• Today is: Sunday, May 29, 2022

ဖက်ဒရယ်တပ် (ဘယ်လို / ဘယ်ကဲ့သို့)

▣ ဖက်ဒရယ်တပ် (ဘယ်လို / ဘယ်ကဲ့သို့) ▣

မင်းသေ့ 

မြန်မာပြည်တွင်းက ပြဿနာအရင်းအမြစ်တွေ အားလုံးက ဘယ်အပေါ်မှာ အခြေပြုနေသလဲ။ အားလုံးကို ခြုံငုံပြီး ပြောနိုင်တဲ့ စကားလုံးက တစ်လုံးတည်း ရှိပါတယ်။ “အကျိုးစီးပွား” ဖြစ်ပါတယ်။ အကျိုးစီးပွားပဋိပက္ခမှသည်၊ အထွေထွေ ပဋိပက္ခဆီကို ဦးတည်သွားတဲ့ ပုံစံပါ။ အကျိုးစီးပွားလို့ ပြောတဲ့နေရာမှာ၊ စီးပွားရေးကို ချုပ်ကိုင်နိုင်တဲ့ အာဏာ၊ လုပ်ပိုင်ခွင့်ဟာ အထူးအရေးကြီးပါတယ်။

▄ သယံဇာတကျိန်စာသင့်နေသလား

မြန်မာပြည်တွင်းက စီးပွားရေးလုပ်ငန်းကြီးတွေ အားလုံးဟာ သယံဇာတအပေါ်မှာ အခြေပြုပြီး ကြီးထွားလာခြင်း ဖြစ်ပါတယ်။ သစ်ထုတ်တယ်၊ ကျောက်မျက်တူးဖော်တယ်၊ ကျောက်မီးသွေးတူးတယ်၊ သတ္တုတူးတယ်၊ ရေအား လျှပ်စစ်ထုတ်တယ်၊ ရွှေတူးတယ်။ အားလုံးသော စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ သယံဇာတတူးဖော်ထုတ်လုပ် ရေးကဏ္ဍနဲ့ တနည်းမဟုတ် တနည်း ဆက်စပ်ပတ်သက်နေ သူတွေ ချည်းဖြစ်တယ်။ အာဏာ၊ မြေယာ၊ သယံဇာတနဲ့ လုပ်ပိုင်ခွင့်တွေဟာ အထွေထွေသော အကျိုးစီးပွားရဲ့ အခြေပြုရာ ရင်းမြစ်ဖြစ်နေတယ်။

သယံဇာတတူးဖော်ထုတ်လုပ်မှုကဏ္ဍဟာ စီးပွားရေးအုပ်စုကြီး (၃) စုနဲ့ ချိတ်ဆက် ထောက်တည်ခြင်းခံထားရ တယ်။

• (၁) စစ်စီးပွားရေး (Kharki Capitalism)

• (၂) ခရိုနီအရင်းရှင်စနစ် (Crony Capitalism)

• (၃) အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ် (Ceasefire Capitalism)

ဒီသုံးခုဟာ သယံဇာတအရင်းအမြစ်အပေါ်မှာ၊ အခြေတည်ထားတဲ့ စီးပွားရေးအုပ်စုကြီး (၃) စုဖြစ်တယ်။ အဲသည့် ထဲက စစ်စီးပွားရေးနဲ့ အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်တွေဟာ လက်နက်နဲ့ ဓနဥစ္စာချိတ်ဆက်ထားတဲ့ အဆက် အစပ်ဖြစ်တယ်။ ခရိုနီအရင်းရှင်စနစ်ကတော့ “လုပ်ပိုင်ခွင့်အာဏာရသူနဲ့ အကျိုးတူစီးပွား” တည်ဆောက်ထားတဲ့ ပုံစံဖြစ်တယ်။

ပြည်တွင်းစစ် သက်ဆိုးရှည်တဲ့ မြန်မာနိုင်ငံမှာ – အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ် ဖြစ်ထွန်းတယ်။ စစ်အစိုးရလက်အောက်မှာ နှစ်ပေါင်း (၆၀) လောက် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ – စစ်စီးပွားရေးဖြစ်ထွန်းတယ်။ စစ်စီးပွားရေးဖြစ်ထွန်းခြင်းကြောင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေဟာ နေရာအနှံ့၊ ကဏ္ဍပေါင်းများစွာမှာ ခြေကုတ်ယူ ဂုတ်သွေးစုတ်ခံထားရတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း မြန်မာပြည်မှာ ခရိုနီစီးပွားရေး တစ်ဟုန်တိုး ပေါ်ပေါက်လာတယ်။ စျေးကွက်စီးပွားရေးခေါင်းစဉ်တပ်၊ စျေးကွက်ကို နေရာပေးပြီး အသက်ရှုပေါက်ချောင်စေဖို့ လုပ်ခဲ့တယ်။

မြန်မာစစ်တပ်ကို ခရိုနီစီးပွားရေးသမားတွေက တစ်ဖက်လှည့်နဲ့ ငွေရှာပေးတယ်။ မြန်မာစစ်တပ်ကို ငွေရှာပေးလို့၊ သူတို့လည်း အကျိုးဖြစ်တယ်။ ထို့နောက် စစ်ဗိုလ်ချုပ်တွေရဲ့ တစ်ဦးချင်းအကျိုးစီးပွားကိုပါ ထမ်း ဆောင်ပေးရတဲ့ ခရိုနီတွေ ဖြစ်လာတယ်။

ဒီလိုနဲ့ စစ်ဗိုလ်တွေဟာ တဖြည်းဖြည်း ချမ်းသာကြွယ်ဝလာကြတယ်။ သယံဇာတအပေါ်မှာ ဂုတ်သွေးစုတ်တာကို လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက လည်း လုပ်တယ်။ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကလည်း လုပ်တယ်၊ ခရိုနီတွေကလည်း လုပ်တယ်။ ဒီလိုနဲ့ မြန်မာပြည်ဟာ သယံဇာတကျိန်စာသင့်နေတယ်။ အာဏာရှင်လည်း သက်ဆိုးရှည်နေတယ်။ ပြည်တွင်းစစ်လည်း မပြီးဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဓနဥစ္စာခွဲဝေမှုဟာ တစ်ဖက်စောင်းနင်းဖြစ်နေတယ်။ ပြည်သူက မွဲနေ တယ်။ လူတစ်စုက လုပ်ပိုင်ခွင့်နဲ့ အကျိုးစီးပွားကို လက်ဝါးကြီးအုပ်ထားတယ်။

▄ အထွေထွေ ပဋိပက္ခ

၎င်းအခြေအနေအရပ်ရပ်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ပဋိပက္ခ (၃) ရပ်ကို မွေးထုတ်ပေးတယ်။

• (၁) နိုင်ငံရေးပဋိပက္ခ (Political Conflict)

• (၂) လက်နက်ကိုင် ပဋိပက္ခ (Armed Conflict)

• (၃) လူမျိုးစု ပဋိပက္ခ(Ethnic Conflict)

ဓနဥစ္စာခွဲဝေမှု မညီမျှခြင်းနဲ့ အာဏာလုပ်ပိုင်ခွင့် လက်ဝါးကြီးအုပ်ထားခြင်းခံရတဲ့ မြန်မာပြည်မှာ၊ နိုင်ငံရေး ပြဿနာ တွေဟာ ပွထနေတယ်။ နိုင်ငံရေးပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းကြတဲ့အခါ၊ လက်နက်ကိုင်ပဋိပက္ခပါ ထပ်တိုး ပေါ်ပေါက်လာတယ်။ လူတစ်စု၊ လူတစ်ဖွဲ့၊ လူမျိုးတစ်မျိုးတည်းကပဲ အထွေထွေ လုပ်ပိုင်ခွင့်အာဏာ အားလုံးကို လက်ဝါးကြီးအုပ် ခြယ်လှယ်ထားတဲ့အခါ၊ လူမျိုးစု ပြဿနာပါ ပေါ်ပေါက်လာတယ်။ တိုင်းရင်းသား တန်းတူညီမျှရေးအတွက် ရုန်းကန်ကြိုးစားတယ်။ ဒီတော့ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခဟာ ပိုလို့ အပြန့် ကျယ်လာတယ်။

မြန်မာပြည်တွင်းက ပြဿနာတွေအားလုံးကြည့်လိုက်ရင် နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ လူမျိုးစု ပဋိပက္ခတွေကနေ ထုတ်လုပ်လိုက်တဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေချည်းဖြစ်နေတာကို တွေ့ရတယ်။ အဲသည့်အတွက် အဖြေရှိသလား။ ကုထုံးရှိသလား။ ရှိတယ်လို့ ဖြေမယ်။ အဲဒါက ဖက်ဒရယ်စနစ် တည်ဆောက်ရေး သာဖြစ်မယ်။

▄ ဖက်ဒရယ်စနစ်

ဖက်ဒရယ်စနစ်ကို လိုရင်း အနှစ်ချုပ်ရင် အချက် (၃) ချက်ပဲ ရှိတယ်။

• (၁) အာဏာခွဲဝေရေး (Power Sharing)

• (၂) သယံဇာတခွဲဝေရေး (Resource Sharing)

• (၃) အခွန်ဘဏ္ဍာခွဲဝေရေး (Tax Sharing)

ဒီ အချက်သုံးချက်ဟာ ဖက်ဒရယ်စနစ်ရဲ့ လိုရင်း အနှစ်ချုပ်ပဲ။ အာဏာကို ဘယ်လို ခွဲမလဲ။ သယံဇာတကို ဘယ်လို ခွဲမလဲ။ အခွန်ဘဏ္ဍာကို ဘယ်လို ခွဲဝေသုံးစွဲမလဲ။ ဖက်ဒရယ်စနစ်ကို ပြည့်ပြည့်ဝဝ အသက်သွင်းဖို့ အလိုအပ်ဆုံးက တစ်ခုတည်းပါပဲ။ အဲဒါကတော့ တန်းတူညီမျှမှုပဲ။ လူမျိုးကြီးလို့၊ အုပ်စုကြီးလို့ ပိုယူထားတာမျိုး လုံးဝ မလုပ်ရ။ ဒါဆိုရင် တန်းတူညီမျှမှု မျှခြေပျက်ပြီ။ တန်းတူညီမျှမှု မရှိရင် အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုနဲ့ အခွန်ဘဏ္ဍာ ခွဲဝေမှုမှာလည်း ဘယ်သောအခါမှ မမျှတတော့ဘူး။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ဝိုင်းဝန်း ဆွေးနွေးနေကြတာ၊ ဒီကိစ္စတွေ အားလုံး ပြေလည်စေဖို့ ဖြစ်တယ်။ ဘယ်အာဏာကို ဘယ်လို ခွဲခြမ်းမလဲ။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ အကြား အာဏာခွဲဝေမှုကို ဘယ်လို လုပ်မလဲ။ သယံဇာတကို ဘယ်လို ဝေခြမ်းကြမလဲ။ အခွန်ဘဏ္ဍာခွဲဝေရေးကို လုပ်ဖို့အတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်တွေ အသေးစိတ် လုပ်ကြရမှာပဲ။

▄ ဖက်ဒရယ်တပ် တည်ဆောက်ရေး

နိုင်ငံရေးအရ တန်းတူညီရင် လူမျိုးရေးမှာလည်း တန်းတူညီမယ်။ နိုင်ငံရေးပြဿနာ ပြေလည်ရင် လက်နက်ကိုင် ပဋိပက္ခကို ဆွေးနွေး အဖြေထုတ်နိုင်မယ်။ လူမျိုးရေးပြဿနာနဲ့ လက်နက်ကိုင်ပဋိပက္ခကို သားကြောဖြတ်နိုင်ရင်၊ နိုင်ငံရေးပြဿနာအတော်များများ ပြေလည်သွားမယ်။ အဲသည့်အခါ၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်လိမ့်မယ်။ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (Security Sector Reform – SSR) ကို လုပ်နိုင်ရင်၊ ဖက်ဒရယ်တပ်ကို တည်ဆောက်နိုင်မယ်။ ဖက်ဒရယ်တပ်ကို ဘယ်လိုပုံနဲ့ စုဖွဲ့မယ်ဆိုတာကတော့ ဒီဇိုင်းကိစ္စ ဖြစ် တယ်။ အဲဒါက နည်းနာကိစ္စဖြစ်သလို၊ နိုင်ငံရေးအရ သက်ဆိုင်ရာအင်အားစုတွေရဲ့ လိုအင်နဲ့လည်း တိုက်ရိုက် သက်ဆိုင်တယ်။

လက်နက်ဖျက်သိမ်းရေး လုပ်ဖို့ နိုင်ငံရေးအရ အမြင့်မားဆုံးသော ယုံကြည်မှု ရမထားရင် မဖြစ်နိုင်။ လက်နက်ဖျက်သိမ်းရေးပြီးရင် တပ်တွေ ဖျက်သိမ်းမယ်။ ထို့နောက် ပြန်လည်ပေါင်းစည်းရေးတွေ လုပ်မယ်။ ဖက်ဒရယ်တပ်ကို နေရာထိုင်ခင်းအသစ်တွေနဲ့ ပြန်လည်နေရာချထား တည်ဆောက်တပ်ဆင်ကြမယ်။ ဒါတွေ အားလုံးဟာ မလွယ်ကူပါ။ နိုင်ငံရေးပြဿနာနဲ့ လူမျိုးစုပဋိပက္ခကို လိပ်ခဲတည်းလဲတွေနဲ့ စလိုက်လို့ မရဘူး။ အဲသည်လို ဆိုရင် စကတည်းက ယဉ်သကိုလို့ ပြောရမလို၊ အစကနဦးမှာတင် အကွဲအပြဲနဲ့ ကြုံမယ်။ မလွယ်ပါ။

ဗလာလက်က မကျေနပ်လို့၊ အမုန်းတရားက တိုက်တွန်းလို့ လက်နက်ကိုင် ကောက်ကိုင်လိုက်ရတာ လွယ်တယ်။ ဒါပေမယ့် ကိုင်ထားပြီးတဲ့ လက်နက်ကိုင် မူလနေရာမှာ ပြန်ချထားနိုင်ဖို့တော့ မလွယ်ဘူး။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခသက်ဆိုးရှည်တဲ့ မြန်မာနိုင်ငံလို၊ နိုင်ငံမျိုးမှာ လုံးဝ မလွယ်ဘူး။ လက်နက်ရဲ့ အရသာကို သိသွားကြပြီ။ လွယ်ဖို့ ပိုခက်သွားပြီ။ လက်နက်နဲ့ လုပ်ပိုင်ခွင့်ကို တွဲဖက်နားလည်သွားပြီ။ ထပ်မံ ခက်ခဲသွားပြန်ပြီ။ မယုံကြည်မှုပါ တိုးလာရင် လက်နက်ကိုပဲ ဆက်ဆုပ်ကိုင်ထားကြလိမ့်မယ်။ လက်နက်နဲ့ အကျိုးစီးပွားကို ရှာဖွေ တတ်တဲ့ ဉာဉ်ဟာ ပျောက်ဖို့ ခဲယဉ်းတယ်။ မြန်မာပြည်မှာ လက်နက်နဲ့ စီးပွားရှာတာ အကျင့်လိုဖြစ်သွားပြီ။ ဒီတော့ ဖျောက်ရခက်သွားပြီ။

တော်လှန်ရေးအောင်ခဲ့လို့၊ တော်လှန်ရေးအလွန်ကာလ ရောက်ခဲ့တယ်ဆိုရင်တောင် အင်အားစုအသီးသီးကို နိုင်ငံရေးအရ ပြန်လည်စုစည်းပြီးတော့ ဖက်ဒရယ်တပ် တည်ဆောက်ဖို့ဟာ အခက်တကာ့ အခက်ဆုံး အလုပ်တွေ ထဲက တစ်ခု ဖြစ်လာလိမ့်မယ်။