• Today is: Friday, March 29, 2024

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း (၁)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း (၁) 

ထွန်းအောင်ကျော် 

နောက်ခံသမိုင်း

မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီစနစ်အောက်မှလွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုကို ဦးဆောင်ဦးရွက် ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ရှမ်းပြည်နယ်၊ ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ယူပါမည်ဆိုသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရရှိခဲ့သည့်အခါ ၁၉၄၇ အခြေခံဥပဒေသည် ပြည်ထောင်စု စနစ်အုပ်ချုပ်ပုံမဟုတ်ဘဲ တစ်ပြည်ထောင်စနစ်သာဖြစ်သည်ဟု ရှမ်းခေါင်းဆောင်များက ဦးဆောင်တင်ပြလာခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရေးကို တောင်းဆိုလာခဲ့ကြသည်။ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်တွင်း လက်ဝဲ ကွန်မြူနစ်များက ပုန်ကန်ထကြွခဲ့ပြီး၊ ကရင်တပ်များကလည်း ကေအင်ဒီအို (KNDO: Karen National Defence Organisation (ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့)) က ဦးဆောင်ပြီး ပုန်ကန်ခဲ့ကြသဖြင့် လွတ်လပ်ခါစနိုင်ငံသည် ပြည်တွင်းစစ်မီးများ အကြားတွင် ကျရောက်ခဲ့ရသည်။ ထိုအခါ ပြည်သူများက သူပုန်များကို နှိမ်နှင်းနေသည့် တပ်မတော်ကို အားကိုးလာခဲ့ကြပြီး တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာ့နိုင်ငံရေးတွင် အရေးပါလာခဲ့သလို ပြည်တွင်းစစ်ကို ရင်ဆိုင်ရင်း သြဇာအာဏာ ကြီးမားလာခဲ့ရသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တပ်မတော်ကို အားကိုးလာခဲ့ကြသည်။

ပြည်တွင်းစစ်ဖြစ်ရခြင်းမှာ မြန်မာပြည် ကွန်မြူနစ်ပါတီမှ အာဏာရယူရန်အတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာပြည်မှ ခွဲထွက်၍ မိမိကိုယ်ပိုင်နိုင်ငံ ထူထောင်လိုခြင်းနှင့် အုပ်ချုပ် နေသောအစိုးရက စစ်မှန်သော ဖက်ဒရယ်အခြေခံဥပဒေကို မရေးဆွဲနိုင်ခြင်းကြောင့်ဟု ယေဘုယျ သုံးသပ်နိုင်ပါသည်။ လက်ဝဲလက်ယာနိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်လိုရာ ဆွဲရေးသည့်သမိုင်းကလည်းရှိသဖြင့် အဓိက ပြည်တွင်းစစ်ဖြစ်ရခြင်း (၃) ချက်ကို အကျဉ်းရုံး၍ တင်ပြခြင်းသာ ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ဖြစ်ထွန်းလာခြင်းမှာ ပင်လုံညီလာခံတွင်ပါသည့် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ဆိုသည့်စာပိုဒ်သည် အဓိကအကြောင်းအရာ ဖြစ်နေသည်ဟု ထင်သည်။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံမြို့တွင် ဆွေးနွေးခဲ့ကြစဉ် တန်းတူညီမျှရေးနှင့် အကယ်၍ မကျေနပ်လျှင် နောင် (၁၀) နှစ်အကြာတွင် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ရှိစေရမည်ဆိုသည့် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ထိုစဉ်အခါက ဗြိတိသျှတို့က ပြည်မနှင့် တောင်တန်းဒေသဟူ၍ အုပ်ချုပ်ထားခြင်းကြောင့် ဤအချက်ကို လက်မခံပါက တိုင်းရင်းသားခေါင်းဆောင်များက ပြည်မနှင့်အတူ မပူးပေါင်းဘဲ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းက လက်မှတ်ရေးထိုးပေးခဲ့သည်ဟု ယူဆရသည်။

အချို့သော လက်ဝဲနိုင်ငံရေးသမားများက “အောင်ဆန်း အသုံးမကျလို့ လက်မှတ်ထိုးခဲ့တာ၊ အောင်ဆန်းဟာ တရားခံ” ဟု စွပ်စွဲခဲ့ကြသည်။ ထိုစဉ်က ခွဲထွက်ပိုင်ခွင့်ကို ဗိုလ်ချုပ်အောင်ဆန်းက လက်မှတ်မထိုးခဲ့လျှင် မြန်မာ့ရာဇဝင်သည် တမျိုးတဖုံ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ လက်မှတ်မထိုးသဖြင့် သဘောတူညီချက် မရဘဲ တိုင်းရင်းသားများက ဗြိတိသျှအင်ပါယာ ဓနသဟာယထဲတွင် ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံသည် ပြည်မနှင့်သာ လွတ်လပ်ရေး ရလာစရာ အကြောင်းရှိသည်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ ဗြိတိသျှလက်အောက်မှ မည်သည့်အခါတွင် လွတ်လပ်ရေးရမည် မပြောနိုင်သော်လည်း အကယ်၍ သီးခြား လွတ်လပ်ရေး ရရှိပါကလည်း ရှမ်းပြည်နယ်သည် ပတ်လည်တွင် ကုန်းလမ်းပိတ် (Land Lock) နိုင်ငံအဖြစ် ပေါ်ထွက်လာပြီး ပင်လယ်ထွက်ပေါက်အဖြစ် မြန်မာနိုင်ငံ၊ ယိုးဒယားနိုင်ငံတို့ကို အားကိုးရမည့် အနေအထား ဖြစ်ပေလိမ့်မည်။

ထို့အပြင် ရှမ်းပြည်သည် ယိုးဒယားပြည်နှင့် ပူးပေါင်းကောင်း ပူးပေါင်းသွား နိုင်ချေရှိသည်။ ဥပမာ SSA ခေါင်းဆောင် ခွန်ဆာ၏ ဋ္ဌာနချုပ်တွင် ထိုင်းဘုရင်နှင့် မိဖုရားဓါတ်ပုံကြီးများ ချိတ်ဆွဲထားပြီး ခွန်ဆာက ၎င်း၏ ဘုရင်နှင့် မိဖုရားဟု ဆိုခဲ့သည့် သာဓက ရှိသည်။ သို့မဟုတ် နိုင်ငံကြီးဖြစ်သည့် ယိုးဒယား သို့မဟုတ် ဗမာက ဝင်ရောက် သိမ်းပိုက်နိုင်သည်။ ထို့အတူ ကချင် နိုင်ငံငယ်လေးသည်လည်း ရှမ်းအလား ကုန်းပိတ်နိုင်ငံဖြစ်၍ မြန်မာနှင့် တရုတ်ကို အားကိုး ရပေလိမ့်မည်။ တရုတ်က တိဗက်ပြည်ကို ဝင်သိမ်းသလို သိမ်းယူသွားနိုင်ချေ ရှိသလို မြန်မာနိုင်ငံကလည်း မိမိပိုင် နယ်မြေအဖြစ် တောင်းယူ သိမ်းပိုက် ခံရဖွယ်လည်း ရှိနိုင်သည်။ ထိုနည်းတူ ချင်းနိုင်ငံအဖြစ် ထွက်ပေါ်လာမည်ဆိုပါက ပြည်မကိုပင် အားကိုးရမည့် အသွင်ရှိသည်။ သို့မဟုတ် အိန္ဒိယနှင့် ပေါင်း၍ မီဇိုရမ်ပြည်နယ်ထဲတွင် ပါဝင်သွားနိုင်သည်။

ဗိုလ်ချုပ်အောင်ဆန်း အမြော်အမြင် ရှိသည့်အတွက်ကြောင့် ယနေ့အထိ မြန်မာနိုင်ငံဟူ၍ တိုင်းရင်းသားများအားလုံး စုစည်းထားသည့် အနေအထားသို့ ရှိနေခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါ။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းရင်းသား ခေါင်းဆောင်များ ယုံကြည်ကိုးစားသည့် ပုဂ္ဂိုလ်ကို မသမာသူတစ်စုက လုပ်ကြံသတ်ဖြတ်လိုက်ပြီးနောက် တိုင်းရင်းသား များ၏ ရပိုင်ခွင့်များ၊ တန်းတူညီမျှရေးဆိုသည့်ကတိများကို နောင်တက်လာသည့် ခေါင်းဆောင်များက ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြသည်။

ဝန်ကြီးချုပ်ဦးနုကို ၁၉၆၁ ခုနှစ် ဇွန်လတွင် ကရင်၊ ကရင်နီ၊ ကချင်၊ ရှမ်း၊ မွန်နှင့် ရခိုင် တိုင်းရင်းသားခေါင်းဆောင် ၂၀၀ ကျော် တက်ရောက်သည့် တောင်ကြီးမြို့ ညီလာခံမှ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုကိစ္စကို ဖြေရှင်းရန် ဦးနုက ၁၉၆၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ၌ ရန်ကုန်မြို့တွင် “အမျိုးသားနှီးနှောဖလှယ်ပွဲ” ကို ကျင်းပပြုလုပ်ပေးခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်တော်များနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဝန်ကြီး စပ်ခွန်ချိုက အစည်းအဝေးတွင် ပြည်မကို ပြည်နယ်တစ်နယ်အဖြစ် သတ်မှတ်ပြီး ရှစ်ပြည်ထောင်မူကို တင်ပြခဲ့သည်။ လွှတ်တော် (၂) ရပ် အာဏာတူရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက တူညီသည့် ကိုယ်စားလှယ် အရေအတွက် ပေးရေး၊ ပြည်နယ်များမှ မိမိဆန္ဒအလျောက် လွှဲအပ်သော အာဏာကိုသာ ပြည်ထောင်စု ဗဟိုအစိုးရမှ ရရှိနိုင်ရေး၊ ကျန်အာဏာကို ပြည်နယ်များတွင် ထားရှိရေးတို့ ဖြစ်သည်။

၎င်းအကျိုးဆက်သည် နောက်တစ်လအကြာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ဗိုလ်နေဝင်းက တိုင်းပြည် ပြိုကွဲတော့မည်ဆိုသည့် အကြောင်းပြချက်ကို အသုံးချ၍ စစ်တပ်ကို ခုတုံးလုပ်ကာ အခြေခံဥပဒေကို သစ္စာဖေါက်ဖျက်၍ အာဏာသိမ်းပိုက်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့ လေတော့သည်။

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရင်ဆိုင်ရမည့် အတားအဆီးများ

(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်။

(၂) မိမိလူမျိုး တစ်မျိုးတည်းကိုသာကြည့်၍ လုပ်ဆောင်ရွက်သောလုပ်ရပ်။

(၃) လူမျိုးကြီးဝါဒ တည်ရှိနေမှု။

ဤသုံးချက်သည် ဖက်ဒရယ်ပြည်ထောင်စုအတွက် အဟန့်အတားကြီးများ ဖြစ်သည်။

(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်

တိုင်းရင်းသားများသည် ပြည်တွင်းစစ်ဒဏ်ကြောင့် မိမိတို့ အိုးအိမ်ပစ်၍လည်းကောင်း၊ သားမယား သေကြေပျက်စီး၍ လည်းကောင်း၊ စစ်တပ်၏ချောဆွဲပေါ်တာလိုက်ရ၍လည်းကောင်း၊ သားပျို၊ သမီးပျိုများ ဖျက်ဆီးခံရ၍လည်းကောင်း စစ်တပ်ကို မုန်းတီးလာကြသည်။ ဗမာစစ်တပ်ဟူ၍ ဗမာလူမျိုးများကိုပါ မုန်းတီးနေကြသည်။ အမှန်စဉ်စစ် ဗမာ လူမျိုးများလည်း တိုင်းရင်းသား ပြည်သူများနည်းတူ စစ်အာဏာရှင်စနစ်၏ဒဏ်ကို ခံစားနေကြရသည်။ စစ်အာဏာရှင်တို့ကို တိုင်းရင်းသားများနည်းတူ တိုက်ပွဲဝင်နေကြသည်ကို နားလည်သဘောပေါက်လာလျှင် လူမျိုးရေး မုန်းတီးမှုကို ပြေပျောက်အောင် လုပ်နိုင်မည် ဖြစ်သည်။ အထူးသဖြင့် ပြည်နယ်များရှိ တိုင်းရင်းသား အများစုမှာ ပြည်မသို့ မရောက်ဖူးကြသဖြင့် ပြည်မတွင်လည်း ပြည်နယ်များမှာကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှုရှိကြောင်း မသိမြင်ကြ၍သာ ဗမာတပ်ဟူ၍ ဗမာလူမျိုးများကို မုန်းတီးနေကြခြင်း ဖြစ်သည်။ ဗမာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဋ္ဌေးကြွယ်၊ မင်းဇေယျာတို့ ထောင်ထဲတွင် ဆယ်စုနှစ် နှစ်စုနေလျက် တိုက်ပွဲဝင်နေကြခြင်းကို သိချင်မှ သိပေလိမ့်မည်။ လက်ပံတောင်းတောင်ရှိ မြန်မာ တောင်သူလယ်သမားများ၏ ဒုက္ခကို သိချင်မှ သိကြမည်။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်တို့ကိုသာ သိရှိချင် သိရှိနေမည်ဖြစ်သည်။

အချုပ်မှာ လူမျိုးရေးမုန်းတီးမှုသည် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ကြီးမားသော အဟန့်အတားကြီး ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကြောင့်သာ ဗမာလူမျိုးများ အပါအဝင် တိုင်းရင်းသားများအားလုံး ဒုက္ခဆင်းရဲခံနေရသည်ကို ရှင်းလင်းစွာသိပြီး လူမျိုးရေးမုန်းတီးမှုမှာ မှားယွင်းကြောင်း သိမြင်လာဖို့ အဓိက လိုအပ်သည်။ လူမျိုးရေး မုန်းတီးမှု မရှိမှ၊ တွေ့ဆုံ ဆွေးနွေးသည့်အခါတွင် ယုံကြည်မှုကို အလွယ်တကူ တည်ဆောက်နိုင်မည် ဖြစ်သည်။

(၂) မိမိလူမျိုး တစ်မျိုးတည်းအတွက်သာ ကြည့်ပြီး လုပ်ဆောင်နေသော လုပ်ရပ်

တစ်တိုင်းတစ်ပြည်လုံးကို တပ်သားသုံးသိန်းကျော်အင်အားဖြင့် ဖိနှိပ်ထားသော စစ်အာဏာရှင် စနစ်ကို မိမိပြည်နယ် တစ်ခုတည်း လွတ်မြောက်ရေးအတွက် သက်သက် တိုက်ပွဲဝင်နေမှုသည် “တောင်ကြီးဖြိုမည့်ကြံ ခါးကမသန်” ဆိုသည့်ပမာ ဖြစ်နေသည်။ တိုင်းရင်းသားခေါင်းဆောင်များ အဓိက မြင်ရမည်မှာ မြန်မာပြည်တစ်ပြည်လုံးလွတ်မြောက်မှ ငါတို့ပြည်နယ်ပါ လွတ်မြောက်မည်။ ထို့ကြောင့် တစ်တိုင်းပြည်လုံးလွတ်မြောက်ရေးကို ငါတို့ကြိုးစားရမည်ဆိုသည့် အမြင်ကို ထားရှိဖို့ လိုသည်။  ထိုသို့ တစ်ပြည်နယ် လွတ်မြောက်ရေးထက် တစ်တိုင်းပြည်လုံး လွတ်မြောက်ရေး ဆိုသည့် အမြင်သို့ ပြောင်းပစ်လိုက်ပါက တော်လှန်ရေး အောင်မြင်သောနေ့တွင် ထိုခေါင်းဆောင် များသည် ပြည်နယ်ခေါင်းဆောင်များ ဘဝသာမက တစ်နိုင်ငံလုံး၏ လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးသော အမျိုးသားခေါင်းဆောင်များဘဝသို့ တက်လှမ်း ရောက်ရှိ လာပေလိမ့်မည်။

(၃) လူမျိုးကြီးဝါဒ တည်ရှိနေမှု

ဗိုလ်နေဝင်းလက်ထက်မှစ၍ ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာစစ်တပ်သည် လူမျိုးကြီးဝါဒဖြင့် တိုင်းရင်းသား ပြည်သူများကို မြန်မာမှု (Burmanization) ပြုခဲ့ကြခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ကြီးစွာသော ထိခိုက်မှု ဖြစ်ပေါ်စေခဲ့သည်။ တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေများ သင်ကြားခွင့် ပိတ်ပင်၍ မြန်မာစာကိုသာ သင်ကြားစေခြင်း၊ တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းပေးခြင်း မပြုဘဲ မျက်ကွယ်ပြုခြင်းတို့သည် အလွန်ကျဉ်းမြောင်းသည့် လူမျိုးကြီးဝါဒ ဖြစ်သည်။ အမေရိကန်၊ ဥရောပနိုင်ငံများတွင် မူလတန်းအောင်ပြီး (၄- ၅) တန်း ရောက်လျှင် အင်္ဂလိပ်ဘာသာ စကားအပြင် နိုင်ငံခြား ဘာသာရပ် တစ်ခုခုကိုပါ တွဲယူရသည်။ တိုင်းတစ်ပါးမှ အခြေချသူများရောက်လာသည့်အခါတွင် စာသင်အရွယ် ကလေးသူငယ်များကို အင်္ဂလိပ်ဘာသာအပြင် မိမိလူမျိုး ဘာသာစကား မပျောက် ကွယ်ရအောင် စောင့်ရှောက်ကြဖို့ အားပေးကူညီခြင်းကို ပြုကြသည်။ တိုင်းတစ်ပါး ဘာသာ စကား၏ တန်ဖိုးကို လေးစားကြသည်။ အမြော်အမြင်ကြီးကြသည်။ ငါ့ဘာသာစကားပဲ သင်ရမည် မရှိ။ ဘာသာစကားနှင့်ပတ်သက်၍ ဆက်လက် တင်ပြသွားပါမည်။

ဆက်လက်ဖော်ပြပါမည်။

About Author

Htun Aung Gyaw is a former Chairman of the All Burma Students Democratic Front (ABSDF), who went to the US in the early 90s and got a Master’s degree at Cornell University. He was a political prisoner from Burma and spent his life in Burma’s notorious Insein prison from 1975 to 1980. He wrote so many articles about Burma. His book about his revolutionary experience as the President of ABSDF was published in October 2015.