• Today is: Thursday, April 18, 2024

အမေရိကန် ဖက်ဒရယ်စနစ် ဖြစ်ပေါ် တိုးတက်လာပုံ

အမေရိကန် ဖက်ဒရယ်စနစ် ဖြစ်ပေါ် တိုးတက်လာပုံ

အခုကာလသည် ဖက်ဒရယ် ဒီမိုကရေစီစနစ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေနွေးပြောဆို နေသောကာလ ြဖစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတကာတွင် အောင်မြင်စွာကျင့်သုံးနေသော ဖက်ဒရယ်စနစ် အမျိုးမျိုးကို လေ့လာသင့်သည်ဟု ဆူဆမိပါသည်။ ထိုသို့လေ့လာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ သမိုင်းကြောင်း ဖြတ်သန်းမှု၊ ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသည်တို့ကိုပါ ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။

သို့ဖြစ်၍ အမေရိကန်ဖက်ဒရယ်စနစ် မည်ကဲ့သို့ ဖြစ်ပေါ်ပြောင်းလဲလာပုံ အကြမ်းဖျင်းကို ပထမဦးစွာ မိတ်ဆက်ပေးလိုပါသည်။ နောက်ပိုင်းတွင် ကနေဒါ ဖက်ဒရယ်စနစ်၊ အိန္ဒိယဖက်ဒရယ်စနစ် မိတ်ဆက်ချက်များကို ဆက်လက်တင်ပြသွားရန် ရည်ရွယ်ထားပါသည်။

အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်နိုင်ငံရေးစနစ်မှာ အစောဆုံးပေါ်ပေါက်လာသော ဖက်ဒရယ်စနစ် ဖြစ်ပြီး (Coming together) စိတ်တူကိုယ်တူလာရောက် ပူးပေါင်းစုဖွဲ့သော ပုံစံဖြစ်သည်။ ထို့အတူ ပါဝင်ဖွဲ့စည်းထားသော ယူနစ် (ပြည်နယ်များ)မှာ လူမျိုးကိုအခြေမခံဘဲ နယ်မြေဒေသကိုသာအခြေခံသော (Territorial federalism) ဖက်ဒရယ်စနစ်ဖြစ်၍ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းကာလအတွင်း ငွေဝယ် ကျွန်စနစ်ဖျက်သိမ်းရေးကို ဗဟိုပြုကာ တောင်ပိုင်းနှင့် မြောက်ပိုင်းအကြား ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် ၉၁၈၆၁-၆၅)မှ လွဲ၍ ခွဲထွက်ရေးအန္တရာယ်ကြီးကြီးမားမား မကြုံခဲ့ရချေ။

အမေရိကန်တို့ ယနေ့ကျင့်သုံးနေသော ဖက်ဒရယ်စနစ်မူဘောင်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တခါတည်းရေးပြီး ပြီးပြည့်စုံသွားခြင်းမျိုးမဟုတ်ဘဲ ခေတ်အလိုက်လိုအပ်ချက်များအရ တဖြည်းဖြည်းချင်း ပြင်ဆင်သွားရသည်များရှိသလို၊ အခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုဘဲ အခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုများကို ဆုံးဖြတ်ပေးသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်များဖြင့် လုပ်ကိုင်သွားကြခြင်းဖြင့် အားကောင်းသောဗဟိုအစိုးရကို တည်ဆောက်ရခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။

အမေရိကန် ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်နယ်အစိုးရများနှင့် အမေရိကန် ပြည်ထောင်စု ဖက်ဒရယ်အစိုးရ (အမျိုးသားအစိုးရ)တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရမည်သို့ ဆက်သွယ် ပေါင်းစပ် နေပုံကို ဖေါ်ပြခြင်းပင်ဖြစ်သည်။ နိုင်ငံကို စတင်တည်ထောင်စအချိန်၊ အထူးသဖြင့် အမေရိကန် ပြည် တွင်းစစ် အပြီးတွင် ပြည်နယ်များရှိအာဏာပါဝါများသည် အမျိုးသားအစိုရ (ပြည်ထောင်စုအစိုးရ)သို့ ရွှေ့ ပြောင်း ရောက်ရှိလာခဲ့သည်။ အမေရိကန် ဖက်ဒရယ်စနစ်ဖြစ်ထွန်းတိုးတက်လာမှုတွင် (State-centered) ပြည်နယ် ဗဟိုပြု၊ (Dual) အာဏာပြိုင် နှင့် (New federalism) ဖက်ဒရယ်ဒါဒသစ်တို့အကြောင်း ပြောမှ ပြည့်စုံလိမ့်မည်။

သမ္မတ နိုင်ငံ၏ အစဦးကာလ (Confederation) စနစ်

အစဦးကာလဖက်ဒရယ်စနစ်သည် ပြည်ထောင်စုအစိုးရအား လုပ်ပိုင်ခွင့်အာဏာအနည်းအကျဉ်းသာ ပေးထားသော (Articles of Confederation) “ကွန်ဖက်ဒရေးရှင်း ပြဌာန်းချက်များ” ဆိုသည့်၊ အခြေခံဥပဒေဖြင့် ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းထားခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် အခြေခံဥပဒေပြဌာန်းချက်များတွင် (Continental Congress) ဟု ထိုစဉ်ကခေါ်ဝေါ်ခဲ့သော ၁၃ ပြည်နယ်၏ ပြည်ထောင်စုလွှတ်တော်သို့ စစ်ကြေငြားခြင်းနှင့် စာချုပ်များချုပ်ဆိုခွင့်ကို ပေးထားသော်လည်း တပ်မတော်တရပ်ကို ထောက်ပံ့ရန် အခွန်တော်ကောက်ခံ ခွင့်ပေးထားသည့်အပြင် အဓိကပြဿနာများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်နိူင်ရန် တညီတညွတ်အားလုံး သဘောတူထောက်ခံရန်လိုအပ်သည်။

ဖက်ဒရယ်စနစ်ပြုပြင်ရေးမှာ အနောက်ပိုင်းမက်ဆာချူးဆက်မှ အသေးစားလယ်ပိုင်ရှင် လယ်သမားများ ၏ လက်နက်ကိုင် ပုန်ကန်ထကြွမှုဖြစ်သော ရှေးလ် ပုန်ကန်မှု (၁၇၈၆-၈၇)ကို နှိမ်နင်းသည့် အချိန်တွင် ပိုမို အားကောင်း လာခဲ့သည်။ အမေရိကန်တော်လှန်ရေးစစ်ပွဲကာလက တင်ရှိခဲ့သော အကြွေးများကို ဖြေရှင်းရင်း ဝန်ပိနေသည့် ပြည်ထောင်စုအစိုးရ (ဖက်ဒရယ်အစိုးရ)၏ စွမ်းဆောင်ရည်ကင်းမဲ့မှုကြောင့် ဆိုးရွားနေသော စီးပွားရေးက လက်နက်ကိုင်ပုန်ကန်မှုကို တွန်းအားပေးသလိုဖြစ်စေခဲ့သည်။ ထို့အပြင် ဖက်ဒရယ်အစိုးရအနေဖြင့် လက်နက်ကိုင်ပုန်ကန်မှုကို နှိမ်နင်းရန် တပ်မတော်တရပ်ကို တာဝန်ယူထောက်ပံ့နိုင်စွမ်းမရှိကြောင်း ထင်ရှားလာခဲ့ပြီး မက်ဆာချူးဆက်ပြည်နယ်က ကိုယ်ပိုင်တပ်မတော်ကို မဖြစ်မနေတည်ထောင်ခဲ့ရသည်။

ပြည်နယ်ဗဟိုပြုဖက်ဒရယ် (State centered) မှ အားကောင်းသော ဗဟိုရှိသည့် ဖက်ဒရယ်စနစ်ဆီသို့

၁၇၈၇ ခုနှစ်တွင် ကိုယ်စားလှယ် ၅၅ ဦးတို့သည် ဖီလာဒယ်ဖီးယားတွင် အခြေခံဥပဒေဆိုင်ရာ ညီလာခံတခုကျင်းပပြီး ဥပဒေပြုလွှတ်တော်နှစ်ရပ်ထားရှိရေးနှင့်ပတ်သက်သော အယူအဆ၊ ပြည်နယ် ကြီးကြီးငယ်ငယ်တို့အတွက် မျှခြေရှိမည့် ကိုယ်စားပြုခွင့်အယူအဆ (Great Compromise)၊ အပြန်အလှန်ထိန်းကျောင်းမှု ( Checks and balances) အယူအဆ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ဂျိမ်းစ် မက်ဒီဆင် (James Madison ) က တက်ရောက်လာသည့် ကိုယ်စားလှယ်များအား ရှည်လျားသည့် ညီလာခံအဖွင့် အမှာစကားပြောကြားရာတွင် “တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စရပ်များအပေါ်ရှုမြင်သုံးသပ်ရာမှာ ပြည်နယ် ဥပဒေပြုရေး မဏ္ဍိုင်များအနေနဲ့ လျော်ကန်သင့်မြတ်တဲ့အမြင်များရရှိဘို့ခက်ခဲကြောင်း”၊ သို့ဖြစ်၍ ပိုမိုအား ကောင်းသည့် ဗဟိုအစိုးရတရပ် လိုအပ်ကြောင်း ဆွေးနွေးသွားခဲ့သည်။ အဆိုပါညီလာခံမှာ ချက်ခြင်းဆိုသလိုပင် မူလလုပ်ပိုင်ခွင့်အာဏာကိုစွန့်လွှတ်ပြီး အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ (Constitution of the United States ) သစ်တရပ် ရေးဆွဲရေးအတွက် ပြင်ဆင်ခဲ့ကြလေတော့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အပေါ် အားကောင်းမောင်းသန် ခုခံကာကွယ်ခဲ့သည်ကား ပြည်နယ်များက အတည်ပြုထောက်ခံမဲပေးနိုင်ရေးအတွက် ရည်ရွယ်သည့် နယူးယောက်မြို့တွင် ပုံနိုပ်ထုတ်ဝေခဲ့သော ဖက်ဒရယ်ဆိုင်ရာစာတမ်းများ (The federalist Papers) ပင်ဖြစ်သည်။

ကလောင်ရှင်အမည်အတိအကျဖော်ပြ မထားခဲသော အဆိုပါစာတမ်းများမှာ စုစုပေါင်း ၈၅ စောင်ရှိပြီး၊ အလက်ဇန္ဒား ဟမ်မီလတန် (Alexander Hamilton)၊ ဂျိမ်းစ် မက်ဒီဆင် (James Madison) နှင့် ဂျွန်ကျေး (John Jay) တို့က အတည်ပြုရန်တင်ပြထားသော အခြေခံဥပဒေသစ်၏ အကျိုးပြုနိုင်ပုံများ၊ အခြေခံဥပဒေသစ်ပါ ပြဌာန်းချက်များနောက်ကွယ်မှ နိုင်ငံရေး သဘောတရားများနှင့် လုပ်ငန်းတာဝန်များကို ခွဲခြမ်းစိတ်ဖြာ ရေးသားပြခဲ့သည်။ ယခုအခါ အဆိုပါစာတမ်းများမှာ အမေရိကန်နိုင်ငံရေး လုပ်ငန်းတာဝန်များကို ခွဲခြမ်း စိတ်ဖြာရေးသားပြခဲ့သည်။ ယခုအခါ အဆိုပါစာတမ်းများမှာ အမေရိကနိုင်ငံရေး သိပ္ပံပညာတွင် အရေးအကြီးဆုံး စာရွက်စာတမ်းများအဖြစ်တည်ရှိနေလေပြီ။

အခြေခံဥပဒေသစ်ကို ဆန့်ကျင်သောသူများကိုကား ဖက်ဒရယ်ဆန့်ကျင်ရေးသမားများ (Anti-Federalists) ဟုခေါ်ကြသည်။ ထိုသူများမှာ ယေဘူကျအားဖြင့် ကျဉ်းမြောင်းသော ဒေသဆိုင်ရာအမြင်သာ ရှိကြပြီး ကျယ်ပြန့်သော အမျိုးသားရေးအမြင်မရှိသူများဖြစ်ကြသည်။

သူတို့၏အမြင်များမှာ ကုန်သွယ် စီးပွားရေး နှင့် ဘဏ္ဍာရေးကိစ္စများထက် စိုက်ပျိုးရေးနှင့် လယ်ယာမြေဆိုင်ရာပြဿနာများနှင့် ချိတ်ဆက် ထားသည့် အမြင်များဖြစ်ပြီး အားကောင်းသော ပြည်နယ်အစိုးရများနှင့် အားနဲချိနဲ့သော အမျိုးသားအစိုးရ (ပြည်ထောင်စုအစိုးရ) ကိုသာ အလိုရှိကြသည်။ (ဤနေရာတွင် မြန်မာနိုင်ငံသမိုင်းမှ ဖက်ဒရယ်စနစ် ဆန့်ကျင် သူများနှင့် အဓိပ္ပါယ်ဆန့်ကျင်ဘက်ဖြစ်သည်ကို သတိပြုစေလိုသည်။

မြန်မာ့သမိုင်းတွင် ဖက်ဒရယ်စနစ် ဆန့်ကျင်ရေး သမားဆိုသည်မှာ အားကောင်းသော ဗဟိုချုပ်ကိုင်မှုကြီးသည့် အစိုးရကိုလိုလားသူများဖြစ်သည်။ (စကားချပ်)နောက်ပိုင်းတွင် ဖက်ဒရယ်ဆန့်ကျင်ရေးသမားများမှာ၊ “အခြေခံဥပဒေသစ်တွင် ထည့်သွင်းပေးရန် ဖက်ဒရယ်သမားများက ကတိပေးခဲ့ကြပြီးဖြစ်သည့်” နိုင်ငံသားအခွင့်အရေး ( bill of rights ) မပါရှိမှုအပေါ် ပြောင်းလဲကာ အလေးထားဝေဖန်ထိုးနှက်ခဲ့ကြလေသည်။

ဂျော့ဝါရှင်တန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံသည့် ဩဇာအရှိန်အဝါနှင့် လိမ္မာပါးနပ်သည့် စည်းရုံးရေးဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် အခြေခံဥပဒေကို ပြည်နယ်အားလုံးက ထောက်ခံ အတည်ပြုခဲ့ကြသည်။ ပျက်ပြယ်သွားပြီဖြစ်သည့် ကွန်ဖက်ဒရေးရှင်းလွှတ်တော် (Congress of the Confederation ) က အစိုးရသစ်ကို ရွေးကောက်တင်မြှောက်ရန် အချိန်သတ်မှတ်ထားခဲ့ရာ ၁၇၈၆ ခုနှစ် မတ်လ (၄)ရက်နေ့မှာ အစိုးရသစ်စတင် တာဝန်ယူရမည့်နေ့ဖြစ်သည်။ ၁၇၈၆ ခုနှစ်တွင် ကွန်ဂရတ်လွှတ်တော်က ပြည်နယ်များအတွက် ပြန်ဌာန်းချက် ၁၂ ချက်ကို တင်သွင်းပြဌာန်းခဲ့သည်။

၎င်းတို့အနက် ၁၀ ချက်မှာ လွှတ်တော်ကော်မတီများက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၇၉၀ ခုနှစ် ဒီဇင်ဘာ (၁၅)ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံသားအခွင့်အရေး ( United State Bill of Rights ) ဖြစ်လာရန် လမ်းဖွင့်ပေးခဲ့လေသည်။ ဒဿမမြောက်ပြင်ဆင်ချက်မှာ အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်အတွက် လမ်းညွှန်ချက်မှုများ ဖြစ်ခဲ့လေသည်။

ဖက်ဒရယ်လစ်ပါတီ

ဖက်ဒရယ်လှုပ်ရှားမှု မှေးမှိန်သွားသည်နှင့်တပြိုင်နက် ဒုတိယတခုက ချက်ခြင်းဆိုသလိုအစားထိုး နေရာယူလာခဲ့သည်။ အဆိုပါ ဒုတိယတခုမှာ အလက်ဇန္ဒားဟမ်လတန်နှင့် သူ့မဟာမိတ်များနှင့် အားကောင်းသော အမျိုးသားအစိုးရ (ပြည်ထောင်စုအစိုးရ)၊ လျော့ရဲစွာဖွဲ့စည်းထားသည့် ( loose construction ) အခြေခံဥပဒေနှင့် (လယ်ယာစိုက်ပျိုး စီးပွားရေးထက်) ကုန်သွယ်စီးပွားရေးကိုလိုလားသည့် မူဝါဒများအပေါ် အခြေခံထားသည့် လှုပ်ရှားမှုဖြစ်သည်။ တဖြည်းဖြည်းအချိန်ကြာလာသောအခါ ဤမူဝါဒများကို နှစ်သက်သဘောကျသူများ စုစည်းမိလာကြပြီး ပထမဦးဆုံးသော နိုင်ငံရေးပါတီတရပ်ဖြစ်သည့် ဖက်ဒရယ်လစ်ပါတီကို တည်ထောင်ခ ကြလေသည်။

ဖက်ဒရယ်လစ်ပါတီ၏ ဆန့်ကျင်ဘက် ဒီမိုကရက်တစ်-ရီပတ်ဘလီကင်ပါတီမှာမူ အားကောင်းသော ဗဟိုအစိုးရတရပ်ကို မလိုလားချေ။ အားကောင်းသောအစိုးရမှာ ပြည်သူလူထု၏ လွတ်လပ်ခွင့်များအတွက် ခြိမ်းခြောက်မှုတခုအဖြစ် ၎င်းတို့က ရှုမြင်ကြသည်။ သူတို့က အစိုးရသစ်ကြောင့်ဖြစ်ပေါ်လာသော အမျိုးသားကြွေးမြီက တနိုင်ငံလုံးကို ဒေဝါလီခံရစေလိမ့်မည်ဟု အလေးတင်းပြောဆိုကြသည်။

ထို့ပြင် ပြည်ထောင်စုငွေစုစာချုပ်ကိုဝယ်ယူးထားသူများမှာ ရိုးသားသော လယ်သမား၊ အလုပ်သမားများထံမှရသည့် အခွန် ငွေများကိုအချောင်ခံစားနေသူများဖြစ်သည်ဟု ဆိုလေသည်။ အဆိုပါသဘောထားများကား ၁၇၈၀ ခုနှစ်များ လောက်ဆီက ဖက်ဒရယ်လစ်လှုပ်ရှားမှုများ၏ ဆန့်ကျင်ဖက် အင်တီ-ဖက်ဒရယ်လစ် (ဖက်ဒရယ်ဆန့်ကျင်ရေးသမား)များစွဲကိုင်ခဲ့သော သဘောထားများပင်ဖြစ်ကြသည်။

တရားသူကြီးချုပ် ဂျွန်မာရှယ်လက်ထက်က ဖက်ဒရယ်ဝါဒ

၁၉ ရာစု အစောပိုင်းကာလများတွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုကို ရှင်းလင်းပြတ်သားအောင် ပြုလုပ်ရာတွင် အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားသူကြီးချုပ် ဂျွန်မာရှယ်က အရေးပါသည့်အခန်းမှပါဝင်ခဲ့လေသည်။ အစိုးရများအကြား (ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုး ရများ) အာဏာခွဲဝေကျင့်သုံးမှုနှင့်ပတ်သက်၍ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေက ရှင်းလင်းပြတ်သားစွာဖေါ်ပြ မထားသည့်အတွက် နယူးယောက်ရှိ တရားလွှတ်တော်ချုပ်က ဖြေရှင်းပေးခဲ့ရလေသည်။ ဥပမာအားဖြင့် မက်ကူလော့နှင့် မေရီလန် (Mc Culloch Vs. Maryland )၊ ဂစ်ဘွန်နှင့် အော့ဂ်ဒင် (Gibbons Vs.Ogden )စသည့် အမျိုးသားအစိုးရ (ဖက်ဒရယ်အစိုးရ)၏ လုပ်ပိုင်ခွင့်အာဏာကို ချဲ့ထွင်ပေးခဲ့ရသည့် အမှုအခင်းမျိုးကို ဖြေရှင်း ပေးရင်း ပြဿနာများကို အဖြေထုတ်ပေးခဲ့ရသည်။

အာဏာပြိုင် ဖက်ဒရယ်ဝါဒ (Dual Federalism )

ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ် မာရှယ်က ထိုသို့သောအမှုများတွင် ဖက်ဒရယ် အစိုးရအာဏာကို ပိုမိုအားကောင်းစေသည့် ဆုံးဖြတ်ချက်များချမှတ်ခဲ့သော်လည်း သူ့ကိုဆက်ခံသည့် ရော်ဂျာဘီ တိုနီ ( Roger B. Taney) ( 1835-1863) လက်ထက်တွင်မူ အမျိုးသားအစိုးရနှင့် ပြည်နယ် အစိုးရ များ၏ လုပ်ပိုင်ခွင့်အာဏာကို တန်းတူအားကောင်းစေသည့် ဆုံးဖြတ်ချက်များကိုသာ ချမှတ်ခဲ့လေသည်။ ထိုစဉ်က အခြေခံတွေးခေါ်စဉ်းစားမှုမှာ ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို သတ်မှတ်ထားသော စာရင်းအတိအကျဖြင့် ကန့်သတ်ထားသင့်ပြီး ကျန်ရှိသည့် အာဏာများမှာ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများဖြစ်သင့်သည်ဟူသော အယူအဆဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၁၆ ခုမြောက်ပြင်ဆင်ချက်ရော၊ ၁၇ ခုမြောက်ပြင်ဆင်ချက်ပါ။ အမျိုးသားအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို အားဖြည့်ပေးခဲ့သကဲ့သို့ ပြည်နယ်နှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်တို့အကြား အာဏာခွဲဝေမှုကိုလည်း အားဖြည့် ပေးခဲ့လေသည်။

အာဏာပြိုင် ဖက်ဒရယ်ဝါဒနှင့် ဆက်ဆံမှုအစီအစဉ်သစ် (New Deal)အကြားကာလ

တရားသူကြီးချုပ် တိုနီနှင့် “အာဏာပြိုင်ဖက်ဒရယ်ဝါဒ” ခေါင်းထောင်ထလာချိန်နောက်ပိုင်း ဖက်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရနှင့် ဒေသဆိုင်ရာအစိုးရတို့အကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုမှာ ရာစုနှစ်တခုမျှ သိသိသာသာ ပြောင်းလဲမှု မရှိခဲ့ဟုဆိုရပေမည်။

သို့သော်လည်း မျက်မှောက်ခေတ် ဖက်ဒရယ်စနစ်၏ အစိတ်အပိုင်းများတွင် ၁၈၆၁ ခုနှစ်မှ ၁၉၃၃ ခုနှစ်ကာလအတွင်း မူလအခြေအနေများကို ပြင်ဆင်ချက်ပြုလုပ်ခဲ့ရမှုများစွာပါဝင်သည်။ ဥပမာ- ဘဏ်များမှာ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်နှင့် ထိန်းချုပ်ပိုင်ခွင့်အောက်တွင် ကာလရှည်ကြာစွာတည်ရှိနေခဲ့ရာမှ၊ ဝါရှင်တန် ဗဟိုမှ အရာရှိများက စီမံခန့်ခွဲပြီး (ဗဟိုဘဏ်)အထူးသီးသန့်လိုအပ်ချက်များကို ဖြည့်ဆည်ပေးနိုင်သည့် အမျိုး သားဘဏ်များကို ကွန်ယက်အဖြစ်ဖွဲ့စည်းတည်ထောင်ရန် ကွန်ဂရစ်က ၁၈၆၃ နှင့် ၁၈၆၄ ခုနှစ် တွင် “အမျိုးသားဘဏ် ဥပဒေများ” ပြန်ဌာန်းပေးခဲ့ရခြင်းမျိုးဖြစ်သည်။

ပထမကမ္ဘာစစ်ပွဲကာလအတွင်း ဖက်ဒရယ် ပြည်ထောင်စုဘဏ်သည် တောင်သူ လယ်သမားများအား ကူညီထောက်ပံ့နိုင်ရန် စနစ်တခုကိုတည်ထောင်ခဲ့ပြီး သမ္မတ ဟားဗတ် ဟူးဗား ၏ နောက်ဆုံးနှစ်တွင် နိုင်ငံသားများ အိုးပိုင်အိမ်ပိုင်နှင့် နေထိုင်နိုင်ရေးအထိ နေထိုင်မှု ဘဝတိုးတက်လာစေရန် အစီအစဉ်ချမှတ်ဆောင်ရွက်ခဲ့သည်။

ကွန်ဂရက်သည် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ပြည်နယ်အချင်းချင်းအကြား-ကူးသန်း ရောင်းဝယ်မှုနှင့်သက်ဆိုင်သော အခွန်အကောက်နှုံးထားများ၊ အလုပ်သမား ကူးလူးဆက်ဆံရေး ပြဿနာများ၊ ရထားသံလမ်းများ၊ စတော့များနှင့် ပတ်သက်၍ ဥပဒေပြဌာန်းသတ်မှတ်ပေးခဲ့သည်။

ပထမကမ္ဘာစစ်ပွဲဖြစ်ခါနီးစအချိန်တွင် ရထားလမ်း အလုပ်သမားများအတွက် လုပ်ခလစာနှုံးထားသတ်မှတ်သည့် ဥပဒေ ပြဌာန်းပေးခဲ့သည်အထိ ကွန်ဂရက်ကဆောင်ရွက်ခဲ့လေသည်။

၁၉၂၀ ခုနှစ်များအတွင်း ကွန်ဂရက်က ပြည်နယ်အချင်းချင်းအကြားဆက်သွယ်သော မီးရထားလမ်း အလုပ် သမားများအတွက် စုပေါင်းရပိုင်ခွင့်အခွင့်အရေးအပ်နှင်းသည့် ဥပဒေများကိုပြဌာန်းပေးခဲ့သည်။ ကွန်ဂရက် သည် စီးပွားရေးဆိုင်ရာ ဥပဒေပြုခွင့်အာဏာကို အသုံးပြု၍ စာရိတ္တပိုင်းဆိုင်ရာ ဥပဒေပြုမှုများလည်း လုပ် ဆောင်ခဲ့သည်။ ဥပမာ- (အမှန်အားဖြင့် စီးပွားရေးဆိုင်ရာ ဥပဒေပြုပိုင်ခွင့် အာဏာမှာ ပြည်နယ်အချင်းချင်း အကြား သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်သာ ဩဇာသက်ရောက်ရန် ကန့်သတ်ထားခြင်းဖြစ်သော်လည်း) ၁၉၀၇ ခုနှစ်တွင် ကွန်ဂရက်ကပြဌာန်းခဲ့သည့် မန်းဥပဒေ (Mann Act )သည် အမျိုးသမီးများအား မူမမှန်သော ရည်ရွယ်ချက်ဖြင့် ပြည်နယ်ဖြတ်ကျော်ကူးသန်းခြင်းကို တားမြစ်ထားသည့် အကျင့်စရိတ္တပိုင်းဆိုင်ရာ (လူမှုရေး) ဥပဒေ ပင်ဖြစ်သည်။

ပြည်တွင်းစစ်ပွဲကာလအတွင်းက ပြည်နယ်များရှိ ကောလိပ်ကျောင်းများတည်ထောင်ရန် မြေငှါးချထား ပေးရေးအတွက် မြေရောင်းရမှု အခွန်ငွေများကို ကွန်ဂရက်ကအသုံးပြုခဲ့လေသည်။ ထိုသို့ဆောင်ရွက်ရန် မိုရေး မြေအငှါးချထားရေး ဥပဒေ (Morrill Land-Grant Acts ) ကို အသုံပြုခဲ့သည်။ အဆိုပါ ကိစ္စအပေါ်ထားရှိသည့် သဘောထားမှာ မြေယာရောင်းချရမှု အခွန်တော်ငွေများသည် အခြေဥပဒေ ပုဒ်မ ၁၊ အပိုဒ်ခွဲ (၈) (အဆိုပါအပိုဒ်တွင် ကွန်ဂရက်၏ ဥပဒေပြုပိုင်ခွင့်အာဏာများကို သတ်မှတ်ထားသည်)တွင် သတ်မှတ် ထားသည်ထက် ကျော်လွန်ကာ ပိုမိုထိရောက်စွာမြှုပ်နှံအသုံးချသင့်သည်ဆိုသည့် အယူအဆဖြစ်သည်။

၁၈၈၀ ခုနှစ်များအတွင်း ကြိမ်ဖန်များစွာပင် ကွန်ဂရက်ရှိ လွှတ်တော်တရပ်မဟုတ် အခြားတရပ်တွင် (အထက် လွှတ်တော် သို့မဟုတ် အောက် လွှတ်တော်)ပြည်နယ်များရှိ အခြေခံမူလတန်းကျောင်းများသို့ မြေရောင်းချ ရအခွန်တော်ငွေဖြင့် ထောက်ပံ့ခြင်းဆိုင်ရာ ဥပဒေများကို ပြဌာန်းခဲ့ကြသည်။ အခြေခံမူလတန်းကျောင်းများသို့ မြေရောင်းရအခွန်တော်ငွေဖြင့် ထောက်ပံ့ခြင်းဆိုင်ရာ ဥပဒေများကို ပြဌာန်းခဲ့ကြသည်။ ၂၀ ရာစု၏ ပထမနှစ်များအတွင်းတွင် ဖက်ဒရယ်ထောက်ပံ့ငွေ အမြောက်အများဖြင့် အားတက်သရော ထောက်ပံ့ခဲ့သည်။ ဤသို့ဖြင့် အခြေခံဥပဒေပါ အထွေထွေလူမှုဖူလှုံရေးအပိုဒ်တွင် ပေးထားသည့် ကျယ်ပြန့်သော အခွင့်အာဏာကို အသုံးချခဲ့သည်။

သမ္မတ ဟားဗတ် ဟူးဗား ၏ လက်ထက်တွင်လည်း ဆင်းရဲမွဲတေမှုပပျောက်ရေး ရည်ရွယ်ချက်ဖြင့် ပြည်နယ် များသို့ ထောက်ပံ့ကူညီငွေများ ခွဲဝေခွင့်ပြုပေးခဲ့သည်။ ရေဘေးသင့်ကပ်ဆိုက်သောဒေသများ၊ လယ်ယာ သီးနှံပျက်စီးဆုံးရှုံးရမှုများကိုထောက်ပံ့ ကူညီမှုများသည် သမ္မတ ဝုဒရိုး ဝီလဆင် (၁၉၁၃-၂၁) လက်ထက်တွင် စတင်၍ အဆများစွာတိုးလာခဲ့သည်။

၁၉၂၀ ခုနှစ်များတွင် ပြည်ထောင်စု (ဝါရှင်တန်)သည် နိုင်ငံတွင်း ဥပဒေ စိုးမိုးရေး ကဏ္ဍသို့တိုင် ၎င်း၏အာဏာကိုဖြန့်ကျက်ခဲ့သည်။ ၁၉၃၃ ခုနှစ် သို့ရောက်သောအခါ ဖက်ဒရယ် အစိုးရအနေဖြင့် တစုံတခုသော ရည်မှန်ချက်အတွက် စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များနှင့် ငွေသုံးစွဲမှုများ အပေါ်ကျယ်ပြန့်သော လုပ်ထုံးလုပ်နည်းချမှတ်ကျင့်သုံးခွင့်ရှိသည်ဟုယူဆသည့် ကိစ္စမှန်သမျှ အားလုံးလိုလို လုပ်ဆောင်နိုင်ရန် လိုအပ်သော စီရင်ထုံးများမှာ ပြည့်စုံလုနီးပါးရှိခဲ့လေပြီ။ အမှန်တကယ်အားဖြင့် ကွန်ဂရက်လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်ချက် ချလိုစိတ်ရှိရန် (ဥပဒေပြဌာန်းရန်) နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က “အများညီဤကိုကျွဲဖတ်ရန်” (အခြေခံဥပဒေနှင့်ညီညွတ်ပါသည်ဆိုသည့် ဆုံးဖြတ်ချက်ချမှတ်ရန်) သာလိုရင်းဖြစ်လေသည်။

ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရက်ဝါဒ (cooperative federalism)

မဟာစီးပွားပျက်ကပ်ကြီး (Great Depression) က အာဏာပြိုင်ဖက်ဒရယ်ဝါဒကို ရုတ်တရက်အဆုံးသတ်ပေး လိုက်ပြီးအားကောင်းသော အမျိုးသားအစိုးရ (ဗဟိုအစိုးရ) တရပ်ဆီသို့ ဦးတည်ရွေ့လျားစေလေသည်။ သမ္မတ ဖရန်ကလင်ဒီရုစ်ဗဲ့လ် ၏ ဆက်ဆုံမှုအစီအစဉ်သစ် (New Deal) ပေါ်လစီများက အမေရိကန်နိုင်ငံသား အားလုံးဆီသို့ အခြားသော ဖက်ဒရယ်အစိုးရ အစီအစဉ်များထက် ပိုမို၍သက်ရောက်ရှိခဲ့လေသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရုစ်ဗဲ့လ်တ် ၏ စီးပွားရေးအစီအစဉ်အားလုံးနီးပါးကိုပယ်ချခဲ့ (အခြေခံဥပဒေနှင့်ညီညွတ်မှု မရှိဟုဆိုကာ)သည့်အတွက် သမ္မတက “တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ပြန်လည်ပြုပြင်ရေး ဥပဒေကြမ်း ၁၉၃၇”ကို တင်သွင်းလျက် တရားလွှတ်တော်ချုပ်တွင် တရားသူကြီးအရေးအတွက် ထပ်တိုးရန် လုပ်ဆောင်ခဲ့ ရလေသည်။

ဒီမိုကရက်များ လွှမ်းမိုးသည့် ကွန်ဂရက်နှင့် အဖွဲ့ဝင်တိုးချဲ့လိုက်သည့် တရားလွှတ်တော်ချုပ်တို့က ရုစ်ဗဲ့လ်တ်၏ ပေါ်လစီများကို မျက်နှာသာပေး၍ အတည်ပြုခဲ့ခြင်းဖြင့် အခြေခံဥပဒေအတားအဆီး ကိုကျော်ဖြတ် ခဲ့လေသည်။ နိုင်ငံရေး သိပ္ပံပညာရှင် သီအိုဒိုလိုဝီ (Theodore Lowi) က အောက်ဖော်ပြပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက် ၃ ခုက အာဏာအရွေ့ကို ခိုင်မာစွာ သက်သေပြနေသည်ဟု ဆိုသည်။

• “အမျိုးသားအလုပ်သမားဆက်ဆံရေးဘုတ်အဖွဲ့”နှင့် ဂျုံးစ်နှင့် လပ်ဖ်လင် သံမဏိကော်ပိုရေး” တို့အကြား ဖြစ်ပွားသည့်အမှု

• “ဟဲ့ဗားရင်း” နှင့် “ဒေးဗစ်”တို့အကြား ဖြစ်ပွားသည့်အမှု

• စတီးဝပ် စက်ပစ္စည်း ကုမ္ပဏီ” နှင့် “ဒေးဗစ်”တို့အကြား ဖြစ်ပွားသည့်အမှုတို့ဖြစ်သည်။

ဆက်ဆံမှုအစီအစဉ်သစ်ပါ ပေါ်လစီများကို အကောင်အထည်ဖော်ရန်အတွက် (ဖက်ဒရယ်အစိုးရ) အမျိုးသားအစိုးရမှာ အဆင့်အသီးသီးရှိအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရတော့သည်။ ဖက်ဒရယ်အစိုးရ အနေဖြင့် မြို့တော်အဆင့်တွင် ပြည်နယ်အစိုးရ၏ ဥပဒေပြုရေးမဏ္ဍိုင်ကို ဖြတ်ကျော်ရန် “နိုင်ငံရေး ယန္တယားများ” (Political machines) ကို အားထားရသကဲ့သို့ ဒေသဆိုင်ရာ အစိုးရများသည်လည်း အခြားသော အလွှာများကဲ့သို့တူညီသောအတန်းအခွင့်အရေးရရှိကြသည်။ (ဆိုလိုသည်မှာ ဗဟိုအစိုးရ လုပ်ချင်တိုင်း လုပ်၍မရဘဲ ပူးပေါင်းတိုင်ပင်ဆောင်ရွက်ခွင့်ရကြခြင်းကိုဆိုသည်။)

ယခင်က ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာအစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာ၊ တာဝန်ယူမှု တာဝန်ခံမှုတို့မှာ ကွဲကွဲပြားပြားစည်းခြားထားသကဲ့သို့ရှိခဲ့သဖြင့် “အထပ်သားကိတ်မုံ့”နှင့် ခိုင်းနှိုင်းခဲ့ကြပြီး ယခုကဲ့သို့ ခြားနားထားသော စည်းများ မှုံဝါးသွားသော ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဝါဒ (cooperative federalism) ကို “မာဘယ်ကိတ်မုံ့”နှင့် တူသည်ဟု ခိုင်းနှိုင်းခဲ့ကြလေသည်။

ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဝါဒတွင် ပြည်ထောင်စုမှ “ကူညီရေးထောက်ပံ့ငွေ” (grants in aid)အဖြစ် သို့မဟုတ် “အမျိုးအစားလိုက်ခွင့်ပြုငွေ” (categorical grants) အဖြစ်ပေးအပ်ခြင်းဖြင့် ဘဏ္ဍာငွေသုံးစွဲမှုတွင် ဖက်ဒရယ်အစိုးရက ပိုမိုချုပ်ကိုင်လာလေတော့သည်။

ဖက်ဒရယ် ဝါဒသစ် (New Federalism)

အခြားသောလှုပ်ရှားမှုတခုမှာ ၂၀ ရာစု နောက်ပိုင်းကာလ နှင့် ၂၁ ရာစုအစပိုင်းတွင်ပေါ်လာသည့် “ဖက်ဒရယ်ဝါဒသစ်” (New Federalism) ဖြစ်သည်။ အဆိုပါဝါဒမှာ သမ္မတ ရော်နယ်ရီဂင် (၁၉၈၁-၈၉) ဦးဆောင်ဦးရွက်ပြုခဲ့သော လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်များသို့ တစတစပြန်ပေးရေးပင်ဖြစ်သည်။

အဆိုပါဝါဒအရ မူလက ဖက်ဒရယ်အစိုးရအနေဖြင့် ပြည်နယ်များသို့ ကဏ္ဍအလိုက် ခွင့်ပြုငွေများချထားပေးခဲ့ပြီး ကန့်သတ်ချက်များအတိုင်းသုံစွဲရန် အစီအစဉ်များထားရှိခဲ့သော်လည်း ရီဂင်က ပြည်နယ်အစိုးရများသို့ အလုံးအရင်းလိုက်ခွင့်ပြုငွေများချထားပေးခဲ့ပြီး အသေးစိတ်သုံးမှုအစီအစဉ်ကို ၎င်းတို့ဖာသာ ဆုံးဖြတ်ဆောင်ရွက် စေခြင်းသော်လည်း ၎င်းတို့တွင်ပါဝင်သော အတွင်းသဘောများမှာ ကွဲပြားခြားနားပါသည်။ ၂၀ ရာစု အလယ်ပိုင်းလောက်က ပေါ်ခဲ့သော ပြည်နယ်များအခွင့်အရေးလှုပ်ရှားမှု (states’ rights movement) မှာ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု (civil rights movement)ကို ဗဟိုချက်အဖြစ်ထားခြင်းဖြစ်သည်။

ဖက်ဒရယ်သစ်လှဒပ်ရှားမှုမှာကား စီးပွားကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခြေခံဥပဒေပါပြဌာန်းချက်အပိုဒ် သို့မဟုတ် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်သာ သက်ဆိုင် လေသည်။

ရော်နယ်ရီဂင်၏ “ဗဟိုချုပ်ကိုင်မှုဖြေလျှော့ခြင်းတော်လှန်ရေး” (devolution revolution) ဆိုသည့် ဖက်ဒရယ်ဒီမိုကရေစီသစ်မှာ ၁၉၈၀ ခုနှစ်အစပိုင်းမှ ၂၀၀၁ ခုနှစ်လောက်ထိသာ ရှည်ကြာခဲ့လေသည်။

ရဲထွန်း(သီပေါ)

စာကိုး – Wikipedia; Federalism in the United State