• Today is: Sunday, June 26, 2022

အာဏာရှင်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်

▣ အာဏာရှင်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည် ▣

●───── ๑۩۩๑ ─────●

မင်းသေ့

“အာဏာရှင်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်” ဆိုတဲ့ စကားလုံးဟာ သိပ်လှပါတယ်။ မြန်မာ့သမိုင်းစဉ်ကို လေ့လာ ကြည့်ရင်၊ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အာဏာရှင်ဓလေ့ဟာ စွဲစွဲမြဲမြဲ ထွန်းကားလာတာကို တွေ့ရပါတယ်။ လူအများစုက အာဏာရှင်ဓလေ့ကို ဆန့်ကျင်စေအုံးတော့၊ လက်တွေ့မှာ အာဏာရှင်ဓလေ့ကို အမြစ်မလှန်နိုင်တာ တွေ့ရပါတယ်။ ဘယ်သို့သော အကြောင်းတရားက ဗမာ့အာဏာရှင်ဓလေ့ကို သက်ဆိုးရှည်စေတာလဲလို့ လေ့လာ ကြည့်တဲ့အခါ၊ ဘာသာရေးဓလေ့မှာ အဖြေသွားတွေ့ပါတယ်။

▄ နန်းတော်နဲ့ ကျောင်းတော်

(၁၁) ရာစု အနော်ရထာလက်ထက်စပြီး ဗမာဘုရင်တွေဟာ နန်းတော်နဲ့ ကျောင်းတော်အကြား ဆက်ဆံ ရေး ပြေပြစ်အောင် တည်ဆောက်လာခဲ့ကြတာကို တွေ့ရပါတယ်။ ဘုရင်စနစ်ဟာ သက်ဦးဆံပိုင်အာဏာ ရှင်စနစ်ဖြစ်သလို၊ အကြွင်းမဲ့ အာဏာရှင်စနစ်ဖြစ်ပါတယ်။ ကရုဏာရှိတဲ့မင်းလက်ထက်မှာ၊ ပြည်သူဟာ သက်သောင့်သက်သာ လုံခြုံတည်ငြိမ်မှု ရှိပြီး၊ အလိုရမ္မက်နဲ့ ဒေါသအမျက်အားကြီးတဲ့ မင်းလက်ထက်မှာ၊ ပြည်သူဟာ ဆင်းရဲဒုက္ခရောက်ကြရပါတယ်။ ဘုရင်တွေဟာ သူ့ရဲ့ လက်ရုံးတပ်နဲ့ တိုင်းပြည်ကို အင်အား သုံးစုစည်းပါတယ်။

တိုင်းပြည်ကို စုစည်းတဲ့အခါ တပ်ကို အဓိက သုံးတာဖြစ်လို့၊ ရက်စက်တာ၊ ကြမ်းကြုတ်တာ၊ ညှင်းဆဲ သတ်ဖြတ်တာ၊ ကြောက်လန့်အောင် ခြိမ်းခြောက်ရတဲ့ နည်းလမ်းတွေကို သုံးကြရပါတယ်။ ဘုရင်တွေဟာ တပ်နဲ့ အင်အားသုံးအုပ်ချုပ်ပေမယ့်၊ ပြည်သူ ကြည်ဖြူအောင် လုပ်မှ လူ့အဖွဲ့အစည်းက နန်းတော်ရဲ့ ဖြစ် တည်မှုကို ကြည်ဖြူတာမို့၊ ဒီနေရာအတွက် ဘာသာရေးကို လက်ကိုင်တုတ်လို အသုံးချတာတွေ့ရပါ တယ်။

▄ ဘုံ အကျိုးစီးပွား

ဘုရင်တွေဟာ ဘုရားဒကာ၊ ကျောင်းဒကာ လုပ်ပြီး ဗုဒ္ဓသာသနာကို မြှင့်တင်ခဲ့ပါတယ်။ ၎င်းမြှင့်တင်မှုမျိုး ကို ခံရတဲ့ သာသနာမို့ – မင်းချီးမြှောက်တဲ့ သာသနာလို့ သုံးနှုန်းချင်တယ်။ မင်းချီးမြှောက်ခံရတဲ့ သာသနာ ဟာ တိုင်းပြည်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရဲရဲဝံ့ဝံ့ လွတ်လွတ်လပ်လပ် သာသနာပြုနိုင်တာမို့၊ သာသနာ့ဝန်ထမ်း ဘုန်းကြီးတွေက ဒါကို သဘောကျတယ်၊ ကြိုက်နှစ်သက်ပါတယ်။ တစ်ဖက်မှာလည်း ပုထုဇဉ် ဘုန်းကြီးတွေမို့။ မင်းကိုးကွယ်တဲ့ ဆရာဘုန်းကြီးဖြစ်ချင်စိတ် ထက်သန်ပြင်းပြပါတယ်။

ပဒေသရာဇ် စနစ်၊ အကြွင်းမဲ့ဘုရင်စနစ်နဲ့ သက်ဦးဆံပိုင်စနစ်တွေဟာ လုပ်ထုံးလုပ်နည်းမှန်ကန်ပြီး ကြောင်းကျိုးဆီလျှော်တဲ့ အုပ်ချုပ်မှုစနစ်မျိုး ဖြစ်လေ့မရှိဘူး။ လူက အုပ်ချုပ်တာဖြစ်လို့ ဘုရင်ကလည်း ဖောက်ပြန်နိုင်တယ်၊ နန်းတွင်း အသိုင်းအဝိုင်းကလည်း ဖောက်ပြန်နိုင်တယ်၊ မှူးကြီးမတ်ကြီးနဲ့ ဆွေမျိုး မကင်းတွေကလည်း ဖောက်ပြန်နိုင်တယ်။ ဘုရင်စနစ်ဟာ အာဏာရှင်ဓလေ့ဖြစ်လို့၊ ဘုရင်ကို ထိန်းကျောင်းတဲ့ ကျင့်ထုံးမျိုးတွေ မရှိဘူး။ ယုတ်စွအဆုံး သက်တော်ရှည်အမတ်ခန့်အပ်ပြီး ဆန့်ကျင်ဘက် သဘောထားကို နားထောင်တာမျိုးပဲ ရှိတယ်။

▄ ဘာသာရေးအားဖြင့် လူထုကို နားချ

အာဏာရှင်ဘုရင်စနစ်ဟာ လူ့အဖွဲ့အစည်းထဲမှာ တရားဝင်ဖြစ်တယ်လို့ လူထုက လက်ခံနေဖို့ လိုပါတယ်။ လူထုဟာ ဒီလို လက်ခံနေဖို့အတွက် ဘုရင်တွေဟာ ဘုန်းကြီးတွေရဲ့ အကူအညီကို ယူရပါတယ်။ လူထုဟာ အာဏာရှင်ဘုရင်စနစ်ကို မဆန့်ကျင်အောင်၊ မကန့်ကွက်အောင်၊ မပုန်ကန်အောင် နန်းတော်က ကျောင်းတော်ရဲ့ အကူအညီယူပြီး လူထုကို နားချပါတယ်။ ဒီလို နားချတာကို လူထုက နာခံတဲ့အခါမှာ၊ အဲသည့်အုပ်ချုပ်မှုစနစ်က တရားဝင်ဖြစ်လာပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ တရားဝင် အုပ်ချုပ်မှုစနစ်ဖြစ် လာတယ်ဆိုရင်၊ အင်အားမသုံးဘဲ တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နိုင်စွမ်း ရှိပါတယ်။

• အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေရဲ့ အခြေခံဓလေ့ဟာ ဘာသာရေးအပေါ်မှာ အခြေခံတဲ့ အတွေးအခေါ်မျိုး ဖြစ်ထွန်းပါတယ်။ ဒီလိုဖြစ်တာကြောင့်၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ သူတို့ ရဲ့ တရားဝင် အုပ်ချုပ်ပိုင်ခွင့်ကို အခြေခိုင်ခန့်အောင် လုပ်ဖို့ ဘာသာရေးကို အသုံးချတတ်ပါတယ်။

• မြန်မာနိုင်ငံမှာ အာဏာရှင်ဓလေ့ သက်ဆိုးရှည်သလို၊ ၎င်းအာဏာရှင်ဓလေ့နဲ့ အတူ ရှင်သန် ဖြစ်တည်နေတာက ဗုဒ္ဓဘာသာဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဗမာ့အာဏာရှင်ဓလေ့နဲ့ ဗုဒ္ဓ ဘာသာ ရှင်သန်ဖြစ်ထွန်းမှုဟာ မတိမ်းမယိမ်းနဲ့ ယှဉ်တွဲ ဖြစ်တည်နေတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ဒီနေရာမှာ မေးခွန်းတစ်ခု မေးစရာလိုလာတယ်။

ဗုဒ္ဓဝါဒဟာ အာဏာရှင်ဓလေ့ကို အားပေးအားမြှောက်ပြုသလား — ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

▄ မူလ နဲ့ ဗမာဗားရှင်း

ဒီနေရာမှာ ဗုဒ္ဓဝါဒနဲ့ ဗမာဗားရှင်းဗုဒ္ဓဘာသာ ဆိုတာကို ခွဲခွဲခြားခြားနားလည်နိုင်ပါတယ်။ ဗုဒ္ဓဝါဒရဲ့ မူရင်း သွန်သင်ချက်တွေကို လေ့လာကြည့်ရင် ဗုဒ္ဓဝါဒဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ဆီလျှော်တယ်၊ မဆန့်ကျင်ဘူး ဆိုတာကို တွေ့နိုင်ပါတယ်။ ဗုဒ္ဓဝါဒမှာ ဒီမိုကရေစီစနစ်ကို ထောက်ခံအားပေးတဲ့ အတွေးအခေါ် ရှိတာကို တွေ့ရပါတယ်။ သို့သော်လည်း ဗမာဗားရှင်းဗုဒ္ဓဘာသာမှာတော့၊ မူရင်း ဗုဒ္ဓဝါဒရဲ့ အဟောနဲ့ သွေဖီနေတဲ့ ယဉ်ကျေးမှုဓလေ့ ထွန်းကားပျံ့ပွားတာကို တွေ့ရပါတယ်။ ဒီအကြောင်းတရားကပဲ — မြန်မာ့လူ့အဖွဲ့ အစည်းထဲမှာ အာဏာရှင်ဓလေ့နဲ့ ဗုဒ္ဓသာသနာကို အတူယှဉ်တွဲနေအောင် ကျေးဇူးပြုတယ်လို့ ယူဆပါ တယ်။ ဒါဟာ နန်းတော်နဲ့ ကျောင်းတော်ရဲ့ အပြန်အလှန် ဆက်ဆံရေးဆက်ထုံး ဖြစ်ပါတယ်။

• နိုင်ငံရေးစနစ်တစ်ခုရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ မှန်ကန်ပြီး ကြောင်းကျိုးဆီလျှော်တယ်လို့ လူ့ အဖွဲ့အစည်းက လက်ခံယုံကြည်တဲ့အခါ၊ အဲသည့်စနစ်ကို တရားဝင်တယ်လို့ ခေါ်နိုင်ပါတယ်။

• ဗမာအာဏာရှင်ဓလေ့ဟာ တရားဝင်ကြောင်း လူ့အဖွဲ့အစည်းထဲမှာ နားလည်လက်ခံထားဖို့၊ ဗမာ စစ်အာဏာရှင်အစိုးရအဆက်ဆက်ဟာ ဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍကို ကျကျနန အသုံးချခဲ့တာ တွေ့ရပါတယ်။

• ဗမာစစ်အာဏာရှင်အစိုးရနဲ့ ဗမာဗုဒ္ဓဘာသာဘုန်းကြီးတွေအကြောင်း ကျယ်ပြန့်တဲ့ ဆရာ – ဒကာ ဆက်ဆံရေးကျင့်ထုံး ရှိနေပါတယ်။ ဒါကို ယနေ့ ၂၀၂၁ – ၂၀၂၂ ခုနှစ်ကာလတွေအထိတွေ့မြင်နိုင် ပါတယ်။

▄ အမျိုးသားရေး ဆုံချက်လား

“ဗုဒ္ဓဘာသာဟာ အာဏာရှင် ဗမာမင်းတွေ လက်ထက်မှာ နှစ်ပေါင်းများစွာ ထွန်းကားလာခဲ့ပြီး အာဏာရှင် ဘုရင်စနစ်နဲ့ ပဋိပက္ခဖြစ်တဲ့ အထောက်အထားဆိုလို့ မရှိသလောက်ပါပဲ” လို့ သမိုင်းဆရာ ဒေါက်တာ အောင်ခင်က ရေးပါတယ်။ အမျိုးသားရေးဝါဒဟာ ဗမာအာဏာရှင်ဓလေ့နဲ့ ဗမာဗုဒ္ဓဘာသာ ဓလေ့မှာ ဆုံချက် အနေနဲ့ ရှိနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဗမာ/မြန်မာအမျိုးသားရေးဝါဒလို့ ပြောရင် လက်နက် ကိုင်ထားတဲ့ အာဏာရှင်ဓလေ့မှာ တွေ့ရသလို၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေထဲမှာလည်း အမျိုးသားရေးဝါဒ ကို တွေ့ရပါတယ်။ “အာဏာရှင်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်” လို့ သမုတ်ခြင်းဟာ၊ အကြောင်းအကျိုး ဆက်စပ်နေကြောင်း ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျား။