• Today is: Monday, August 8, 2022

“ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြခံဥပဒေ မူကြမ်းဆိုင်ရာ”

                                                                              (စကားဝိုင်း အနှစ်ချုပ်)

ဖက်ဒရယ်စနစ်ကိုသွားဖို့ အခက်အခဲတခုကတော့ စစ်အုပ်ချုပ်ရေးဝါဒပေါ့၊ စစ်အာဏာရှင်စနစ်နဲ့ တစိုက်မတ်မတ် အုပ်ချုပ်လာခဲ့တဲ့အခါမှာ ဖက်ဒရယ်ဆိုတဲ့ စကားပြောတိုင်းပြောတိုင်းမှာ ခွဲထွက်ရေးလို့ယူဆကြတယ်။ အခုချိန်ထိ လည်း တချို့သော စစ်ခေါင်းဆောင်တွေ နားလည်းတာက ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အာဏာသုံးရပ်ကို ကျင့်သုံးပိုင်ခွင့်ရှိတဲ့ဆိုတဲ့ စကားကိုပြောလိုက်တိုင်း Confederation လို့ မြင်သွားတယ်။ ကျနော်တို့ တိုင်းရင်းသား တွေက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရှိတယ်။ သူတို့ရဲ့ Culture Federalism ကို ကျင့်သုံးပိုင်ခွင့် ရှိတယ် စသဖြင့် ဒီအခွင့်အရေးတွေကို အပြည့်အဝလာရင်တော့ ဘယ်သူမှ ဒီနိုင်ငံထဲက ခွဲထွက်မှာမဟုတ်ဘူး။ အစိုးရကို သူပုန်ထတော်လှန်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုဖြစ်နေတာက ဒီအခွင့်အရေးတွေ တန်းတူမရှိဘူး လူမျိုးတစ်မျိုးက အပေါ်စီးက ရထားတယ်၊ လူမျိုးတစ်မျိုးက စစ်တပ်တွေနဲ့ အာဏာကိုထိန်းချုပ်ထားတယ်။ ဒါတွေဖြစ်နေတဲ့အခါမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ အခက်အခဲဖြစ်နေတယ်

 

 နိုင်ကဆုမွန် (ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီဝင်)

 

ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲတဲ့ လှုပ်ရှားမှုက ကျနော်တို့ အခုမှလုပ်တဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့။ ၂၀၀၃ ခုနှစ် ကတည်းကစတင်ခဲ့ပါတယ်။ အဲ့ချိန်မှာဆိုရင် Federal Constitution Drafting and Coordinating Committee (FCDCC) ကနေပြီး ဖက်ဒရယ်ဖွဲ့စည်းပုံရေးသားတဲ့အခါမှာ ကျနော်တို့လည်း မွန်ကိုယ်စားလှယ်အနေနဲ့  ပါဝင်ခဲ့ပါတယ်။ အဲ့ချိန်မှာ ကျနော်တို့ တိုင်းရင်းသားတွေဘယ်လို စဉ်းစားခဲ့လည်းဆိုတော့ အကယ်လို့များ ကျနော်တို့ နိုင်ငံက ဖက်ဒရယ်နိုင်ငံကို သွားမယ်ဆိုရင် ပြည်နယ်အလိုက် သူ့ရဲ့ ဖွဲ့စည်းပုံတွေရှိသင့်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ မွန် အပါအဝင် အခြားတိုင်းရင်းသားတွေက ဖွဲ့စည်းပုံကို စတင်ရေးဆွဲခဲ့တယ်။ အဓိက ရေးဆွဲရတဲ့အကြောင်းရင်းကတော့ ဖက်ဒရယ်ပြည်ထောင်စုမှာ မိမိ ပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘယ်လိုကျင့်သုံးမလဲဆိုတဲ့အပေါ်မှာ ရပ်တည်ပြီးတော့ ရေးဆွဲတာဖြစ်ပါတယ်။ နောက်တချိန်တည်းမှာပဲ ဖက်ဒရယ်နိုင်ငံထဲမှာ အခြားသော လူနည်းစုတွေ မိမိလူမျိုးထက် နည်းတဲ့လူမျိုးစုတွေရှိသလို၊ များတဲ့ လူမျိုးစုတွေလည်းရှိနိုင်တယ်။ အဲ့ကြောင့် လူနည်းစုတွေရဲ့ အခွင့်အရေးတွေ ဘယ်လိုရှိသင့်သလဲ နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုထဲမှာပဲ ငြိမ်းချမ်းစွာနေထိုင်သွားဖို့အတွက် ရည်ရွယ်ခဲ့တယ်။ နောက် ဖက်ဒရယ်ပြည်ထောင်စု ဆိုကတည်းက ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်မှာ အာဏာခွဲဝေမှုတွေ ဘယ်လိုရှိသင့်သလဲဆိုတဲ့ ရည်ရွယ်ချက်တွေပေါ်မှာမူတည်ပြီးတော့မှ ရေးဆွဲကြတာဖြစ်ပါတယ်။

မွန်လူမျိုးထဲမှာ တပ်ပေါင်းစုတဖွဲ့ရှိတယ်။ မွန်ညီညွတ်ရေးအဖွဲ့ချုပ်ဆိုပြီးတော့ပေါ့။ အဲ့ဒီကနေ ကျနော်တို့ ဖွဲ့စည်းပုံရေးသားဖို့ စဉ်းစားလာခဲ့တဲ့အခါမှာ မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်၊ ကျနော်တို့ အရပ်သားကိုယ်စားလှယ် နောက်ပြီး ပြည်တွင်းထဲမှာရှိတဲ့ နိုင်ငံရေးအင်အားစု ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပထမဆုံးကော်မတီထဲမှာ ကော်မတီဝင်(၉)ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းပြီးတော့ ပထမဆုံး  (Draft)  ကို ရေးသားခဲ့တယ်။ ရေးသားချိန်မှာ အခက်အခဲတွေတော့ အများကြီးရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အားလုံးက ပညာရှင်တွေတော့မဟုတ်ဘူးလေ။ ဒါပေမဲ့ အခြားသော နိုင်ငံတကာတွေရဲ့ ဖွဲ့စည်းပုံတွေကို (ဥပမာ – အမေရိကန်နိုင်) သွားရောက်လေ့လာခဲ့တယ်။ သူတို့ရဲ့ နိုင်ငံမှာ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကဘယ်လိုရှိတယ် အစရှိတာတွေပေါ့။ အဲ့ဒီအတွေ့အကြုံတွေပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ပထမ မူကြမ်းရေးဆွဲတဲ့ဟာမှာ ကျနော်တို့ ပြည်နယ်ကို ပုံဖော်ကြည့်ပြီးရေးခဲ့တယ်ဆိုတော့ အတော်ကို ကြမ်းပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲကိုကျော်လွှားနိုင်ဖို့ နိုင်ငံတကာ ပညာရှင်တွေနဲ့ ပြန်ပြီးတော့ ဆွေးနွေးဖြစ်တယ်။ အဲ့ချိန်မှာ (FCDCC)ရဲ့ ဖွဲ့စည်းပုံကိုလည်း နိုင်ငံတကာက ပညာရှင်တွေနဲ့ ဆွေးနွေးခဲ့တယ် အထူးသဖြင့် အမေရိကန်နိုင်ငံက တက္ကသိုလ် ပါမောက္ခတွေနဲ့ ဆွေးနွေးခဲ့တယ်။ သူတို့နိုင်ငံလည်း ဖက်ဒရယ်နိုင်ငံဖြစ်တော့ ပြည်နယ်နဲ့ ပြည်ထောင်စုကြားထဲမှာ အာဏာခွဲဝေမှုတွေဘယ်လိုရှိတယ်ဆိုတဲ့ဟာပေါ့။ နောက် ဩစတီးယားက ပညာရှင်တွေ ကလည်း ကျနော်တို့ရဲ့ ဖွဲ့စည်းပုံတွေကို ကြည့်ပေးခဲ့ပြီး အားနည်းချက်တွေအများကြီးကို ထောက်ပြပေးခဲ့တယ်။ အဲ့ဒီအတွက်ကြောင့် ပထမမူကြမ်း နဲ့ ဒုတိယမူကြမ်းကတော့ အများကြီးကို ကွာခြားလာ ပါတယ်။ တတိယ မူကြမ်းကတော့ အတော်လည်း ကောင်းလာပါတယ်။ အဲ့ကြောင့် ကျနော်တို့ မွန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတွေနဲ့ ရေးခဲ့တယ်။ ပြီးခဲ့တဲ့ မွန်အမျိုးသားညီလာခံမှာ တတိယ မူကြမ်းကို တော်လှန်ရေးအင်စားစု၊ နိုင်ငံရေးပါတီအင်အားစု၊ အရပ်သားအင်အားစုတွေ နောက်ပြီးတော့ ရဟန်းသံဃာတော်တွေပါပြီးတော့ အချက်အလက်တော်တော်များများကို တစ်ရက်လောက်တော့ ပြန်ပြီး သုံးသပ်ခွင့်ရခဲ့တယ်။ အဲ့ဒါတွေကို လာမဲ့ (၆)လအတွင်းမှာ ပြန်ပြီးတော့ စုစည်းမယ်။ ဒါပေမဲ့ တာကတော့ စတုတ္ထမူကြမ်းဖြစ်ချင်မှဖြစ်မယ်။ ဘာလို့ဆိုတော့ တတိယမူကြမ်းကို ပြန်သုံးသပ်တဲ့ ကိစ္စပဲဆိုတော့လေ ဒီတတိယမူကြမ်းမှာပဲ ပြင်ဆင်ဖြည့်စွက်တာတွေပဲ ဖြစ်ပါလိမ့်မယ်။ စတုတ္ထမူကြမ်းထိတော့ သွားမလား မသွားဘူးလားဆိုတာကတော့ ကျနော်တို့ကြားထဲမှာ ပြန်ဆွေးနွေးရမဲ့အချက်ဖြစ်နေပါတယ်။ ဒီဖွဲ့စည်းပုံကို ပြန်ပြီးတော့ သုံးသပ်ဖြည့်စွက်ဖို့ကို မွန်အမျိုးသားညီလာခံ ကနေပြီးတော့ တာဝန်ပေးချက်အရ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမယ်။ အဲဒီကော်မတီ ကနေပဲ ပြင်ဆင်ဖြည့်စွက် သွားဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ ညီလာခံမှာလည်း ကျနော်တို့ အုပ်စု(၅)စုခွဲပြီးတော့မှ မွန်ပြည်နယ်ရဲ့ မြို့တော်ကို ပြန်သတ်မှတ်ဖို့ ပြောအခါမှာ အများစုကတော့ မော်လမြိုင်ကိုပဲ ပြန်သတ်မှတ်တာတွေ့ရပါတယ်။   ဒါပေမဲ့ ကျနော်တို့ ၂၀၀၃ ကတည်းက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံမူကြမ်းမှာတော့ ပဲခူးမြို့လို့ ထည့်သွင်းထားခဲ့တာပေါ့။ ဒါကို ပြန်ပြင်ဖို့ရှိခဲ့တာ ပေါ့။ ကျနော်တို့ စဉ်းစားချက်ကတော့ သမိုင်းကြောင်းပေါ့ သမိုင်းကြောင်းအရဆိုရင်တော့ ပဲခူး ဟံသာဝတီက ကျနော်တို့ မွန်လူမျိုးတွေရဲ့ ရာဇဌာနီပေါ့။ ဟံသာဝတီမှာ မွန်တွေနန်းတည်ပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ခဲ့တာပေါ့။ ကိုယ်ပိုင်ထီးနန်းအနေနဲ့နေခဲ့သာ ဟံသာဝတီက သုံးဆက်လောက်ရှိခဲ့တယ်။ အဲ့တာတစ်ကြောင်း နောက်ပြီးတော့ ပြီးခဲ့တဲ့ ဦးနုတို့လက်မှာ မွန်ပြည်နယ်အတွက် ဆွေးနွေးခဲ့တဲ့အခါမှာ ဒီပဲခူးမြို့ကို မွန်ပြည်နယ်ထဲမှာ ပြန်ထည့်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါတော့ သမိုင်းကြောင်းအရပေါ့။ ဦးနုကိုယ်တိုင်ကလည်း ပဲခူးမပါတဲ့၊ ဟံသာဝတီမပါတဲ့ မွန်ပြည်နယ်ဟာ အရသာမရှိတဲ့ မွန်ပြည်နယ်ဖြစ်လိမ့်မယ်လို့ သမိုင်းကြောင်းအရ ပြောခဲ့တာပေါ့။ ဒါပေမဲ့အခုချိန်မှာကျတော့လည်း လူဦးရေ အပြောင်းအရွှေ့အရ သော်လည်းကောင်း ဟံသာဝတီ ပဲခူးမြို့မှာဆိုရင်လည်း မွန်လူဦးရေနည်းသွားတာပေါ့နော။ အမှန်မှာတော့ မွန်လူမျိုးတွေက သမိုင်းကြောင်းအရကြည့်မယ်ဆိုရင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ဘက်ခြမ်း ဝေါတို့ ပဲခူးတို့ အားလုံးက မွန်သွေးမကင်းခဲ့ပါဘူး။ ဒါပေမဲ့ မွန်တွေက နှစ်ပေါင်း(၂၅၀)လောက် နိုင်ငံပျောက်ဆုံးသွားတဲ့အခါမှာ အဲ့ဒီဒေသမှာရှိတဲ့ ကျနော်တို့ မွန်လူမျိုးတွေများသောအားဖြင့်က မွန်လို့ မခံယူတော့ဘူး။ ပြောရမယ်ဆိုရင်တော့ ဗမာမှု့ပြုခံရတာပေါ့။ မျိုးရိုးအရပြန်ကြည့်မယ်၊ သမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင် မွန်သွေးရှိသော်လည်း သူတို့ကိုယ်သူတို့ မွန်သွေးရှိမှန်းမသိရှိတော့တဲ့ အခြေအနေတွေကို ရောက်သွားတာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းကြောင်းကနည်းနည်းရှည်တယ် သို့သော် ပြည်နယ်ဖွဲ့ရေးဆွဲတဲ့အခါမှာရော၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ အခါမှာရော ဒါက လက်တွေ့အခြေအနေနဲ့ ကျနော်တို့ ရင်ဆိုင်ရမှာပေါ့။ အဲ့ချိန် ဒီဒေသမှာရှိတဲ့ ပြည်သူတွေက သူတို့ရဲ့ ရွေးချယ်မှု့အပေါ်မှာပဲ အများကြီးမူတည်ပါတယ်။

ကျနော်တို့ စဉ်းစားချက်ကတော့ လူနည်းစုအခွင့်အရေးပေါ်မှာ စဉ်းစားတယ်။ Culture Federalism ပေါ်မှာ စဉ်းစားတယ်။ နောက် ဌာနေတိုင်းရင်းသားတွေအတွက် စဉ်းစားတဲ့အခါမှာ ဒီလူမျိုးက ဒီအခွင့်အရေးတွေ ရှိသင့်တယ်ဆိုတဲ့အပေါ်မှာ စဉ်းစားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီကိစ္စကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုပါမယ်။ ထိုနည်းလည်းကောင်းပဲ ကျနော်တိုက်တွန်းချင်တာကတော့ တခြား ပြည်နယ်မှာဖြစ်ဖြစ် တိုင်းဒေသကြီးမှာဖြစ်ဖြစ် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်တဲ့အခါမှာ အဲ့ဒီဒေသမှာရှိတဲ့ ( Minority) တွေကို၊ အမှန်တော့ ကျနော်တို့ မွန်လူမျိုးတွေလည်း Minority ပါပဲ။ ဒီကနေ့မှာ မွန်လူမျိုးက  Majority မဖြစ်တော့ပါဘူး။ ဒါပေမဲ့ ကျနော်ဆိုလိုချင်တာက (Minority in Minority ) လူနည်းစုထဲက လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အာမခံပေးဖို့လိုတယ်။ ဘာလို့ ဒီလိုမျိုးပြောလဲဆိုတော့ နှစ်ပေါင်းများစွာ လူမျိုးကြီးဝါဒနဲ့ နေလာခဲ့တော့ လူမျိုးတွေနည်းသွားတယ်။ လူမျိုးတွေပျောက်သွားတယ်။ သမိုင်းကြောင်းအရ ပြန်ကြည့်လို့ရှိရင် အင်္ဂလိပ်လက်ထက်မှာ မွန်တွေအများကြီးရှိတယ် ရန်ကုန်မှာ တစ်ခေါင်စားရင်းအရကိုရှိတယ်။ ဒါပေမဲ့ အခုက စဉ်ဆက်နေလာတဲ့ မွန်တွေက အတော်နည်းသွားပြီး။ နောက်ထပ် မွန်ပြည်နယ်၊ ကရင်ပြည်နယ်က ပြောင်းသွားတဲ့ မွန်တွေပဲရှိတော့တယ်။ တကယ်တန်းကျတော့ ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေး၊ လူနည်းစုတွေရဲ့အခွင့်အရေး ဒါက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ အရေးကြီးပါတယ်။ လူဦးရည်အထိုက်အလျောက်ရှိတဲ့လူကတော့ ပြည်နယ်ရသွားတယ်။ တကယ် လူဦးရေနည်းတဲ့ လူမျိုးတွေကတော့ ပြည်နယ်ရပိုင်ခွင့်မရှိတဲ့အခါမှာ ပြည်နယ်ရှိတဲ့ လူမျိုးတွေက ပြန်ပြီးတော့ ဖိနိပ်နေမလား အခွင့်အရေးတန်းတူ မပေးဘဲနဲ့ဖြစ်နေမလား၊ ဒါဆိုရင် ကျနော်တို့ နောက်ထပ် ပဋိပက္ခထပ်ကြုံရဖို့ရှိနေတာပေါ့။ ဒါကြောင့် လူနည်းစုတွေရဲ့ အခွင့်အရေးကို လေးလေးနက်နက် စဉ်းစားဖို့လိုပါတယ်။

ဖက်ဒရယ်စနစ်ကိုသွားဖို့ အခက်အခဲတခုကတော့ စစ်အုပ်ချုပ်ရေးဝါဒပေါ့၊ စစ်အာဏာရှင်စနစ်နဲ့ တစိုက်မတ်မတ် အုပ်ချုပ်လာခဲ့တဲ့အခါမှာ ဖက်ဒရယ်ဆိုတဲ့ စကားပြောတိုင်းပြောတိုင်းမှာ ခွဲထွက်ရေးလို့ယူဆကြတယ်။ အခုချိန်ထိ လည်း တချို့သော စစ်ခေါင်းဆောင်တွေ နားလည်းတာက ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အာဏာသုံးရပ်ကို ကျင့်သုံးပိုင်ခွင့်ရှိတဲ့ဆိုတဲ့ စကားကိုပြောလိုက်တိုင်း Confederation လို့ မြင်သွားတယ်။ ဒါကတော့ ခွဲထွက်သာပဲ အချုပ်အခြာအာဏာကိုခွဲသာပဲ စသဖြင့်ပေါ့ ဒါမျိုးပြောလာတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမရေးဘဲနဲ့ အခြေခံဥပဒေပဲရေးပါ အဲ့လိုမျိုးပြောလာတယ်။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအရကိုက ပြည်နယ်မှာလည်း စစ်တပ်က အာဏာယူထားတာအများကြီးရှိတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့က ကျနော်တို့နဲ့ နားလည်ပုံ ကမတူဘူး။ ကျနော်တို့ တိုင်းရင်းသားတွေ နားလည်တာက ( Coming together ) ကျနော်တို့က တချိန်တုန်းက ကျနော်တို့ လူမျိုးတွေ ကျနော်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိခဲ့တယ်။ မွန်ကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ကျင့်သုံးခဲ့တယ်။ ထိုနည်းလည်းကောင်း ကချင်လူမျိုးတွေကလည်း သူတို့ရဲ့ ဒူဝါတွေနဲ့ သူတို့ရဲ့ တောင်ပေါ်ဒေသမှာ လူတို့လူမျိုးတွေအကြားမှာ ကျင့်သုံးခဲ့ကြတယ်။ ဒါကြောင့် ဒီကနေ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့ အခါမှာ အင်္ဂလိပ်လက်ထက် မတိုင်မီ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးခဲ့တဲ့ လူမျိုးတွေအားလုံး လာပြီးတော့မှ စုစည်းရမဲ့သဘေားလို့ ကျနော်မြင်တယ်။ လူမျိုးကို အခြေပြုပြီးတော့ ဖက်ဒရယ်ကို ဖွဲ့စည်းသင့်တယ်လို့မြင်တယ်။ ဒါပေမဲ့ တစ်ဖက်က ဘယ်လိုမြင်လဲဆိုတော့ ကျနော်တို့က (Holding together ) ဖြစ်တယ်ပေါ့။ ပထမ မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသားတွေ စုစည်းခဲ့တယ်။  ဒုတိယ မြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံတော်မှာ တိုင်းရင်းသားတွေ စုးစည်းခဲ့တယ် စသဖြင့်ပေါ့။ ဒါကြောင့် ကျနော်တို့သွားမဲ့ ဖက်ဒရယ် စုစည်းဖို့လိုတယ်။ အချုပ်အခြာအာဏာကို ခွဲထုတ်လို့မရဘူးဆိုပြီး ဒါတွေပြောလာတာတယ်။ ဘယ်လိုပဲဖြစ်ခဲ့ ကျနော်တို့ တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရှိတယ်။ သူတို့ရဲ့ Culture Federalism ကို ကျင့်သုံးပိုင်ခွင့်ရှိတယ် စသဖြင့် ဒီအခွင့်အရေးတွေကို ပြည့်ဝလာရင်တော့ ဘယ်သူမှ ဒီနိုင်ငံထဲက ခွဲထွက်မှာမဟုတ်ဘူး။ အစိုးရကို သူပုန်ထမှတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုဖြစ်နေတာက ဒီအခွင့်အရေးတွေ တန်းတူမရှိဘူး လူမျိုးတစ်မျိုးက အပေါ်စီးက ရထားတယ်၊ လူမျိုးတစ်ဦးက စစ်တပ်တွေနဲ့ အာဏာကိုထိန်းချုပ် ထားတယ်။ ဒါတွေဖြစ်နေတဲ့အခါမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ အခက်အခဲဖြစ်နေတယ်။ နောက်အခက်အခဲတခုက ပြည်တွင်းစစ်က နှစ်ပေါင်း(၇၀)လောက်ကြာလာတဲ့အခါမှာ ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာလည်း ပြဿနာရှိလာတယ်။ တော်လှန်ရေးလုပ်တဲအခါမှာ နယ်မြေလုတာတွေ ရှိတယ်၊ စီးပွားရေးဆိုင်တဲ့ နယ်မြေတွေ ထိန်းချုပ်ဖို့ကြိုးစားလာကြတယ်။ ဒီပြဿနာတွေကို စားပွဲပေါ်မှာ မဖြေရှင်းဘဲနဲ့ လက်နက်ကိုင်ပြီး ဖြေရှင်းနေရတဲ့အခါမှာ ပဋိပက္ခတွေပေါ်လာတယ်။ ဒီ ပဋိပက္ခတွေကိုလည်း ကျနော်တို့ ကျော်လွှားဖို့လိုအပ်ပါတယ်။ စားဝိုင်းထဲမှာ ဆွေးနွေးအဖြေရှာဖို့လိုတယ်။ ဒါမှ ထိုက်သင့် ထိုက်လျောက်တဲ့ အခွင့်အရေးကို လူတိုင်း၊ လူမျိုးတိုင်းက ရရှိဖို့လိုတယ်။ ဘယ်သူ့ကိုမှ နစ်နာမှုမရှိစေရဘဲနဲ့ ပြည်နယ်နဲ့ ပြည်ထောင်စုကြားမှာ ထိုက်လျောက်တဲ့ အာဏာခွဲဝေမှုတွေရှိဖို့လိုတယ်။

#FderalJojurnal

#စကားဝိုင်းအနှစ်ချုပ်