• Today is: Friday, April 19, 2024

ကယန်းဒေသအတွင်း နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ငန်းများနှင့်ပတ်သက်ပြီး ကယန်းပြည်သစ်ပါတီ၏ ခွင့်ပြုချက်ယူရမည်ဟု ပြော

ဓါတ်ပုံ – ကယန်းပြည်သစ်ပါတီ 

ဖက်ဒရယ်ဂျာနယ်၊မေ ၂၅

ကယန်းဒေသအတွင်း နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ငန်းများနှင့်ပတ်သက်ပြီး ကယန်းပြည်သစ် ပါတီ၏ ခွင့်ပြုချက်ယူရမည်ဖြစ်သလို ကယန်းပြည်သစ်ပါတီနှင့် မညှိနှိုင်း မတိုင်ပင်ဘဲ အတိုင်းအတာကျော်လွန်သည်အထိ ဆောင်ရွက်ပြုမှုခြင်းများကို တားမြစ်လိုက်ကြောင်း ကယန်းပြည်သစ် ပါတီက အသိပေး ထုတ်ပြန်ထားသည်။

ယခုလို ထုတ်ပြန်ရခြင်းသည် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့အချို့က စစ်ဘေးရှောင်များနဲ့ ပတ်သက်ပြီး အမည်ခံ ကိုယ်ကျိုးရှာခြင်းများ ဖြစ်ပွားလာ၍ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုသည်။

“ကြားကာလမှာ ကျနော်တို့ ဒေသမှာ နိုင်ငံရေးယောင်ယောင် ၊ လူမှုရေးယောင်ယောင်နဲ့ ရှုပ်ယှက်ခတ်နေတယ်။ တချို့ကလည်း ဟိုကျနော်ထင်တယ် ကိုယ်ကျိုးစီးပွားတွေအတွက်လည်း ပါလာသာရှိသာပေါ့လေ။ အဲဒီတော့ ဘာပဲ ဖြစ်ဖြစ်နော်၊ ကျနော်တို့က ဘာပဲဖြစ်ဖြစ် လော်လော်ဆယ် ‌ ဒေသန္တရအစိုးရလို့ပြောလို့လည်းရနိုင်သေးတယ်။ NUG ကလည်း ထိထိမိမိ ထိထိရောက်ရောက် လွှမ်းမိုးနိုင်ခြင်း မရှိနိုင်သေးသလို၊ စစ်ကောင်စီကလည်း ထိထိမိမိ ထိထိရောက်ရောက် လွှမ်းမိုးနိုင်ခြင်း မရှိနိုင်သေးဘူး၊ အဲဒါကြောင့် ဒီကြားမှာ အမြတ်ထုတ်ခြင်တဲ့ နိုင်ငံရေး အသင်းအဖွဲ့တွေရှိတယ်၊ လူမှုရေး အသင်းအဖွဲ့တွေရှိတယ်။ အဲဒါမဖြစ်ရလေအောင် ကျနော်တို့က ထုတ်ပြန် သတိပေးခြင်း ဖြစ်သည်ဟု” ကယန်းပြည်သစ်ပါတီ တာဝန်ရှိသူ တဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကယန်းဒေသများအတွင်း စစ်ဘေးရှောင် လူဦးရေများ တိုးလာ သည်နှင့်အမျှ စစ်ဘေးရှောင်များနဲ့ ပတ်သက်ပြီး အမည်ခံ ကိုယ်ကျိုးရှာသည့် အဖွဲ့အစည်းများ ရှိလာခဲ့သည်။  ယင်းသို့ ကိုယ်ကျိုးရှာသည့် အဖွဲ့အစည်းများကို ကယန်းပြည်သစ်ပါတီအနေဖြင့် သတိပေးခြင်း ပြုလုပ်ခဲ့ ကြောင်း သိရသည်။ သတိပေးထားသောလည်း နောက်ထပ် စစ်ဘေးရှောင် အမည်ခံ ကိုယ်ကျိုးရှာ လုပ် ဆောင်မှုများ ထပ်မှန်တွေ့ရပါက အနည်းဆုံး ကယန်းဒေသမှာ ဆက်လက်နေထိုင်ခွင့် ပြုမည်မဟုတ်ဘူး ကြောင်း သိရသည်။

ယခုလို သတိပေးခြင်း၊ အများပြည်သူသိရှိအောင် ထုတ်ဖော်ခြင်းများ လုပ်ဆောင်မှုတို့ကြောင့် ကိုယ်ကျိုးရှာ အဖွဲ့အစည်းများ ပါးလာနိုင်မည်ဟု ကယန်းပြည်သစ်ပါတီအနေဖြင့် ယုံကြည်ထားသည်။