• Today is: Friday, April 19, 2024

မိုးဗြဲအင်း ထီရိကျေးရွာ စစ်ကောင်စီ ဂိတ်စခန်းတခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်ပြီး ဗိုလ်မှူးအပါအဝင် ၅ဦးကို အရှင်ဖမ်းမိ

ဓါတ်ပုံ – စီဂျေ

မေ ၁၂၊ ၂၀၂၂ (မိုးဗြဲအင်း)
 
ရှမ်း၊ ကရင်နီ(ကယား)နယ်စပ်၊ မိုးဗြဲအင်း အရှေ့ဘက်ကမ်းရှိ ထီရိကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီဂိတ်စခန်းတခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့တို့က ယနေ့( မေလ ၁၂)ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်၁ဦး အပါအဝင် ၅ဦးကို အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းကိုလည်း သိမ်းဆည်းရမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း (၂) တပ်ခွဲမှူး ရဲဘော်ထန်က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။
 
“ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ဒီမနက် (၅) နာရီ ခန့်က စတင် ပစ်ခတ်ခဲ့သာပေါ့၊ အဲဒီဂိတ်က စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်၁ဦး အပါအဝင် ၅ဦးကို အရှင်ဖမ်းမိခဲ့တယ်၊ PNO က (၃) ဦး၊ စစ်ကောင်စီက (၂)ဦးပေါ့။ ပြီးတော့ သူတို့ရဲ့ လက်နက်ငယ် (၁၀) လက် ၊ ၆၀ မမ ရယ် RPG ရယ်ပေါ့ အဲဒါတွေကိုသိမ်း ဆည်းရမိတယ်” ဟု ပြောပါတယ်။
 
ထီရိကျေးရွာရှိ  ယင်း စစ်ကောင်စီဂိတ်သည် ဖြတ်သန်းသွားလာနေသော ခရီးသွားကားများနှင့် ကုန်တင်ကားများ ထံမှ ပိုက်ဆံတောင်းခံမှုနှင့် အစစ် အဆေးကြမ်းသည့် ဂိတ်တစ်ခုဖြစ်ကာ ကားအများစုက ရှောင်ကွေ့သွား​ရလေ့ရှိကြောင်းနှင့် ယင်းဂိတ်မှ ဖြတ်သန်း သွားလာတဲ့ ဒေသခံတွေကို ထိုင်ထ လုပ်ခိုင်း၊ ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။
 
ယင်း စစ်ကောင်စီဂိတ်စခန်းကို KNDF B-03 နှင့်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ကြတာဖြစ်ပြီး ယင်းဂိတ်တွင် ပအိုဝ့်ပြည်သူ့စစ် (PNO) စစ် သားများအပါဝင် စစ်ကောင်စီက အင်အား တပ်ခွဲ တခွဲခန့် ချထားသည့် ဂိတ်ဖြစ်ကြောင်းလည်း သိရပါတယ်။
 
ယခုလို ဝင်​ရောက်တိုက်ခိုက်ခံရပြီးနောက် ထီရိကျေးရွာမြောက်ဘက် ၂မိုင်ခန့်အကွာရှိ နမ့်ပွန်ကျေးရွာ ဂိတ်စခန်းတစ်ခုတွင် ပအိုဝ့်ပြည်သူ့စစ် (PNO) တပ်ဖွဲ့များ အင်အားဖြည့်တင်းလျက်ရှိကြောင်းလည်း သိရပါတယ်။