• Today is: Wednesday, September 28, 2022

ငြိမ်းချမ်းရေးဆိုသည်မှာ ပေးစာကမ်းစာမဟုတ်

ငြိမ်းချမ်းရေးဆိုသည်မှာ ပေးစာကမ်းစာမဟုတ်

မောဂ္ဂလိ

နစက ကကျင်းပပြုလုပ်မည်ဖြစ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့တက်ရောက်ရန် စာ ရင်းပေးထားကြောင်းသိရှိရသည်။

တက်ရောက်ရန်စာရင်းပေးထားသောအဖွဲ့များမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) မှာလက်မှတ်ရေး ထိုးထားသောအဖွဲ့များအနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ဖြစ်ပြီး NCA လက်မှတ်မထိုးထားသော “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နှင့်ရှမ်းမြောက်အဖွဲ့ (SSPP) တို့ဖြစ်သည်။ ထပ်တိုးစာရင်းအဖြစ် လားဟူဒီမိုကရက်တစ်အစည်းအ ရုံး (LDU) လည်းတက်ရောက်ဖို့ရှိသည်ဟုသိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်ရောက်ဟု တရားဝင်ကြေညာချက်ထုတ်ပြန်သောအဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကျောင်းသားတပ် (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီတပ် (KNPP) တို့ ဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA)၊ တအောင်းပလောင်အဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စောင့်ကြည့်အုံးမည်ဟုကြေညာထားပြီး နစက ဘက်ကမူ တက်ရောက်နိုင်ရေးဘက် လက်ချိတ်ဆက်အောင် ဆောင်ရွက်လျှက်ရှိသည် ဟုဆိုသည်။

ဆွေးနွေးပွဲမတက်ရောက်ဟု ကြေညာချက်ထုတ်ပြန်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ KIO၊ CNF၊ KNPP တို့သည် နစကက အာဏာသိမ်းပြီးနောက်ပိုင်း နစက စစ်တပ်နှင့် တိုက်ပွဲပေါင်းများစွာဖြစ်ပွားခဲ့သော အဖွဲ့များဖြစ်သည် ကိုတွေ့ရသည်။ ၎င်းတို့၏ဆွေးနွေးပွဲမတက်ရောက်နိုင်ရသည့်အကြောင်းအရင်းကို ထုတ်ပြန်ကြေညာရာတွင် လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေအရ ပါဝင်သည့်ပါဝင်ထိုက်သည့် အင်အားစုတချို့ကို ဖယ်ချန်ထားသည့်စစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲ သည် စစ်မှန်ပြီးအဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးပွဲမဟုတ်ဟုယူဆခြင်းနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ကြားဝင်စေ့ စပ်ညှိနှိုင်းပေးသည့် အားလုံးပါဝင်ပြီးမျှတသော ဆွေးနွေးပွဲမှသာလျှင် ၎င်းတို့မျှော်မှန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ယျေဘူယျသဘောတွေ့ရှိရသည်။

နစက ဥက္ကဠနှင့်ကိုယ်တိုင်တက်ရောက်ဆွေးနွေးမည်ဟူသောငြိမ်းချမ်းရေးဆွေးနွေးပွဲကို မေလအတွင်းကျင်းပဖွယ်ရှိနေ သည်။ ယခုမေလအတွင်း၌ပင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအလွတ်သဘောအစည်းအဝေးနှင့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးများ ကျင်းပရန်ရှိနေပြီး ထိုအစည်းအဝေးများတွင် မြန်မာနိုင်ငံအရေးအဓိကထည့်သွင်းဆွေးနွေးသွားဖွယ်ရှိကြောင်း နိုင်ငံရေးအကဲခတ်သူများက ဆိုထားသည်။ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ၌ ကျင်းပခဲ့သော အာဆီယံထိပ်သီး အထူးအစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်ထားသည့် မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်‌ဖော်ဆောင်မှုမှာ ၁ နှစ်ကြာကာလအထိရောက်ရှိလာသော်လည်း မြင်သာသောဆောင်ရွက်ချက်များ ထွက်ပေါ်လာခြင်းမရှိသေးပေ။

မကြာခင်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ ကျင်းပခဲ့သော အာဆီယံလူသားချင်းဆိုင်ရာအကူအညီပေးရေးအစည်းအဝေး တွင် မြန်မာနိုင်ငံရှိစစ်ဘေးရှောင်ဒုက္ခသည်များကူညီထောက်ပံ့ရေးကိစ္စတို့ကိုဦးတည်ဆွေးနွေးခဲ့ကြပြီး မည်သည့်သဘောတူညီချက် များရရှိခဲ့သည်ကိုလည်း ထုတ်ဖော်ကြေညာခြင်းမရှိခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံရေးအကြပ်အတည်းသည် ၁ နှစ်ကျော်လာပြီဖြစ်ပြီး သိန်းနှင့်ချီသောစစ်ဘေးရှောင်ဒုက္ခသည်များအတွက် လူ သားချင်းဆိုင်ရာ အထောက်အပံ့များလိုအပ်နေပြီဖြစ်သည်။ လာမည့်မုတ်သုံကာလရောက်ပါက ၎င်းတို့နေထိုင်ရေး နှင့်စားဝတ် နေရေး မှာ စိုးရိမ်စရာအခြေအနေတွင်ရှိနေသည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့်ဒွန်တွဲလျှက်ဖြစ်ပေါ်လာသော စီးပွားရေး မတည်ငြိမ်မှု များကြောင့် လည်း ပြည်သူအများစုမှာ စားဝတ်နေရေးကြပ်တည်းမှုနှင့် ရင်ဆိုင်နေရသည်။

နစကဖက်ကတော့ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်း ရေးရယူရန်ကြိုးစားလျှက်ရှိသည်။ မည်သည့်အဖြေ၊ မည်သည့်ရလာဒ်ထွက်လာမည်နည်းဆိုသည်ကို စောင့်မျှော်ကြည့်ရ ဦးမည်ဖြစ်၏။

မြန်မာနိုင်ငံရေးသမိုင်းတွင်လွတ်လပ်ရေးရပြီး ၁၉၇၃ ခုနှစ်ကစ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအကြိမ်ကြိမ်ကျင်းပခဲ့ပြီးဖြစ် သည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ငြိမ်းချမ်းရေးသာမက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးခဲ့ကြသည်။ သို့သော်ပြည်သူလူထုနှင့်တိုင်းရင်းသားများအားလုံးလိုလားသည့်ရလာဒ်တစ်ခုမျှ မထွက်ခဲ့ပေ။

မြန်မာစကားတွင် အနာသိမှ ဆေးရှိဟူသည်ရှိ၏။ ငြိမ်းချမ်းရေးရရှိဖို့ကြိုးစားရင်း မငြိမ်းမချမ်းဖြစ်နေရသည့်အကြောင်းရင်း ကို ရှာဖွေရမည်ဖြစ်၏။ မငြိမ်းချမ်းရသည့်အကြောင်းကို ကုစားနိုင်မှသာ ငြိမ်းချမ်းမည်ဖြစ်၏။ ငြိမ်းချမ်းရေးအား ဘယ်နိုင်ငံတကာအ ကူအညီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရထံမှ မျှော်လင့်နေ၍မရပါ။ ငြိမ်းချမ်းရေးရရှိရန် ပြည်ထောင်စုသားနိုင်ငံသားအချင်းချင်း အဖြေရှာနိုင်မှသာ ခိုင်မာအဓွန့်ရှည်သည့် ငြိမ်းချမ်းရေးအစစ်ကို ရရှိနိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို သူတပါးပေး စာကမ်းစာကဲ့သို့ လက်ဝါးဖြန့်တောင်းခံနေစရာလည်းမလိုပါ။ ပြည်ထောင်စုသားအားလုံး ကိုယ်တိုင် တည်ဆောက် ရယူရမည့် ငြိမ်းချမ်းရေးဖြစ်ပါကြောင်း ဆန္ဒပြုလိုက်ပါသည်။