• Today is: Saturday, April 20, 2024

စစ်ကောင်စီ ဥက္ကဌ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် တိုက်လိုက်၊ ဆွေးနွေးလိုက် သံသရာအတွင်းမှ ရုန်းထွက်နိုင်မည့် ဖိတ်ခေါ်မှုမျိုးမဟုတ်ဟု ရှုမြင်ကြောင်း ဆွေးနွေးပွဲတက်မည့် EAOများကို PNFC ပန်ကြား

မေ ၁၃၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် တိုက်လိုက်၊ ဆွေးနွေးလိုက် ပြန်တိုက်လိုက်၊ ပြန်ဆွေးနွေးလိုက်ဖြင့် နှစ် ၇၀ ကျော် အချိန်ကုန် ကြာညောင်းခဲ့ပြီး ခေါင်းဆောင်မှု အဆက်ဆက်သာ ပြောင်းလဲခဲ့သော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေးအား မရရှိသေးသလို စစ်ကောင်စီ ဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုသည်လည်း တိုက်လိုက်၊ ဆွေးနွေးလိုက် သံသရာအတွင်းမှ ရုန်းထွက်နိုင်မည့် ဖိတ်ခေါ်မှုမျိုးမဟုတ်ဟု ရှုမြင်ကြောင်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က မနေ့က တိုက်တွန်းပန်ကြားချက် ထုတ်ပြန်ထားသည်။

ဒီဆွေးနွေးပွဲက သူ့ရဲ့ရည်ရွယ်ချက်က အာဏာရှင် သူ့ရဲ့အာဏာတည်မြဲရေးအတွက်ကို အဓိကရည်ရွယ်ပြီး ဖိတ်ခေါ်တာဖြစ်တယ်ဟု PNFC ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးကလည်း ဖက်ဒရယ်ဂျာနယ်သို့ အခုလို ဝေဖန် ထောက်ပြ ပြောဆိုသည်။

“တကယ်ဆွေးနွေးတယ်ဆိုရင်တော့ အပစ်ခတ်ရပ်ဆဲရေး ဖြစ်ဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးပွဲကို ဆိုလိုတာ ဖြစ်တယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးပွဲတွေမှာ တကယ်စစ်မှန်တဲ့ စိတ်စေတနာမျိူးနဲ့ မဟုတ်ဘဲနဲ့ မြောက်ပိုင်းဒေသကို ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုရင် တောင်ပိုင်းကိုတိုက်မယ်။ တောင်ပိုင်းကို ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုရင် မြောက်ပိုင်းကိုတိုက်မယ်ဆိုတဲ့ သပ်လျှိုသွေးခွဲလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးတာ ဖြစ်တဲ့အတွက် ဆွေးနွေးလိုက် တိုက်လိုက် သံသရာလည်နေတာကို ဆိုလိုတာဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းသည် အလွှာပေါင်းစုံနဲ့ သက်ဆိုင်တဲ့ ပြဿနာဖြစ်သာကြောင့် ပါဝင်သင့်သူအားလုံး ပါဝင်ဆွေးနွေးနိုင်မှာ ငြိမ်းချမ်းရေးအတွက် အဖြေရနိုင်မည် ဖြစ်သည်။

“လက်ရှိကျနော်တို့မြန်မာနိုင်ငံက ဒီပြည်ထောင်စုကြီး ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက တကယ်တမ်းတော့ တပ်မတော်နှင့် တိုင်းရင်းသားအင်အားစုတွေ ကြားမှာဖြစ်တဲ့ အကျပ်အတည်းမဟုတ်ဘူး၊ တပ်မတော်နဲ့ NLD ပါတီကြားဖြစ်နေတဲ့ အကျပ်အတည်း ပြဿနာလည်း မဟုတ်ဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ပြဿနာသည် တနိုင်ငံလုံးဖြစ်နေတယ်၊ ဒေသပေါင်းစုံ အလွှာပေါင်းစုံက ပြည်သူလူထုပေါင်းစုံနဲ့ သက်ဆိုင်နေတဲ့ ပြဿနာမျိူးဖြစ်တယ်ပေါ့နော်။ ဒီလိုပြဿနာကြီးကြီးမားမားကြီးကို စစ်ကောင်စီက ပြဿနာမဟုတ် သယောင်ယောင်ပုံဖော်ပြီးတော့မှ အားလုံးနဲ့သက်ဆိုင်တဲ့ပြဿနာကို အားလုံးထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့ကို ဖိတ်ခေါ်ပြီးတော့မှ သူ့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလို့ပဲပြောပြော၊ တနည်းအားဖြင့် စစ်ကောင်စီရဲ့ ခါးပိုက်ထဲကို ထည့်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်” ဟု PNFC ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ပြောသည်။

ယခု စစ်ကောင်စီ ဥက္ကဌ၏ ကမ်းလှမ်းဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ပြည်သူလူထုနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့အကြား ၊ တိုင်းရင်းသားအင်အားစုနဲ့ အလွှာအသီးသီးက နွေဦး တော်လှန်ရေးအင်အားစုတွေအကြား သပ်လျှို သွေးခွဲတာဖြစ်တယ် ဟု PNFC ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ဆက်လက်ဝေဖန် ထောက်ပြပြောဆိုသည်။

“ဒါသည် ပြည်သူလူထုနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့အကြား ၊ တိုင်းရင်းသားအင်အားစုနဲ့ အလွှာအသီးသီးက နွေဦးတော်လှန်ရေးအင်အားစုတွေအကြား သပ်လျှို သွေးခွဲတာဖြစ်တယ်။ အဲဒီလိုသပ်လျှို သွေးခွဲခြင်းအားဖြင့် သူ့ရဲ့အာဏာကို တည်မြဲအောင်လုပ်တာ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ နည်းပရိယာယ် နိုင်ငံရေးပုံစံဟောင်းတွေ ပေါ့နော်။ ယခင်နိုင်ငံရေး ကစားကွက်ဟောင်းတွေ၊ နည်းလမ်းဟောင်းတွေ အသုံးပြုနေတဲ့အပေါ်မှာ ခေါင်းဆောင်တွေအားလုံး သတိပြုသင့်တယ်လို့ ကျနော်တို့ အကြံပြုချင်တယ်။ ကျနော်တို့ ၂၀၂၁ လူငယ်တွေအနေနဲ့ ဒီနိုင်ငံရေးအတွေ့အကြုံပေါ်မှာတော့ ကျနော်တို့ရင့်ကျက်မှုမရှိဘူး ဆိုပေမယ့်၊ စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းဟောင်းတွေ အသုံးပြုပြီးမှ ဖိတ်ခေါ်တဲ့ သပ်လျှိုသွေးခွဲဖို့ ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ အတုအယောင်ပဲဖြစ်တယ်။ သူ့ရဲ့ အာဏာ တည်မြဲရေး အတွက်ပဲဖြစ်တယ်ဆိုတာ ကျနော်တို့ ကွက်ကွက်ကွင်းကွင်းမြင်နေရပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးတက်မည့် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုးကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်သည့်အနုပညာဟူ၍ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook)မှတဆင့် ထောက်ပြ ရေးသားထားသည်။

၁။ UWSA ဝပြည်နယ် တရားဝင်ရရှိရေးအတွက်တက်တယ်။

၂။ NDAA မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ပေးဖို့တက်တယ်။

၃။ SSPP ဒီတနှစ်အတွင်း တိုးချဲ့ထိမ်းချုပ်ထားတဲ့ ဒေသတွေအတွက်တက်တယ်။

၄။ RCSS စစ်ရေးအရ ကြားညပ်နေလို့တက်တယ်။

၅။ NMSP ဖက်ဒရယ်ပြည်နယ်ရနိုင်မလားဆိုပြီးတက်တယ်။

၆။ DKBA/ KNU -PC အဖွဲ့ရပ်တည်ရေးအရ တက်တယ်။

၇။ ALP/PNLO ဒီလမ်းဘဲရှိလို့တက်တယ်။

၈။ LDU ဥက္ကဌနဲ့ ဒုဥက္ကဌက မတက်ဘူး၊ အတွင်းရေးမှူးကတက်တယ်။

“တိုင်းရင်းသားအဖွဲ့တွေဆိုတာ တဖွဲ့နဲ့တဖွဲ့အခြေအနေမတူကြတော့ စဉ်းစားလုပ်ကိုင်ပုံကွဲကြတယ်။ တဖွဲ့လုပ် သလို တဖွဲ့ကလိုက်လုပ်လို့မရတာရှိတယ်။ သူတို့တွဲလုပ်ကြတာလဲရှိတယ်။ ခွဲလုပ်ကြတာလဲရှိတယ်။ ကွဲပြားမှု တွေ ရှိကြပေမဲ့ ဒီအခြေအနေကို အပြန်အလှန် နားလည်းကြတော့ တိုင်းရင်း သားအဖွဲ့အချင်းချင်း ဝေဖန်တာ ပစ်တင်တာမလုပ်ကြဘူး” ဟု ရေးသားထားသည်။

စစ်ကောင်စီ ဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ KNU, KIA, KNPP, CNF နှင့် ABSDF တို့က မတက်ရောက်ဟု ထုတ်ပြန်ပြောဆိုထားပြီး မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် AA, MNDAA, TNLA တို့လည်း စောင့်ကြည့်နေဆဲဟု ပြောဆိုထားသည်။