• Today is: Sunday, May 29, 2022

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း (၃) 

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း (၃) 

ထွန်းအောင်ကျော်
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် ပါရှိသည့် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ကို ယနေ့ တိုင်းရင်းသား ခေါင်းဆောင်များက ပစ်ပယ်လိုက်ပြီး ပြည်ထောင်စုကြီးအဖြစ် မခွဲမခွာဘဲ ရပ်တည်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု (NDF (National Democratic Front)) တွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများက အတိအလင်း ထုတ်ဖေါ်ပြောကြားခဲ့ပြီးဖြစ်သည်။ ထို့ပြင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC: United National Federal Council) ကလည်း မြန်မာပြည်ကြီးမှ ခွဲထွက်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုအချက်သည် ဗမာလူမျိုးများဖက်မှ တိုင်းပြည် ပြိုကွဲမည်ကို စိုးရိမ်ကြောင့်ကျနေသောစိတ်ကို ငြိမ်းအေးသက်သာရာရစေသည်ဟု မြင်သည်။
နဝတ/နအဖ လက်ထက် ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ယနေ့ အခြေအနေတွင် ငြိမ်းချမ်းရေး ပျက်သည့်အဖွဲ့ကပျက်ပြီး ယခင်က မရခဲ့သည့်အဖွဲ့များက ရရှိလာသည့် အနေအထားသို့ ဆိုက်ရောက်လျက် ရှိသည်။ သာဓကအားဖြင့် ကချင်နှင့် ပြန်တိုက်ပြီး ကရင်နှင့် ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ”ဝ” နှင့်လည်း တင်းမာမှုများ ဖြစ်ပေါ်နေခဲ့သည်။ အက်စ်အက်စ်အေ (ရှမ်းပြည်တပ်မတော်) နှင့် ငြိမ်းချမ်းရေး ယူထားပါသည်ဟု ဆိုသော်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်လျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် နအဖနှင့် ရယူထားသည့် ငြိမ်းချမ်းရေးသည် ယာယီအပစ်အခတ် ရပ်ထားသည့် ငြိမ်းချမ်းရေး ကာလတစ်ခုသာ ဖြစ်သည့် အတွက် ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်မှာ တိုင်းရင်းသားများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် တန်းတူညီမျှရေးသည် အလွန်အရေးကြီးသည်။ ထိုအချက်တို့ကို စားပွဲဝိုင်းတွင် မဖြေရှင်းနိုင်သရွေ့ ပြေလည်နိုင်လိမ့်မည် မဟုတ်ချေ။
နအဖက ကျင်းပပြုလုပ်သော အမျိုးသားညီလာခံတွင် တိုင်းရင်းသားများကို တက်ရောက် ခွင့်ပြုသော်လည်း လေ့လာသူများ အနေဖြင့်သာ တက်ရောက်ခွင့် ပြုခဲ့ပြီး၊ ဆွေးနွေးခွင့်ရသည့် အနည်းစုမှာလည်း နအဖကချပေးသည့် အကြောင်းအရာထက်ပို၍ တင်ပြခွင့် မရခဲ့သည့်အတွက် အများသဘောတူညီသော အချက်အလက်များ ပါမလာခဲ့ချေ။ ထို့ကြောင့် ၎င်းတို့လိုလားသည့် အဓိက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်အုပ်ချုပ်ပုံ မပါဝင်သဖြင့် ၎င်း ၂၀၀၈ အခြေခံဥပဒေဖြင့် အုပ်ချုပ် နေသော အစိုးရသစ်သည် တိုင်းရင်းသားများသာမက ဗမာ့နိုင်ငံရေး ပါတီများအတွက်လည်း လက်ခံနိုင်စရာ မရှိခဲ့ပေ။
တစ်ခုတည်းသော တပ်မတော်
အမေရိကန်နိုင်ငံသည် ဖက်ဒရယ်အုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရေးဆွဲထားခြင်းဖြစ်ပြီး ပြည်နယ်တိုင်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိသည်။ ပြည်နယ်တစ်ခုချင်းစီ၏ အခြေခံဥပဒေသည်၊ အခြားပြည်နယ်၏ဥပဒေများနှင့် တူညီချင်မှ တူညီနိုင်သော်လည်း ဖက်ဒရယ်အခြေခံဥပဒေနှင့် ဆန့်ကျင်ဖက်ဖြစ်လျှင် ဖက်ဒရယ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ ဖက်ဒရယ်အစိုးရသည် ဗဟိုအစိုးရ ဖြစ်သည်။ ပြည်နယ်အစိုးရသည် ၎င်းပြည်နယ်ရှိ ပြည်သူများက ရွေးချယ် တင်မြောက်သည့်သူသည် ဘုရင်ခံ (Governor) ဖြစ်သည်။ ပြည်နယ်တိုင်းတွင် အထက် လွှတ်တော်အမတ်နှစ်ဦးနှင့် လူဦးရေ အလိုက် အောက်လွှတ်တော် အမတ်များကို ရွေးချယ်ပေး ရသည်။ သမ္မတကို ပြည်နယ်အားလုံးမှ ပြည်သူများက တိုက်ရိုက် ရွေးချယ်ခွင့် ရှိသည်။ သမ္မတသည် ပြည်နယ်အားလုံး၏ ရွေးချယ်တင်မြှောက်မှုကြောင့် ဖက်ဒရယ်အစိုးရကို ဦးဆောင်သည်။
သမ္မတဖြစ်သူသည်စစ်ရေးအတွေ့အကြုံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်သူကရွေးချယ်လျှင် သမ္မတဖြစ်သည်။ ဖက်ဒရယ် ပြည်ထောင်စုတွင် တပ်မတော် ဦးစီးချုပ်သည် သမ္မတဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုတွင် တပ်မတော် တစ်ခုတည်းသာရှိပြီး ပြည်နယ်များတွင် ကိုယ်ပိုင်တပ် မရှိချေ။ တပ်မတော် တစ်ခုတည်းသာ ရှိရမည့်မူကို ကျွန်တော် လက်ခံပါသည်။ လက်ရှိအစိုးရ သည်လည်း တစ်ခုတည်းသောတပ်မတော် ဖြစ်စေရန် ကြိုးစားသည့်သဘောဖြင့် နယ်ခြားစောင့်တပ်ဟု ဆိုသည့် ဝေါဟာရကို သုံးပြီး တိုင်းရင်းသားငြိမ်းအဖွဲ့များကို ၎င်း၏ လက်အောက်ခံ တပ်အသွင် ကူးပြောင်းရန် ကြံရွယ်ခြင်း ဖြစ်သည်။ မူအားဖြင့် ဟုတ်သလို ရှိသော်လည်း အစိုးရ၏ တစ်ခုတည်းသော တပ်မတော် ဖြစ်ပေါ်ရန် လုပ်ဆောင်မှုသည်-
(၁) အများလက်ခံနိုင်သည့် အခြေခံဥပဒေ မဟုတ်ခြင်း။
(၂) တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို ပစ်ပယ်လျစ်လျူရှုထားခြင်း။
(၃) တွေ့ဆုံဆွေးနွေး အဖြေရှာရေးထက် စစ်အာဏာကို သုံးခြင်း။
(၄) တိုင်းရင်းသား ရပိုင်ခွင့်ဖြစ်သည့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် အာမခံချက် လုံးဝမရှိခြင်း။
(၅) အခြေခံဥပဒေတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထည့်သွင်းရေးဆွဲမထားခြင်းတို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လက်နက် စွန့်လွှတ်ရန် ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်ဟု သုံးသပ်ပါသည်။
အကယ်၍ အများသဘောတူ စစ်မှန်သော ဖက်ဒရယ်အခြေခံဥပဒေကို တိုင်းရင်းသားများအားလုံး ညှိနှိုင်းရေးဆွဲခွင့်ရပြီး အပြန်အလှန် အလျော့အတင်း ညှိနှိုင်းနိုင်ကြလျှင် အများလက်ခံသည့် အခြေခံဥပဒေပေါ်ပေါက်လာပြီး ထိုမှတဆင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ပြုလုပ်ပေးခြင်းဖြင့် အများထောက်ခံမှုဖြင့် တက်လာသောအစိုးရကို ဖန်တီးနိုင်မည် ဖြစ်သည်။ တိုင်းရင်းသားများ၏ရပိုင်ခွင့် အပြည့်အဝရှိလျှင် မည်သည့်တိုင်းရင်းသားများကမှ လက်နက်ကိုင် တပ်များ လိုအပ်တော့မည်မဟုတ်ဘဲ ဖက်ဒရယ်တပ်မတော်ကသာ တိုင်းပြည်၏ ကာကွယ်ရေးကို တာဝန်ယူသွားလိမ့်မည်ဖြစ်သည်။ ပြည်နယ်များတွင် ရဲတပ်ဖွဲ့များကသာလက်နက်ကိုင်တပ်ဖွဲ့အဖြစ် တည်ရှိပေလိမ့်မည်။
ယနေ့နိုင်ငံရေး အခြေအနေနှင့် ဖက်ဒရယ်စိတ်ဓာတ်
ယနေ့ နိုင်ငံရေး အခြေအနေသည် တစ်ချိန်ချိန်တွင် ပြည်တွင်းစစ်ဆီသို့ ပြန်လည် ဦးတည် သွားနိုင်သည်ဟု သုံးသပ်သည်။ ကချင်တပ်များ၊ ဝတပ်များ၊ ရှမ်းတပ်များ၊ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားခြင်းမှ ပျက်ပျယ်သလိုဖြစ်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း ရုပ်ပျက်ဆင်းပျက် မဲလိမ်မဲခိုးမှုများ၊ ကြိုတင်မဲများဖြင့် စံချိန်တင်လောက်အောင် သမိုင်းတွင်ရစ်မည့် ဗြောင်လိမ် ဗြောင်စား လုပ်ရပ်ဖြင့် ပြီးစီးသွားခဲ့သော်လည်း သမ္မတ ဦးသိန်းစိန်က အများမထင်မှတ်သော ပြုပြင်ပြောင်းလဲရေးတို့ကို ရဲရဲတင်းတင်း လုပ်ခြင်းဖြင့် ပြည်တွင်း နိုင်ငံရေးအင်အားစုများနှင့် စစ်ဗိုလ်လူထွက်အစိုးရကြား နိုင်ငံရေးတင်းမာမှုကို ပြေလျော့လာစေခဲ့သည်။
ရွေးကောက်ပွဲ ပြုလုပ်စဉ်ကာလ DKBA နှင့် နအဖတို့ မြဝတီတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ ရှမ်းပြည်နယ်တွင် SSA နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း၊ ကချင်ပြည်နယ်တွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ခဲ့ခြင်း၊ ဝတပ်များကလည်း ၎င်းတို့နယ်မြေကိုဖြတ်သန်းပြီး အစိုးရတပ်များကို ရိက္ခာပို့ခြင်းကို ခွင့်မပြုသည့်အတွက် တင်းမာမှု ဖြစ်လာခြင်းတို့သည် ပြည်တွင်းစစ်မီး အချိန်မရွေး ထတောက် လာနိုင်သည့် အနေအထား ရှိနေသည်။ ငြိမ်းချမ်းရေး ယူထားသည့် ကာလတွင် ၎င်းတို့ နယ်မြေတွင် တည်ဆောက်ထားခဲ့သော အဆောက်အအုံများ၊ လမ်းများ၊ တံတားများ ပြည်တွင်းစစ် ဖြစ်လာလျှင် အားလုံးပျက်စီးကြဖို့ ရှိသဖြင့် တိုင်းရင်းသားများသည် စစ်ဖြစ်ရန် မလိုလားချေ။ သို့ရာတွင် ၎င်းတို့လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရလျှင် လက်နက်ကိုင် လမ်းစဉ်ကို မျက်စိမှိတ်ပြီး စွန့်လွှတ်ရန်လည်း မဖြစ်နိုင်ချေ။
ထိုကဲ့သို့ လိပ်ခဲတည်းလည်း ဖြစ်နေသောအချိန်တွင် ပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုများ၊ ပြည်တွင်း/တောတွင်း တိုင်းရင်းသား ခေါင်းဆောင်များ၊ အစိုးရနှင့် စစ်ခေါင်းဆောင်များ စတင် ဆွေးနွေးမှု ပြုပြီး တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အဖြေရှာကြဖို့ လိုပေသည်။
ထိုကြောင့် ပင်လုံညီလာခံကဲ့သို့အင်အားစုများအားလုံးပါဝင်သောညီလာခံကြီး ဖြစ်ပေါ်လာစေရန် စစ်ခေါင်းဆောင်များဖက်မှ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပင်လုံစိတ်ဓာတ်ရှိသူ ခေါင်းဆောင်များ ပေါ်ထွက်လာဖို့ လိုအပ်သည်။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များထဲမှလည်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်အစွဲမှ ကင်းလွတ်ပြီး တစ်နိုင်ငံလုံးအကျိုးအတွက် ပြုလုပ်မှ ငါတို့လည်း လွတ်မြောက်မယ်ဆိုသည့် နိုင်ငံနှင့်ချီသည့် ဦးဆောင်မှုကို ပြောင်းလဲ ကြိုးစားကြဖို့ လိုပေသည်။ မိမိပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံ တိုးတက်ရေးထက် မိမိလူမျိုး တစ်မျိုးတည်းအတွက်သာ ဦးတည် လုပ်ဆောင်ပါက ဒေသတွင်းတွင်ပင် လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သည်။ အချို့တိုင်းရင်းသားခေါင်းဆောင်များတွင် မိမိခေါင်းဆောင်မှု ရရှိရေးအတွက် လူမျိုးရေး လှုံ့ဆော်မှုကို လုပ်ပြီး ခေါင်းဆောင်မှုရအောင် ယူတတ်ကြသည်။ ထိုကဲ့သို့သော လူမျိုးများသည် တိုင်းပြည် အတွက်ရော ၎င်းကိုကိုယ်စားပြုသည့် ပြည်နယ်အတွက်ရော အလွန်အန္တရာယ် ကြီးပါသည်။
ဗမာအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ ကိုယ့်လူမျိုး သူ့လူမျိုး အမြင်ထက် တစ်နိုင်ငံလုံးရှိ သူူများသည် မိမိနိုင်ငံသားများ ဖြစ်ကြသည် ဆိုသည့် အမြင်ရှိဖို့ လိုပါသည်။ ထိုအမြင် ထိုအတွေးရှိမှသာ တစ်နိုင်ငံလုံးအရေးကို စေတနာထား၍ လုပ်နိုင်မည် ဖြစ်သည်။
ခေါင်းဆောင်ဆိုသည်မှာ ရေရှည်အမြင်ရှိသူဖြစ်ခြင်း၊ သဘောထားကြီးသူ ဖြစ်ခြင်း၊ မှန်ကန်သည်ဟု ယုံကြည်လျှင် ပြတ်သားစွာ ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်သူဖြစ်ခြင်း၊ မှားမှန်း သိလျှင်လည်း ဝန်ခံ၍ ပြင်ဆင်ရန် ဝန်မလေးသူ ဖြစ်ခြင်း၊ အများကောင်းစားရေးကို ရှေးရှုသူ ဖြစ်ခြင်း၊ မိမိကိုယ်ရေးကိုယ်တာထက် တိုင်းပြည်အရေးကို ဦးထိပ်ပန်ဆင်လျက် ကိုယ်ကျိုး စွန့်နိုင်သူဖြစ်ခြင်းဆိုသည့် အချက်များနှင့် ညီညွတ်မှု ရှိမှသာ ခေါင်းဆောင်ကောင်း မည်ပါသည်။
ထို့ကြောင့် မြန်မာပြည်ရှိ ခေါင်းဆောင်များသည်-
(၁) တစ်နိုင်ငံလုံး အကျိုးစီးပွားကို ကြည့်ပြီး လူမျိုးရေးဝါဒကို စွန့်ပစ်နိုင်ရမည်။
(၂) နိုင်ငံအတွင်းရှိ လူမျိုးစုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဘာသာစကား စာပေတို့ကို မပျောက်ပျက်ရန် ထိန်းသိမ်းခြင်းသည် တာဝန်တရပ်အနေနှင့်လည်းကောင်း၊ မိမိ ကိုယ်တိုင်က နှစ်နှစ်ကာကာ လုပ်သင့်သည်ဟု ယုံကြည်၍လည်းကောင်း သဘောတူ လုပ်ဆောင်ခြင်း ဖြစ်ဖို့လိုသည်။
(၃) ပြည်နယ်အားလုံး တိုးတက်ဖွံ့ဖြိုးမှု ညီမျှမှု ရှိအောင်လည်း သမာသမတ်ကျကျ ပြုလုပ်နိုင်သည့် မျှတသည့် စိတ်ထားလည်း ရှိရမည်။ သာဓကအားဖြင့် ချင်းတောင်တန်း ဖွံ့ဖြိုးမှုသည် အခြားပြည်နယ်များထက် နိမ့်ကျနေပါက ဖက်ဒရယ်ဗဟိုအစိုးရမှ ချင်းတောင်တန်းကို ဖွံ့ဖြိုးရေးအတွက် ပိုမို ထောက်ပံ့ပေးခြင်းဖြင့် ချိန်ခွင်လျှာကို ထိန်းညှိ ပေးနိုင်သည်။ အဓိက အရေးကြီးသောအချက်မှာ ဖက်ဒရယ်နိုင်ငံတော်ကြီး ပေါ်ပေါက် လာရန် ဆွေးနွေးညှိနှိုင်းကြသော အဖွဲ့အစည်းများသည် မိမိ လိုလားချက်များကို အသေ ဆုတ်ကိုင်ထားခြင်း မပြုဘဲ အလျော့အတင်း (Compromise) ပြုလုပ်နိုင်သည့် သဘောထားနှင့် ပျော့ပြောင်းမှု (Flexible) ရှိဖို့ လိုသည်။ ထိုကဲ့သို့ အလျော့အတင်း ပြုလုပ်နိုင်သည့် စိတ်ဓါတ်ကို မွေးမြူနိုင်မှသာ ဆွေးနွေးပွဲများ အောင်မြင်နိုင်မည်ဖြစ်သည်။ မည့်သည့်အရာမျှ အလျော့မပေးဆိုသည့် စိတ်ဓါတ်ဖြင့် ဆွေးနွေးခြင်းသည် အောင်မြင် နိုင်သည့် နည်းလမ်း မဟုတ်သလို၊ ဆွေးနွေးပွဲဟူ၍လည်း မခေါ်ဆိုနိုင်ပါ။ တောင်းဆိုပွဲသာ ဖြစ်ပါလိမ့်မည်။
(၄) မြန်မာပြည်တွင်းရှိ နေထိုင်နေသည့် ပြည်သူများအားလုံးသည် တန်းတူညီမျှရှိမှု၊ လွတ်လပ်ပိုင်ခွင့်တို့ကို လေးစားမြတ်နိုးရမည်။
(၅) လူမျိုးစု တစ်စုနှင့် တစ်စု ပဋိပက္ခ ဖြစ်စေနိုင်မည့် လူမျိုးရေးအရ နှိမ့်ချခြင်း(Racial Discrimination)၊ စော်ကားခြင်း(insult) တို့ကို ရှောင်ရမည်။
(၆) လူမျိုးစုအခြေခံ ပြည်နယ်များမှ နယ်မြေအခြေခံ ပြည်နယ်များအဖြစ်သို့ ရဲဝံ့စွာ ပြောင်းလဲ၍ သွေးစည်းမှုကို တည်ဆောက်ရမည်။
လွတ်လပ်ရေးရပြီးခါစ မြန်မာပြည်တွင် ပြည်တွင်းစစ်တောက်လောင်စဉ်က ရည်မှန်းချက်နှင့် ယနေ့ရည်မှန်းချက်တို့သည် သိသိသာသာ ကွာခြားသွားခဲ့ပြီဖြစ်သည်။ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေးသည် ဒီမိုကရေစီရရှိရေးမဟုတ်။ ကွန်မြူနစ်ပါတီ၏ တစ်ပါတီ အာဏာရှင်စနစ်ကို အလုပ်သမား၊ လယ်သမား လူတန်းစား အခြေပြု၍ တည်ဆောက်ရန် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ကရင်ပုန်ကန်မှုသည် ဗြိတိသျှနယ်ချဲ့တို့၏ Divide and Rule Policy အရ ပြည်နယ်ပြည်မ သွေးခွဲအုပ်ချုပ်သွားခြင်း၏ ရလာဒ် ဖြစ်သည်။ ရှမ်းစော်ဘွားများ၏ ခွဲထွက်ပိုင်ခွင့် တောင်းဆိုမှုကလည်း ပဒေသရာဇ်စနစ်ကို ထူထောင်၍ မိမိပြည်နယ် မိမိအုပ်ချုပ်ပြီး သားစဉ်မြေးဆက် အမွေဆက်ခံနိုင်ရေး ဖြစ်သည်။ ဒီမိုကရေစီ ရရှိရေးအတွက် မဟုတ်ပေ။
ယနေ့ တောင်းဆိုတိုက်ပွဲဝင်နေခြင်းသည် ထိုအယူအဆတို့နှင့် လားလားမျှ မသက်ဆိုင်သည့် ဒီမိုကရေစီစနစ် တည်ထောင်ရေး ဖြစ်သဖြင့် များစွာကွာခြားလှသည်။ မြန်မာနိုင်ငံရေးသည် ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းကို ဆန့်ကျင်၍မရ။ ထိုရေစီးကြောင်းအတိုင်း လိုက်ရမည်သာ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ဒီမိုကရေစီစနစ်ကို အားလုံးက ဦးတည် သွားနေကြသည်။ ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကသာ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးနိုင်မည် ဆိုသည်ကို အာဏာရှင်နိုင်ငံနှင့် ကွန်မြူနစ်နိုင်ငံများပါ အကုန် သိရှိလာကြပြီး ငြင်းပယ်နိုင်၍ မရဘဲ ဖြစ်လာသည်။ ပြည်သူများ၏ ဖိအားကလည်း များလာသည့်အခါ တရုတ်နိုင်ငံဆိုလျှင် အာဏာရှင်နိုင်ငံဖြစ်သော်လည်း ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးလာရသည်။ ကွန်မြူနစ်စနစ်ဟုသာ ကြေညာထားရသော်လည်း ကွန်မြူနစ် အတွေးအခေါ်ကို ဆန့်ကျင်သောပုဂ္ဂလိက ပိုင်ဆိုင်မှုများကို ပေးလာရသည်။ မြန်မာပြည် သည်လည်း ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းထဲတွင် မသွားမဖြစ် တွန်းအားကြောင့် သွားရမည် ဖြစ်သည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ မပြောင်းချင်သော်လည်း စစ်အာဏာရှင်တို့၏ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် သွားသော ဆိုရှယ်လစ်စနစ်သည် ၁၉၈၇ ခုနှစ်တွင်မြန်မာနိုင်ငံကိုကမ္ဘာ့ အဆင်းရဲဆုံး လူမွဲနိုင်ငံ အဖြစ်သို့ ရောက်ရှိသွားအောင် လုပ်ပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သမိုင်းပေး သင်ခန်းစာအရ စစ်ခေါင်းဆောင်တို့သည်၎င်းတို့လုပ်ရပ်မှားကို မဖြစ်မနေ ပြင်ရမည် ဖြစ်သည်။ တိုင်းပြည်ချစ်စိတ်နှင့် ဟုတ်ချင်မှ ဟုတ်မည်ဖြစ်သော်လည်း ယင်းကဲ့သို့ မလုပ်လျှင် တိုက်စားမှုကို ခံသွားရမည်။ ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းသည် အာဏာရှင်စနစ်များ တဖြုတ်ဖြုတ်ကြွေကျ၍ ဒီမိုကရေစီနိုင်ငံများသို့ အသွင်ပြောင်း နေသည့် ခေတ်ဖြစ်သည်။ ထို့အတူ IT နည်းပညာခေတ်ကို ရောက်နေပြီဖြစ်၍ သတင်းမှောင်ချ၍ အာဏာကို ချုပ်ကိုင် ထားသောခေတ် ကုန်ပြီဖြစ်ကြောင်း အာဏာရှင်များ ကိုယ်တိုင်က သိမြင်နေပြီ ဖြစ်သည်။ ထို့ကြောင့် တိုးတက်သော ကမ္ဘာ့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးချ၍ မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံး လက်တွဲ ညီညီဖြင့် လုပ်ဆောင်ကြမည်ဆိုလျှင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်လာရန် မဝေးတော့ပါ။
နိဂုံး
ကမ္ဘာ့ပေါ်ရှိနိုင်ငံများက အမေရိကန်နိုင်ငံ၏ တိုးတက်မှုကို အားကျကြသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများကလည်း အမေရိကန်နိုင်ငံလို ဖြစ်ချင်ကြသည်။ အမေရိကန်နိုင်ငံသည် ဖက်ဒရယ်စစ်စစ် နိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံသား စစ်စစ်များသည် ဌာနေ အမေရိကန်များ (Native Americans) ဟု ခေါ်သော Red Indians များ ဖြစ်သည်။ ၎င်းတို့သည် အသားနီစပ်စပ်နှင့် ကုလားရုပ်ပေါ်နေ၍ လူဖြူများက Red Indians ဟု ခေါ်ဝေါ်ခဲ့သည်။ နောင်တွင် ဌာနေ လူမျိုးစုတို့က Red Indians (ကုလားနီများ) အခေါ်အဝေါ်သည် ၎င်းတို့ကို နှိမ့်ချထားသည်ဟု ကန့်ကွက် ပြောဆိုလာသဖြင့် ဌာနေအမေရိကန်များ (Native Americans) ဟု ပြောင်းလဲ သုံးစွဲလာကြသည်။ ၎င်းဌာနေလူမျိုးစုတို့က လူဖြူများ ၎င်းတို့နိုင်ငံသို့ အခြေချ နေထိုင်လာသဖြင့် ၎င်းတို့မှာ လူနည်းစု ဖြစ်လာရသည်ကို ထောက်ပြ၍ ၎င်းတို့၏ လူနည်းစု အခွင့်အရေး၊ ယဉ်ကျေးမှု ထိန်းသိမ်းရေးတို့ကို တောင်းဆိုတင်ပြလာမှုအပေါ် အစိုးရက ၎င်းတို့ အတွက် အထူးရန်ပုံငွေများ၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် စီးပွားရေးလုပ်ကွက်များကို ပေးခဲ့ရသည်။ ယခုအခါ ၎င်းတို့သည် မိမိကိုယ်ကိုယ် အမေရိကန်များအဖြစ် ခံယူနေကြပြီ ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာအရပ်ရပ် အထူးသဖြင့် ဥရောပမှ အခြေချသူများ လာရောက် အခြေချခြင်းမှ လူနီနေထိုင်သော နိုင်ငံမှ လူဖြူများကြီးစိုးသော နိုင်ငံအဖြစ်သို့ ပြောင်းလဲလာသည့် နိုင်ငံဖြစ်သည်။ ဥရောပမှ အင်္ဂလိပ်များ၊ ပြင်သစ်များ၊ ဂျာမန်များ၊ ပေါ်တူဂီများ၊ အီတာလျံများ၊ ဒတ်ချ်များ အုပ်စုလိုက် ပြောင်းရွှေ့အခြေချလာခြင်းဖြင့် နိုင်ငံသစ် ထူထောင်လိုသူများ ပေါင်းစည်း နေထိုင်ကြပြီး ပေါ်ပေါက်လာသော နိုင်ငံတော်ကြီးဖြစ်သည်။
ပထမတွင် အမေရိကန်နိုင်ငံသည် ဗြိတိသျှလက်အောက်ခံနိုင်ငံ ဖြစ်ခဲ့သည်။ အခြေချ နေထိုင်သူများက ဗြိတိသျှတို့ကို တော်လှန်ပြီး လွတ်လပ်ရေးကို ရယူခဲ့သည်။ ထို့နောက် ဖက်ဒရယ်နိုင်ငံတော်ကြီးကို တည်ထောင်ရန် ကွဲပြားနေသော ပြည်နယ်များကို စုပေါင်းပြီး အခြေခံ ဥပဒေကို ရေးဆွဲခဲ့သည်။ အမေရိကန်နိုင်ငံ၏ Federalist paper သည် ထင်ရှားသော စာတမ်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။ အမေရိကန်၏ ဖက်ဒရယ်မူအရ ပြည်နယ်တိုင်းသည် ကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းခွင့် ရှိသည်။ သို့ရာတွင် ဗဟိုအစိုးရ၏ အခြေခံဥပဒေပါ အချက်များနှင့် သွေဖီခြင်း မရှိစေရပေ။
အမေရိကန်ပြည်သည် တောင်မြောက်ကွဲပြီး ဆိုးဝါးသော ပြည်တွင်းစစ်ကိုလည်း ဖြတ်သန်းခဲ့ ရသည်။ မြောက်ပိုင်းမှ ကျေးကျွန်စနစ်ကို ဖျက်သိမ်းမှုကြောင့် ဖြစ်ပွားလာခဲ့သောစစ်ပွဲသည် ကျွန်စနစ်ဖျက်သိမ်းလိုသည့် မြောက်ပိုင်းမှ အနိုင်ရသွားခဲ့သည်။
ယနေ့ အမေရိကန်နိုင်ငံသည် ပြည်ထောင်စုစစ်စစ် နိုင်ငံဖြစ်သည်။ ၎င်းနိုင်ငံတွင် နေထိုင်သူများက မိမိကိုယ်ကိုမိမိ အမေရိကန်များဟု ယုံကြသည်။ အမေရိကန်နိုင်ငံတွင် မွေးဖွားသည့် မည်သည့် လူမျိုးမဆို အမေရိကန်နိုင်ငံသား ဖြစ်သည်ဆိုသည့် ဥပဒေ ရှိသလို၊ အခြားနိုင်ငံတွင် မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှ အချက် အလက်များနှင့် ပြည့်စုံလျင်လည်း နိုင်ငံသား ခံယူခွင့် ရှိသည်။
တရုတ်၊ ရုရှား၊ ဂျာမန်၊ အာဖရိက စသည့် နိုင်ငံတို့မှ လာရောက်အခြေချနေထိုင်သူများအားလုံး မိမိတို့သည် အမေရိကန်များ ဖြစ်သည်ဟု ခံယူကြသည်။ ၎င်းတို့၏ အသားအရေသည် ဖြူ၊ ဝါ၊ မဲ၊ နီ ဖြစ်ချင်ဖြစ်မည် ၎င်းတို့သည် အမေရိကန်များ ဖြစ်ကြသည်။ ထိုအခါ အာရှနွယ်ဝင် တရုတ်တစ်ဦးကို ဘာလူမျိုးလဲဟု မေးလျှင် ၎င်းက အမေရိကန်လူမျိုးဟု ဖြေမည် ဖြစ်သည်။ “ဘယ်မျိုးရိုးက ဆင်းသက်လာသလဲ” ဟု ဆိုလျင် တရုတ်-အမေရိကန် (Chinese American) ဖြစ်သည်ဟု ဖြေပေလိမ့်မည်။ အဓိပ္ပါယ်မှာ မိဘမျိုးရိုးသည် တရုတ်ဖြစ်သည်၊ သို့ရာတွင် သူသည် အမေရိကန် ဖြစ်သည်။ ထို့အတူ အာဖရိကန်တစ်ဦးကို မေးပါကလည်း အမေရိကန်လူမျိုး ဖြစ်ပြီး မျိုးရိုးဗီဇမှာ အာဖရိကန်-အမေရိကန် (African-American) ဖြစ်သည်ဟု ပြောမည်ဖြစ်သည်။ အမေရိကန်လူမျိုးဆိုသည်မှာ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် အမေရိကန်နိုင်ငံတွင်းရှိ လူအားလုံးကို ခေါ်ပါသည်။ ထိုအချက်က ၎င်းတို့သည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သူများ၊ တစ်နိုင်ငံလုံးရှိသူများက ၎င်းတို့ နိုင်ငံဟု သတ်မှတ်သည်ဟု အဓိပ္ပါယ်ရပါသည်။
ယနေ့ မြန်မာပြည်တွင် အချို့တိုင်းရင်းသားများသည် မိမိပြည်နယ်ကိုသာ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံကို မိမိတို့နိုင်ငံဟု အသိအမှတ် မပြုခြင်းသည် အမေရိကန်တို့နှင့် ကွာခြားပါသည်။ အမေရိကန်နိုင်ငံလို ဖြစ်ချင်ပါက ၎င်းတို့ကဲ့သို့ စိတ်ဓါတ်ကို မွေးမြူရမည်ဟု တင်ပြလိုပါသည်။
အမေရိကန်နိုင်ငံသားများသည် မိမိတို့ မျိုးရိုးက ဒုတိယနေရာတွင် ရှိပြီး တိုင်းပြည်က ပထမနေရာတွင် ရှိသည်။ အမေရိကန် ဆိုသည်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်ကြသည်။ မြန်မာပြည်တွင်မူ မိမိတို့သည် မြန်မာနိုင်ငံသား ဖြစ်သည်ဟု တိုင်းရင်းသား လူမျိုးစုတို့က မပြောလိုကြ။ မြန်မာနိုင်ငံ၏ နိုင်ငံသားများ ဖြစ်သည်ဟူသော ခံယူချက်ကို ထားနိုင်မှသာ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ လူမျိုးစွဲများကို ဖြေဖျောက်နိုင်မှသာလျှင် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ဤစာတမ်းကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရေးသားခဲ့ပြီး ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်၊ ၂၃ ရက်နှင့် စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းနေ့စဉ်သတင်းစာများတွင် အခန်းဆက်အဖြစ် ဖော်ပြခဲ့သည့် ဆောင်းပါး ဖြစ်သည်။
ပထမပိုင်းကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။
ဒုတိယပိုင်းကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။
About Author
Htun Aung Gyaw is a former chairman of the All Burma Students Democratic Front (ABSDF), who went to the US in the early 90s and got a Master’s degree at Cornell University. He was a political prisoner from Burma and spent his life in Burma’s notorious Insein prison from 1975to1980. He wrote so many articles about Burma. His book about his revolutionary experience as the chairman of ABSDF was published in October 2015.
Photo Credit: Eight Ethnic groups of Myanmar