• Today is: Friday, April 19, 2024

ယောဒေသနဲ့ အာဏာရှင်တော်လှန်ရေး

“ယောဒေသနဲ့ အာဏာရှင်တော်လှန်ရေး”

Written by ရဲဘော်ယောလေး

မြန်မာနိုင်ငံတွင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အရပ်သားအစိုးရထံကနေ လက်နက်အားကိုးဖြင့် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစတင်ကာ နိုင်ငံနဲ့အဝှမ်း အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများကို လူထု လူတန်းစား အလွှာအသီးသီးက နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ကြသည်။ ရက်ကြာလာသည်နဲ့အမျှ ဆန္ဒပြမှုတွေကလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အရှိန်အဟုန် မြင့်လာနေပြီး ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူလူထုကြီးကို အာဏာသိမ်းစစ်တပ်၊ ရဲတို့က အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းမှုတွေလည်း စတင်လာခဲ့သည်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းမှုသည် ခဏနဲ့ ပြေလည်သွားမည်၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း၍ ရနိုင်မည်ဟု ပြည်သူလူထုအများစုတင်မက နိုင်ငံ‌ေရးသမားတချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အတော်များများက ယူဆခဲ့ကြသည်။ သို့သော် မြန်မာ့နိုင်ငံရေးအစဉ်အလာအရ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၂၊ ၁၉၈၈ နှင့် လက်ရှိ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပါအဝင် စစ်တပ်ကအာဏာသိမ်းမှု  ၃ ကြိမ်ထိ ရှိခဲ့ပြီဖြစ်သည်။ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်တို့၏ အာဏာသိမ်းမှုသည် တကြိမ်လျှင် နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့သည်။ လက်ရှိ မင်းအောင်လှိုင်သည်လည်း လွယ်လွယ်နဲ့ အလျှော့ပေးမည့်ပုံမရှိချေ။ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူလူထုအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများသည် တနိုင်ငံလုံး လက်နက်ကိုင်တော်လှန်ရေး စတင်လာစေရန် လုပ်ဆောင်လိုက်ခြင်းပင်ဖြစ်သည်။ ယောဒေသတွင်လည်း လက်နက်ကိုင်တော်လှန်ရေး အတွက် မတ်လလယ်ကနေ စတင်ကာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ကို ရရာလက်နက် ကိုင်စွဲကာ တော်လှန်သည့် အစောဆုံးဒေသများတွင် ပါဝင်ခဲ့သည်။

ယောဒေသ နောက်ခံနိုင်ငံရေးအခြေအနေ

ယောဒေသသည် မကွေးတိုင်းအတွင်းပါဝင်ပြီး စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့ဆုံရာ ဒေသတခုဖြစ်သည်။ အာဏာမသိမ်းခင်ကာလက နိုင်ငံရေးသည် အနီ၊ အဝါ၊ အပြာ၊ အစိမ်း စသဖြင့် အရောင်အသွေး စုံလင်လှသည်။ အထူးသဖြင့် ပါတီကြီးနှစ်ခု၏ အားပြိုင်မှုသည် အခြားဒေသများတွင်ကဲ့သို့ ကြီးမားသည်။ ‌ပါတီနိုင်ငံရေး အမြင်မတူမှုကြောင့် မိသားစု ဆွေမျိုးများ မခေါ်မပြောတဲ့အဆင့်၊ လူမှုရေး ဖြတ်တောက်တဲ့ အဆင့်ထိ ရှိကြသည်။ ဒေသက အေးချမ်းသည့်အလျှောက် ကိုယ့်မိသားစု စားဝတ် နေရေးကလွဲရင် ကျန်တာ စိတ်ဝင်စားမှု မရှိကြပေ။ ရိုးသားသည်။ ပညာတတ် နည်းပါးသည်။ ယုံမိယုံရာ ယုံတတ်သည်။ မှန်တယ်လို့ ထင်သည့်အပေါ် ဇွတ်ဖက်တွယ်တတ်ပြီး တဇွတ်ထိုးသမား များသည်ဟု ဆိုနိုင်သည်။  ယောနယ်အတွင်းမှာ ယော၊ ဗမာ၊ တောင်သား၊ ချင်းပုံ စသဖြင့် လူမျိုးစုံရှိသော်လည်း လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ မရှိသလောက်ပင်ဖြစ်သည်။ သို့သော် နိုင်ငံရေးနဲ့ ပတ်သက်လာလျှင်တော့ ဆတ်ဆတ်ထိ မခံတတ်ကြ။ ယောလူမျိုးစုတွင် မိမိကြမ္မာ မိမိဖန်တီးနိုင်မည့် နိုင်ငံရေးရည်မှန်းချက်များ ရှိကြသည်။ ယောလူမျိုး၊ ယောသမိုင်းရှိသော်လည်း ဗမာလူမျိုးကြီးဝါဒ၏ ဝါးမြိုချုပ်ကိုင်မှုအောက်တွင် အဆိုပါရည်မှန်းချက်များသည် မှေးမှိန်ပျောက်ကွယ်နေခဲ့ရသလို ပါတီကြီးများ၏ လွှမ်းမိုးမှုများကြောင့်လည်း အဆိုပါ အိပ်မက်များသည် ဆက်လက်အကောင်အထည်ဖော်ခွင့် မရခဲ့ကြပေ။ လူဦးရေ သိန်းနဲ့ချီရှိသော်လည်း ခေတ်အဆက်ဆက် အမေ့လျော့ခံ လူမျိုးစုအဖြစ် ရပ်တည်လာခဲ့ ရတာယနေ့ အချိန်ထိပင် ဖြစ်သည်။

ယောဒေသ ပထဝီအနေအထား

ယောဒေသသည် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ‌ကျော၊ လောင်းရှည် စသည့် မြို့နယ်/မြို့များဖြင့် ကျေးရွာပေါင်း ၃၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည်ဟု သန်းခေါင်စာရင်းများတွင် ဖော်ပြထားသည်။ အိမ်ခြေထောင်ဂဏန်းရှိသည့်ရွာကြီးများသည် ဂန့်ဂေါမြို့နယ်တွင် အများဆုံးဖြစ်သည်။ အရှေ့ဖက်တွင် ပုံတောင်၊ ပုံညာတောင်တန်း၊ အနောက်ဖက်တွင် ချင်းတောင်တန်းတို့က ကာရံထားသည်။ စစ်ကိုင်းတိုင်းအတွင်းက ပုလဲ၊ ပေါက်၊ ယင်းမာပင်၊ ကလေး၊ မင်းကင်း စသည့်မြို့နယ်များ၊ ချင်းပြည်နယ်အတွင်းက ဟားခါး၊ မင်းတပ်၊ ကန်ပက်လက် စသည့်မြို့နယ်များ၊ မကွေးတိုင်းအတွင်းက မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ စေတုတ္တရာ စသည့်မြို့နယ်များနဲ့ နယ်နိမိတ်ချင်းထိစပ်နေသည်။ အထူးသဖြင့် ယောဒေသသည် ချင်းပြည်နယ်၏ ဝင်ပေါက် ထွက်ပေါက်တခုဟု ပြောဆိုနိုင်သည်။ ပထဝီအနေအထားအရ အင်မတန်မှ အရေးပါလှသည်။ ဒါ့ကြောင့်လည်း စစ်ကောင်စီအကြမ်းဖက်တပ်က ယောဒေသကို ခြေကုတ်ယူ နိုင်ဖို့ လက်ဝေခံ ပျူစောထီးများမွေးမြူတာ၊ အင်အားအလုံးအရင်းနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့စခန်း ရှိရာနေရာများကို နယ်မြေစိုးမိုးရေးလုပ်ဆောင်တာ၊ ဒေသကာကွယ်ရေးအဖွဲ့များ မရပ်တည်နိုင် အောင် အားပေးထောက်ခံသည့်ရွာများကို မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးသတ်ဖြတ်တာ စသည့် အကြမ်းဖက်မှုမျိုးစုံကို အဆက်မပြတ် ပြုလုပ်လျှက်ရှိသည်။

ယောနယ်ဒေသ စီးပွားရေး

ဒေသတခုလုံး၏ အဓိက စီးပွားရေးသည် စိုက်ပျိုးရေးဖြစ်သည်။ မွေးမြူရေး၊ ဥယျာဉ်ခြံမြေ၊ ယက္ကန်းလုပ်ငန်း၊ သစ်ဝါးလုပ်ငန်း လုပ်ကိုင်သူ အနည်းငယ်ရှိသည်။ သယံဇာတအနေဖြင့် သစ်၊ ဝါး၊ ကျောက်မီးသွေး၊ ရေနံအနည်းငယ်ထွက်သည်။ စိုက်ပျိုးရေးလုပ်ငန်းက ကိုဗစ်ကပ်ရောဂါကနေ စတင်ကာ ရာသီဥတုအခြေအနေအရသော်လည်းကောင်း၊ အကြမ်းဖက်စစ်တပ်က မကြာခဏလာရောက်သည့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက်ကြောင့်လည်းကောင်း စိုက်ချိန်တန်သော်လည်း မစိုက်ပျိုးနိုင်၊ ရိတ်သိမ်းချိန်တန်သော်လည်း မရိတ်သိမ်းနိုင် စသည့် အခက်အခဲများကြောင့် စားနပ်ရိက္ခာ ဖူလုံမှုလည်း တဖြည်းဖြည်း လျော့နည်းလာနေကြပြီဖြစ်သည်။ ဝင်ငွေလျော့နည်းကာ စီးပွားရေး ချွတ်ခြုံကျသည့် အနေအထားကြုံတွေ့နေရပြီဖြစ်သည်။ ရေရှည်တွင် အငတ်ဘေးပါ ကြုံတွေ့လာရနိုင်သည်။ စီးပွားရေးအဆင်မပြေမှုများကြောင့် ဒေသကာကွယ်ရေးအဖွဲ့များကို ကူညီထောက်ပံ့လှုဒါန်းနိုင်မှုမှာလည်း သိသိသာသာ လျော့နည်းလာပြီး ဒေသကာကွယ်ရေးအဖွဲ့များ ရေရှည်ရပ်တည်နိုင်ရေးက ပိုမို ခက်ခဲလာနေကြသည်။ ဒေသတွင်း ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခံထားရသည့်အတွက် ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ လောင်စာဆီပြတ်တောက်တာတွေလည်း ကြုံတွေ့နေရသည်။ ဒါ့အပြင် ဆက်သွယ်ရေးအနေဖြင့် အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာ ၉ လတာကာလ ရောက်ရှိလာပြီဖြစ်ပြီး လတ်တလောတွင် တချို့နေရာများမှာ ဖုန်းလိုင်းများပါ ဖြတ်တောက်ခံထားရသည်။ အဓိကလမ်းမကြီးများဖြစ်သည့် ပုလဲ-ဂန့်ဂေါလမ်း၊ ဂန့်ဂေါ-ဟားခါးလမ်း၊ ဂန့်ဂေါ – ကလေးလမ်း၊ ပေါက်- ကျောက်ထုလမ်း၊ ဆော-ကန်ပက်လက်လမ်း၊ ကျောက်ထု-မင်းတပ်လမ်း၊ ဆော-ဆိပ်ဖြူလမ်းပိုင်းများသည် လုံခြုံရေးအခြေအနေအရ ကောင်းမွန်စွာ သွားလာနိုင်ခြင်းမရှိသည့်အတွက် ကုန်စည်စီးဆင်းမှုများမှာ ပြတ်တောက်လျှက်ရှိသည်။ လမ်းပိတ်ဆို့မှုများကြောင့် ကျန်းမာရေးကိစ္စများမှာလည်း အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမှုများရှိနေသည်။ ဒါ့အပြင် ဒေသတွင်း စစ်ကောင်စီအကြမ်းဖက်တပ်၏ ထိုးစစ်များကြောင့် စစ်ဘေးရှောင်ပြည်သူများမှာလည်း တနေ့ထက် တနေ့များလာလျှက်ရှိနေသည်။

ယောဒေသ အာဏာရှင်တော်လှန်ရေး

ယောဒေသတွင် နယ်မြေဒေသအလိုက် တော်လှန်ရေးအဖွဲ့အစည်းများ ရှိကြသည်။ အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ထက်မနည်းရှိသည်။ ဘုံရန်သူတခုသာ တူညီပြီး အများအားဖြင့် ရည်မှန်းချက် အိပ်မက်များတော့ မတူညီကြပေ။ တော်လှန်ရေးအဖွဲ့အစည်းများသလောက် ယောနယ်ဒေသတခုလုံးကို ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်းတော့ တဖွဲ့မှ မရှိသေးပေ။ ထို့အတူ နိုင်ငံရေးအရ ဦးရွက်ဦးဆောင်ပြုနိုင်မည့် အဖွဲ့အစည်းလည်း မရှိသေးပေ။ ကြားလာက အတိုင်ပင်ခံကောင်စီ သို့မဟုတ် အမျိုးသားကောင်စီကဲ့သို့သော နိုင်ငံရေးအရ ပါဝင်ဆွေးနွေးနိုင်မည့် အဖွဲ့အစည်းများ ရှိဖို့လိုအပ် နေသေးသည်။ စုစည်းညီညွတ်နိုင်အောင် ကြိုးစားနေကြတာတော့ ရှိသည်။ ဥပမာ Yaw Region PDF’s Alliance – YRPA  ကဲ့သို့သော အဖွဲ့သည် ယောနယ်ဒေသအတွင်းရှိ PDF များကို စုစည်းကာ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်တာ၊ နည်းပညာမျှဝေတာ စသဖြင့် ခေါင်းစဉ်တခုအောက်ကနေ စုစည်းညီညွတ်အောင် လုပ်ဆောင်နေကြသည်။ ဒါသည် ဒေသတခုလုံးအတွက် အလားအလာ ကောင်းတခုဖြစ်သည်။

တော်လှန်ရေးအဖွဲ့အစည်းများသည် ကိုယ့်အားကိုယ်ကိုးကာ ရရာလက်နက်နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်တော်လှန်နေကြသည်။ လူသိများသည့် အဖွဲ့အစည်းများက အလှုခံဖို့ လွယ်ကူသော်လည်း၊ လှုချင်သူရှိသော်လည်း လူသိနည်းသည့် အညတြအဖွဲ့အစည်းများမှာတော့ အလှုရှင်နည်းပါးလှသည်။ NUG ၏ လက်နက်ခဲယမ်းအထောက်အပံ့ရဖို့ဝေးစွ အလှုရှင်ရဖို့တောင် မနည်းရှာကြံရပ်တည်နေကြရသည်။ ကိုယ့်စရိတ်ကိုယ်စားကာ ကိုယ့်အသက်ကို သရဏဂုံတင်ပြီး တိုက်ပွဲဝင်နေကြသည်။ ပေါ်ပင်မလိုက်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟန်ပြစရာမရှိ၊ ဘယ်သူအသိမှတ်ပြုပြု မပြုပြု အာဏာရှင်ကို တော်လှန်ရမှာသည် ပုခုံးပေါ်ကျရောက်လာသည့် သမိုင်းပေးတာဝန်ဖြစ်သည်ဆိုသည့် ခံယူချက်နဲ့ တော်လှန်နေကြသည့် အဖွဲ့အစည်းတွေ၊ သူရဲကောင်းတွေ အများကြီးရှိနေသည်။ ဒါတွေကိုလည်း သက်ဆိုင်ရာ NUG၊ အလှုရှင်များအနေနဲ့ လေ့လာပြီး လိုအပ်တာတွေ ဖြည့်စည်းပေးကြဖို့ လိုသည်။ အဖွဲ့အစည်း‌ေသးငယ်သော်လည်း ရည်ရွယ်ချက်ကြီးမားသည့် အဖွဲ့အစည်းများလည်း ရှိနေသေးသည်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို အခွင့်အရေးတရပ်အဖြစ်အသုံးချကာ မိမိတို့၏ အမေ့လျော့ခံ လူမျိုးစုအရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြသည်ကိုလည်း မြင်တွေ့နေရသည်။ ယင်းကဲ့သို့သော အဖွဲ့အစည်းများကိုလည်း ကူညီထောက်ပံ့ပေးကြဖို့လိုအပ်သည်။ အရှုံးထဲက အမြတ်ပြန်ရှာကြရမည်။

လတ်တ‌ေလာတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းအားပါ ရယူကာ ယောနယ်ဒေသအတွင်း ထိုးစစ်ဆင်မှုတွေကို အကြီးအကျယ်လုပ်လာနေသည်။ ပြီးခဲ့သည့် ရက်ပိုင်းကပဲ မြစ်သာတမံဖက်မှာ အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ လာပစ်လို့ ကျဆုံးသွားတဲ့ရဲဘော်တွေရှိသလို အဖမ်းခံရတဲ့ ရဲဘော်တွေလည်း ရှိခဲ့သည်။ လက်ရှိမှာလည်း ယောနယ်နေရာအနှံ့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေပြီး နေရာအနှံ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေသည်။

မိမိတို့ရင်ဆိုင်နေရသော ရန်သူသည် လက်နက်ခဲယမ်းအင်အား၊ လူအင်အား၊ နည်းပညာ၊ လေ့ကျင့်မှု၊ ဆက်သွယ်ရေး၊ ထောက်လှမ်းရေးစသည့်ကိစ္စတွေမှာ မိမိထက်များစွာသာလွန်ပြီး နှစ်ပေါင်းများစွာ နိုင်ငံ့ဘဏ္ဍာငွေ အမြောက်အများသုံးစွဲပြီး စနစ်တကျ တည်ဆောက်ထားသည့် အင်စတီကျူးရှင်း တခုဆိုတာကို မေ့လျော့ထားလို့မရပေ။ တော်လှန်ရေးအဖွဲ့အစည်းများက မိမိရင်ဆိုင်နေရသည့် ရန်သူ ထက်သာတာသည် စိတ်ဓာတ်၊ နယ်မြေကျွမ်းကျင်မှုသာရှိပြီး ကျန်သည့်အပိုင်းများတွင် ရန်သူထက် အားနည်းနေသေးသည်။ ဒါသည် မျက်မြင်အရှိတရားဖြစ်သည်။ ရန်သူကို အထင်မသေးဖို့လိုသလို အရှိတရား ထက်ပိုပြီး အထင်ကြီးနေခြင်းလည်း မဖြစ်ဖို့ လိုအပ်သည်။ စိတ်ဓာတ်ပိုင်းအရ တော်လှန်ရေးအဖွဲ့အစည်းမှာ ပါဝင်သူအများစုသည် လူငယ်လူရွယ်တွေ ဖြစ်သည့်အတွက် တိုက်ရဲ၊ ခိုက်ရဲ၊ စွန့်စားရဲကြသည်။ ဒါကြောင့်လည်း မောင်းပြန်ကို တူမီးနဲ့ တော်လှန်နေကြခြင်းဖြစ်သည်။ ရှေ့ဆက်ပြီး စစ်ရေးအရှိန်တွေ မြင့်လာဖို့သာရှိသည့်အတွက် လိုအပ်နေသည့် လက်နက်ခဲယမ်းများကို တော်လှန်ရေးအဖွဲ့အစည်းထံ ရောက်ရှိဖို့ အရေးကြီးလိုအပ်နေသည်။ အသားထဲကလောက်ထွက်၊ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းမည့် စစ်ကောင်စီအကြမ်းဖက်တပ်၏ အစီအစဉ်ကလည်း လက်တွေ့ကျကျ ကျင့်သုံးလာနေတာကို တွေ့မြင်နေရသည်။ အထူးသဖြင့် ယောဒေသမြောက်ပိုင်းရှိ ဂန့်ဂေါမြို့နယ် မြောက်ဖက်ခြမ်းဒေသက ဟံသာဝတီ၊ မြောက်ခင်ရန်းကဲ့သို့သော အိမ်ခြေထောင်ချီရှိသည့် ရွာကြီးများသည် စစ်ကောင်စီ အကြမ်းဖက် လက်ဝေခံ ပျူစောထီကျေးရွာများအဖြစ် ပြောင်းလဲ ရောက်ရှိသွားပြီဖြစ်သည်။ အပြင်ရန်ကြောက်ရသလို အတွင်းရန်အင်အားကလည်း ကြီးထွားလာနေတာကို တွေ့ရသည်။

ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ ခက် ၃ ခက်

ယောဒေသတင်မက တနိုင်ငံလုံးရှိ တော်လှန်ရေးအဖွဲ့အစည်းများသည် အဆိုပါ ခက် ၃ ခက်ကို ကြုံတွေ့နေကြရသည်။ ခက် ၃ ခက်မှာ (၁) လက်နက်ခဲယမ်းအခက်၊ (၂) ဘဏ္ဍာရေးအခက်၊ (၃) နည်းဗျုဟာ(နည်းပညာ)အခက် စသည့်အခက်တွေနဲ့ ကြုံတွေ့နေကြရသည်။

လက်နက်ခဲယမ်းအခက်သည် အထွေအထူးပြောစရာမရှိ အားလုံးအသိပင်ဖြစ်သည်။ ကိုယ့်အားကိုယ်ကိုးကာ တတ်သလောက် မှတ်သလောက် ထုတ်လုပ်နေကြသော်လည်း ကုန်ကြမ်းမလုံလောက်မှု၊ နည်းပညာ အားနည်းမှုတွေကြောင့် လုံခြုံထိရောက်သည့် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းမရှိပေ။ စမ်းသပ်တီထွင်ထုတ်လုပ်ရင်း၊ ထုတ်လုပ်ပစ္စည်းကို အသုံးပြုရင်း အသက်ပေးသွားရ၊ ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးသွားရတဲ့ တော်လှန်ရေးတပ်သားများလည်း အများအပြားရှိသည်။ နည်းပညာပိုင်းတွင်လည်း အင်တာနက်ဆက်သွယ်ရေးအခက်အခဲ၊ ဘာသာစကား အခက်အခဲ၊ သွားလာရေးအခက်အခဲများကြောင့် လေ့လာသင်ယူနိုင်မှုအပိုင်းမှာ အားနည်းနေရခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

ဘဏ္ဍာရေးအခက်အခဲတွင်လည်း ထိုနည်းအတိုင်းပင်။ အင်တာနက်အခက်အခဲပြဿနာကြောင့် အွန်လိုင်းက အလှုခံရရှိမှုတွေလည်း နည်းပါးလာသည်။ Fund Rasing အဖွဲ့တွေဆီက ရရှိမှုမှာလည်း အဖွဲ့အစည်း များပြားလှခြင်း၊ တချို့ ထင်ပေါ်ကျော်ကြားမှုအပေါ် အခြေခံသည့်ပြဿနာများကြောင့် လွယ်လင့်တကူ မရရှိနိုင်ခြင်း စသည့် အခက်အခဲတွေလည်းရှိကြသည်။ ပင်မ ဝင်ငွေ ပုံမှန်လမ်းကြောင်းမရှိသည့်အတွက်လည်း ရပ်တည်ရေးမှာ ခက်ခဲလာရသည့်အကြောင်းရင်းတရပ်ပင်။ ဒေသခံများကို မှီခိုအားထားရာတွင်လည်း ဒေသခံများကိုယ်တိုင် ဝင်ငွေအခက်အခဲများရှိလာသည့်အတွက် မလွယ်ကူလှပေ။ NUG ဆီက ငွေကြေးအထောက်အပံ့ရရှိနိုင်ဖို့ရာမှာ ပို၍ပင် ခက်ခဲသေးသည်။

တော်လှန်ရေးအဖွဲ့များက ခေါင်းဆောင်အများစုသည် စစ်တိုက်စားလာကြသူများမဟုတ်ကြ။ အာဏာသိမ်း ပြီးမှ လက်နက်ကိုင်လာကြသူများဖြစ်သည့်အတွက် စစ်နည်းဗျုဟာ၊ လေ့ကျင့်သား၊ အတွေ့အကြုံ၊ ခေါင်းဆောင်မှု၊ လက်နက်ကိုင်တွယ်အသုံးပြုနည်း စသည့် စသည့် အပိုင်းများတွင် အားနည်း လျက်ရှိတာ တွေ့ရသည်။ တိုက်ပွဲတိုင်း အောင်မြင်သင့်သလောက် မအောင်မြင်ရသည့်အကြောင်းအရင်းသည် အဆိုပါ အားနည်းချက်များကြောင့်ဖြစ်သည်ဆိုလျှင် မှားမည်မထင်ပေ။

နိဂုံး

အချုပ်အားဖြင့်ဆိုသော် ယောဒေသတွင် စစ်ကောင်စီ၏ ထိုးစစ်များကြောင့် တိုက်ပွဲများ အရှိန်မြင့်လာဖို့ရှိနေသည်။ နေအိမ်မီးရှို့ခံရသဖြင့် အိမ်မဲ့ယာမဲ့ဖြစ်သူများလည်း များပြားလာနေသလို စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း တနေ့ထက် တနေ့များပြားလာနေသည်။ ဒါ့အပြင် ဖြတ်လေးဖြတ်ကြောင့် ကုန်စည် စီးဆင်းမှုလျော့နည်းပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်စည်ပြတ်တောက်မှု များလည်း ကြုံတွေ့နေရသည်။ မိုးရာသီဖြစ်သော်လည်း လယ်ယာစိုက်ပျိုးရေးလည်း ကောင်းစွာ မလုပ်နိုင်သည့်အတွက် ဆန်ရေစပါး ရိက္ခာဖူလုံမှုမှာလည်း နည်းပါးလျက်ရှိသလို မီးရှို့ဖျက်ဆီးခံရမှု များကြောင့်လည်း ရှိပြီးသား ရိက္ခာတွေ ဆုံးရှုံးနေလျက်ရှိသည်။

တော်လှန်ရးအဖွဲ့များသည် တတ်လို့ လုပ်ကြသည်မဟုတ်။ ဓမ္မအတွက် အသက်စွန့်နေကြသူများဖြစ်သည်။ ထို့ကြောင့် NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အလှုရှင်များအနေဖြင့် ယောနယ်တွင်း ခုခံတွန်းလှန်စစ် ပိုမိုအောင်မြင်လာအောင် ဒေသကာကွယ်ရေးအဖွဲ့အစည်းများကို တန်ဖိုးထား ‌လေးစားသောအားဖြင့် လိုအပ်နေသော လက်နက်ခဲယမ်း၊ ရိက္ခာ၊ ငွေကြေး၊ နည်းပညာ အကူအညီများ ဒီထက်မက ကူညီပေးကြဖို့‌ ယောနယ်တကြောရှိ တော်လှန်ရေးအဖွဲ့အစည်းများကိုယ်စား တိုက်တွန်းအပ်ပါသည်။ ယောနယ်အတွင်းက တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ဒီထက်မ ကသော ညီညွတ်မှု၊ ပေါင်းစည်းမှုဖြင့် မိမိတို့၏ ဆုံးရှုံးနေသော အခွင့်အရေးများ အမြန်ဆုံးရရှိ အကောင်အထည် ဖော်နိုင်ကြပါစေကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။