• Today is: Sunday, May 29, 2022

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း (၂) 

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း (၂) 

ထွန်းအောင်ကျော်

လူမျိုးကြီးဝါဒသည် ဗမာလူမျိုးတို့က ချည်းကျင့်သုံးနေသယောင် မြင်ရသော်လည်း ဗမာလူမျိုး အများစုသည် တိုင်းရင်းသားများကို မိမိတို့နိုင်ငံသား ညီအကိုမောင်နှမများ အဖြစ်သာ မြင်ကြ သည်။ စစ်အာဏာရှင်စနစ်ကသာ ဗမာအပါအဝင် လူမျိုးစုများအားလုံးကို ဖိနှိပ်ချုပ်ချယ်ထားခြင်း ဖြစ်သည်။ ထို့ပြင် ရှမ်းပြည်တွင် ရှမ်းသည် လူမျိုးကြီး ဖြစ်သည်၊ ဝ၊ ပအိုဝ်း၊ ပလောင်၊ လားဟူ၊ အင်းသားစသည့် လူမျိုးစုများ များစွာ ရှိသေးသည်။ “ဝ” က သူ့ပြည်နယ်ကို သူ့လက်နက်ကိုင် တပ်နှင့် ရှမ်းထံမှ တိုက်ယူထားသည်။ ကချင်ပြည်နယ်တွင် ကချင်တို့နှင့်အတူ အင်အား မလျော့သော ရှမ်းနီများနှင့် အခြားတိုင်းရင်းသားများလည်း ရှိသည်။ ချင်းပြည်နယ်တွင်လည်း ကူကီးလူမျိုးစုတို့က မိမိတို့သည် ချင်းနှင့်လားလားမှမဆိုင်၊ ချင်းမဟုတ်ဟုဆို၍ ၎င်းတို့ပြည်နယ်ကို သတ်မှတ်ပေးရန်တောင်းဆိုနေကြသည်။ အိန္ဒိယတွင်လည်း ကူးကီးတို့က သူတို့ကိုယ်ပိုင် ပြည်နယ်ကို တောင်းဆိုနေကြသည်။ ထိုပြဿနာအားလုံးသည် လူမျိုးစွဲပြည်နယ် အမည်များမှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုတစ်စု အမည်ပေးလိုက်သည်နှင့် ထိုဒေသရှိ အခြား တိုင်းရင်းသားများသည် သူ့အလိုလို ထိုလူမျိုးကြီးတို့၏ လွှမ်းမိုးခံဘဝသို့ အလိုအလျောက် ကျရောက်သွားသည်။
အထက်တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင်ရှိနေသည့် အတားအဆီး (၃) ရပ်ကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ထိုအတားအဆီး (၃) ရပ်ကို မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံး မည်ကဲ့သို့ ကျော်ဖြတ်ရမည်ကို ဉာဏ်မီသလောက် တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။ ထိုသို့တင်ပြ ဆွေးနွေးရာတွင် ကျွန်တော့်စိတ်ထဲတွင် မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူများအားလုံး-
(၁) လွတ်လပ်သော လူသားများအဖြစ် ပျော်ရွှင်ချမ်းမြေ့ လူပီသစွာ နေထိုင်နိုင်ရေး။
(၂) လူ့အခွင့်အရေး တန်းတူညီမျှ ရရှိရေး။
(၃) စည်းလုံးညီညွတ်သော ဖက်ဒရယ်စစ်စစ် နိုင်ငံတော်ကြီး ပေါ်ပေါက်ရေးဟူသော စစ်မှန်သည့် စေတနာအမြင်ဖြင့် တင်ပြခြင်းဖြစ်ကြောင်း စကားပလ္လင်ခံပါရစေ။
ထို့ကြောင့် ကျွန်တော့်ရေးသားတင်ပြချက်များကို လူမျိုးကြီးစိတ်ဓာတ်ရှိသော ဗမာလူမျိုးများနှင့် ကျဉ်းမြောင်းသော လူမျိုးရေးစိတ်ဓာတ်ရှိသည့် တိုင်းရင်းသားတို့က လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ပြည်သူတို့ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်တွင်းတွင် တကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသော၊ တစည်းတလုံးသော ဖက်ဒရယ်စစ်စစ်ကို လိုလားသည့် မည်သည့် တိုင်းရင်းသားခေါင်းဆောင်မဆို ကျွန်တော်၏ တင်ပြဆွေးနွေးချက်ကို မူအားဖြင့် လက်ခံ နိုင်လိမ့်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ဖက်ဒရယ်ဆိုလျှင် မထိနဲ့ မကိုင်နဲ့ဟု မိမိ ပြောမှား ဆိုမှား ဖြစ်ခဲ့လျှင် နိုင်ငံရေး သေသွားမည်ဆိုသည့် အတွေးဖြင့် ယနေ့ နိုင်ငံရေးသမား တော်တော် များများနှင့် ခေတ်ဟောင်း နိုင်ငံရေးသမားကြီးတို့က လက်ရှောင်ခဲ့ကြပေသည်။
ကျွန်တော့်အမြင်သည် ကျွန်တော်တို့က လက်ရှောင်နေသောကိစ္စကို ထိုအတိုင်း လွှတ်ထားပါက ထိုလိပ်ခဲတည်းလည်း ဖြစ်နေသောကိစ္စကို စစ်အာဏာရှင်တို့က အသုံးချ၍ “တိုင်းပြည်ပြိုကွဲမည့် အရေးကြောင့်” တပ်မတော်ကို တိုးချဲ့နေရပါသည်ဟု အကြောင်းပြချက်ဖြင့် တောင်တန်း၊ ပြည်မမကျန် စစ်အာဏာဖြင့် ဆက်လက် နှိပ်ကွပ်နေမည်သာ ဖြစ်သဖြင့် ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဟု ဆိုသော စိတ်ဓာတ်ဖြင့် မိမိ၏အမြင်ကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။
ပထမအဆင့်- ဗမာမုန်းတီးရေး စိတ်ကို ချေဖျက်ခြင်း
ဗမာမုန်းတီးရေးစိတ်ကို ချေဖျက်ရန်အတွက် တိုင်းရင်းသားများဖက်မှ ၎င်းတို့ကို ဖိနှိပ် သတ်ဖြတ်နေသော ရင်းမြစ်ကို သိမြင်ဖို့လိုသည်။ ၎င်းတို့နှင့် ဗမာတိုင်းရင်းသားများကို သွေးခွဲ အုပ်ချုပ်နေသည့် စစ်အာဏာရှင်စနစ်ကို မြင်မှသာ ဗမာမုန်းတီးရေးစိတ်မှ ဗမာများနှင့် အကျိုးတူ ပူးပေါင်း၍ စနစ်ဆိုးကို အတူတကွ တိုက်ထုတ်ပစ်မှသာ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော သာတူ ညီမျှရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုသည့် ပန်းတိုင်ကို အဖိနှိပ်ခံပြည်သူများ၏ စုပေါင်းအားဖြင့် တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုနည်းတူ ဗမာလူမျိုးများကလည်း စစ်အာဏာရှင်စနစ်က တစ်တိုင်းပြည်လုံးကို ဗမာမှုပြုခြင်း (Burmanization) သည် အားကျစရာ၊ သဘောတူစရာ လုပ်ရပ်မဟုတ်၊ အလွန်ကျဉ်းမြောင်းသည့် လူမျိုးကြီးဝါဒ (တနည်း) မဟာဗမာဝါဒဖြစ်သည်။ ၎င်းဝါဒသည် မြန်မာနိုင်ငံကြီးကို အင်အား တောင့်တင်းသည့် ဗမာနိုင်ငံတော်ကြီးအဖြစ်သို့ တွန်းမပို့ဘဲ ပြည်တွင်းစစ် သံသရာ၌ တဝဲလည်လည် ဖြစ်နေမည့်ဝါဒ ဖြစ်သည်။ ထိုအခါ ညီနောင်တိုင်းရင်းသားများ၏ တန်ဖိုး မဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့် တိုင်းရင်းသားစာပေ၊ စကား၊ ယဉ်ကျေးမှုများကို ပြုစုပျိုးထောင်ပေးခြင်း၊ မြေတောင်မြှောက်၍ အရှည်တည်တံ့အောင် တန်ဖိုးထား အားပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ယုံယုံကြည်ကြည် အားတက်သရောဖြင့် ရိုးသားစွာ ပြုကြဖို့ လိုအပ်ပေသည်။
သာဓကအားဖြင့် ကော်နဲတက္ကသိုလ် (Cornell University) သည် အရှေ့တောင်အာရှ ဒေသနိုင်ငံများ၏ စာပေများကို အဓိက စုဆောင်း မှတ်တမ်းတင်သည့် စာကြည့်တိုက်များ ထားရှိသည်။ Kroch စာကြည့်တိုက်ကြီးသည် အရှေ့တောင်အာရှနှင့် အရှေ့အာရှစာပေများကို အထူးသိုလှောင်ထားသော စာကြည့်တိုက်ကြီးဖြစ်သည်။ ပေါပေါ့ခမာနီများ ကမ္ဘောဒီယားနိုင်ငံကို တိုက်ခိုက် အာဏာသိမ်းယူပြီးနောက် ရှေးဟောင်းအမွေအနှစ် စာပေ၊ ယဉ်ကျေးမှုများကို ဖောက်ပြန်သောစာပေများအဖြစ် သတ်မှတ်၍ ကမ်းကုန်အောင် ဖျက်ဆီးပစ်ခဲ့သည်။
နောင်ဗီယက်နမ်၏ ထောက်ခံမှုဖြင့် တက်လာသော ဟွန်ဆန်အစိုးရ လက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် ယဉ်ကျေးမှု အမွေအနှစ်များ ခေါင်းပါးလျက်ရှိသည်ကို ပြန်လည် ပျိုးထောင်ရန် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်၍ ကော်နဲတက္ကသိုလ် စာကြည့်တိုက်မှ ငွေကုန်ကြေးကျခံ၍ တန်ဖိုးထားသိမ်းဆည်းထားသော စာပေများအားလုံးကို ပြန်လည် ကူးယူနိုင်ခဲ့သဖြင့် ကမ္ဘောဒီးယား လူမျိုးတို့ မိမိစာပေ၊ ယဉ်ကျေးမှုတို့ကို ပြန်လည်ပြုစု ထူထောင်နိုင်ခဲ့ပေသည်။
ဤအချက်က နိုင်ငံခြားတိုင်းပြည်တစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ၏ အမြော်အမြင် ကြီးမားမှု၊ မိမိနှင့် ဘာသာမတူ လူမျိုး မတူသဖြင့် ဂရုစိုက်စရာ မလိုဆိုသည့် စိတ်ထားမျိုး မရှိဘဲ၊ တိုင်းတစ်ပါး ယဉ်ကျေးမှုပင် ဖြစ်လင့်ကစား တန်ဖိုးထား ထိန်းသိမ်းထားကြ သည်ကို လေးစားမိပါသည်။ မြန်မာနိုင်ငံတွင်မူ ဗမာစကားသာ သင်ယူရမည်၊ တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသားများ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၌ တိုင်းရင်းသားစာပေကို သင်ကြားခွင့်မရှိ ပိတ်ပင်ထားခဲ့သည့် ကျဉ်းမြောင်းသည့် လူမျိုးကြီးဝါဒကို ကျင့်သုံးလျက်ရှိသည်ကို ဝမ်းနည်းစွာ တွေ့နေရသည်။
တိုင်းရင်းသားစာပေ မြှင့်တင်ပေးမည့် မြန်မာပြည်ပညာရေး စနစ်သစ်
မြန်မာပြည်ပညာရေးစနစ်သစ်တွင် တိုင်းရင်းသားပြည်နယ်များတွင် မူလတန်းမှစ၍ တက္ကသိုလ် ဝင်တန်းအထိ မိမိလူမျိုးတို့၏စာပေကို သင်ကြားခွင့်ရှိစေရမည်။ ထို့အပြင် မြန်မာစာပေကိုလည်း သင်ယူရမည်၊ အင်္ဂလိပ်စာကိုလည်း သင်ယူရမည်။ တိုင်းရင်းသားစာပေ သင်ယူရခြင်းမှာ ကိုယ့်ဘာသာစကား၊ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်အတွက်ဖြစ်ပြီး၊ မြန်မာစာပေကို သင်ယူရ ခြင်းမှာ ပြည်တွင်း၌ အခြားလူမျိုးစုများအားလုံးနှင့် ဆက်သွယ်ရန် (Internal Communication) အတွက်ဖြစ်သည်။ အင်္ဂလိပ်စာပေ သင်ယူရခြင်းမှာ နိုင်ငံတကာနှင့် ဆက်သွယ်နိုင်ရန် (Inter-national communication) အတွက် ဖြစ်သည်။ မြန်မာပြည် အရှေ့မြောက်ပိုင်း ဝဒေသ၊ လာရှိုးအထိ ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ပြည်သူများ မြန်မာစကားထက် တရုတ်စကားကို အများသုံးဘာသာစကားအဖြစ် ပြောဆိုနေကြပြီဖြစ်သည်။ ထိုဒေသတွင် တရုတ်လွှမ်းမိုးမှု ကြီးမားလာနေပြီ ဖြစ်ကြောင်း ဤအချက်က ထင်ရှားသဖြင့် အထူးသတိထားကြရန် လိုပေသည်။ တိုင်းရင်းသားဘာသာတို့ကို အမြော်အမြင်ကြီးကြီးဖြင့် အားပေးပြုစုပျိုးထောင်ပေးခြင်းဖြင့် တရုတ်အားထားမှုနှင့် တရုတ်လွှမ်းမိုးမှုကို ဟန်ချက်ညီအောင် ပြန်လည်ထိန်းမတ်ပေးနိုင်မည် ဖြစ်သည်။ ထို့အတူ ပြည်မရှိ တိုင်းများတွင်လည်း ကျောင်းများ၌ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ တစ်ခုခုကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းရမည်။ ထိုအခါ ဗမာ စကားပြော ကျောင်းသားများ တိုင်းရင်းသားဘာသာ တတ်လာသဖြင့် ညီနောင်တိုင်းရင်းသားများ၏ ဘာသာ ယဉ်ကျေးမှု တို့ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာလိုက်စားသူများ ပေါ်ပေါက်လာပြီး၊ တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း တန်ဖိုးထားသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာမည် ဖြစ်သည်။ ထို့အတူ တိုင်းရင်းသားများသည်လည်း ဗမာစကား တတ်ကျွမ်းသဖြင့် မိမိပြည်နယ်မှ အခြားပြည်နယ်များသို့ အလည်သွားရောက်သည်ဖြစ်စေ၊ အခြေချ ပြောင်းရွှေ့နေထိုင်သည် ဖြစ်စေ ဗမာစကားဖြင့် ပြောဆိုဆက်ဆံနိုင်မည် ဖြစ်သလို၊ တိုင်းရင်းသားဘာသာ တတ်ကျွမ်းသူများကလည်း ဆရာများအဖြစ် ပြည်မတွင် အလုပ်အကိုင်များ ရရှိလာပြီး အပြန်အလှန် လေးစားမှု၊ တစ်ဦး၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို တစ်ဦးက နားလည်မှု၊ တန်ဖိုးထားမှုတို့ ပေါ်ပေါက်လာပေလိမ့်မည်။
လွန်ခဲ့သည့်နှစ်အတန်ကြာက ဖို့ဒ်ဝိန်းမြို့တွင် ၎င်းအတွေးအခေါ်ကို ဆွေးနွေးတင်ပြသည့်အခါ တိုင်းရင်းသားများလည်း တက်ရောက် ဆွေးနွေးကြပြီး၊ ထိုအထဲမှ ရှမ်းအမျိုးသမီးတစ်ဦးက ရှမ်းပြည်တွင် ဗမာစကား သင်ကြားရန် မလိုအပ်ကြောင်းနှင့် ရှမ်းပြည်တွင် ရှမ်းစကားသာ သင်ရမည်ဖြစ်ကြောင်း ကန့်ကွက်ပြောဆိုခဲ့ပါသည်။ သူက ထိုသို့ကန့်ကွက်ခြင်းကို ဗမာစကားနှင့် ပြောဆိုကန့်ကွက်ခဲ့ခြင်းအပေါ်
(၁) သူပြောဆိုသည့် စကားမှာ ဗမာစကားဖြစ်ခြင်း။
(၂) ဗမာစကားနှင့် ပြောဆိုခြင်းကို တက်ရောက်သူများတွင် ရှမ်း၊ ကရင်၊ ကချင်၊ မွန် တိုင်းရင်းသားများ ပါဝင်နေပြီး ထိုတိုင်းရင်းသားများက သူပြောသမျှကို နားလည်သည်မှာ ၎င်းတို့အားလုံး ဗမာစကားကို ကျွမ်းကျင်စွာ တတ်ကျွမ်းခြင်းကြောင့် ဖြစ်ကြောင်း၊ ဗမာစကားသည် အများသုံးစကား၊ နိုင်ငံသုံးစကားဖြစ်ကြောင်း၊ သူမအနေနှင့် ရှမ်းစကားဖြင့် ပြောဆိုပါက ရှမ်းများမှလွဲ၍ ကျန်လူများ နားလည်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ထို့ပြင် သူသည် ဗမာစကားကို သင်ကြားတတ်မြောက်ထားပြီး အခြားရှမ်းပြည်သူများကိုမူ သင်ရန် မလိုဟု ဆိုသည်မှာလည်း အဓိပ္ပါယ်မရှိကြောင်း ကျွန်တော်က ထောက်ပြခဲ့ပါသည်။
မွန်ကိုယ်စားလှယ်များက ကျွန်တော်၏တင်ပြမှုကို လှိုက်လှိုက်လှဲလှဲ ထောက်ခံပြီး မေးခွန်းတစ်ခု ထုတ်ခဲ့ပါသည်။ ၎င်းမေးသောမေးခွန်းမှာ “မြန်မာလို့ခေါ်ခေါ် ဗမာလို့ခေါ်ခေါ် ကျွန်တော်တို့ နိုင်ငံဟာ ဗမာလူမျိုးကို ကိုယ်စားပြုပြီး ပေးထားသလို ဖြစ်နေတဲ့အတွက် ကျွန်တော်အနေနှင့် မြန်မာနိုင်ငံ ဒါမှမဟုတ် ဗမာနိုင်ငံဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံတစ်ခုအမည်အနေနဲ့ လက်မခံနိုင်ပါ” ဟု တင်ပြဆွေးနွေးသွားပါသည်။ သူ့တင်ပြချက်ကို ကျွန်တော် တစ်ဦးတယောက် အနေနှင့် လက်ခံပါသည်။ ဟုတ်ပါသည်။ မြန်မာနိုင်ငံဟုခေါ်ခေါ် ဗမာနိုင်ငံဟုခေါ်ခေါ် ၎င်းအမည်သည် ဗမာလူမျိုးကို ကိုယ်စား ပြုနေယောင် ရှိပါသည်။ ထို့ကြောင့် “ခင်ဗျားမှာကော ဒီနာမည်မကြိုက်ရင် ဘယ်လို စဉ်းစားထားတာ ရှိသလဲ” ဟု မေးခဲ့သည့်အခါ ထိုပုဂ္ဂိုလ်က သူ့တွင်လည်း မစဉ်းစားရသေးကြောင်း သို့ရာတွင် လက်ရှိအမည်ကိုမူ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဟု ခံစားရပြီး ဗမာလူမျိုးကိုသာ ကိုယ်စားပြုနေသည်ဟု တင်ပြခဲ့ပါသည်။ ဤအချက်သည်လည်း ဗမာလူမျိုးအပေါ် မကျေနပ်မှု၊ မသိစိတ်နှင့် မုန်းတီးနေမှုတို့မှ အခြေခံလာသည်ဟု ထင်မိသည်။
နိုင်ငံတော်အမည် ပြဿနာ
မွန်ကိုယ်စားလှယ်၏တင်ပြချက်သည် ဗမာလူမျိုးများအားလုံး စဉ်းစားရမည့်အချက်ဖြစ်သည်။ မြန်မာဟုဆိုဆို ဗမာဟုဆိုဆို ၎င်းနာမည်သည် ဗမာလူမျိုးများကို အဓိက ဇောင်းပေး မှည့်ခေါ်ထားသော နာမည် ဖြစ်နေပါသည်။ ထိုကြောင့် အများသဘောတူသည့်နိုင်ငံ့အမည်ကို အနာဂတ်ခေါင်းဆောင်များ စဉ်းစားဖို့ လိုလာသည်။ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်လိုလျှင် ဗမာလွှမ်းမိုးမှုကို ပယ်ဖျက်ရာ၌ နိုင်ငံအမည်သည်လည်း လိုအပ်ပါက ညီညွတ်ရေးအတွက် အလေးအနက်ထား စဉ်းစားသင့်သည်ဟု ထင်သည်။
နိုင်ငံတော်အမည်နှင့်ပတ်သက်၍ သဘောထား
နိုင်ငံတော်အမည်နှင့်ပတ်သက်၍ တင်ပြထားသည့်အတိုင်း
(၁) ညီညွတ်ရေးသည် အဓိကဖြစ်သည်။
(၂) အမည်သည် ပညတ်မျှသာဖြစ်သည်ဟု သုံးသပ်လိုသည်။
နာမည်တစ်ခုကြောင့် ညီညွတ်ရေးပျက်ပြားမည်ဆိုလျှင် အများသဘောကျ၊ ဘဝင်ကျသည့် နာမည်ရွေးချယ်ခြင်းကို ကျွန်တော် ထောက်ခံမည် ဖြစ်သည်။ ဗမာပဲခေါ်ခေါ် မြန်မာပဲခေါ်ခေါ် သုဝဏ္ဏဘုမ္မိဟုပဲ ခေါ်ခေါ် ကြိုက်ရာခေါ်ခေါ် ညီညွတ်ကြလျှင် ငြင်းစရာ မရှိပါ။
သာဓကအားဖြင့် ကမ္ဘောဒီယားနိုင်ငံကို ကွန်မြူနစ်တို့က “ကမ်ပူးခြား” ဟု ပြောင်းလဲလိုက်သည်။ ဗိုလ်ချုပ်သန်းရွှေတို့က Burma ကို Myanmar ဟု ပြောင်းလဲလိုက်သည်။ အင်္ဂလိပ်လို မြန်မာဟု ပြောင်းလိုက်သော်လည်း ဗမာလိုရေးလျှင်မူ Burma နှင့် Myanmar သည် အတူတူပင် ဖြစ်သည်။ အင်္ဂလိပ်လိုရေးသည့်အခါ မြန်မာလူမျိုးကို Burmese ဟု ရေးသား ပြီး Myanmarnese ဟု မရေးသည့်အတွက် တိုင်းပြည်မှာ Burma နှင့် လူမျိုးမှာ Burmese သည် ဆီလျော်မှုရှိပြီး တိုင်းပြည်က Myanmar နှင့် လူမျိုးက Burmese သည် တိုင်းပြည်၏အမည်နှင့် လူမျိုး၏ အမည်တို့သည် ဆီလျော်မှု မရှိကြောင်း တွေ့ရသည်။ ဤအချက်ကိုလည်း စဉ်းစားရန်လိုကြောင်း ထောက်ပြလိုပါသည်။ တိုင်းပြည်နာမည် ပြောင်းလိုက်သော်လည်း စစ်အုပ်စုက ဆက်လက် စိုးမိုးနေသဖြင့် ထူးမခြားနားပင် ဖြစ်သည်။ ထို့ကြောင့် နာမည်ကိစ္စကို အငြင်းမပွားလိုတော့ပါ။ တိုင်းရင်းသားအားလုံးနှင့် ညီညွတ်ရေး ရယူနိုင်သည့်နာမည်ဖြစ်ရေးသည် အဓိကအရေးကြီးသော အချက်ဖြစ်ပါသည်။ ဗမာလူမျိုးကြီးစိုးသည့် နိုင်ငံဟူသောအစွဲ ကွယ်ပျောက်ပြီး ပြည်တွင်းရှိ တိုင်းရင်းသားများအားလုံးက “ငါတို့နိုင်ငံ” ဟူ၍ ဝင့်ကြွားစွာ ပြောဆိုနိုင်သောနာမည်ဖြစ်လျှင် ရည်မှန်းချက် ပြီးပြည့်စုံပါလိမ့်မည်။ ကျွန်တော့်တွင် နာမည်စွဲ မရှိပါ။ ကျွန်တော်သည် ညီညွတ်ရေးကိုသာ လိုလားသည်။
အရေးကြီးဆုံးအချက်မှာ တကယ်စစ်မှန်သည့် ပြည်ထောင်စုစနစ်ကို အများဆန္ဒနှင့်အညီ ညီညွတ်ရေး တည်ဆောက်ခြင်းနှင့် လက်တွေ့ကျကျ ကျင့်သုံးနိုင်ရေးပင် ဖြစ်သည်။ စာရွက် ပေါ်တွင် ရှိသည့် ညီညွတ်ရေးမျိုး၊ စာရွက်ပေါ်တွင် ရေးသားထားသည့် စိတ်ကူးယဉ် (Utopia) လောကနိဗ္ဗာန်မျိုးထက် တကယ့်လက်တွေ့တွင် ပြည်သူပြည်သားများကို လူ့အခွင့်အရေး အပြည့်အဝ ပေးနိုင်သော အုပ်ချုပ်ရေးစနစ်များ ဖြစ်ဖို့သာလိုပါသည်။
မြန်မာပြည်ဖွားများသည် မိမိကိုယ်ကို အလွန်သိဒ္ဓိ တင်လေ့ရှိသူများ ဖြစ်သည်။ ကိုရီးယားများကို “ကကြီး” ဟုလည်းကောင်း၊ ဂျပန်များကို “ခွေး” ဟုလည်းကောင်း နှိမ့်ချခေါ်ဆိုသော်လည်း မိမိကိုယ်ကိုမူ “ရွှေ” ဟု တင်စားကြပါသည်။ ထို့ကြောင့် ကျွန်တော် အကြံထွက်သည်မှာ မြန်မာနိုင်ငံကို “သုဝဏ္ဏဘူမိ” ဟုခေါ်ဆိုလျှင် တိုင်းရင်းသား အများစုက ကျေနပ်ကြပါမည်လားဟု မေးချင်သည်။ သုဝဏ္ဏ= ရွှေ၊ ဘုမ္မိ= မြေ၊ ရွှေမြေဟု အဓိပ္ပါယ်ရသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှု၍ ဤအချက်ကို တတ်သလောက်ကလေးနှင့် စိတ်ကူးယဉ် တင်ပြချက်သာ ဖြစ်သည်။ တိုင်းပြည်နာမည်ကို “နဝတ/နအဖ” တို့က ပြည်သူ့ဆန္ဒ မပါဘဲ ပြောင်းလိုပြောင်း၊ အလံတော်ကို ဖြုတ်လိုဖြုတ် လုပ်နေသော်လည်း အကယ်၍ ဖက်ဒရယ် စစ်စစ်ပြည်ထောင်စုတည်ဆောက်ရာတွင် ပြည်တွင်းရှိ ပြည်သူပြည်သားအားလုံး၏ ဆန္ဒ သဘောထားကို ခံယူ၍ အများကျေနပ်သောနာမည်ကို လက်ခံရယူခြင်းသာလျှင် အကောင်းဆုံး ဖြေရှင်းခြင်း ဖြစ်ပါလိမ့်မည်။
ဗမာလူမျိုးကြီးကို မယုံကြည်ခြင်း၊ လူအင်အားများသော ဗမာများက မိမိပြည်နယ်ငယ်လေးကို ဖိအားသုံး အနိုင်ကျင့်ခြင်းမှ လွတ်ကင်းရန်ဟု ကြံရွယ်ကာ တိုင်းရင်းသားခေါင်းဆောင်များက ပြည်မကို ပြည်နယ် တစ်နယ်အဖြစ် သတ်မှတ်ရေးကို ၁၉၆၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် “အမျိုးသားနှီးနှောဖလှယ်ပွဲ” တွင် အဆိုပြုခဲ့သည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုအချက်သည် တိုင်းရင်းသားများက တိုင်းပြည်၏ ၇၅% ရှိသော ဗမာလူမျိုးများကို ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်၍ တစ်မဲသာပေးပြီး ကျန် ၂၅ % ရှိသော ပြည်နယ် (၇) ပြည်နယ်မှ ခုနစ်မဲ ရယူကာ မြန်မာလူမျိုးများကို မဲခွဲသည့်အခါတိုင်း ခုနစ်မဲ-တစ်မဲဖြင့် ပြည်မ၏ သြဇာအာဏာကို ထိမ်းချုပ်ရန် ကြိုးစားမှုပင် ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ လူမျိုးရေးအမြင်ဖြစ်သော ရှမ်း၊ ဗမာ၊ ကရင်၊ ကချင် စသည့် အစွဲများရှိနေပြီး ဗမာမုန်းတီးရေး (သို့) ဗမာဆန့်ကျင်ရေး (သို့) ဗမာ လွှမ်းမိုးမှုကို မလိုလားသော စိတ်ဓာတ်များ တိုင်းရင်းသားခေါင်းဆောင်များတွင် ကိန်းဝပ် နေခဲ့၍ ဖြစ်သည်။ ပြည်နယ်များနှင့် ပြည်မ ဟူသည့် ကွဲပြားမှုက အားပြိုင်မှုကို ဖြစ်စေခဲ့သည်။ ထိုကိစ္စသည် ဗမာအများစုက လက်ခံသဘောတူနိုင်သည့် တောင်းဆိုမှုတစ်ခုဟု မထင်ပါ။ ပြည်နယ်အားလုံး စုပေါင်းထားသော လူဦးရေထက် ၃ ဆ များနေသော ဗမာအုပ်စုကို တစ်ပြည်နယ် တစ်မဲစနစ်နှင့် သွားမည်ဆိုသည်က လက်တွေ့မကျသော တင်ပြမှုသာ ဖြစ်သည်။ အဓိက ပြဿနာမှာ လူမျိုးစုအမည်ကို အခြေခံသည့် ပြည်နယ်များ ဖြစ်နေကြ၍ ဖြစ်သည်။ ရှမ်းပြည်နယ် တစ်ခုတည်းတွင်ပင် လူမျိုးစု ပြဿနာများစွာ ရှိသည်။ ကျွန်တော်၏ အောက်ပါ ဖြေရှင်းချက်သည် တုံးတိတိ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် ပြည်နယ်ပြည်မ ပြဿနာများအားလုံးကို ဖြေရှင်းပေးနိုင်မည့် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်သည်ဟု မြင်သဖြင့် ဆက်လက်တင်ပြသွားပါမည်။
လူမျိုးစုပြည်နယ်များဖြစ်သော ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့ကိုလည်း လူမျိုးအမည်ခံ ပြည်နယ်များအဖြစ်မှ နယ်မြေကို အခြေပြုသည့်ပြည်နယ်များအဖြစ် ပြောင်းလဲရမည်ဖြစ်သည်။
ထို့အတူ ပြည်မရှိ တိုင်းများကိုလည်း တိုင်းအဖြစ်မှ ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ်ဟူ၍ ကွဲပြားမှု မဖြစ်တော့ဘဲ ပြည်နယ် (၁၄) ပြည်နယ်ဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုအဖြစ် အကောင်အထည် ပေါ်လာမည်ဖြစ်သည်။
ဤနေရာတွင် အဓိကစဉ်းစားတွေးခေါ်ရမည်မှာ မိမိပြည်နယ်တွင် “ငါတို့ ဘာကို လိုချင်သည်” “ငါတို့ လိုချင်သည်ကို ရရှိအောင် ဘာလုပ်သင့်သည်ဆိုသည်” တို့ကို မေးခွန်းထုတ်ပြီး ပြုပြင် ပြောင်းလဲရေးကို ပြုလုပ်သင့်သည်ဟု မြင်သည်။ ထို့ကြောင့် “ငါတို့ဘာလိုချင်တာလဲ။” “ဘာလို့ လက်နက်ကိုင်တိုက်နေတာလဲ။” ဆိုသည့် မေးခွန်းကိုဖြေလျှင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ တန်းတူအခွင့်အရေးရရှိရေးဆိုသည့် အချက်သုံးချက် ထွက်လာမည် ဖြစ်သည်။ ဗမာက တစ်ပြည်နယ်၊ ငါတို့က (၇) ပြည်နယ်ဆိုသည့် ဗမာကို မယုံကြည်၍ ဗမာကိုချုပ်ကိုင်ဖို့ စဉ်းစားတောင်းဆိုနေလျှင် တိုင်းပြည်သည် ရေဆုန် ဆက်မျောနေမည်သာ ဖြစ်သည်။ မိမိတောင်းဆိုနေသော အရာများအားလုံး ရမည်ဆိုလျှင် အဘယ့်ကြောင့် သဘောမတူနိုင်ရမည်နည်း။ မိမိပြည်နယ်ကို လူမျိုးတစ်မျိုး၏ အမည်ခံပြည်နယ်မှ မည်သည့်လူမျိုးကိုမှ အခြေမခံဘဲ နယ်မြေအခြေခံပြည်နယ်သို့ အမည်ပြောင်းလိုက်ခြင်းကြောင့် ထိုနယ်မြေတွင် နေထိုင်သော ပြည်သူအားလုံးသည် မည်သည့်လူမျိုး၏ လွှမ်းမိုးမှုအောက်တွင် မရှိတော့ဘဲ လွတ်လပ်သွားပေမည်။
သာဓကအားဖြင့် ရှမ်းပြည်နယ်ဆိုလျှင် ရှမ်းလူမျိုးတစ်မျိုးတည်းကိုသာ ကိုယ်စားပြုသည့်အတွက် ရှမ်းပြည်နယ်ရှိ ပအိုပ်း၊ ဝ၊ ပလောင် စသည့် အခြားလူမျိုးစုတို့က သူတို့လူမျိုးကို ကိုယ်စားပြုသည့် လူမျိုးစွဲ ပြည်နယ်တောင်းဆိုမှုများ ပေါ်ထွက်လာခဲ့ခြင်းသည် နယ်မြေတည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိသည့်အပြင် လူမျိုးရေးပဋိပက္ခကိုလည်း ဦးတည်စေသည်။ ထိုပြဿနာကို ဖြေရှင်းရန်မှာ သာဓကအားဖြင့် ရှမ်းပြည်နယ်ကို ကမ္ဘောဇပြည်နယ်အဖြစ် အများသဘောတူ အမည်ပြောင်းလိုက်သည် ဆိုပါစို့။ ထိုပြည်နယ်တွင် မှီတင်းနေထိုင်သူများအားလုံးသည် ကမ္ဘောဇပြည်နယ်သားများ ဖြစ်သွားကြမည်။ ထိုအခါ လူမျိုးစွဲ ပျောက်ကွယ်သွားပြီး မိမိပြည်နယ် ကောင်းစားရေးကိုသာ အဓိကထား၍ ဝိုင်းဝန်းလုပ်ဆောင်ကြရင်း ကမ္ဘောဇပြည်နယ်ကြီးကို မိမိပြည်နယ်ကြီးအဖြစ် သတ်မှတ်လာသည့်အခါ လူမျိုးစွဲထက် မိမိနေထိုင်ရာ နယ်မြေအဖြစ် မြတ်နိုးလာပေလိမ့်မည်။ ထိုပြည်နယ်ရှိ လူထုထောက်ခံသည့် လူတော်လူကောင်းများကို ရွေးကောက်ပွဲဖြင့် လွတ်လပ်စွာ မဲပေး၍ ရွေးချယ်တင်မြှောက်ခြင်းဖြင့် ပြည်သူက ယုံကြည် ကိုးစားမှုရှိသော ပြည်နယ်ခေါင်းဆောင်များ ပေါ်ထွက်လာမည်။ ထိုပြည်နယ်သားအားလုံးက ရွေးချယ်တင်မြှောက်လိုက်သော ပြည်နယ် အုပ်ချုပ်ရေးမှူးသည် ထိုပြည်နယ်ကို အုပ်ချုပ်မည်။ ထိုသူသည် လားဟူ၊ ပအိုဝ်း၊ ရှမ်း၊ ဝ၊ အင်းသား စသည့်လူမျိုးစုထဲမှ တစ်ယောက်ယောက် ဖြစ်နိုင်သည်။ ထိုပြည်နယ်သားများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်း ရှိလာမည်ဖြစ်သည်။
ထို့အတူ မြေပြန့်ရှိ တိုင်းများကို ပြည်နယ်များဖြစ် အသွင်ပြောင်းလိုက်သည့်အခါ ထိုပြည်နယ်များရှိ ပြည်သူများက မိမိပြည်နယ်၏ အုပ်ချုပ်ရေးမှူးကို လက်ရှိအစိုးရကျင့်သုံးနေသည့် မိမိ စိတ်ကြိုက် ဖြစ်သူကို တိုက်ရိုက်ခန့်အပ်ခြင်းမျိုး မဟုတ်ဘဲ ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲဖြင့် ရွေးချယ် တင်မြှောက်ခြင်းအားဖြင့် သူ့ပြည်နယ်အကျိုးကို လုပ်ကိုင်ဆောင်ရွက်နိုင်မည့် ခေါင်းဆောင်ကို ရရှိလာမည်ဖြစ်သည်။ ယင်းခေါင်းဆောင်သည် တိုင်းရင်းသားများကို နှိမ်ဖို့၊ မတရား ဝင်ရောက် တိုက်ခိုက်ဖို့ စဉ်းစားနိုင်မည် မဟုတ်သလို အခြားပြည်နယ်ရှိ တိုင်းရင်းသားများကို တိုက်ခိုက်မည် ဆိုပါကလည်း ၎င်းကို ဟန့်တားကန့်ကွက်နိုင်သဖြင့် မတရားမှုများကို ယခင်ကကဲ့သို့ ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။ မိမိပြည်နယ် တိုးတက်ရေးကိုသာ ဇောက်ချပြုလုပ်သည့် တာဝန်သာ ရှိသည်။ ထိုအခါ ပြည်နယ် (၁၄) ပြည်နယ်မှ ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် မိမိပြည်နယ် ကောင်းစားရေးလုပ်ရင်း ပြည်နယ်များ တိုးတက်ဖွံ့ဖြိုးလာမည်။ ကိုယ့်ပြည်နယ် အတွက် ကိုယ်လိုချင်သည့်အခွင့်အရေးများ ရရှိလာပါက လုံလောက်မည်ဖြစ်သည်။ ထို့ကြောင့် တိုင်း (၇) တိုင်းကို အားလုံးပေါင်းပြီး တစ်ပြည်နယ်ဆိုသည့် စိတ်ကူးယဉ် တောင်းဆိုမှုသည် အကောင်အထည်ပေါ်၊ သဘောတူညီချက် ရနိုင်ရန် အခွင့်အလမ်း လုံးဝမရှိဟု မြင်မိသည်။
ဗမာကို မယုံကြည်၍ ဗမာကို ချုပ်ကိုင်ဖို့ ကြိုးစားရင်း ကိုယ့်မူလရည်ရွယ်ချက်နှင့်ဝေးကာ ပြည်တွင်းစစ် သံသရာ ဝဲဂယက်ထဲတွင် တဝဲလည်လည် ဖြစ်ခြင်းဖြင့် ပြည်တွင်းရှိ နေထိုင်သူ အားလုံး လုံးပါးပါးပြီး သဘာဝသံယံဇာတများကို ပြည်ပနိုင်ငံများက ဈေးပေါပေါဖြင့် တတိတိ ထုတ်ယူရင်း “လှေခွက်ချည်းကျန် အလံမလှဲဘူး” ဆိုသည့်ဘဝကို အားလုံး ရင်ဆိုင်ရပေလိမ့်မည်။ မည်သည့် ဖက်ကမှ အနိုင်မရဘဲ အိမ်နီးချင်းများ၏ ဂုတ်သွေးစုတ်ခြင်း၊ စီးပွားရေးကျွန်ပြုခြင်းကိုသာ ခံရပေလိမ့်မည်။
အမေရိကန်ပြည်ထောင်စု၏ဖက်ဒရယ်စနစ်သည် လူမျိုးစုတို့ကို အခြေမခံဘဲ ပြည်နယ်အခြေခံ၍ တည်ဆောက် ထားခြင်းကြောင့် မည်သည့်လူမျိုးစု ပြဿနာမှ ကြီးကြီးကျယ်ကျယ် မကြုံတွေ့ရ သော်လည်း လူဖြူ-လူမဲ ပြဿနာကတော့ အကျွင်းအကျန်အဖြစ် ရှိနေသေးသည်။ လူဖြူ လူများစုက အခွင့်အရေးပို၍ ရနေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုရနေခြင်းကို ထိန်းညှိရန် အတွက် လူနည်းစုရပိုင်ခွင့်များ (Minority Rights) ကို ဥပဒေထဲတွင်လည်းကောင်း၊ ပြည်နယ် အုပ်ချုပ်ရေးအတွက်လည်းကောင်း ထည့်ပေးထားခြင်းဖြင့် လူနည်းစုများ အခွင့်အရေးကို ကာကွယ်ပေးထားသည်။ မည်သည့် ဥပဒေ၊ နည်းဥပဒေတို့ဖြင့် လူနည်းစုလူမျိုးစုတို့ကို မြှင့်တင် ပေးမည်ဆိုသည်ကို နောင်တိုင်းရင်းသား ပေါင်းစုံညီလာခံကြီးတွင် ဆွေးနွေးညှိနှိုင်းကြဖို့ လိုပေသည်။
ခေတ်သစ် ပင်လုံစာချုပ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဗမာ့အဖွဲ့အစည်းများ တက်ရောက်သည့် မဲသရောထဆွေးနွေးပွဲမှ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းအပေါ် ထို “မဲသရောထ ကြေညာစာတမ်း” နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ပင်လုံညီလာခံဟာ တိုင်းရင်းသားခေါင်းဆောင်များက စာရွက်ပေါ်မှာတင် ရေးထိုးခဲ့ကြတာမဟုတ် ၎င်းတို့ရဲ့ နှလုံးသားပေါ်မှာ စည်းလုံးညီညွတ်မှုကို ယုံကြည်ပါတယ်ဆိုပြီး ထိုးထားတဲ့ စာချုပ်ဖြစ်တယ်။ အခုအချိန်မှာ စစ်မှန်တဲ့တိုင်းရင်းသား ညီညွတ်မှုကို မစွမ်းဆောင်နိုင်တဲ့အတွက် ပြည်ထောင်စုလို့ အခေါ်ရ ခက်နေပါတယ်” ဟု ဝန်ခံခဲ့သည်။ “ဒါကြောင့် စစ်မှန်တဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့အတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဟာ မိမိတို့ မကျေနပ်မှုတွေ၊ သဘောမတူညီမှုတွေကို ပွင့်ပွင့်လင်းလင်း အန္တရာယ် မရှိဘဲနဲ့ တင်ပြပေးနိုင်တဲ့ ဆွေးနွေးမှုရှိတဲ့ စနစ်တစ်ခု ရှိဖို့လိုတယ်” ဟု ဆက်လက် ပြောကြားခဲ့ပါသည်။ “တိုင်းရင်းသားတွေ ပြည်ထောင်စုပေါ်မှာ ယုံကြည်မှု ကင်းမဲ့လာတာက အင်မတန် ဝမ်းနည်းဖို့ကောင်းတယ်” ဟုလည်း ရင်ဖွင့်ခဲ့ပါသည်။ “မဲသရောထ ကြေညာစာတမ်း” တွင်ပါသော တိုင်းရင်းသားများ လိုလားချက်ဖြစ်သည့်-
(၁) စစ်အာရှင်စနစ် ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်။
(၂) ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးရန်။
(၃) လူမျိုးတိုင်း တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ရရှိရန်။
(၄) ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန် စသည်တို့ ဖြစ်သည်။
“မဲသရောထ ကြေညာစာတမ်း” ပါ အထက်ပါ အချက် (၄) ချက်သည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်လိုသူများ မငြင်းပယ်နိုင်သည့် အချက်ကြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၎င်းအချက်များကို အများပြည်သူ ရှေ့မှောက်တွင် ဖတ်ပြပြီး ထောက်ခံခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသား ခေါင်းဆောင်များက ချစ်ခင်လေးစား ထောက်ခံကြ သည်ဟု ဆိုလျှင် မမှားနိုင်ပါ။
၂၁ ရာစု ပင်လုံစာချုပ်ဟု ဆိုရာ၌ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် တူနိုင်တော့မည် မဟုတ်ပါ။ သို့ရာတွင် အဓိကမူဖြစ်သော-
(၁) တန်းတူညီမျှရေး။
(၂) ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေး။
(၃) စစ်မှန်သော ဖက်ဒရယ် နိုင်ငံတော်ကြီး တည်ဆောက်ရေးဆိုသည့် မူများကိုတော့ ပြောင်းလဲ နိုင်မည် မဟုတ်သလို၊ ငြင်းပယ်လို့လည်း မရနိုင်ပါ။
ဆက်လက်ဖော်ပြပါမည်။
About Author
Htun Aung Gyaw is a former Chairman of the All Burma Students Democratic Front (ABSDF), who went to the US in the early 90s and got a Master’s degree at Cornell University. He was a political prisoner from Burma and spent his life in Burma’s notorious Insein prison from 1975 to 1980. He wrote so many articles about Burma. His book about his revolutionary experience as the chairman of ABSDF was published in October 2015.