါမယ်။ဒါ့အပြင် မိမိတို့အင်းလူမျိုးတွေသွားချင်တဲ့ အနာဂတ်နိုင်ငံရေးအိပ်မက်ကဘာလဲဆိုတာ အမြဲဆန်းဆစ်ဖို့လိုပါမယ်။ဒီလိုမှမဟုတ်ရင် အင်းအမျိုးသား နိုင်ငံရေးဟာ ပြည်မရဲံအနှိမ်ခံ၊လူမျိုးကြီးတွေရဲ့အဖယ်ကျဉ်ခံဘဝနဲ့ ပေးတာယူကျွေးတာနဲ့ ကျေနပ်ရတယ် သေးနုပ်တဲ့ ဘဝမျိုးအဖြစ်ဆက်ရှိနေဦးမှာဖြစ်သလို အင်းလေးဒေသဟာလည်း ပိုမိုဆိုးရွားပျက်ဆီးမှူတွေ တိုးတက်သင့် သလောက်မတိုးတက်တဲ့ ဒေသတစ်ခုဖြစ်နေဦးမှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါတယ်။

မိမိတို့ အနာဂတ်နိုင်ငံရေးအိပ်မက် ကို ဝေဖန်ဆန်းစစ်နိုင်ကြပါစေ။