• Today is: Friday, March 29, 2024

ပင်လောင်းမြို့နယ်၊ တတန်ကူးကျေးရွာရှိ ကယန်းလူမျိုးများ သက်ဝင်ယုံကြည်ရာ မယ်တော်ရုပ်တု ဖျက်ဆီးခံရ

ဓါတ်ပုံ – စီဂျေ

မေ ၁၀၊ ၂၀၂၂ (တတန်ကူး)

ပင်လောင်းမြို့နယ်၊ တတန်ကူးကျေးရွာရှိ ကယန်း လန်ထာလူမျိုးစုများ သက်ဝင်ယုံကြည်ရာ မယ်တော်ရုပ်တု စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက လာရောက်ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

“မေ ၂ ရက်နေ့က စစ်ကြောင်းထိုးလာပြီးတော့ မေ ၃ ရက်နေ့က ကျနော်တို့တတန်ကူးကျေးရွာကို ရောက်နေပြီ ညဖက် ကျေးရွာထဲကို ဝင်လာကြတယ်။ အဲဒီ စစ်ကြောင်းမှာ စစ်သားတွေ အင်အား (၈၀) လောက်ရှိတယ်။ PNA စစ်သား အယောက် (၂၀) လောက်ပါတယ်။ စစ်ကြောင်းက ရွာထဲဝင်လာပြီးတော့ ရွာထဲကျန်ခဲ့သည့် ဒေသခံရွာသား ၂ ဦး ဖမ်းဆီးသွားတယ် သူ့တို့ကိုလမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးတော့ နောက်နေ့ပြန်လွတ် လိုက်တယ်။ ရိုက်နှက်ခံ ရတယ်လို့ ပြောတယ်။ စစ်ကြောင်းဝင်လာပြီဆိုတော့ ဘယ်သူမှ မနေရဲတော့ဘူး ဘေးလွတ် ရာသို့ ထွက်ပြေး သိမ်ရှောင်သွားကြရတယ်လေ။ မေ ၈၊ ၉ ရက်နေ့မှာမှ ရွာသူ၊သားတွေ ရွာထဲကို ပြန်လာကြသာဖြစ်တယ်၊ ဒီနေ့ မေ ၁၀ ရက်နေ့မှ မယ်တော်ရုပ်တုဖျက်ဆီးခံထားရတယ်လို့ ပြောတော့ သွားကြည့်ကြတယ် တပိုင်းတစ ပျက်စီးနေပြီ” ဟု ဒေသခံတဦး ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များ၏ ယင်းလုပ်ရပ်အပေါ် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ကလည်း ပြစ်တင်ရှုတ်ချထားသည်။

“ငါတို့ဒေသက မိန်းကလေးတွေကို မတရား ပြုကျင့်တယ်၊ ငါတို့ လူငယ်တွေကို သတ်တယ်၊ ငါတို့ အိမ်ကို မီးရှို့တယ်၊ ငါတို့ ယုံကြည်ရာကို ဖျက်စီးတယ်။ ဆိုးတယ်၊ မိုက်တယ်၊ ရိုင်းတယ် ဆိုတာတွေ အားလုံးကို ငါတို့ ပြည်နယ်သားတွေအပေါ် ကျူးလွန်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော် ကြာတာတောင် အားမရသေးဘူးလား။ ငါတို့မျိုးဆက်မှာ မင်းတို့ရဲ့ မိုက်ရိုင်းမှုတွေကို အဆုံးသတ်မယ်။ စစ်ဖိနပ်အောက်က ဘဝတွေ ဖြစ်မှာ ငါတို့မျိုးဆက်က နောက်ဆုံးပဲ။ ” ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ တပ်များသည် “PDF များနှင့် မပတ်သတ်နဲ့” ၊ “No connect with PDF” စာသားကိုပါ ရေးသားချန်ထားခဲ့ပြီး ကက်သလစ်ဘာသာဝင်များ ချစ်မြတ်နိုးသော မယ်တော်ရုပ်တုကို ဖျက်ဆီး ပြခြင်းမှာ ယုတ်ညံ့လွန်း‌သည်ဟုလည်း KNDF က ဆိုသည်။

အခုလို တော်လှန်ရေးကာလမှာ ဘာသာရေးကို နိုင်ငံရေး အကြောင်းပြပြီး ကျနော်တို့ သက်ဝင်ယုံကြည်တဲ့ မယ်တော်ရုပ်တု ဘာသာရေးအဆောက်အအုံတွေကို တမင်တကာ ဖျက်စီးပေးလိုက်သာက ကျနော်တို့ ခံစားချက် အင်မတန် မကောင်းဘူးဟု ဒေသခံများက ဆိုကြသည်။

အဆိုပါ ဖျက်ဆီးခံရမှုကြောင့် မယ်တော်ရုပ်တု၏ မျက်နှာနှင့် လက်များ ကျိုးပဲ့ပျက်စီးခဲ့ရသည့် အပြင် ရုပ်တုမှာ မြေပေါ်လဲကျ ဖျက်စီးနေသည်ကို မှတ်တမ်း ဓါတ်ပံများတွင် တွေ့ရသည်။

ပင်လောင်းမြို့နယ်၊ တတန်ကူးကျေးရွာရှိတွင် ကယန်း လန်ထာ လူမျိုးများ အဓိကနေထိုင်ကြပြီး အိမ်ခြေ (၁၈)စုခန့် ရှိကြောင်းသိရသည်။

-MM