• Today is: Sunday, May 29, 2022

ဗမာပြည်၌ ဖက်ဒရယ်မွေးဖွားခြင်း နှင့် ရှမ်းပြည်အနာဂတ်

ဗမာပြည်၌ ဖက်ဒရယ်မွေးဖွားခြင်း နှင့် ရှမ်းပြည်အနာဂတ် (ဆောင်းပါးရှည်)

မြတ်ညိုလွင် ရေးတယ်

 ရှမ်းပြည်နယ်ဆိုတာ ပြည်ထောင်တစ်ခုရဲ့အစိတ်အပိုင်းမဟုတ်ဘဲ ပြည်ထောင်ငယ်လေးတွေစုဖွဲ့ထားတယ့် ပြည်ထောင်စုတစ်ခုဖြစ်တယ် ဖက်ဒရိတ်ရှမ်းပြည် တစ်ခုဖြစ်တယ်ဆိုတာကို အစဉ်အဆက် ရှမ်းနိုင်ငံရေးသမားအများစုကလက်ခံထားခဲ့ပါတယ်။ဒီဖက်ဒရယ်ရှမ်းပြည်ထောင်စုဖြစ်ပေါ်လာစေခဲ့တာသည် ရှမ်းပြည်တွင်းက ပြည်သူတွေနဲ့ နိုင်ငံရေး၊ အုပ်ချုပ်သူ အင်အားစုတွေဟာ ညီညွတ်ရေး တစ်ရပ်ကို တည်ဆောက် နိုင်ခဲ့တဲ့ အနေအထားတစ်ရပ်ကြောင့်ဖြစ်ပါတယ်။

ဗြိတိသျှခေတ်ကာလများကရှမ်းပြည်

အင်္ဂလိပ်ခေတ်မှာ လက်ရှိမြန်မာပြည်မြေပုံထဲက ဒေသတွေကို ကြည့်မယ်ဆိုရင် ရှမ်းပြည် ဒေသ တခုတည်းကိုသာ ၁၉၂၂ ခုနှစ်က စလို့ ဖက်ဒရိတ်ပြည်နယ်အဆင့် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အာရှတိုက်တတိုက်လုံးနဲ့ ကြည့်ရင် ဖက်ဒရယ်နာမည်နဲ့ စတင်သတ်မှတ် သုံးစွဲခွင့်ရတဲ့ ဒေသလည်းဖြစ်တာကို တွေ့ရှိရပါတယ်။

အဲဒီတုန်းက ရှမ်းပြည်ရဲ့ အခြေအနေကလည်း စော်ဘွားနယ် ၃၃ နယ်နဲ့အတူ ထူးခြားလှပါတယ်။စော်ဘွားများရဲ့လက်အောက်မှာ မြို့စား၊ငွေခွန်မှူးစသည် နှင့် ပဒေသရာဇ်အတိတ်ပန်းချီကားကိုပြန်ကြည့်ရင် ရှမ်းအပြင် အခြား ပလောင် ၊ ပအိုဝ်း ၊ ဓနုစတဲ့ တိုင်းရင်းသားတွေကလည်း သူ့ဒေသ သူ့စော်ဘွားနဲ့သူ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၈၉၅ ခုနှစ်မှာ ကိုးကန့်ဒေသဟာ ဗြိတိသျှပိုင်နက် ဖြစ်လာတော့ ကိုးကန့်နယ်ဟာ သိန္နီ ရှမ်းစော်ဘွားအောက်က လက်အောက်ခံ စော်ဘွားနယ်ဖြစ်လာခဲ့သလို ဒုတိယကမ္ဘာစစ်မှာ ကိုးကန့်တပ်တွေဟာ ဂျပန်ကို တိုက်ခဲ့ပြီးနောက် မှာတော့ ကိုးကန့်နယ်ဟာ သီးခြားစော်ဘွားအဆင့်နဲ့ အုပ်ချုပ်တဲ့ ဒေသဖြစ်လာခဲ့ပါတယ်။

၁၉၂၂ ခု၊ အောက်တိုဘာလ (၁) ရက်နေ့တွင် တောင်ပိုင်းနှင့် မြောက်ပိုင်းရှမ်းနယ်များကို ပေါင်းစည်းပြီး  ကမ္ဘောဇ ပဒေသရာဇ် ရှမ်းကောင်စီ (the Federal Concil of Shan Chiefs ) ကိုဖွဲ့စည်းခဲ့ပါတယ်။အင်္ဂလိပ်ခေတ်တလျှောက် ဗမာပြည် ဥပဒေပြုကောင်စီနဲ့ ဝန်ကြီးအဖွဲ့တွေ လက်နဲ့မှ မတို့နိုင်ဘဲ ဘုရင်ခံက အတိုင်ပင်ခံဝန်ကြီးနဲ့ တိုက်ရိုက်အုပ်ချုပ်ခဲ့တဲ့ နယ်မြေတွေက (၁) ရှမ်းပြည် Federated Shan State ( ၂ ) ချင်းတွင်းနဲ့ မြစ်ကြီးနားခရိုင်အတွင်းက ရှမ်းဒေသ ၊ (၃) ချင်းဝိတိုရိယတိုင်း (ချင်းတောင်တန်း ဥပဒေနဲ့ အုပ်ချုပ် ) ၊ (၄)ကချင် တောင်တန်း ဒေသ ( ကချင်တောင်တန်း လူမျိုးစုများ ဥပဒေနဲ့ အုပ်ချုပ်) ၊(၅) နာဂတောင်တန်း ၊ (၆)ဟူးကောင်းမြစ်ဝှမ်း ၊ (၇)တြိဂံဒေသနဲ့ (၈)ဘားအံမြို့ဖြစ်လာခဲ့တဲ့ သံလွင်ခရိုင်ဒေသတွေပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်တွေ သိမ်းပြီးနောက် စော်ဘွားတွေရဲ့ အုပ်ချုပ်ရေးခေတ်ကို ပြန်ကြည့်မယ်ဆိုရင် အင်္ဂလိပ်ကော်မရှင်နာက အထက်မှာရှိသလို သူ့ရဲ့အောက်မှာ နယ်ပိုင်ဝန်ထောက်တွေလည်း ရှိပါတယ်။ စော်ဘွားတွေအနေနဲ့ မိမိရဲ့ အုပ်ချုပ်ရတဲ့ နယ်ပယ်ပိုင်နက်ပေါ်မူတည်ပြီး အခွန်တော်ကို ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံခွင့်လည်းရပါတယ်။ လုပ်ပိုင်ခွင့်တွေလည်း ရပါတယ်။စော်ဘွားတွေမှာ သူတို့ ထိန်းချုပ်ထားတဲ့ ရဲလို လက်နက်ကိုင် အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကရင်တွေလို အင်္ဂလိပ်လက်အောက်မှာ စစ်သားတွေနဲ့ တပ်ရင်းအများအပြားနဲ့ ရှိတာမျိုးမဟုတ်ပါ။ အင်္ဂလိပ်ခေတ် တခေတ်လုံး ရှမ်းပြည်မှာ တပ်ရင်း ၂ ရင်းသာ ရှိခဲ့တာဖြစ်ပါတယ်။ ၁၉၃၅-၁၉၃၆ ဗြိတိသျှအစီရင်ခံစာများမှ ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်နယ်အကြောင်း မှာတော့ ကာကွယ်ရေးနှင့်ဒေသလုံခြုံရေးအတွက် “မြောက်ပိုင်းရှမ်းပြည်နယ်များနှင့် တောင်ပိုင်းရှမ်းပြည်နယ်များတွင် ရှိသော စစ်ရဲတပ်ရင်းများ၏ အင်အား ကို ၈၆၆ ဦး မှ ၁၂၃၈ ဦး နှင့် ၁၀၀၄ ဦးမှ ၁၁၃၄ ဦးသို့ အသီးသီး တိုးမြင့်ခဲ့ပါ

သည်။ ”လို့ ဖော်ပြပါရှိပါတယ်။

ပဒေသရာဇ်စနစ်နှင့်ရှမ်းပြည်ကိုလိုနီခေတ်အုပ်ချုပ်ရေး

ဗြိတိသျှခေတ်တွင် ရှမ်းစော်ဘွားအကြီးအကဲများဟာ တရားဝင်စော်ဘွား အဖြစ်အသိ အမှတ်ပြုခံရဖို့ ဗြိတိသျှ အစိုးရ က ပေးအပ်သော ဆာနဒ် ခေါ် အသိအမှတ်ပြုလွှာကို ရရှိဖို့လိုအပ်ပါတယ်။(ဥပမာ – ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်) ဗြိတိသျှ အစိုးရက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်မှုများ ပြုလုပ်ခဲ့လျှင်လည်း စော်ဘွား၊ မြို့စားနှင့် ငွေခွန် မှူးများကို ရာထူးမှ ချထားခြင်းကို ခံကြရပါတယ်။ဥပမာအားဖြင့် ၁၉၂၆-၁၉၂၇ ရှမ်းပြည်အစီရင်ခံစားများအရ လဲချားစော်ဘွားသည် သူ့ကိုဆက်ခံမည့်  ညီဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်သည့်အတွက်ကြောင့် သူ့ကို စော်ဘွား အဖြစ်မှ ဖယ်ရှားလိုက်ပြီး စိတ္တဇဆေးရုံသို့ ပို့ဆောင်လိုက်ပါကြောင်း ရေးသားဖော်ပြထားပေသည်။

 ရှမ်းစော်ဘွားများကို ဘုရင်ခံက လာရောက်တွေ့ဆုံသော ဒါဘာပွဲကို နှစ်စဉ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း  တောင်ကြီးမြို့တွင် ကျင်းပလေ့ရှိသည်။ ထိုကာလများတွင် စော်ဘွားအသစ်ခန့်အပ်ခြင်း၊ ဂုဏ်ထူးဆောင်ဘွဲ့များ ပေး အပ်ခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။

အင်္ဂလိပ်အစိုးရလက်အောက်က ရှမ်းပြည်အနေနဲ့ လုပ်ပိုင်ခွင့်တွေရပေမယ့် စော်ဘွားတွေက ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ လူထုခေါင်းဆောင်တွေ မဖြစ်ဘဲ သားစဉ်မြေးဆက် ပဒေသရာဇ်တွေသာ ဖြစ်ခဲ့တဲ့အတွက် ရှမ်းပြည်အတွင်းက ရှမ်းပြည်သူတွေအနေနဲ့ နိုင်ငံရေးအရ မလှုပ်သာ မလူးလွန့်သာ ရွေးချယ်ခွင့်မရှိတဲ့ အခြေအနေပါ။

ရှမ်းပြည် နိုင်ငံရေးနိုးကြားလာမှူ

ရှမ်းပြည်မှာ ဒုတိယ ကမ္ဘာစစ်မဖြစ်ပွားမီ အချိန်ကာလအထိ လူထုလှုပ်ရှားမှုတွေမရှိခဲ့ပေမယ့် ရန်ကုန်ကို ကျောင်းသွားတက်တဲ့ ကျောင်းသားတွေက တဆင့် ရှမ်းပညာတတ် လူငယ်တွေအကြားမှာ နိုင်ငံရေးနိုးကြားမှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီအထဲမှာ ဦးထွန်းမြင့် ၊ ဦးတင်အေး၊ ဦးဘဇံ ၊ ဦးရွှေအုန်းတို့လို ရှမ်းကျောင်းသားတွေ ပင်လုံစာချုပ်မှာ လူထုကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုးခဲ့သူတွေ ပါသလို အာဇာနည် ခေါင်းဆောင် ဖြစ်လာမယ့် မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ပထမကမ္ဘာစစ်မှာ စစ်မှုထမ်းခဲ့သလို နိုင်ငံတကာကိုရောက်ခဲ့ပြီး ခေတ်အမြင်ရှိတဲ့ စဝ်ရွှေသိုက်တို့လို ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ပါတယ်။ ရန်ကုန်မှာပိုအနေများတဲ့ စဝ်စံထွန်းဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အစောပိုင်းကတည်းက ဆက်သွယ်မိခဲ့သူပါ။ ရန်ကုန်မှာ ကျောင်းသွားနေခဲ့ရတဲ့သူအများစုဟာ ဖဆပလရဲ့ မဟာမိတ်ဖြစ်တဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်(ရပလ)ကို ၁၉၄၆ ခုနှစ် သြဂုတ်လ ၂၀ ရက်မှာထူထောင်ခဲ့ကြပါတယ်။  ပဒေသရာဇ် ဆန့်ကျင်ရေး ၊ လွတ်လပ်ရေး၊ ဗမာပြည်မနဲ့ ပေါင်းစည်းရေး ၊ ဒီမိုကရေစီအရေးတို့ဟာ ရပလ အဖွဲ့ချုပ်ရဲ့ ဆောင်ပုဒ်တွေဖြစ်ခဲ့ပါတယ်။ ဗမာပြည်မနဲ့ ပေါင်းစည်းရေးဆိုတဲ့ ရပလ ရဲ့ မူဟာ တန်းတူရည်တူမှု ၊ ပြည်ထောင်စုစနစ်ကျင့်သုံးမှု ၊ ရှမ်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ခွဲထွက်လိုက ခွဲထွက်ခွင့် ဆိုတဲ့အချက်တွေကို အခြေခံတာဖြစ်တယ်ဆိုတာ ရပလ ခေါင်းဆောင် ဦးတင်ဧရဲ့ အထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။ ဒါကလည်း မဖွံ့ဖြိုးသေးတဲ့ တောင်တန်းဒေသတွေဟာ ဗမာပြည်မနဲ့ ပေါင်းစည်းခြင်းဖြင့် အပြန်အလှန်အကျိုးရှိစေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အပြီး ပြန်ဝင်လာတဲ့ အင်္ဂလိပ် ဘုရင်ခံရဲ့ ဆင်းမလား စက္ကူဖြူ စီမံကိန်းအရ အနာဂတ်မြန်မာပြည်ကို ဘယ်လို ထူထောင်အုပ်ချုပ်မလဲဆိုတဲ့ ကိစ္စမှာ ဗမာပြည်ကို တဆင့်ချင်းစီတိုးပြီး နောက်ဆုံး ဒိုမီနီယံ အုပ်ချုပ်ရေး ပေးတဲ့ အခါမှာ ရှမ်းပြည်နဲ့ လူနည်းစုနေထိုင်ရာ နယ်ခြားဒေသတွေကို နယ်ခြားဥပဒေရေးဆွဲပြီး ဘုရင်ခံ အုပ်ချုပ်မှုအောက်မှာ ဆက်ထားမယ်ဆိုပြီးပါလာသလို စစ်မဖြစ်မီက အစုစုခွဲအုပ်ချုပ်ခဲ့တဲ့ တောင်တန်းဒေသတွေကို အားလုံးပေါင်းပြီး အုပ်ချုပ်မယ်ဆိုပြီး ပါဝင်ပါတယ်။ ဥပမာအားဖြင့် စော်ဘွား ၊ ငွေခွန်မှူး ၊ မြို့စား ၊စော်ကဲ ၊ ဒူဝါ ၊ ထောင်အုပ် ၊ စတဲ့ ပဒေသရာဇ် အကြီးအကဲတွေကို တပုံစံတည်းပြုလုပ်ပေးပြီး အဆင့်အတန်းသတ်မှတ်ဖို့ ရည်ရွယ်ထားတာပါ။ အုပ်ချုပ်ရေးတိုးတက်ပေးတယ်ဆိုပေမဲ့တိုက်နယ်အလိုက် ကောင်စီတွေဖွဲ့ပြီး ခန့်အပ်အုပ်ချုပ်စေမှာဖြစ်ပြီး ကာကွယ်ရေးအတိုင်ပင်ခံ ဝန်ကြီးအောက်မှာတော့ နယ်စပ်ဒေသများ အုပ်ချုပ်ရေးဌာနတခုဖွင့်လှစ်ပြီး တောင်တန်းညွှန်မှူးတဦးနဲ့ လက်ထောက် ညွှန်မှူး ၂ ဦးကို တွဲကာ အုပ်ချုပ်စေမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးတိုးတက်လာသလို ရှိပေမဲ့ ကိုလိုနီလက်အောက်မှာ တောင်တန်းကို ချန်ထားချင်ခဲ့တဲ့ သဘောလည်း ဆောင်တယ်လို့ ထင်ရှားတဲ့ ရပလ ခေါင်းဆောင်တဦးဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်ဗဟိန်းတို့နဲ့ လုပ်ဖော်ကိုင်ဘက်ဖြစ်ခဲ့တဲ့ ဖက်ဒရယ်ရှမ်းမူ ရေးသားခဲ့တဲ့ ဦးထွန်းမြင့် (တောင်ကြီး)က မှတ်ချက်ပြုထားပါတယ်။( မှတ်ချက် ။ ။ ၁၉၂၃ ဒိုင်အာခီ ၊ ၁၉၃၇ ၉၁ ဌာန အုပ်ချုပ်ရေးပြည်မကို ပေးစဉ်က တောင်တန်းဒေသတွေကို ချန်လှပ်ခဲ့တာကို  အဓိက ရည်ညွှန်းပါသည်။  )

ဒါပေမဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ စဝ်ရွှေသိုက် ညောင်ရွှေမှာတွေ့တဲ့ အချိန်အထိ ရှမ်းစော်ဘွားတွေဘက်က ဗမာပြည်မနဲ့ ပေါင်းမဲ့ ကိစ္စ ယတိပြတ်မရှိသလို  တောင်ပိုင်စော်ဘွား ခွန်ပန်းစိန်ရဲ့ ၁၉၄၇ ဇန်နဝါရီလ ၂၁ ရက်နေ့က ဗြိတိသျှ နန်းရင်းဝန် အက်တလီဆီ ပေးတဲ့ ပေးစာမှာ ဆိုရင် ‘ ရှမ်းနယ်တွေဟာ ရှေးခေတ်ကတည်းက ဗမာဘုရင်ရဲ့ လက်အောက်ခံ မဟုတ်ဘဲ ပဏ္ဏာဆက် အဆင့်မျိုးရှိခဲ့ပြီး သမိုင်းတလျှောက် တန်းတူရည်တူ ဆက်ဆံမှုသာ ရှိခဲ့တဲ့အကြောင်း၊ မြန်မာတွေကို တန်းတူအခွင့်အရေးပေးပါက ရှမ်းပြည်ကိုလည်း တန်းတူ အခွင့်အရေးပေးသင့်ကြောင်း၊ ရှမ်းစော်ဘွားတွေကလည်း ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လျက် ရှိနေသလို ပြည်သူ့ကိုယ်စားလှယ်တွေကိုလည်း အာဏာခွဲဝေပေးဖို့ ဆောင်ရွက်နေကြောင်း၊ မြန်မာတွေနဲ့ ပူးပေါင်းဖို့ အချိန်မကျသေးသလို နယ်ခြားဒေသ စီမံကိန်းဘောင်တွေအတွင်း မြန်မာတွေနဲ့အတူ ပူးတွဲနေလိုပြီး နောက်တချိန်မှာ တန်းတူရည်တူဖြစ်မှု၊ နိုင်ငံရေးအရ ညီမျှမှု၊ ပြည်တွင်းရေး လွတ်လပ်မှု၊ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်တို့ကို ပေးအပ်ထားရမှာ ဖြစ်ကြောင်း၊ ဓနသဟာယ နိုင်ငံတွေထဲမှာ နေလိုတဲ့ ဆန္ဒရှိကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်က လွတ်လပ်ရေးအတွက် တိုက်တွန်း

(တောင်တန်းပြည်မညီညွတ်ကြ)

ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံညီလာခံမတက်ခင် လပိုင်းအလိုကလည်း တောင်ကြီးမြို့မှာ လွတ်လပ်ရေး ပူးတွဲရယူဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

”ကျူပ်တို့တော့ တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင်ယူမှာပဲ လွတ်လပ်ရေးပေးရင်ပေး ၊ မပေးရင်ချမှာပဲ ၊ ကျူပ်တို့နဲ့အတူ လွတ်လပ်ရေး ယူစေချင်တယ်။ တောင်တန်းပြည်မ လွတ်လပ်ရေး အတူရနိုင် မရနိုင်ဆိုတဲ့ အခြေအနေကို ဖန်တီးမယ့်နေရာက ရှမ်းပြည်ဖြစ်တယ်။ အရေးကြီးတာက ရှမ်းစော်ဘွားတွေနဲ့ ရှမ်းပြည်လူထုရဲ့ ဆန္ဒဖြစ်တယ်” လို့ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်ကိုသွားပြီး လွတ်လပ်ရေးမတောင်းခင် ၁၉၄၆ ခုနစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တောင်ကြီးမြို့မှာ ပြောဆိုခဲ့တာပါ။

အဲဒီ ခရီးစဉ်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပထမဆုံး ရှမ်းပြည် ခရီးစဉ်လည်း ဖြစ်သလို ခရီးစဉ်အတွင်း ညောင်ရွှေဟော်မှာ နောက်ပိုင်း သမ္မတ ဖြစ်လာမယ့် စော်ဘွား စဝ်ရွှေသိုက်နဲ့ တွေ့ဆုံခဲ့ပြီး ဆွေးနွေးတဲ့အထဲမှာ ရှမ်းပြည်နဲ့ ဗမာပြည်မ ပူးပေါင်းရေးနဲ့ တနှစ်အတွင်း လွတ်လပ်ရေး ပူးတွဲ ရယူဖို့အရေးတွေ ပါဝင်ခဲ့ပါတယ်။

အင်္ဂလိပ်ကို အာခံကြလေပြီ

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ အောင်ဆန်း အက်တလီ စာချုပ်လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီစာချုပ်မှာပဲ ပင်လုံကွန်းဖရင့်မှာ ကြားကာလအတွက် ဆုံးဖြတ်ဖို့၊ တောင်တန်းနဲ့ပြည်မ ပူးပေါင်းရေးအတွက် တောင်တန်းသားတွေ ရဲ့ သဘောထား ရယူဖို့ ကိစ္စတွေ ပါဝင်လာတာပါ။

ရှမ်းစော်ဘွားတွေဟာ နယ်ခြားဒေသက အခြားလူမျိုးတွေနဲ့ ပူးပေါင်းရေးကို လက်ခံ လိုက်ကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဘိလပ် (ယနေ့အခေါ် ဗြိတိန်) သွားချိန်အထိ ဗမာပြည်မနဲ့ ပူးပေါင်းဖို့ စော်ဘွားတွေက အင်တင်တင် ဖြစ်နေပါတယ်။ ဒါ့အပြင် ကမ္ဘောဇ ပဒေသရာဇ်ရှမ်းကောင်စီ အစည်းအဝေးကိုလည်း ခေါ်ယူဖို့ ဘုရင်ခံဘက်က စီစဉ်လာသလို ဒါဟာ စနစ်ဟောင်းကို ဆက်လက်တမ်းတိုးမယ့် ခြေလှမ်းတွေလို့ စော်ဘွားတွေနဲ့ ရှမ်းပြည်က နိုင်ငံရေး အင်အားစုတွေ ဘက်က ယူဆလာခဲ့ပါတယ်။

ပင်လုံညီလာခံအပြီးမှာပဲ ပဒေသရာဇ်ကောင်စီ အစည်းအဝေးလုပ်မယ်လို့ ဘုရင်ခံက ထုတ်ပြန်လိုက်ပါတယ်။ စော်ဘွားတွေဟာ ဗမာနဲ့ပေါင်းဖို့ အင်တင်တင်ဖြစ်ပေမယ့် ဗမာတွေ တစ်နှစ်အတွင်း လွတ်လပ်ရေး တောင်းနေချိန် မှာ အင်္ဂလိပ်ကြီးစိုးပြီး လုပ်ပိုင်ခွင့်မရှိတဲ့ ယခင် ပဒေသရာဇ်ကောင်စီကို ဆက်အသက်သွင်းတာမျိုး စော်ဘွားတွေက မလိုလားကြပါဘူး။ ဒါကြောင့် စော်ဘွားတွေဟာ ပင်လုံညီလာခံနဲ့ ကပ်နေတဲ့ အဲဒီ အစည်းအဝေးကို ရွှေ့ဆိုင်း ပေးဖို့ သူတို့အနေနဲ့ ဆုံးဖြတ်တောင်းဆိုကြောင်း ကြေးနန်းပြန်ကြားစာ အမှတ် (၆၀၉) ကို ပို့လိုက်ပါတယ်။ အဲဒီပြန်ကြားစာဟာ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် ရှမ်းစော်ဘွားတွေ အနေနဲ့ အင်္ဂလိပ်ကို အာခံခြင်း ဖြစ်သလို လုပ်ပိုင်ခွင့်နည်းတဲ့ ကမ္ဘောဇ ပဒေသရာဇ်ကောင်စီကို ကျောခိုင်းပြီး ပိုမိုလုပ်ပိုင်ခွင့်ရှိတဲ့ ရှမ်းစဝ်ဖလုံများ ကောင်စီ တနည်းအားဖြင့် ရှမ်းဖက်ဒရယ်ကောင်စီကို ဦးတည်ခြင်း ဖြစ်တယ်လို့ ဦးရွှေအုံး ရေးသားတဲ့ ဦးတင်ဧ ( သို့မဟုတ် ) ပင်လုံ ဗိသုကာ ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။

ပင်လုံမှာရတဲ့ ရှမ်းပြည် ညီညွတ်ရေး

အဲဒီနောက် ၁၉၄၇ ဖေဖော်ဝါရီလ ၆ ရက်မှာပဲ စော်ဘွား ၇ ဦးပါတဲ့ စဝ်ဖလုံကောင်စီနဲ့ ယခင်ကတည်း စော်ဘွားတွေအကြား သဘောတူညီချက်အရ အဲဒီကောင်စီမှာ လူထုကိုယ်စားလှယ် ပါရမယ်လို့ ဆုံးဖြတ် ထားတာကြောင့် လူထု ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး ရှမ်းပြည်ဒေသစုံဖြစ်တဲ့ ရှမ်းမြောက် ကချင် ကိုယ်စားလှယ်၊ ဓနု၊ အင်း စတဲ့သူတွေပါဝင်တဲ့ လူထုကိုယ်စားလှယ် ၇ ဦးကို ရွေးချယ်လိုက်ကြပါတယ်။ အဲဒီကောင်စီ ဟာ ရှမ်းဖက်ဒရယ် ပြည်ကောင်စီ၊ ရှမ်းအစိုးရအဖြစ် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ (စကားချပ်။ ။ အဲဒီ စော်ဘွားနဲ့ လူထုကိုယ်စားလှယ် ၇ ဦးစီပါ စုစုပေါင်း ၁၄ ဦးပါ ရှမ်းပြည်ကောင်စီ အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံစာချုပ် လက်မှတ်ရေးထိုးမှုမှာ ပါဝင်သူတွေ ဖြစ်လာပါတယ်။ လူထုကိုယ်စားလှယ် အများစုဟာ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် – ရပလ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။)

အဲဒီနေ့မှာပဲ ကောင်စီက အဖွဲ့ဝင်တွေနဲ့ ကချင်ကိုယ်စားလှယ်တွေ ပင်လုံမှာ စဆွေးနွေးကြပါတယ်။ ကချင်နဲ့ရှမ်း ဆွေးနွေးပွဲမှာ ကချင်ပြည်နယ်အရေး၊ ဒီမိုကရေစီအရ ဗမာနဲ့ အားလုံး တန်းတူအခွင့်အရေးရရေး ကိစ္စတွေကို သဘောတူကြသလို ခွဲထွက်လိုက ခွဲထွက်ခွင့်ကိုလည်း သဘောတူကြပါတယ်။ ဖေဖော်ဝါရီ ၇ ရက်မနက်အစောပိုင်း ချင်းကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲမှာတော့ ချင်းဒေသအတွက် ဘဏ္ဍာရေးအစီအစဉ်တွေ ထပ်ဖြည့်သလို ရှမ်း၊ ချင်း၊ ကချင် ပူးပေါင်းပြီး တောင်တန်း ညီညွတ်ရေးဦးစီးအမှုဆောင်ကော်မတီ ဖွဲ့ဖို့၊ အဲဒီကော်မတီက အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာရှိဖို့ သဘောတူကြပါတယ်။

Seen by Sai Sar Sam at 21:35

Sai Sar Sam

အဲဒီနေ့မှာပဲ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးကတဆင့် ဘုရင်ခံ အမိန့်နဲ့ကြေးနန်းအမှတ် (၃၆) ဟာ ပင်လုံဆွေးနွေးပွဲထဲက ရှမ်းစဝ်ဖလုံကောင်စီ ဥက္ကဋ္ဌဆီကို ရောက်လာတဲ့အတွက် စဝ်ဖလုံ အဖွဲ့ဝင်တွေဟာ ကြေးနန်းဖတ်ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကုန်ပါတယ်။ လူထုကိုယ်စားလှယ်တွေ ရွေးပြီးမှသာ ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းမှုတွေကို ဆက်လုပ်ဖို့နဲ့ နယ်ခြားဥပဒေမှာ ဖက်ဒရယ် ကောင်စီအတွက် ဥပဒေမရှိသေးတဲ့အကြောင်း ညွန်ကြားစာ ဖြစ်ပါတယ်။ ချက်ခြင်း ကြေးနန်းစာနဲ့ အကြောင်းပြန်ဖို့လည်း ညွှန်ကြားထားပါတယ်။ ညီလာခံကို ရောက်လာခဲ့တဲ့ ချင်းနဲ့ ကချင် ကိုယ်စားလှယ်တွေလည်း တုန်လှုပ်ကုန်ပါတယ်။ သူတို့ရဲ့ အင်္ဂလိပ်ခေတ်က အုပ်ချုပ်ရေး အဆင့်အတန်းဟာ ရှမ်းလောက်မရခဲ့တဲ့အတွက် ရှမ်းကို အခြေပြုပြီး သဘောတူညီချက် ရယူထားကာမှ သူတို့နဲ့ သဘောတူ စာချုပ်ချုပ်လိုက်တဲ့ ဒေသက ကိုယ်စားလှယ်တွေဟာ မရေရာမှုတွေ ကြုံတွေ့လာရတာကြောင့် ဖြစ်ပါတယ်။

ရှမ်းစော်ဘွားတွေဘက်က အလျှော့ပေးရမလား ၊ ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရင် လိုချင်တာ ရနိုင် မရနိုင် မသေချာဖြစ်နေတဲ့ အပြင် ဥပဒေဘောင်အတွင်းမှ အရေးဆိုဖို့ လမ်းကုန်သလောက် ဖြစ်နေတဲ့ အတွက် ရပလ ခေါင်းဆောင် ဦးထွန်းမြင့်ရဲ့ အကြံပေးချက်ကို လက်ခံလိုက်ကြပါတယ်။ သူ့ရဲ့ အကြံပေးချက်ကတော့ စော်ဘွားတွေကို အင်္ဂလိပ်တွေက စော်ကားဝံ့တာဟာ နယ်ရှင်စော်ဘွားတွေရဲ့ အပြစ်ဖြစ်ပြီး နယ်ခြားဥပဒေကို မကြိုက်နှစ် သက်တာကို အင်္ဂလိပ်ကို မပြောပဲ ကြိတ်ခံနေခဲ့တဲ့အတွက် ဖြစ်တဲ့အပြင် စော်ဘွားတွေ နောက်မှာ လူထုမရှိတဲ့အတွက် ဖြစ်ကြောင်း လူထုဆန္ဒပြပြီး အရေးဆိုသင့်တယ်လို့ အကြံပေးမှုအပေါ် စော်ဘွားတွေက လက်ခံလိုက်ကြပါတယ်။ ( မှတ်ချက်။ ။ ဒီ ဦးထွန်းမြင့်ဟာ တောင်ကြီးဦးထွန်းမြင့် ဖြစ်ပြီး နောက်ပိုင်းမှာ နာမည်ကျော်လာတဲ့ ဖက်ဒရယ်ရှမ်းမူဆိုတဲ့ စာတမ်းကို ရေးသားခဲ့သူ ဖြစ်ပါတယ်။ )

စော်ဘွားခေတ်က ရှမ်းပြည်ထုံးစံအတိုင်း အစည်းအဝေးနဲ့အတူ လုပ်နေတဲ့ ပွဲခင်းထဲရောက်နေတဲ့ အနယ်နယ် အရပ်ရပ်က ထောင်နဲ့ချီတဲ့ လူထုပရိသတ်တွေကို အစည်းအဝေးနေရာကို ခေါ်ယူခဲ့ကြပါတယ်။ အဲဒီနောက် နယ်ရှင် စော်ဘွားတွေနဲ့ လူထုကိုယ်စားလှယ်တွေပါဝင်ပြီး လုပ်ပိုင်ခွင့် အာဏာရှိတဲ့ ရှမ်းစဝ်ဖလုံတွေနဲ့ လူထုကိုယ်စားလှယ်တွေ ပေါင်းထားတဲ့ ရှမ်းပြည်ကောင်စီ တောင်းဆိုချက် ကြေးနန်းအကြောင်းနဲ့ လူထု ကိုယ်စားလှယ် အဖြစ် ရွေးထားသူတွေကို လက်ခံမခံ စတဲ့ အချက်တွေကို လူထုကိုရှင်းပြပြီး သဘောဆန္ဒ ကောက်ခံခဲ့ရာမှာ အားလုံးက ထောက်ခံတဲ့အတွက် လူထု သဘောတူညီမှုနဲ့အတူ ကြေးနန်းနှစ်စောင်ကို ပေးပို့ခဲ့ကြပါတယ်။ဒီမှာအရေးအကြီးဆုံးက ဘယ်လောက်ပဲခေတ်အဆက်ဆက် တန်ခိုးထွားတဲ့ပဒေသရာဇ်ဖြစ်နေစေကာမူ အာဏာသည် လူထုထံမှဆင်းသက်သည်ဆိုတယ့်သဘောပါ။

အဲဒီသဘောတူညီချက် ကြောင့်ပဲ ရှမ်းပြည်မှာ အင်္ဂလိပ်တန်ခိုးနဲ့ ယခင်က တန်ခိုးထွားခဲ့တဲ့ ကမ္ဘောဇပဒေသရာဇ် ရှမ်းကောင်စီဟာ လုံးဝဇီဝိန်ချုပ်ခဲ့ရတာဖြစ်ပြီး လူထုကိုယ်စားလှယ်တွေနဲ့ စော်ဘွားတွေ ပါဝင်တဲ့ ရှမ်းပြည်ကောင်စီ ဆိုတာ ပေါ်လာတာ ဖြစ်ပါတယ်။ဖက်ဒရယ်အတွက် ပထမဆုံးခြေလှမ်းလို့ဆိုနိုင်ပါတယ်။

ရန်ကုန်မှာတော့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ဘော့တွမ်မလေနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ ပင်လုံအတွက် ဆွေးနွေးခဲ့ကြပြီး ဗိုလ်ချုပ်က ခွဲထွက်လိုက ခွဲထွက်ခွင့်နဲ့ ပြည်မနဲ့ ပေါင်းရင် တောင်တန်းသားတွေရဲ့ နယ်တွင်း အုပ်ချုပ်ရေးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှာ ဖြစ်တဲ့အကြောင်း၊ ဗြိတိသျှ အရာရှိတွေမပါဘဲ စည်းရုံးခွင့်ရချင်ကြောင်း ပြောဆိုထားတာပါ။

ပင်လုံက လူထုဆန္ဒနဲ့ ရလဒ်တွေကို တအာင်းပလောင်နယ် စော်ဘွားဖြစ်တဲ့ တောင်ပိုင်စော်ဘွား ခွန်ပန်းစိန်က ညတွင်းချင်း မြန်မာ့အသံကို ကြေးနန်းနဲ့ ပေးပို့ခဲ့တာကြောင့် ၈ ရက် မနက်ပိုင်းမှာ သတင်းကြေညာ နိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်နဲ့ ဘော့တွမ်မလေတို့ ၈ ရက် မနက်ပိုင်း လေဆိပ်ကို ဆင်းလာတော့ မစ္စတာ ဘော့တွမ်မလေက ‘ ဒီသတင်းအတိုင်းဆိုရင် ကျူပ်တို့ ပင်လုံသွားဖို့တောင် မလိုတော့ဘူးထင်တယ်’ လို့ လေဆိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းကို ပြောဆိုခဲ့ပါတယ်။ ဘော့တွမ်မလေရဲ့ ပြောဆိုချက်ဟာ တောင်တန်းသား တွေကို ဗိုလ်ချုပ်စည်းရုံးနိုင်ဖို့ အလေးသာသွားပြီ၊ ရာသီဥတုက ဖဆပလ ဘက်မှာ ရှိသွားပြီဆိုတဲ့ သဘောကိုဆိုလိုတာပါ။

ရှမ်းစဝ်ဖလုံတွေ၊ လူထုကိုယ်စားလှယ်တွေ တိုင်ပင်ခဲ့ပြီး တခါမှ မဆန့်ကျင်ခဲ့ဖူးတဲ့ အင်္ဂလိပ် ဘုရင်ခံ အမိန့်ကို ဆန့်ကျင်တဲ့ ဖေဖော်ဝါရီလ ၇ ရက်ကို ရှမ်းပြည်အမျိုးသားနေ့ အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြသလို ဖေဖော်ဝါရီလ ၈ ရက်မှာပဲ ပင်လုံပွဲလာ လူထုကလည်း သဘောတူခဲ့ကြတဲ့အတွက် ရှမ်းအမျိုးသားနေ့ ဖြစ်လာခဲ့ပါတယ်။

ဒေါက်တာ ဘဉာဏ် ဦးဆောင်တဲ့ အဖွဲ့ငယ်က တင်ပြခဲ့တဲ့ ရှမ်းအမျိုးသားနေ့ အလံနဲ့ အမျိုးသားသီချင်းကိုလည်း ဖေဖော်ဝါရီလ ၁၁ ရက်မှာ အတည်ပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပါ ပါဝင် အလေးပြုခဲ့ပါတယ်။(ဝါစိမ်းနီ လမင်းဖြူအလံတော် သည် ယခု ၂၀၀၈ ခြေဥအရပေါ်လာသော နိုင်ငံတော်အလံထက် သမိုင်းအစဉ်အလာအားဖြင့်သော်လည်းကောင်း၊အနှစ်သာရအားဖြင့်သော်လည်းကောင်း များစွာသာလွန်သည်မှာမလွဲပေ။)

Sai Sar Sam

၁၉၄၇ မတိုင်ခင် ကာလတချို့မှာ ရှမ်းအမျိုးသားနေ့အဖြစ် စက်တင်ဘာလ ၇ ရက်ကို သတ်မှတ်ခဲ့ဖူးပြီး အဲဒီနေ့ဟာ အင်္ဂလိပ်လက်အောက်မှာ စော်ဘွားတွေအနေနဲ့ အင်္ဂလိပ် အစိုးရအစည်းအဝေး သွားတက်ခွင့်ရခဲ့တဲ့နေ့ ကို သတ်မှတ်ထားတာကြောင့် ဖေဖော်ဝါရီ ၇ ရက်အနေနဲ့ မူလ အမျိုးသားနေ့ အဖြစ် သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၇ ရက်ကို ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်ဟာ နှစ်ပေါင်း ရာနဲ့ချီတဲ့ကာလအတွင်း ရှမ်းပြည်သားတွေ ပထမဆုံးအကြိမ် စုစည်းကြတဲ့နေ့လည်း ဖြစ်ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ ဆိုရှယ်လစ်အစိုးရက ရှမ်းပြည်ကို ပြည်နယ်အဆင့် သတ်မှတ်ခဲ့ပြီး ရှမ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ရှမ်းပြည်နယ်နေ့အပြင် မူလ ကိုယ်စားလှယ်တွေ သတ်မှတ်ခဲ့တဲ့ ရှမ်းအမျိုးသားနေ့ လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ရှမ်းပြည်အမျိုးသားနေ့အဖြစ် ခေါ်ဝေါ်သူလည်း ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် သမိုင်းဝင် ပင်လုံအစည်းအဝေးကနေ အခြေပြု ပေါ်ပေါက်လာခဲ့တဲ့ ရှမ်းပြည်သမိုင်းဝင်နေ့ရဲ့ မူလတန်ဖိုးကတော့ ကိုလိုနီစနစ်ကို အံတုမှု၊ ဖက်ဒရယ်နဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒီမိုကရေစီတို့လို ကိစ္စရပ်တွေအပေါ် အခြေခံခဲ့တာ ဖြစ်ပါတယ်။

ပင်လုံကတိကဝတ်

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့  တဲ့ ပင်လုံ စာချုပ်၏ရဲ့သဘောတူညီချက် တစိတ်တပိုင်းအရ ရှမ်းနယ်များသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် ကျင့်သုံးရန်ရှိသည့် ဖက်ဒရယ်စနစ်အတွက် အခြေခံ အုတ်မြစ် ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ သဘော တူညီချက်နှင့် ပတ်သက်၍ ကျေနပ်နှစ်သိမ့်မှု မရှိပါ က လွတ်လပ်ရေး ရရှိပြီး ၁၀ နှစ် အကြာတွင် ပြည် ထောင်စုမှ ခွဲထွက်ခွင့်ပေးရန်လည်း ရှမ်းစော်ဘွား များက တောင်းဆိုခဲ့သည်။ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်)  တို့ က ထိုအခွင့်အရေး ရရှိမည်ဖြစ်ကြောင်း အခြေခံ ဥပဒေသစ်၏ အခန်း ၁၀ တွင်ဖော်ပြထား

ပါသည်။

ပင်လုံညီလာခံမှ သဘောတူညီချက် နှင့်အညီ ရှေ့ဆက်ပြီး အတူတကက်တွဲဖို့ ပင်လုံစာချုပ် မှာ ဖော်ပြထားပါတယ်။

ပင်လုံစာချုပ် ဆိုတာ ရှမ်းမရှိ ရင် ဖြစ်လာမှာမဟုတ်သလို ပြည်ထောင်စု့ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး ။ ဒါကြောင့် ပြည်ထောင်စု့ ရဲ့ အဓိက ဗဟိုကတော့ ရှမ်းဖြစ်ပါတယ်။ရှမ်းလို့ဆိုတာထက် ရှမ်းပြည်ညီညွတ်ရေး ဆိုတာကပိုမှန်ကန်ပါလိမ့်မယ်။

ပင်လုံစာစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ကိုယ်စားလှယ်ကြီးများမှာ-

ဗိုလ်ချုပ်အောင်ဆန်း

(ဗမာပြည် ခေါင်းဆောင်)

စောခွန်ပန်းစိန်

(တောင်ပိုင်းစော်ဘွား)

စဝ်ရွှေသိုက်

(ညောင်ရွှေစော်ဘွား)

စောဟုံဖ

(မြောက်ပိုင်းသိန္နိစော်ဘွား)

စဝ်နွံ

(လဲချားစော်ဘွား)

စဝ်စံထွန်း

(မိုင်းပွန်စော်ဘွား)

စောထွန်းအေးသာ

(မိုင်းခမ်းစော်ဘွား)

ခွန်ဖုန်း(လူထု ကိုယ်စားလှယ်မြောက်ပိုင်း သိန္နိ)

ဦးတင်ဧ (လူထု ကိုယ်စားလှယ် တောင်ကြီး)

ဦးကြာပု

(လူထုကိုယ်စားလှယ် သီပေါ)

စောယိပ်ဖ

(လူထုကိုယ်စားလှယ်)

ဆမားဒူဝါဆင်ဝါနောင်

(ကချင်ကိုယ်စားလှယ် မြစ်ကြီးနား)

ဒူဝါဇော်ရစ်

(ကချင်ကိုယ်စားလှယ် မြစ်ကြီးနား)

ဦးခွန်ထီး

(လူထုကိုယ်စားလှယ် ပင်လုံ)

ဦးထွန်းမြင့်(လူထုကိုယ်စားလှယ် မောက်မယ်)

ဦးခွန်စော(လူထုကိုယ်စားလှယ် ပင်းတယ)

ဦးဖြူ(ဆီဆိုင်စော်ဘွားကိုယ်စားလှယ်)

ဦးဒိန်ရတန်(ကချင်ကိုယ်စားလှယ် မြစ်ကြီးနား)

ဒူဝါဇော်လွန်း(ကချင်ကိုယ်စားလှယ် ဗန်းမော်)

ဦးလဘန်းဂရောင်း(ကချင်ကိုယ်စားလှယ် ဗန်းမော်)

ဦးလှူမှုန်(ချင်းကိုယ်စားလှယ် ဖလမ်း)

ဦးသောင်ဇာခုတ်(ချင်းကိုယ်စားလှယ် တီးတိန်)

ဦးကီးယိုမာန်(ချင်းကိုယ်စားလှယ် ဟားခါး)တို့ ဖြစ်ကြသည်။

ဗမာကိုယ်စားလှယ် ၁ဦး  ရှမ်းကိုယ်စားလှယ် ၁၄ ဦး ကချင်ကိုယ်စား လှယ် ၅ ဦး ချင်းကိုယ်စားလှယ် ၃ ဦး စုစုပေါင်း ၂၃ ဦး  တက်ရောက်လက်မှတ်ရေးထိုးခဲ့ပါသည်။ကရင်နီပြည်ကိုယ်စားလှယ်တွေကတော့ လေ့လာသူအနေနဲ့သာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

မျက်မှောက်ကာလရှမ်းပြည်ညီညွတ်ရေး

မျက်မှောက်မြေပြင်မှာကြုံတွေ့နေရတယ့် ရှမ်းပြည်အနေအထားသည် အင်မတန်ဝမ်းနည်းစရာကောင်းလှပါတယ်။ဗမာပြည်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းထက်ဝက်ခန့်ဟာ ရှမ်းပြည်မှာတည်ရှိနေတာပါ။ဒါ့အပြင် ပြည်သူ့စစ်အသွင်ပြောင်းလက်နက်ကိုင်အစုအဖွဲ့တွေကလည်း အများအပြားပါ။ရှမ်း၊တအောင်း၊ပအိုဝ့်၊ကိုးကန့်၊ဝ စတယ့် တိုင်းရင်းသားလူမျိုးတော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ မတည်ငြိမ်တယ့် ပဋိပက္ခတွေရှိနေပါတယ်။အဓိကအားဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့အကြားက နယ်မြေပဋိပက္ခတွေဟာ မငြိမ်းနိုင်တယ့်စစ်မီးစစ်လျှံတွေပါ။ဒီစစ်မီးစစ်လျှံဒဏ်တွေကို အမိရှမ်းလူထုကပဲဒုက္ခကြီးစွာခံစားနေရပါတယ်။ဒီလို ပင်မရှမ်းနှစ်တပ်ရဲ့မတည်ငြိမ်မှူတွေကပဲ ဖက်ဒရယ်အိမ်မက်ဟာ ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်လာပါတယ်။ လက်ရှိစစ်အာဏာသိမ်းမှူကို တိုင်းရင်းသားအားလုံးနဲ့အတူလက်တွဲရင်း တော်လှန်နိုင်ဖို့အတွက် ရှမ်းပြည်အခန်းကဏ္ဍဟာအလွန်အရေးပါလှပြီး လွန်ခဲ့သောအနှစ်၇၀ က ပင်လုံကတိကဝတ်ကိုပြန်လည်အကောင်အထည်ဖော်နိုင်ရေးနှင့် ရှမ်းပြည်ပြန်လည်ဦးမော့နိုင်ရေးအတွက် ရှမ်းပြည်ညီညွတ်ရေးသည် အဓိကကျလှပါကြောင်းရေးသားတင်ပြရင်း ရှမ်းပြည်ညီညွတ်ရေးဖြင့် အမိရှမ်းလူထုအားဂုဏ်သိမ်မငယ်စေရေးအတွက် တောင်းဆုပြုလျှက်။

ကိုးကား- ဦးတင်ဧ ( သို့မဟုတ် ) ပင်လုံဗိသုကာတဦး- ဦးရွှေအုန်း

The Shan of Burma: Memoirs of a Shan Exile- Chao Tzang Yawnghwe

ပင်လုံစစ်တမ်း- ဦးအုန်းဖေ

တိုင်းရင်းသားလူမျိုးများအရေးနဲ့ ၁၉၄၇ ခုနစ် အခြေခံဥပဒေ

ဖက်ဒရယ်မူဆိုတာဘာလဲ – ဦးထွန်းမြင့် ( တောင်ကြီး )

ဗြိတိသျှအစီရင်ခံစာများမှ ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်နယ်အကြောင်း – ခင်မောင်တင့်(ကလော)

ပင်လုံနှင့်အတူပေါ်ပေါက်လာခဲ့တယ့်ရှမ်းအမျိုးသားနေ့-စိုင်းထွန်းအောင်လွင်