• Today is: Sunday, May 29, 2022

ရာမညမွန်ပြည်(နယ်) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၆လအတွင်း အပြီးသတ်ရေးဆွဲသွားမည်

မေ ၈၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)

ရာမညမွန်ပြည်(နယ်) ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းကို ၆လအတွင်း ပြင်ဆင်ဖြည့်စွက်ရန်နှင့် အပြီးသတ်ရေးဆွဲသွားရန် မွန်အမျိူးသားညီလာခံ ၂၀၂၂တွင် ဆုံးဖြတ်ခဲ့သည်။ ဖက်ဒရယ်ပြည်နယ် ဖွဲ့စည်းပုံကို ပြင်ဆင်ဖြည့်စွက်ရန်နှင့် ရေးဆွဲအတည်ပြုရန်အတွက် မွန်သံဃာ တော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ မွန်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် ၁၂ ဦး ပါဝင်သည့် စေ့စပ်ညှိနှိုင်းရေးဆွဲရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။

ညီလာခံမှဖွဲ့စည်းထားသည့် စေ့စပ်ညှိနှိုင်းရေးကော်မတီသည် သတ်မှတ်ထားသည့် အချိန် ၆လ တာကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရာမညမွန်ပြည်(နယ်) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရမှာ ဖြစ်ပြီး ရေးဆွဲပြီးပါက အားလုံး ပါဝင်သည့် ညီလာခံတစ်ခုတွင် အတည်ပြုသွားမည်ဖြစ်သည်။

“ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မွန်လူမျိုးတွေ ဘာလိုအပ်နေသလဲ၊ ဘာတွေကို တောင်းဆိုမှာလဲ၊ ကာလဒေသ အချိန်အခါတွေ အမြဲတမ်း ပြောင်းလဲနေတဲ့နေရာမှာ လိုက်လျောညီထွေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေဖို့ ဆွေးနွေးကြတယ်၊ နောက်တချက် ရာမညမွန်ပြည်(နယ်) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကျနော်တို့(တတိယမူကြမ်း) ရေးဆွဲထားပြီးသား ရှိပါတယ်။ ဒီနေရာမှာ သတိကြီးစွာထားဖို့လိုပါတယ်၊ ဒီအချိန်ကာလမှာ ကျနော်တို့ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်၊ မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားပြည်သူအားလုံး ဒါကို ဘယ်လောက်လက်ခံ ဘယ်လောက်အသိအမှတ်ပြု ဘယ်လိုသဘောထားရှိနေပါသလဲ ဒီကိစ္စအရေးကြီးပါတယ်။ ဒါတွေကို ကျနော်တို့ ဆွေးနွေးသုံးသပ်ကြတယ်၊ ဒီဖွဲ့စည်းပုံတွေကို ရေးဆွဲနိုင်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမယ်”ဟု ညီလာခံ ဒုတိယနေ့ မွန်ဘာသာဖြင့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးက ထည့်သွင်းပြောကြားခဲ့သည်။

ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် တိုင်းရင်းသားအားလုံး၏ ဘုံသဘောတူညီမှုကို ရယူပြီးမှသာလျှင် ရေးဆွဲနိုင်မည်ဖြစ်ပြီး၊ လက်ရှိ ရာမညမွန်ပြည်(နယ်) ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းကိုမူ ၆လ ခန့်အချိန်ယူကာ အပြီးသတ်ရေးဆွဲသွားမည် ဖြစ်သည်။  

ညီလာခံတွင် မွန်အမျိူးသားနေ့ မွန်ဒေသတွင် မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးရေးအတွက် ကဏ္ဍစုံအဖက်ဖက်မှ ကြိုးပမ်းအားထုတ်သွားရန်၊ မွန်အမျိုးသားနေ့တွင် မိမိတို့သဘောဆန္ဒဖြင့် ရုံးမတက်ခြင်း အလုပ်ပိတ်ခြင်း မွန်ပြည်သူတရပ်လုံးအနေဖြင့် ဇာတိသွေး ဇာတိမာန် စိတ်ဓါတ်ကို ပြသသွားရန်၊ တစ်ကမ္ဘာလုံးရှိ မွန်လူမျိုးများအနေဖြင့် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တစ်ရက်တည်းကိုသာ မွန်အမျိုးသားနေ့ အခမ်းအနား တပြိုင်တည်းကျင်းပသွားရန်နှင့် ၄င်းနေ့ရက်မတိုင်မီ ကျင်းပမည်ဆိုပါက “မွန်အမျိုးသားနေ့အကြို”ဟုလည်းကောင်း၊ ရက်လွန်ပြီးမှ ကျင်းပမည်ဆိုပါက “မွန်အမျိုးသားနေ့ဂုဏ်ပြုပွဲ”ဟုလည်းကောင်း သုံးနှုန်းခေါ်ဝေါ်သွားရန် မွန်အမျိုးသားညီလာခံက ဆုံးဖြတ်ခဲ့ပြီး မွန်ဘာသာဖြင့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ 

ညီလာခံကို မွန်ပြည်သစ်ထိန်းချုပ်ရာနယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစားစခန်းတွင် မေလ ၂ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်တာကျင်းပခဲ့ပြီး ကိုယ်စားလှယ်ပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့သည်။