• Today is: Friday, March 29, 2024

အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ အဖွဲ့ တွေ့ဆုံ

ဖက်ဒရယ်ဂျာနယ်၊ မေ ၂၃

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ မေလ ၂၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီက ဖက်ဒရယ်ပြည်ထောင်စုနဲ့ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ အပါအဝင် လက်ရှိ နိုင်ငံရေး ပြဿနာမှာ အားလုံး ပါဝင်တဲ့ အခင်းအကျင်း ဖြစ်လာဖို့ တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သွားရောက် တွေ့ဆုံတာကို မွန်လူငယ်အများစုက မလိုလားကြပါဘူး။ စစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံတဲ့ဟာက မွန်လူထုအတွက် ဘာအကျိုးရလဒ်ကောင်းမှ ထွက်လာဖို့ မျှော်လင့်လို့မရပါဘူး ဟု မွန်လူငယ်တဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

၎င်းက “စစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံတဲ့ဟာက မွန်လူထုအတွက် ဘာအကျိုးရလဒ်ကောင်းမှ ထွက်လာဖို့ မျှော်လင့်လို့မရပါဘူး၊ အဲလိုတွေ့ဆုံတာက အခုတကြိမ်မှမဟုတ်ပဲ အကြိမ်ပေါင်းများစွာ တွေ့ပြီးသား ဒါပေမယ့် ဘာအကျိုးထူးလာသာလည်းမရှိပါဘူး၊ လွန်ခဲ့တဲ့ အတွေ့အကြုံကိုပြန်ကြည့်ရင် ပြည်နယ်အဆင့်၊ နိုင်ငံတော် အဆင့် တွေ့ဆုံပြီး လက်မှတ်ရေးထိုးခဲ့ကြသာပဲ နောက်တော့ ဒီအတိုင်းပြန်ဖြစ်သွားသာပါပဲ။ အဓိကတော့ မွန်ပြည်သစ်အနေနဲ့ သူတို့ရဲ့ တပ်အင်အားအခြေအနေတွေ၊ ရေအားလျှပ်စစ် တည်ဆောက်မည့် ကိစ္စတွေ၊ တပ်ပိုင်းဆိုင်ရာ တိုးချဲ့နိုင်အောင် လုပ်ချင်တဲ့ အနေအထားတွေကြောင့်လည်း တက်ရောက်သာ နေမှာပါ” ဟု ပြောပါတယ်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည်နှင့် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ ပြည်တွင်းရေးရာ တာဝန်ခံ ဗဟိုအလုပ်မှုဆောင် ကော်မတီ နိုင်ဗညားလယ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။