• Today is: Sunday, June 26, 2022

တိုက်ဖျက်ဆီးနေတာတွေကို ဘယ်လိုတုန့်ပြန်ကြမလဲ။ ဘာတွေလုပ်နိုင်သလဲ။

တိုက်ဖျက်ဆီးနေတာတွေကို ဘယ်လိုတုန့်ပြန်ကြမလဲ။ ဘာတွေလုပ်နိုင်သလဲ။

အီဂေါဗလာဇီဗစ်

ဖျက်ဆီးခံလိုက်ရတဲ့ အိမ်အရေအတွက်က

၈၆ မြို့နယ်က ရွာပေါင်း ၄၀၀ ကျော်မှာ အိမ်အလုံးပေါင်း ၁၉၆၃၅ လုံး။

စစ်ကိုင်းတိုင်းမှာ အိမ်ပေါင်း ၁၂၆၈၇။

မကွေးမှာ အိမ်ပေါင်း ၄၃၈၄ လုံး။

ချင်းမှာ အိမ်ပေါင်း ၁၃၇၆ လုံး။

ဒါတွေဟာ လွန်ခဲ့တဲ့ ဧပြီလနဲ့ မေလမှာ စစ်တပ်က အရှိန်မြှင့်ပြီး လုပ်လာတဲ့ လုပ်နေဆဲ ရည်ရွယ်ချက်ရှိရှိစနစ်တကျ ဖျက်ဆီးမှုများပဲဖြစ်ပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ နွေဦးတော်လှန်ရေးကို ဖြိုခွင်းဖို့ ဗျူဟာ နှစ်ခုနဲ့ သွားနေပါတယ်။ တခုက အထက်မြန်မာပြည်မှာ မီးရှို့ မြေလှန်တဲ့ စစ်ဆင်ရေးနည်းလမ်းနဲ့ နောက်တခုက လူမျိုးစုလက်နက်ကိုင်နဲ့ လူမျိုးစု အစုအဖွဲ့တွေကိုငြိမ်းချမ်းရေး စကားပြောတဲ့ နည်းလမ်းဖြစ်ပါတယ်။

မြန်မာပြည်သူအားလုံး နားလည်ကြတဲ့ အတိုင်းငြိမ်းချမ်းရေး ကမ်းလှမ်းမှုဟာ အစစ်အမှန်မဟုတ်ပါဘူး။ သူ့ရဲ့ရည်မှန်းချက်က လူမျိူးစုနဲ့ ဗမာ (စစ်ရေး နိုင်ငံရေး လူမှုရေး အင်အားစုတွေ) ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးမဟာမိတ်ကို ဖြိုခွင်းဖို့၊ အနည်းဆုံးအားဖြင့် ဒီမဟာမိတ်ဖြစ်မှု ကျယ်ပြန့်နက်ရှိုင်းမလာဖို့ ဖြစ်ပါတယ်။

စနစ်တကျမြေလှန်မီးရှို့နေတာတွေနဲ့ ပတ်သတ်လို့တော့ မကြာခင်က ထွက်ပေါ်လာတဲ့ Anthony Davis ရဲ့ သုံးသပ်ချက်မှာ ခုလိုရေးသားထားပါတယ်။ “ ပြည်သူတွေ နေရာပြောင်းရွေ့ရေး အခြေပျက်ရေးဟာ စစ်တပ်ရဲ့ အဓိက စစ်ရေးဗျူဟာဖြစ်လာတယ်။” နယ်လှည့်လူသတ်စစ်တပ်ဖွဲ့တွေနဲ့ ပြည်သူစစ်တွေ ရပ်ရွာတခုလုံးကို မီးရှို့ပြာချပစ်တာက “ ရပ်ရွာလူထုတွေ PDF ကိုမထောက်ပံ့နိုင်စေရုံသာ မကဘူး၊ ထောက်ပို့နဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဝန်ထုတ်တွေ PDF တွေအပေါ်ကျအောင်လုပ်တာလည်းဖြစ်တယ်”။

ကျယ်ပြန့်တဲ့ စစ်ဆန့်ကျင်ရေး အင်အားစုမှာ အစိတ်အပိုင်းတွေ အမျိုးမျိုးရှိကြတယ်။ အစိတ်အပိုင်းတွေဟာအချိန်တိုင်းမှာ

အလုပ်အမျိုးမျိုး၊ စိန်ခေါ်မှုနဲ့ အခွင့်အရေး အမျိုးမျိုးကို ရင်ဆိုင်ပြီး ရှေ့ရောက်အောင်လုပ်နေကြရတယ်။ ဒီလိုအလုပ်လုပ်ပုံဟာ နွေဦးတော်လှန်ရေးရဲ့ အင်အားဖြစ်ပါတယ်။ အဖွဲ့စုံက ကိုယ့်ဘာသာ စီမံလုပ်ကိုင်တဲ့ အလုပ်အမျိုးမျိုးက တော်လှန်ရေးကို အရေးကြီးတဲ့ စွမ်းအားရင်းမြစ်ပေးပါတယ်။

သို့သော်လည်းပဲ အင်အားအသီးသီးနဲ့ အဖွဲ့အသီးသီးဟာ အချိန်ကာလအလျောက် အရေးကြီးတဲ့ ကိစ္စတွေကိုချိတ်ဆက်လုပ်ကြဖို့လည်း လိုပါတယ်။ ဒီတကြိမ်မှာဒီအရေး နောက်တကြိမ်မှာ နောက်အရေးတခုကို ဦးစားပေးအစီအစဉ်အဖြစ် သတ်မှတ် ချိတ်ဆက် လက်တွဲလုပ်ကြမယ် ဆိုရင် ၁။ အင်အားပိုရှိလာပါမယ် ၂။ မတူကွဲပြားတဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး အစုအဖွဲ့တွေကြားမှာ ယုံကြည်မှုနဲ့ ပူပေါင်းနိုင်မှု အားကောင်းလာပါမယ်။

ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ အခုလတ်တလောမှာ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုအသီးသီးဟာစစ်တပ်ရဲ့ မြေလှန်မီးရှို့ ဗျူဟာကို ဝိုင်းဝန်းတုန့်ပြန်ဖို့ တညီတညွတ်ထဲ ရှိသင့်ပါတယ်။

တုန့်ပြန်မှု အနည်းအပါးလောက်နဲ့ ရွာမီးရှို့တာတွေ ရပ်အောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ သို့ပေမဲ့ ပေါင်းစု အချိန်ကိုက်တာဝန်ခွဲဝေပြီး လုပ်ရမှာတွေရှိပါတယ်။ လုပ်ဖို့လည်း လိုပါတယ်။ အဖွဲ့တွေ မတူပေမဲ့ ဘုံဦးတည်ချက်နဲ့ အလုပ်တွေ ခွဲဝေလုပ်ကြဖို့ပါ။

ဘာလုပ်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတာတွေကို ခုလိုတွေးကြည့်ပါတယ်။

၁။ အားလုံးရဲ့ ဦးစားပေး အစီအစဉ်အဖြစ်သတ်မှတ်ခြင်း

စစ်တပ်ဟာ တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေက အရပ်သားပြည်သူတွေကို ဦးတည်ပြီး တခြားရက်စက်မှုတွေအပြင် ရွာတွေ မြေလှန်မီးရှို့တဲ့ ဗျူဟာကို စနစ်တကျ ကျင့်သုံးနေတာဖြစ်ပါတယ်။ လက်ရှိကာလမှာ အများစုသော နွေဦးတော်လှန်ရေး အင်အားစုတွေဟာ ဒီကိစ္စကို လတ်တလောဦးစားပေးရမဲ့ ကိစ္စအဖြစ် မှတ်ယူရပါမယ်။ကျုပ်တို့ဘာတွေပဲ လုပ်နေလုပ်နေ ကိုယ့်ရဲ့အချိန်နဲ့ အင်အား ၂၀% ကနေ ၃၀% အထိကို မြေလှန်မီးရှို့နေတာတွေရပ်ဖို့အားထုတ်တဲ့ အလုပ်တွေမှာ ထည့်ဝင်ဖို့လိုပါမယ်။

စစ်တပ်က ရွာတွေ မီးရှို့ဖျက်ဆီးနေတာ၊ ပြည်သူတွေ အသက်မွေးဝမ်းကြောင်းပျက်အောင်လုပ်တာ၊ အိုးအိမ်မဲ့ဒုက္ခသည်များအောင် လုပ်တာတွေကို ဒီအတိုင်းလွှတ်ထားရင် နွေဦးတော်လှန်ရေး တခုလုံးကို အင်အားချည့်နဲ့ စေပါလိမ့်မယ်။ ကျုပ်တို့ ဘာတွေပဲ လုပ်နေနေ ဒီအတိုင်းလွှတ်ထားရင် သိသိသာသာ အင်အားချိနဲ့သွားဖို့ ရှိပါတယ်။ဒါကြောင့် ခုအချိန်မှာ ဒီအရေးဟာ အားလုံးရဲ့ ဦးစားပေးဖြစ်ရပါမယ်။

၂။ ပျားတုတ်သလို ဝိုင်းတုတ် ဒဏ်ခတ်ဖို့နဲ့ ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ဖန်တီးနိုင်ရပါမယ်။

လူမျိုးစုလက်နက်ကိုင်တွေနဲ့ PDF တွေ၊ ခုခံရေး အင်အားစုတွေ အနေနဲ့ နိုင်ငံနေရာအနှံ့မှာ တတ်နိုင်တဲ့ နေရာကနေလက်တုန့်ပြန်တိုက်ခိုက်မှုတွေ လုပ်ဖို့လိုပါတယ်။ စစ်တပ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေး လုပ်တာနဲ့ တပြိုင်ထဲမှာ လက်တုန့်ပြန်မှုကို လုပ်ဖို့လိုပါမယ်။ စစ်တပ်မီးရှို့မဲ့ နေရာနဲ့ မိုင်ပေါင်းများစွာ ဝေးစေအုံးတော့ ပြောက်ကျားအဖွဲ့တွေဟာ ကိုယ့်အနီးအနားက စစ်တပ်ရဲ့ အားနည်းတဲ့ နေရာတွေကို တိုက်ခိုက်ဖို့ လိုပါမယ်။ ဒီလိုတိုက်ခိုက်တာဟာစစ်ကိုင်း၊ မကွေး၊ ချင်း၊ ရှမ်းတောင်နဲ့ တခြားနေရာတွေက ဘယ်မြို့ဘယ်ရွာ မီးရှို့ခံရမှုအတွက် ဂလဲ့စားလို့တိတိပပ ကြေငြာရပါမယ်။ လက်တုန့်ပြန်တဲ့ ပမာဏနဲ့ ပြင်းထန်မှုက အရေးမကြီးပါဘူး။ အရေအတွက်များဖို့ကပဲအရေးကြီးပါတယ်။ တချိန်ထဲမှာ တနိုင်ငံလုံးက မီးရှို့ခံရွာတွေနဲ့ သွေးစည်းကြောင်းပြပြီး တိုက်ခိုက်တာလို့လူသိရှင်ကြား အသိပေးနိုင်ဖို့ ပိုအရေးကြီးပါတယ်။ ဒီလို ပျား ၅၀၀ ဝိုင်းတုတ်ကြသလို ထိုးနှက်တိုက်ခိုက်မှုဟာစစ်တပ်က ရွာတွေမီးရှို့တာ မရပ်မချင်း ဆက်ဖြစ်နေမယ်လို့ သတင်းစကားပါးရပါမယ်။

ပျားတုတ်သလို ဝိုင်းလုပ်ကြတဲ့ အခြေအနေထိရောက်ဖို့ အချိန်ကာလတခုလိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်ရုပ်လုံးပေါ်လာရင် စစ်တပ်ဟာ ရွာတွေအပေါ် အကြမ်းဖက်တဲ့ စစ်ဆင်ရေး ဆက်လုပ်ဖို့ ပိုသတိထားလာပါလိမ့်မယ်။ နေရာတိုင်းကနေ ချက်ချင်းဆိုသလို လက်တုန့်ပြန်မှုတွေလာမယ်လို့ သူတို့သဘောပေါက်နေရင် ပိုသတိထားလာဖို့ရှိပါတယ်။

၃။ ပစ်မှတ်ထားခံရတဲ့ ဒေသတွေမှာ မိမိကိုယ်ကို ခုခံကာကွယ်ရေး လက်နက်တွေ ရှိနိုင်သလောက်ရှိရပါမယ်။

အန်ယူဂျီရဲ့ ကာကွယ်ရေးဝန်ကြီးဌာရော၊ ပူးတွဲလုပ်ဆောင်နေတဲ့ လူမျိုးစုတော်လှန်ရေး အဖွဲ့တွေရောဟာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ပစ်မှတ်ဖြစ်လာမဲ့ ဒေသတွေကို ( သူတို့မလာခင်ထဲက) လက်နက်၊ ငွေကြေးပံ့ပိုးမှုတွေထပ်တိုးပြီး ထောက်ပံ့ဖို့လိုပါမယ်။ စစ်တပ်က ဘယ်နေရာတွေကို စစ်ကြောင်းဝင်တော့မယ်ဆိုတာ သီတင်းပတ်တွေကြိုသိကြလေ့ရှိပါတယ်။ ဒီလိုထောက်ပံ့ဖို့ ခက်ခဲတာကို သိပါတယ်။ ဒါပေမဲ့ ဦးစားပေးနေရာထားပြီး စဉ်းစားရင်တော့ ပိုလုပ်ဖြစ်မှာပါ။

၄။ စူးစူးစိုက်စိုက် ထိထိရောက်ရောက် ပြင်ဆင်ထုတ်ပိုး ထားတဲ့ လူထုဆက်သွယ်ရေး သတင်းစကားဖြန့်ဝေမှုတွေလိုအပ်ပါတယ်။

ဆန်းသစ် ထိရောက်အောင်လုပ်တတ်တဲ့ လူထုဆက်သွယ်ရေးအဖွဲ့ကို အထူးဦးစားပေး အနေအထားနဲ့ လိုအပ်ပါတယ်။ သူတို့က အမြင်အရ ထိရောက်တဲ့ ဗွီဒီယိုကားတိုတွေ၊ ဇာတ်ကြောင်းပြောနိုင်တဲ့ ဓါတ်ပုံတွေ၊ သတင်းသရုပ်ဖေါ် ကိန်းဂဏန်း ဂရပ်ဖ်တွေကို အင်္ဂလိပ်စာနဲ့ပါ ဖန်တီးနိုင်ရပါမယ်။ စစ်တပ်ရဲ့ ရက်စက်မှု ရာဇဝတ်မှုတွေကိုမီးမောင်းထိုးပြနိုင်ရပါမယ်။

ရာချီတဲ့ ဓါတ်ပုံတွေ၊ ဗွီဒီယိုအကြမ်းတွေက အများကြီး အထောက်အကူမပြုပါဘူး။ အာရုံစိုက် မခံရပဲသတင်းစကားပျောက်သွားတာမျိုးကြုံရတတ်ပါတယ်။ လိုနေတာက နေ့စဉ်နေ့တိုင်း ( မလွယ်ကူလွန်းရင် ၂ ရက်တခါ) တခု နှစ်ခုတဲ့ မပိုတဲ့ ဗွီဒီယိုနဲ့ ဓါတ်ပုံအနည်းငယ်ပါ။ အင်္ဂလိပ်စာနဲ့ ရောက်စေချင်တဲ့ နေရာတွေကို ပစ်မှတ်ထားဖြန့်ဝေနိုင်ရပါမယ်။ အခမဲ့ ထပ်ဆင့်ဖြန့်ဝေနိုင်အောင် လုပ်ပေးတာမျိုးဖြစ်ရပါမယ်။

၅။ စနစ်တကျဦးတည်ပြီး အများပါဝင်တဲ့ လှုပ်ရှားမှု လုပ်ရပါမယ်။

သတင်းစကားနဲ့ ရုပ်ပုံ ဖန်တီးမှုတွေရှိနေပြီဆိုရင် မြန်မာနဲ့ကမ္ဘာက အင်တာနက်သမား အစုအဖွဲ့များစွာ၊ တခြားရပ်တည် ညီညွတ်ပေးကြတဲ့ အဖွဲ့တွေဟာ ( အနည်းအပါးဖြစ်စေ ချိတ်ဆက်အချိန်ကိုက်ပြီး) မီဒီယာတွေ၊ ပေါ်လစီသမားတွေ၊ ဩဇာရှိသူတွေဆီ ဒီသတင်းစကားတွေလွှတ်ရပါမယ်။ စ စချင်းမှာ လွယ်လွယ်ရောက်မဲ့ သူတွေဆီဦးတည်ပြီး ဖြေးဖြေးချင်းတော့ ခက်တဲ့သူတွေဆီလည်း ရောက်ဖို့လိုပါမယ်။ ဒီအလုပ်တွေကို ဆိုရှယ်မီဒီယာ ( တွစ်တာ၊ facebook, အင်စတာဂရမ်၊ အီးမေးတွေ) ကနေလုပ်နိုင်ပါတယ်။ နေ့တိုင်းမှာ လူတိုင်းဆီပို့နေဖို့ မဟုတ်ပါဘူး။ဒီနေ့မှာ ဒီအစုအဖွဲ့နဲ့ မီဒီယာဆီပို့မယ်။ နောက်နေ့မှာ နောက်အစုအဖွဲ့နဲ့ မီဒီယာဆီပို့မယ်ဆိုတာမျိုး လုပ်နိုင်ပါတယ်။ပြီးရင် အရင်ပို့ ထားတဲ့ အစုအဖွဲ့တွေဆီ တကျော့ပြန်မယ်ဆိုတာမျိုးလုပ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ်သတင်းစကားပါးတဲ့ အစုအဖွဲ့ဆီကို လူအများကြီးဆီကနေ ရောက်သွားဖို့ပါ။ ပင်မ သတင်းစကားတူဖို့လိုပေမဲ့ပုဂ္ဂလိက မှတ်ချက်တွေ၊ စကားတွေပါလို့ရပါတယ်။ အမြဲတမ်းတော့ ယဉ်ယဉ်ကျေးကျေး ဖြစ်ရမယ်။ ဘာလုပ်ပေးစေချင်တယ်ဆိုတဲ့ သတင်းစကား ရှင်းလင်းရမယ်။ တွန်းတွန်းတိုက်တိုက် ဖြစ်ရမယ်။

ပြည်ပရောက်မြန်မာတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ သက်ဆိုင်ရာနိုင်ငံမှာ ဘယ်သူတွေကို ဦးတည်စည်းရုံးရမယ်ဆိုတာနဲ့ ပတ်သတ်ပြီးတော့ အများကြီးကူညီနိုင်ကြတယ်။ ပြည်ပရောက်အဖွဲ့တွေကို သက်ဆိုင်ရာ နိုင်ငံရဲ့ မူဝါဒသမားတွေဆီအရောက် တံခါးခေါက်နိုင်အောင် ကြိုးစားလို့ရတယ်။ ဒီမူဝါဒသမားတွေရဲ့ တံခါးဝ ရုံးဝရောက်အောင်လုပ်နိုင်တာ၊ သူတို့နဲ့ (လူကိုယ်တိုင်ဖြစ်စေ ဖုံးနဲ့ဖြစ်စေ) စကားပြောနိုင်တာဟာ ဆိုရှယ်မီဒီယာ သတင်းစကားထက်အများကြီး ပိုထိရောက်ပါတယ်။ ပြည်ပမူဝါဒသမားတွေဟာ မြန်မာပြည်အကြောင်း ဘာမှ မသိလို့ ဘာမှ မလုပ်ဘူးဆိုတာမျိုး နေကြတယ်။ နည်းအမျိုးမျိုးနဲ့ သူတို့သိအောင်လုပ်ဖို့နဲ့ တခုခုလုပ်ပေးဖို့ကြိုးစားရဲ့လားနောက်ဆက်တွဲ လိုက်ကြည့်ဖိအားပေးနိုင်ဖို့ လိုပါတယ်။ မြန်မာပြည်ကို ဂရုစိုက်ချင်လို့ ဟုတ်ချင်မှ ဟုတ်မှာပေမဲ့ မူဝါဒသမားတွေဟာ သူတို့ရဲ့ မဲဆန္ဒရှင်တွေရှေ့မှာ ဂရုမစိုက်၊ စာနာတဲ့ နှလုံးသားမရှိ၊ အမှုမဲ့ အမှတ်မဲ့ ဆိုတဲ့ ပုံရိပ်မျိုးမပေါ်စေချင်ကြဘူး။ သူတို့ပုံရိပ်ကို သတိထားကြတယ်။ ဒါ့ကြောင့် မူဝါဒသမားတွေ သူတို့လူထုနဲ့ တွေတဲ့နေရာတွေမှာ ဝင်ပါကြရတယ်။ လူအများကြီးက တနေ့ တနာရီလောက် အချိန်ပေးပြီး သတင်းစကားပါးတာ၊ ဆက်သွယ်တာတွေလုပ်နိုင်တယ်။ ဘယ်သူတွေကို ဘယ်လိုအချိန်ဦးတည်မယ်ဆိုတာကတော့ လမ်းညွန်မှုလိုအပ်ပါတယ်။

အစုအဖွဲ့လိုက် ဒီလိုလှုပ်ရှားမှုတွေ စပြီဆိုတာနဲ့ အချိန်တိုအတွင်း အရေအတွက်များလာဖို့ နဲ့ အချိတ်အဆက်မိပြီးထိရောက်ဖို့ စုမိလာလေ့ရှိတယ်။

အချိန်တိုင်း သတင်းစကားလှုပ်ရှားမှု ၁၀ ခုလောက်ရှိနေဖို့ မဟုတ်ပဲ ဘုံလှုပ်ရှားမှုတခုမှာ လူတွေ အများကြီးပါနေဖို့က ပိုအရေးကြီးပါတယ်။

စစ်တပ်ကနေ ရွာတွေကို မီးရှို့ပြာချနေတာကို နိုင်ငံတကာက ရှင်းရှင်းမြင်လာအောင်လုပ်ရေးဟာ ပြည်သူ့လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ စည်းရုံးရေး အဖွဲ့တွေ၊ စိတ်ကူးအမြင်ချပြသူတွေ အားလုံး စုစည်း အားထည့်ပြီးဖိဖိစီးစီးလုပ်လို့ရတဲ့ အကြောင်းအရာဖြစ်ပါတယ်။ ကြေကွဲစရာပေမဲ့ ထိရောက်တဲ့ ရုပ်ပုံတွေ ဗွီဒီယိုတွေ အများကြီးရှိပါတယ်။ ဒီလူထုရဲ့ ဒုက္ခဆင်းရဲပုံရိပ်တွေကို ဒေသတွင်းနဲ့ နိုင်ငံတကာမူဝါဒသမားတွေ အပေါ်ထိရောက်တဲ့ ဖိအားဖြစ်လာဖို့ သုံးရပါမယ်။

၆။ မီးရှို့ပြာချ ကိစ္စတွေမှာ တိုက်ရိုက်ပါဝင်သူတွေရဲ့ အမည်နဲ့ ဓါတ်ပုံတွေ ဖေါ်ထုတ်ဖို့လိုမယ်။

သိရသလောက် စုံစမ်းတဲ့ အဖွဲ့တချို့က ဒါကိုလုပ်နေပါပြီ။ ဖြစ်နိုင်ရင်တော့ ပိုလုပ်ဖို့လိုပါမယ်။ ရက်စက်မှုတွေမီးရှို့မှုတွေမှာ ပါဝင်တဲ့ စစ်သားတွေ အရာရှိတွေရဲ့ အမည်နာမ နေရာဌာနကို လူထုအားနဲ့ စဉ်ဆက်မပြတ် ဝိုင်းဖေါ်ထုတ်နေဖို့ လိုပါလိမ့်မယ်။ အမည်၊ ဓါတ်ပုံနဲ့ အကြောင်းအရာ သေချာပြီဆိုရင် အများပြည်သူသိအောင် ထုတ်ဖေါ်ရပါမယ်။ အချက်အလက် မှန်မမှန်ဆိုတာကိုတော့ ( မှားယွင်း လွဲချော်မှု မဖြစ်အောင်) အသေအချာကို စီစစ်ရပါမယ်။ သေချာရင်တော့ ဘယ်လို ရာဇဝတ်မှုတွေကို ဘယ်သူတွေလုပ်ခဲ့တာ ဆိုတာမျိုး ပြည်သူသိအောင် ဖေါ်ထုတ်ရပါမယ်။

ဘယ်သူဘယ်ဝါ လုပ်တာရယ်လို့ မသိရပဲ ကွယ်ပျောက်နေရင် ရာဇဝတ်မှုတွေဟာ ကျူးလွန်ဖို့ လွယ်တတ်ပါတယ်။ဘယ်သူတွေ ဘာလုပ်ခဲ့တယ်ဆိုတာကို အမည်နာမနဲ့ တကွ သိရတဲ့အရေအတွက်များလာရင်တော့ စစ်တပ်ထဲမှာလည်း ငါလုပ်တာ လူသိနိုင်တယ်တဲ့ အတွေးရောက်ပါလိမ့်မယ်။ ဒီနည်းနဲ့ သူတို့ရဲ့ စိတ်ဓါတ်ရေးရာကို ထိလို့ ရပါတယ်။

ဖြစ်နိုင်ချေများရှိရင် နည်းလမ်းတခုကတော့ ကျူးလွန်သူတွေရဲ့ ရုပ်ပုံကို ဆိုရှယ်မီဒီယာမှာသာမက သူတို့မိသားစုနေထိုင်ရာ နေရာဒေသတွေက နံရံ၊ သစ်ပင်မှာပါ သွားကပ်ထားတာမျိုး လုပ်နိုင်ပါတယ်။ မလွယ်ကူတတ်တာ၊ များသောအားဖြင့် မဖြစ်နိုင်တာ သိပါတယ်။ သို့ပေမဲ့ တခါတခါလည်း လူတွေရဲ့ တီထွင်ဖန်တီးမှုက နည်းလမ်းရှာသွားတတ်ပါတယ်။

ကျင့်ဝတ်သီလနဲ့ ညီရဲ့လားလို့ အမြဲမပြတ်ဆင်ခြင်ပြီးမှ လုပ်ရမဲ့ အလုပ်တွေတော့ ဖြစ်ပါတယ်။ ကျင့်ဝတ်သီလဘောင်ထဲမှာပဲ ( ရက်စက် ဖျက်ဆီးနေတာတွေရပ်အောင်) ပြစ်တင် ကဲ့ရဲ့တဲ့ အလုပ်တွေ လုပ်လို့ရတာ၊ အသုံးကျတာတွေ ရှိပါတယ်။