• Today is: Saturday, April 20, 2024

တက်ကြိတ်ပစ်ရင်ဖြင့်

တက်ကြိတ်ပစ်ရင်ဖြင့်

လှထွန်းဖြူ 

“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့အာရုံနောက်နေပြီငြိမ်းချမ်းရေးဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်”

ဒီစကားက ရက္ခိုင့်တပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပေါ်လာတဲ့ သတိပေးစကားကို မူရင်းအတိုင်းဖော်ပြထားတာဖြစ်ပါတယ်။ ရခိုင်မှာအခြေစိုက်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေလ ၆ ရက်မှာ သူ့ရဲ့လူမှုကွန်ရက် Twitter စာမျက်နှာကနေတဆင့် ရေးတင်ပြီးတော့ သတိပေးလိုက်တာဖြစ်ပါတယ်။

ဒီသတိပေးစာကိုရေးတင်ပြီးတဲ့နောက် မိနစ်ပိုင်းအတွင်းမှာပဲ အွန်လိုင်းမှာရော၊ အပြင်မှာပါ တော်တော်လေးကို အုတ်အော်သောင်းနင်းနဲ့ ပွဲဆူသွားခဲ့ပါတယ်။ ဒီစကားကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ သည်းမခံနိုင်ဖြစ်နေရပြီဆိုတဲ့သဘော။ AA ရဲ့တပ်မှူးချုပ်တစ်ယောက်အနေနဲ့ ဒီလိုဒေါသတွေရောပြွန်းနေတဲ့ သတိပေးစကားကို ဘာကြောင့် ပြောလိုက်တာလဲ။ ဘာကိုရည်ညွှန်းပြီးပြောတဲ့စကားလဲဆိုတာတော့ အဲဒီစကားထဲမှာ တိတိကျကျပြောမထားပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ပြောလိုတဲ့အကြောင်းအရာတွေက အောက်ခြေမှာ အများကြီးရှိနေပြန်ပါတယ်။

အဲဒီအကြောင်းတွေမပြောခင် အရင်ဆုံးစပြောချင်တာက အားလုံးသိကြတဲ့အတိုင်း ရခိုင်မှာက ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် လက်နက်ကြီး/လက်နက်ငယ်တွေကျရောက်ပေါက်ကွဲမှုနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် လူသေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ၊ နေအိမ်တွေမီးလောင်ပျက်စီးဆုံးရှုံးမှုတွေ၊ ဘဝတွေ ပြိုလဲပျက်စီးမှုတွေ အများအပြားရှိခဲ့ပါတယ်။ AA နဲ့ဆက်စပ်သံသယနဲ့ ဖမ်းဆီးထောင်ချခံရသူတွေလည်း ရာနဲ့ချီရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်၊ နိုဝင်ဘာလမှာတော့ စစ်ကောင်စီတပ်တွေနဲ့ AA တို့ ရုတ်တရက် အပစ်ရပ်စဲလိုက်ကြပါတယ်။ တရားဝင်အပစ်ရပ်စဲကြတာမဟုတ်ဘဲ နားလည်မှုနဲ့ ရပ်စဲခဲ့ကြတာပါ။ နားလည်မှုနဲ့အပစ်ရပ်စဲကြတာဖြစ်လို့ ဘယ်အချိန်မဆို တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့လည်း AA ဘက်က ပြောထားပါတယ်။

အခုလို တိုက်ပွဲတွေရပ်စဲပြီး တည်ငြိမ်းအေးချမ်းနေချိန်မှာ စစ်ကောင်စီတပ်တွေက အခုနောက်ပိုင်း အင်အားတိုးမြှင့်ချနေကြသလို ရခိုင်က ကျေးရွာတွေမှာ စစ်ကြောင်းတွေ အချိန်မတော်ဝင်ထွက်သွားလာပြီး နေအိမ်တွေကို ဝင်ရောက်စစ်ဆေးတာတွေလုပ်နေပါတယ်။ နောက်ပြီး AA နဲ့ ဆက်စပ်တယ်ဆိုပြီး ရွာသားတွေအပါအဝင် မူဆလင်တချို့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ ဒါ့အပြင် ရခိုင်ပြည်ပြင်ပမှာရှိတဲ့ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရခိုင်လူမျိုးတွေကိုလည်း AA နဲ့ဆက်စပ်တယ်ဆိုပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိနေလို့ ရှောင်တိမ်းနေကြရပါတယ်။

ဒီကြားထဲ ရခိုင်မှာ ကုန်စည်စီးဆင်းမှုနှောင့်နှေးကြန့်ကြာအောင် ရခိုင်ပြည်ပြင်ပကနေ ဝင်လာတဲ့ကုန်ပစ္စည်းတွေကို အကြောင်းပြချက်မရှိဘဲ ကားလမ်းတစ်လျှောက်စစ်ဆေးရေးဂိတ်တွေမှာ တားမြစ်ပြီး ဖွင့်ဖောက်စစ်ဆေးလို့ ကုန်ပစ္စည်းတွေ ပျက်စီးတဲ့အတွက် ပိုင်ရှင်တွေမှာ နစ်နာတာတွေနဲ့ကြုံနေရပါတယ်။ နောက်ပြီး ပလက်ဝနဲ့ ကျောက်တော်ကို ကုန်ပစ္စည်းတွေ လွတ်လွတ်လပ်လပ်သယ်ဆောင်ခွင့်မရတာတွေလည်း ကြုံနေရပါတယ်။ အခုလို ရခိုင်က ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီတပ်တွေက တားမြစ်ပိတ်ပင်နေတဲ့အတွက် ရခိုင်ကကုန်စျေးနှုန်းတွေဟာ တခြားတိုင်းနဲ့ပြည်နယ်တွေထက် မြင့်တက်နေတာတွေ့ရပါတယ်။

နှစ်ပေါင်းများစွာနေလာတဲ့ အမ်းဘက်က ဒေသခံတွေကိုလည်း တပ်ပိုင်မြေမှာ ဝင်ရောက်နေထိုင်တယ်ဆိုပြီး စစ်ကောင်စီက နေအိမ်တွေကို အတင်းအဓမ္မဖယ်ရှားနေတာတွေလည်း ရှိနေပါတယ်။ ဒါတင်မကသေးဘူး။ ရခိုင်မှာ AA က တရားစီရင်ရေးအပိုင်းတွေမှာ ဝင်ရောက်ဖြေရှင်းနေတာတွေကိုလည်း စစ်ကောင်စီက နည်းလမ်းအမျိုးမျိုးနဲ့ လိုက်လံနှောင့်ယှက်နေတာတွေလည်း ရှိနေပါတယ်။

ဒီလိုကိစ္စတွေကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သိပါတယ်။ ဒါကြောင့် သူ သည်းမခံနိုင်တော့လို့ အခုလို သတိပေးစကားကိုဆိုလိုက်ရခြင်းဖြစ်ဟန်တူပါတယ်။ ပြောရမယ်ဆိုရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စိန်ခေါ်လိုက်တဲ့သဘောပါ။ မင်းတို့လောက်ကို အမှုန့်ချေပစ်လို့၊ အမှုန့်ကြိတ်ပစ်လို့ရတယ်ဆိုတဲ့သဘော။ အခု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာလည်း ကောင်းမွန်တဲ့ရလဒ်ထွက်ပေါ်မလာနိုင်တဲ့အတွက် အဲဒီငြိမ်းချမ်းရေးဆွေးနွေး ပွဲကိုလည်း ထည့်ကိုမစဉ်းစားဘူးဆိုတဲ့သဘော။

အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ဆက်စပ်ပြီးပြောရမယ်ဆိုရင်လည်း စစ်ရေးတင်းမာမှုတွေရှိနေတဲ့ AA နဲ့ ရှမ်းမြောက်အပါအဝင် လက်ရှိတိုက်ပွဲများဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့လည်း အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ဖို့အစီအစဉ်မရှိကြပါဘူး။

ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခက “တစ်ဖက်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်ပေမယ့်လည်း တစ်ဖက်မှာ သူတို့ရဲ့ မြေပြင်တပ်ဖွဲ့တွေက ကျနော်တို့ရဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့အခါကျတော့ အပြောနဲ့အလုပ် တခြားစီဖြစ်နေတယ်။ ဒါကြောင့် သူတို့ပြောတဲ့ ငြိမ်းချမ်းရေးကိစ္စက တော်တော်လေးယုံရခက်တာပေါ့”လို့လည်း ပြည်ပသတင်းဌာနတချို့ကို ပြောထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအကြိမ်ကြိမ်အခါအခါလုပ်ခဲ့ကြပေမဲ့ တိုင်းရင်းသားဒေသမှာ တိုက်ပွဲသံတွေ မစဲဖြစ်နေကြတဲ့အတွက် ဒီဆွေးနွေးပွဲကိုလည်း အယုံအကြည်မရှိကြတာ အဆန်းတော့မဟုတ်ပါဘူး။

တစ်ဘက်မှာလည်း အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက ရခိုင်ပြည် လွတ်မြောက်ပါတီ (ALP)အပါအဝင် UWSA/NDAA/SSPP/RCSS/NMSP/ PNLO/DKBA/KNU-PC တို့ ၉ ဖွဲ့ တက်ရောက်ဖို့ရှိနေပါတယ်။

ပြန်ကောက်ရရင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့သတိပေးစကားမှာ ဒီဆွေးနွေးပွဲအပေါ်သဘောထားကိုလည်း ထည့်သွင်းပြောသွားတာတွေ့ရပါတယ်။ အခုလို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ သတိပေးစကားအပေါ် နိုင်ငံရေးအကဲ ခတ်တွေကလည်း အမျိုးမျိုး ရှုမြင်သုံးသပ်နေကြပါတယ်။ ဒီစကားရဲ့နောက်ဆက်တွဲဂယက်ဟာ ဘယ်အထိ ရိုက်ခတ်နိုင်မလဲဆိုတာကိုလည်း မခန့်မှန်းနိုင်အောင်ဖြစ်နေရတယ်လို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ပြောရင် ပြောသလို လုပ်တတ်သူဖြစ်တဲ့အတွက် သတိတော့ ထားရမယ်လို့ သုံးသပ်နေကြပါတယ်။

သေချာတာတစ်ခုကတော့ တကယ်လို့သာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်မှာ တက်ကြိတ်ပလိုက်ရင်တော့ ရခိုင်တစ်ပြည်လုံး စစ်မီးတွေ ဟုန်းဟုန်းတောက်သွားနိုင်တယ်ဆိုတာပါပဲ။ ဒီတစ်ခေါက် တိုက်ပွဲတွေပြန် ဖြစ်ရင်တော့ အရင်ဖြစ်ခဲ့တဲ့တိုက်ပွဲတွေထက် ပြည်သူတွေ ပိုပြီး အထိနာကုန်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်တပ်ကလည်း ရခိုင်တစ်ပြည်လုံး စစ်တပ်အင်အားတွေတိုးမြှင့်ချထားသလို AA ဘက်ကလည်း စစ်တပ်ရဲ့လုပ်ရပ်တွေအပေါ် မျက်စိဒေါက်ထောက်ကြည့်နေပြီး စစ်တပ်က စတင်လှုပ်ရှားတာနဲ့ ရခိုင်တစ်ပြည်လုံး အသင့်အနေအထားရှိနေလို့ပါပဲ။

ဒါကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တက်ပြီး မကြိတ်ဖြစ်အောင်အတွက် စစ်ကောင်စီဘက်က ဖြေလျှော့ပေး သင့်တာ ဖြေလျှော့ပေးဖို့လိုပါတယ်။ အရမ်းကြီး ဖိနှိပ်လွန်းအားကြီးရင်လည်း ထကြွလာတတ်တာသဘာဝမို့ ဒါကို စစ်ကောင်စီဘက်က နားလည်သဘောပေါက်ဖို့လိုပါတယ်။ ပြောတော့ ငြိမ်းချမ်းရေးဆိုပြီး အောက်ခြေမှာ တလွဲလုပ်နေရင် ရည်ရွယ်ချက်တွေ ပျက်ပြားကုန်ပါလိမ့်မယ်။ ငြိမ်းချမ်းနေတဲ့ ရခိုင်ပြည်ကြီး မီးဟုန်းဟုန်း ထပ်တောက်သွားရင် အားလုံးအတွက် မကောင်းတဲ့အတွက် ဒါကိုလည်း ထည့်တွက်စဉ်းစားကြဖို့ လိုပါလိမ့်မယ်။