• Today is: Saturday, April 20, 2024

(၁၄)ပြည်ထောင်ပြဿနာ

(၁၄)ပြည်ထောင်ပြဿနာ

—————————-
ကျော်ကိုကို ရေးတယ်
ဒီကနေ့ မေးခွန်းဖြစ်နေတဲ့ နိုင်ငံရေးကိစ္စကတော့ (၁၄)ပြည်ထောင်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနက သတ်မှတ်လိုက်တဲ့ ကိစ္စဖြစ်နေတာပါပဲ။ ဒီကိစ္စအပေါ် ဘယ်လိုသုံးသပ်ကြမလဲဆိုတာ ကျနော်တို့အပါအဝင် နိုင်ငံရေးအင်အားစု၊တော်လှန်ရေးအင်အားစုတွေရဲ့ အလုပ်ဖြစ်မယ်လို့ ယူဆပါတယ်။
(၁၄)ပြည်ထောင်ရဲ့ သရုပ်သကန်
————————————
တကယ်တော့ (၁၄)ပြည်ထောင်ဆိုတာ အသစ်အဆန်းမဟုတ်ပါဘူး။အရင် ဗိုလ်နေဝင်း မဆလဖွဲ့စည်းပုံပါ ပြည်နယ်(၇)ခု၊တိုင်း(၇)ခုရဲ့ အသွင်ပြောင်းပုံစံတစ်ခုသာဖြစ်နေပါတယ်။ ပိုပြီးလွယ်အောင်ပြောရရင်တော့ အရင်တုန်းက ယူနစ်မတူသလိုဖြစ်နေတဲ့ ပြည်နယ်နဲ့တိုင်းဆိုတာကို ဖျက်ပြီး အကုန်လုံး ယူနစ်တစ်ခုတည်းဖြစ် အောင် ပြည်ထောင်တွေလို့ တတန်းတည်းသတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ ဆိုလိုတာက မဆလရဲ့ (၁၄)ယူနစ်ကို ဗားရှင်းအသစ်နဲ့ အတည်ပြန်ထားလိုက်တာပဲလို့ ပြောချင်ပါတယ်။ဒါက ဒါပါပဲ။ထပ်တရာနဲ့ ပလာတာလို အတူတူနဲ့အနူနူပါပဲ။
တတန်းတည်းထားရုံနဲ့ တန်းတူမှာလား
——————————————–
အားလုံးကို ပြည်ထောင်သတ်မှတ်တာ တတန်းတည်းထားတာလို့ ပြောကြလိမ့်မယ်။ဒါပေမယ့် တန်းတူမှုအခြေခံတော့မရှိဘူးဆိုတာ ရှင်းပါတယ်။
မြန်မာလူမျိုးအများစုနေတဲ့ ဒေသတွေကို (၇)ခုခွဲပြီး ပြည်ထောင်ခုနစ်ခုသတ်မှတ်တာဟာ အခြားလူမျိုးစုတွေထက် အရေအတွက်ပိုယူထားတဲ့ ပုံစံဟောင်းအတိုင်းဖြစ်နေပါတယ်။ (ဗ/မ ပြဿနာ သက်သက်ဆွေးနွေးရန်မလိုပါ) ကချင်၊ကရင်နီ၊ချင်း၊ကရင်၊မွန်၊ရခိုင်၊ရှမ်းဆိုတဲ့ (၇)ပြည်အတွက် တစ်ယူနစ်စီပဲရနေချိန်မှာ မြန်မာတွေအတွက် (၇)ယူနစ်ရနေသလို ဖြစ်မြဲဖြစ်နေဆဲပါပဲ။
ကျနော်တို့နိုင်ငံလို လူမျိုးစုပေါင်းစုံနေထိုင်တဲ့ Multi Nation-state တစ်ခုမှာ လူမျိုးတမျိုးက အခြားလူမျိုးတွေကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ လူမျိုးကြီးဝါဒကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ လူတိုင်းသိပါတယ်။ ဒါကြောင့်မို့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုကို တည်ဆောက်ရေးလိုင်းပေါ်က အဖြေရှာကြဖို့ နိုင်ငံရေးအာဂျင်ဒါတင်ပြီး တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့တွေ အများအပြားရှိပါတယ်။ ဟိုးအရင်က ရှစ်ပြည်ထောင်ပေါ်လစီဆိုတာမျိုးတွေ ချမှတ်ခဲ့တာမျိုးတွေရှိခဲ့ပါတယ်။ဒီမူမှာက လူမျိုးကြီး(၈)ခုအတွက်ပဲ ပြည်နယ်ရပိုင်ခွင့်ရှိသလို ကျန်လူမျိုးစုတွေက ခံစားနားလည်ထားကြပါတယ်။ အခုတော်လှန်ရေးမှာ (၁၄)ပြည်ထောင်ပေါ်လစီကို NUG က ချမှတ်လိုက်တဲ့အတွက် ပြည်နယ်သတ်မှတ်မခံရသေးတဲ့ ကျန်လူမျိုးစုတွေရဲ့ ရင်ထဲမှာ ဘယ်လို ခံစားနားလည်ကြမလဲဆိုတာ သိချင်ပါသေးတယ်။
တော်လှန်ရေးလား၊လောင်းရိပ်လား
—————————————–
အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် တော်လှန်ရေးဆင်နွှဲနေကြသော အမျိုးကောင်းသမီးများနဲ့ လူကြီးမင်းများကို ကျနော် လေးစားပါတယ်။ဒါပေမယ့် ဝေဖန်ရာမှာကတော့ အားမနာတမ်း ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ပါရစေ။ NUG အစိုးရအဖွဲ့ဝင်များဟာ ဥခွံထဲက ဖောက်ထွက်ရတဲ့ ကြက်ကလေးတွေလို ထိပ်ဖျားချွန်တဲ့ နှုတ်သီးကလေးတွေ မပါရှိကြပါဘူး။လောင်းရိပ်မိနေတဲ့ ပန်းပင်ကလေးတွေလို ညှိုးရော်နေတဲ့ အနေအထားပဲ ရှိကြပါတယ်။
ကြည့်ပါလေ။အခုကာလမှာ ရဲရဲတင်းတင်း ပြည်နယ်သစ်တွေဖွဲ့ဖို့ ဘာလို့များ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲကြပါလိမ့်လို့ ကျနော် အတွေးပွားမိတယ်။
ပြည်နယ်သစ်ဆိုရာမှာ အများစုပြောနေကြသလို ဗမာပြည်နယ်(မြန်မာလူမျိုးစု)လည်း ဒီထဲမှာ အကျုံးဝင်တယ်လို့ ယူဆရမှာပဲ။အခြားပြည်နယ်တခု ဖွဲ့စည်းဖို့ရာ အခြေခံအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ လူမျိုးစုတွေအတွက်လည်း ဖွဲ့ဖို့ရာ လိုအပ်နေတယ်ဆိုတဲ့ တင်ပြချက်တွေလည်း ရှိနေပါတယ်။
တော်လှန်ရေးကာလဆိုတာ “ပိုနေမြဲ ကျားနေမြဲ”အခြေအနေကို ဆက်ထိန်းထားရမှာမဟုတ်ဘူး။ အဟောင်းကိုဖျက်ပြီး အစအဆုံးအသစ်တည်ဆောက်ရမှာဖြစ်တယ်။အခု လုပ်ပုံက “Status-Quo”ပဲ ဆက်ရှိနေတယ်ဆိုတာမျိုး။ဘာထူးသေးလို့လဲ။
အခြေအနေဟောင်းကနေ အခြေအနေသစ်ကို၊ အချင်းအရာဟောင်းကနေ အချင်းအရာသစ်ကို၊ အနေအထားဟောင်းကနေ အနေအထားသစ်ကို၊အရေအတွက်ဟောင်းကနေ အရေအတွက်သစ်ကို၊အရည်‌အသွေးဟောင်းကနေ အရည်အသွေးသစ်ကို ကူးပြောင်းအောင်လုပ်မှ တော်လှန်ရေးဖြစ်ပါမယ်။
“အမေမှာတဲ့ ဆန်တခွဲ ရှစ်ပြည်နဲ့ မလဲ”ဆိုတဲ့အတိုင်း အရာရာကို လှေနံဓားထစ်လုပ်လို့မရပါဘူး။ပြောင်းလဲနေတဲ့ အခြေအနေအပေါ်မူတည်ပြီး ပိုပြီးတိုးတက်ကောင်းမွန်သွားမယ့် အနေအထားဆီ ဦးတည်ပြီးလုပ်ဆောင်သွားရမှာပါ။
စည်းရုံးရေး ထိခိုက်
———————–
အခုလို (၁၄)ပြည်ထောင်ပုံစံ၊ အရေခွံပြောင်းတဲ့ မြွေအဟောင်း၊ ပုလင်းပြောင်းထည့်တဲ့ ဝိုင်အဟောင်းဟာ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေကြားမှာရော လူမျိုးပေါင်းစုံပြည်သူလူထုကြားမှာပါ ဂယက်ရိုက်လာနိုင်ခြေ အလားအလာတွေရှိပါတယ်။
တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမမခံသေးသရွေ့ အခုတော်လှန်ရေးမှာ လူမျိုးစုတော်လှန်ရေးအင်အားစုတွေက စိတ်ရောကိုယ်ပါနှစ်ပြီး အားပေးကူညီမှာ မဟုတ်ပါဘူး။
အားလုံး အားလုံးသော အဖွဲ့အစည်းတွေဟာ မိမိတို့ကိုယ်တိုင်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှ တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်ကြမှာပါ။အခုအခြေအနေက တစုံလုံးဆိုင်ရာအကျိုးစီးပွား (General Interests) လို့ ပြောလို့မရလောက်အောင် ပုံပန်းသဏ္ဍာန် မပီပြင်တဲ့အတွက် တဖွဲ့ချင်းစီရဲ့ သက်ဆိုင်ရာအကျိုးစီးပွား (self-interest)တွေကိုပဲ တန်ဖိုးထားပြီး ဆက်သွားကြပါလိမ့်မယ်။
NUG ဒါကို ဆင်ခြင်နိုင်ပါစေလို့ မျှော်လင့်မိပါရဲ့။