• Today is: Wednesday, April 24, 2024

မင်းအောင်လှိုင်၏ တစ်ဖွဲ့ချင်းတွေ့ဆုံရေးမူနှင့် တိုင်းရင်းသားအဖွဲ့များ၏ အားလုံးပါဝင်ရေးမူ

မင်းအောင်လှိုင်၏ တစ်ဖွဲ့ချင်းတွေ့ဆုံရေးမူ တိုင်းရင်းသားအဖွဲ့များ၏ အားလုံးပါဝင်ရေးမူ

ဆလိုင်းထောင်း 

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က တက်ရောက်မည်ဟု အကြောင်းပြန်ထားပြီး ကျန်ထက်ဝက်ခန့်က တက်ရောက်နိုင်ခြေမရှိကြောင်း သိရှိရသည်။ အထူးသဖြင့် စစ်ကောင်စီနှင့် လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်တောင်လှန်ရေးအဖွဲ့အစည်း(EARO) များအားလုံးသည် ဆွေးနွေးပွဲဝင် တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။  

တက်ရာက်မည့်အဖွဲ့တွင် NCA လက်မှတ်ထိုး ၇ ဖွဲ့ RCSS, NMSP, DKBA, PNLO, KNU/KNLA-PC, ALP နှင့် LDU နှင့် NCA မထိုးသည့် ၃ ဖွဲ့  UWSA, SSPP နှင့် NDAA တို့ဖြစ်ပါသည်။ တစ်ဘက်တွင် အစဉ်တစ်စိုက် တိုင်းရင်းသားအရေးအတွက် ရပ်တည်ချက်ခိုင်မာသည့် KNU, KIA, KNPP, CNF နှင့် ABSDF တို့အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်း တုန့်ပြန်ကြပြီဖြစ်သည်။ ထို့ပြင် မြောက်ပိုင်းမဟာမိတ်ဖြစ်သော AA, MNDAA, TNLA တို့လည်း သတ်မှတ်အချိန်ကျော်လွန်သည်အထိ သဘောထား မပေးကြသေးပေ။

တစ်ဖွဲ့ချင်း ရပ်တည်ချက် စမ်းစစ်ခြင်း

ဝ(UWSA) နှင့် မိုင်းလား(NDAA) တို့သည် ဘယ်သောအခါမှ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိသည့်အဖွဲ့များဖြစ်သည်။ ယခုလည်း သူတို့က သူတို့ဒေသတွင်းဖွံ့ဖြိုးရေးနှင့် အခွင့်အရေး များကိုသာ ဆွေးနွေးမည်ဟု အတိအလင်းပြောကြသည်။ ထို့ကြောင့် သူတို့အရေးက သီးခြားဖြစ်သည့်အတွက် သူတို့ဆွေးနွေးပွဲ တက်ခြင်းမတက်ခြင်းသည် အကြောင်းမဟုတ်ဟု ဆိုနိုင်သည်။ 

ရှမ်း ၂ ဖွဲ့ (SSPP နှင့် RCSS)ကလည်း လက်ရှိတွင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည့်အချိန်ပြီး UWSA က တစ်ဖွဲ့ကို ကူညီပြီး တစ်ဖွဲ့ကို တိုက်ခိုက်နေသည့်အချိန်လည်းဖြစ်ရာ သူတို့ ၂ ဖွဲ့သည် လက်ရှိအချိန်မှာ နွေဉီးတော်လှန်ရေးကို ခေါင်းထဲမထည့်နိုင်ဘဲ အချင်းချင်းအရေးကိုသာ စိတ်ဝင်စားနေသည့်အချိန်ဖြစ်သည်။

မွန် (NMSP)က ၁၉၉၅ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း စစ်အင်အား ချိနဲ့နေသည်။ သူ၏ လက်တွဲဖော် မွန်ညီညွတ်ရေးပါတီ(MUP)ကလည်း စစ်ကောင်စီနှင့် လက်တွဲနေ လျက်ရှိသည်။  ထို့ပြင် NLD အစိုးရအောက်မှာ မွန်တို့ဘက်က ခံစားချက်ပေါင်း များစွာ ရှိလေရာ လက်ရှိတွင် မွန်ပြည် ဖွဲ့စည်းပုံအခြေခံဉပဒေ ရေးဆွဲပြီး မွန်ပြည် တည်ဆောက်ရေးကိုသာ စိတ်ဝင်စားဟန်ရှိသည်။ 

ကရင် ၂ ဖွဲ့ဖြစ်သော DKBA နှင့် KNU/KNLA-PC တို့သည် မိခင် KNU မှ အကြောင်းအမျိုးမျိုးကြောင့် ခွဲထွက်သည့်အဖွဲ့များဖြစ်ကြရာ သူတို့၏ နိုင်ငံရေး ရပ်တည်ချက်သည်လည်း သီးသန့်ပုံစံ ဖြစ်သည်ဟု  ဆိုနိုင်သည်။ အလားတူ PNLO သည် ပအိုဝ်းလူမျိုး တည်ဆောက်ရေးအတွက် မည်သည့်အဖွဲ့နှင့်မဆို လက်တွဲနိုင် သည့် ရပ်တည်ချက်မျိုး ရှိသည်ဟု နားလည်ရပါသည်။ အခြား ALP နှင့် LDU တို့သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အဖြစ် စနစ်တကျ ဖွဲ့စည်းရန် လိုအပ်နေသေးသည့် အဖွဲ့များဟု ဆိုရမည်။

ခြုံငုံသုံးသပ်လျှင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံမည့် ၁၀ ဖွဲ့ စလုံးသည် လက်ရှိနွေဉီးတော်လှန်ရေးတွင် ပါဝင်မှုမရှိသော၊ တစ်နည်း အားဖြင့် စစ်ကောင်စီနှင့် လက်ရှိအချိန်တွင် တိုက်ပွဲမရှိသော အဖွဲ့များဖြစ်သည်။ ထို့ကြောင့် သူတို့နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးမှုသည် လက်ရှိနွေဉီးတော်လှန်ရေးနှင့် သက်ဆိုင်မှု သိပ်မရှိသည့်အတွက် လက်ရှိနွေဉီးတော်လှန်ရေးကို အဖြေရှာမည့် ဆွေးနွေးမှုမဟုတ်ဟု ဆိုရမည်။

တစ်ဖွဲ့ချင်းတွေ့ဆုံရေး

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို “တစ်ဖွဲ့ချင်း ကျွန်တော်တွေ့ပါမယ်”ဟု မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်းသည် ဗြောင်ကျကျပြောရလျှင် စီးပွားရေးနှင့် အခြား နိုင်ငံရေးမဟုတ်သော ပုဂ္ဂိုလ်/အဖွဲ့စည်း အကျိုးစီးပွားနှင့် အခွင့်အရေးနှင့် ဆွေနွေးရန် မက်လုံးပေးထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဤအချိန်မှာ နိုင်ငံရေးဆွေးနွေးရန် စိတ်ဝင်စားမှု မရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ၁၉၉၀ ခုနှစ်တုန်းကကဲ့သို့ အကျင့်ပျက်အကျိုးစီးပွားဖြင့် မျှားခေါ်ခြင်း (co-option through corruption) သက်သက်ဖြစ်ပါသည်။

အစည်းအဝေးဖိတ်ကြားသူ မင်းအောင်လှိုင်ကိုယ်တိုင်က ဤဆွေးနွေးပွဲတွင် နိုင်ငံရေးရလဒ် ထွက်လာဖို့ ရည်ရွယ်ချက်မရှိပါ။ ၎င်းကိုယ်တိုင်ပင်လည်း နားလည်ထားပြီးဖြစ်သည်။ တက်ရောက်မည့်သူများလည်း နားလည်ထားပြီး ဖြစ်သည်။ ကျွန်တော်တို့ အားလုံးလည်း နားလည်ထားပြီးဖြစ်သည်။

ဤကဲ့သို့ ငြိမ်းချပ်ရေးကမ်းလှမ်းခြင်း၏ ရည်ရွယ်ချက်သည် –  နံပါတ်တစ် ASEAN နှင့် နိုင်ငံတကာတွင် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ကြောင်း ပြသနိုင်ရေး (ဟန်ပြ)၊ နံပါတ်နှစ် နွေးဉီးတော်လှန်ရေး ဆင်နွဲသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အက်ကြောင်း ပေါ်ပေါက်လာရေး၊ နံပါတ်သုံး တိုင်းရင်းသားအဖွဲ့ အချင်းချင်းကြားမှာလည်း အကွဲအပြဲ ပိုမိုကြီးထွားလာစေရေး စသည်တို့အတွက် ဖြစ်သည်။

သို့ဖြစ်ရာ ဆွေးနွေးပွဲ တက်ရောက်လိုသည့် အဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် နွေဉီးဆောင်လှန်ရေး အုပ်စုအကြား ကြားဝင်စေ့စပ်ပေးသူ(mediator) အခန်းကဏ္ဍအဖြစ် နေရာယူမည်ဆိုသည့် ပြောဆိုမှုသည် အရှက်ပြေ သက်သက်ဖြစ်ပါလိမ့်မည်။

ပါဝင်သင့်သူများ (Stakeholders) အားလုံးပါဝင်ရေးမူ

တစ်ဘက်မှာ နွေဉီးတော်လှန်ရေးတွင် တက်တက်ကြွကြွပါဝင်သည့် KIA, KNU, KNPP, CNF, ABSDF စသည်များက “ပါဝင်သင့်ပါဝင်ထိုက်သော stakeholders အားလုံး ပါဝင်သည့် ဆွေးနွေးပွဲ ဖြစ်ရေး” သဘောထား ထုတ်ပြန်ချက်သည်လည်း နားလည်ရခက်ပါသည်။ အထူးသဖြင့် “သွေးကြွေးမှာ ဆွေးနွေးရန်မရှိ” ဆိုသည့် လူငယ်များအတွက် မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ နားလည်မှုလွဲမှား နိုင်ပါသည်။  

အကြောင်းမှာ နွေဉီးတော်လှန်ရေးတွင် ပါဝင်သော လူငယ်အများစုက စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေး စရာမလိုဘဲ အမြစ်ပြုတ်တိုက်ထုတ်ပြီး အနိုင်ရလိုသည်၊ ထိုကဲ့သို့ အောင်မြင်မည်ဟုလည်း မျှော်လင့်ကြသည်။ အဆုံးစွန်အားဖြင့် စစ်ကောင်စီနှင့် မဖြစ်မနေ ညှိနှိုင်းဆွေးနွေးရန် လိုအပ်မည်ဆိုပါကလည်း ယခုသည် အခွင့်အခါကောင်းမဟုတ်သေးဘူးဟု ယူဆကြသည်။ အချိန်မတန်သေးဟု ယူဆကြသည်။

သို့ဖြစ်၍ ယခုကဲ့သို့ အားလုံးပါဝင်ရေး ပြောဆိုမှုသည် နွေဉီးတော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း(EARO)များ ကိုယ်တိုင်က စစ်အာဏာရှင်ကို တွေ့ဆုံဆွေးနွေး(dialogue) စကားပြော စရာမလိုဘဲ အမြစ်ပြုတ် တိုက်ထုတ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်မှု မရှိလေခြင်းလော၊ နောက်ဆုံးမှာ စစ်ကောင်စီနှင့် မဖြစ်မနေ ဆွေးနွေးရပါလိမ့်မည်ဟု ဟူသော option ကိုသာ အရိပ်အယောင်ပြနေခြင်းလော၊ ဆိုသည့် စိုးရိမ်မှုများ နွေဉီး-လူငယ်များအကြားတွင် ပြန့်နှံ့လာသည်။

သို့ဖြစ်လျှင် အဘယ်ကြောင့် အားကိုးအားထားရသည့် တိုင်းရင်းသားအဖွဲ့များက “အားလုံးပါဝင်သည့် ဆွေးနွေးမှု”ဆိုသည့် အဆိုပြုချက်ကို ဤအချိန်တွင် ပြောဆိုနေကြသနည်း။ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ( NLD/NUG/NUCC/PDF များအပါအဝင်ဆိုပါတော့)ကို စစ်ကောင်စီက ယခုအချိန် ဖိတ်ကြားပါက တကယ်ပဲ တက်ရောက်မှာလား၊ တွေ့ဆုံဆွေးနွေးတော့မှာလား။

 ဤအကြောင်းနှင့် ပတ်သက်၍ KNU, KNPP နှင့် CNF သုံးဖွဲ့ ပူးတွဲကြေညာချက် ပြုစုစဉ် ကိုယ်တိုင် ပါဝင်ခဲ့သော ခေါင်းဆောင်တစ်ဉီးအား စာရေးသူကိုယ်တိုင် မေးမြန်းရာတွင် “ဒါကတော့ သူတို့ကမ်းလှမ်းမှုကို ငြင်းပယ်တဲ့အခါ ယဉ်ယဉ်ကျေးကျေးဖြစ်အောင် အကြောင်းပြတဲ့သဘောပါပဲ”ဟု စာရေးသူကို ပေါ့ပေါ့ပါးပါး ဖြေကြားခဲ့သည်။

တစ်ချို့ကလည်း လက်ရှိနွေဉီးတော်လှန်ရေးမှာ အရေးကြီးဆုံး Stakeholder အဖွဲ့ဖြစ်သည့် NUG/NUCC/NLD/PDF အုပ်စုကို စစ်ကောင်စီက ဘေးဖယ်ထားနေမှုကို ထောက်ပြလိုခြင်း၊ သူတို့၏ အခန်းကဏ္ဍအရေးကြီးနေမှုကို အထူးတလဲ ဖော်ပြလိုခြင်း ဖြစ်သည်ဟု ဆိုကြပါသည်။ ဤ စကားရပ်ကို အရင်ဆုံး သုံးနှန်းထုတ်ပြန်သွားသည့်အဖွဲ့မှာ KIO ဖြစ်ရာ သူတို့၏ ဆိုလိုရင်းကိုမူ စာရေးသူ လက်လှမ်းမမီပေ။