• Today is: Saturday, April 20, 2024

နိုင်ငံတကာ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံအယူအဆများ

 “နိုင်ငံတကာ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံအယူအဆများ

ဖက်ဒရယ်စနစ်ဆိုတာဘာလဲ

            ဖက်ဒရယ်စနစ်သည် ယနေ့အချိန်အခါတွင် နိုင်ငံတကာလူ့အတိုင်းအဝန်းတွင် အရေးကြီးပြီး ကျယ်ကျယ် ပြန့်ပြန့်အသုံးတည့်နေသော နိုင်ငံရေးဖြစ်လို့နေပါပြီ။ ကမ္ဘာ့တိုင်းပြည်များ၏ ၇၀% ခန့်မှာ ဖက်ဒရယ်စနစ်၏ လက္ခာဏာတချို့ လက်ခံကျင့်သုံးနေပြီး ကမ္ဘာ့တိုင်းပြည် ၂၀ ကျော်ခန့်မှာ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် တိုင်းပြည်များဖြစ်ကြသည်။ အဆိုပါ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံများရှိလူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ၄၀% ခန့်ရှိသည်။

            ယခုအခါ ကမ္ဘာ့နိုင်ငံအတော်များများတွင် တနိုင်ငံချင်းစီ၏ မတူကွဲပြားသော သမိုင်းရေး အချက်လက် များနှင့် ဖြတ်သန်းမှုများအလျောက် သင့်တော်ရာပုံစံများဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိကြရာ ကမ္ဘာ့နိုင်ငံ ကြီးများဖြစ်ကြသည့်  ရုရှား၊ အမေရိကန်၊ ဘရာဇီး၊ ကနေဒါ၊ ဩတြေးလျ၊ အိန္ဒိယ တို့အပြင် အသေးငယ်ဆုံးသော နိုင်ငံများဖြစ်ကြသည့် ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်နှင့် ကာရစ်ဗီယန် ပင်လယ်တွင်းမှ (Saint Kitts and Nevis) စိန့်ကစ်နှင့် နီးဗစ် စသည့် နိုင်ငံများအပါအဝင် ၂၇ နိုင်ငံ ( ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ) ရှိပြီဟုဆိုပါသည်။ ကျင့်သုံးသည့် ပုံစံများမှာလည်း တနိုင်ငံနှင့်တနိုင်ငံ အပ်ချ မတ်ချ တူညီကြသည် မဟုတ်ချေ။

            သို့ဖြစ်လေရာ “ဖက်ဒရယ်စနစ်ဆိုတာဘာလဲ” ဆိုသည်ကိုနားလည်သဘော ပေါက်ရန်အရေးကြီး လာ သည်။ ကနေဒါနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဆာဂျွန် အေ. မက္ကဒေါ်နယ် က ဖက်ဒရယ်စနစ်ကို ဤသို့ အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ “ဒေသဆိုင်ရာ ကိစ္စရပ်များကိုဖြေရှင်းရန် ‘ဒေသဆိုင်ရာအစိုးရများနှင့် ဥပဒေပြု အဖွဲ့အစည်း များ’အပြင် တနိုင်ငံလုံးဆိုင်ရာကိစ္စများကိုဖြေရှင်းရန် ဗဟိုအစိုးရတရပ်နှင့် ဥပဒေပြုအဖွဲ့အစည်းတို့ ပါဝင် ပေါင်း စပ်ထားသည့် စနစ်ဖြစ်သည်”ဟု ဆိုလေသည်။

            နိုင်ငံအသီးသီးတွင် ဖက်ဒရယ်စနစ်ကို မတူသောဒီဂရီအမျိုးမျိုးဖြင့် ကျင့်သုံးကြသော်လည်း၊ အဓိကကျ သည့် အချက်မှာ အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကျင့်သုံးမှုဖြစ်သည်။

 

အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အာမခံသည့်အရာ

            အာဏာခွဲဝေမှုဆိုသည်မှာ အုပ်ချုပ်ရေးအာဏာကို ခွဲဝေကျင့်သုံးခြင်းဖြစ်သည်။ နိုင်ငံတခုလုံးကို အုပ်ချုပ်သည့် ဗဟိုအစိုးရအာဏာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် အုပ်ချုပ်သည့် အာဏာတို့ အကြား မည်သို့ခွဲဝေထားသနည်းဆိုခြင်းပင်ဖြစ်သည်။

            တချို့သော နိုင်ငံများတွင် နှစ်ဆင့်မက သုံးဆင့်မျှခွဲခြားထားသည်လည်းရှိသည်။

            ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည်ကား အဆိုပါ ခွဲဝေထားသောအာဏာများကို မိမိတို့ဒေသအတွက် အကောင်းဆုံးဟု ယုံကြည်ယူဆသည့်အတိုင်း လွတ်လပ်စွာဆုံးဖြတ်ချက်ချ၊ လုပ်ပိုင်ခွင့်ရှိရေးပင်ဖြစ်သည်။ တချိန်တည်းမှာပင် ၎င်းတို့အနေဖြင့် နိုင်ငံတခုလုံး၏ အစိတ်အပိုင်းဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ပြီး၊ တနိုင်ငံလုံးနှင့်ဆိုင်သည့် ဥပဒေများကို ရိုသေလိုက်နာရန်လိုအပ်သည်။ သဘေားထားမတိုက်ဆိုင်ငြင်းခုန်မှုများမှာ ဤကိုယ်ပိုင်အုပ်ချုပ်သည့်ကိစ္စမှထွက်ပေါ်လာလေ့ရှိသည်။ မည်သည့်အရာများက ဒေသဆိုင်ရာတို့၏ တာဝန် ဝတ္တရားများဖြစ်၍- မည်သည့်အရာများက ဗဟိုအစိုးရ၏ချုပ်ကိုင်မှုအောက်တွင်ရှိသင့်သည်ဆိုသော ကိစ္စများနှင့် ပတ်သက်၍ အငြင်းပွားရတတ်သည်။

            သို့ဖြစ်၍ အာဏာခွဲဝေမှု၊ ကိုယ်ပိုင်အုပ်ချုပ်မှုတို့နှင့် ပတ်သက်လျင် တိကျသေချာမှုရှိစေရန် ရေးသား ထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် အာမခံကြရသည်။

            နိုင်ငံအသီးသီးတွင် ဖက်ဒရယ်စနစ်ကျင့်သုံးလာရခြင်းနှင့်ပတ်သက်ပြီး အောက်ပါအခြေခံ (၅)ချက်ကြောင့် ဖြစ်လေ့ရှိကြောင်း နိုင်ငံရေး သုတေသီများကဆိုသည်။

            (၁) အုပ်ချုပ်မှုလွယ်ကူစေရန်  (၂) ပြည်ပ ခြိမ်းခြောက်မှုရန်ကိုကာကွယ်ရန် (၃) ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်းရန် (၄) စီးပွားရေး ဖွံဖြိုးတိုးတက်စေရန် (၅) တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားမှုကို အသိအမှတ်ပြုထိန်းသိမ်းရန် (၆) လူများစုနည်းတူ လူနဲစုက ဒီမိုကရေစီအခွင့်အရေးများ ခံစားစေနိုင်ရန် စသည့် အကြောင်းများကြောင့် ဖြစ်လေ့ရှိကြသည်။

            ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရတရပ်နှင့် အောက်အဆင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်ထောင်စုနယ်မြေ အစိုးရများပါဝင်ပြီး အာဏာကို ခွဲဝေကျင့်သုံးသည်။ သို့ဖြစ်ရာ နိုင်ငံသားတို့ လိုက်နာရန် ဥပဒေများကို ဗဟိုအဆင့်ကသော်၎င်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ကသော်၎င်း ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေသတ်မှတ်ထားသည့်အတိုင်း ပြဌာန်းအုပ်ချုပ်လေ့ရှိသည်။

ဖက်ဒရယ်ပြည်ထောင်စုတခု မည်သို့ဖြစ်တည်လာသလဲ ရှုထောင့်မှ အမြင်

            နိုင်ငံတနိုင်ငံတွင် ဖက်ဒရယ်စနစ်စတင်ဖြစ်တည်လာပုံ သို့မဟုတ် အာဏာများ မည်သို့ခွဲဝေထားပုံကို ကြည့်၍နှစ်မျိုးနှစ်စား ခွဲခြားနိုင်ကြောင်း ပညာရှင်များကဆိုသည်။ ၎င်းတို့မှာ (၁) Coming together federalism ‘အတူတကွယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ်စနစ်’ နှင့် (၂) Holding together federalism ‘အတူပေါင်းစည်းရေး ဖက်ဒရယ်စနစ်’ ဟူ၍ဖြစ်သည်။

            (၁) အတူယှဉ်တွဲနေထိုင်ရေးဖက်ဒရယ်ပုံစံ (Coming together federalism) မှာ မူလက လွတ်လပ်စွာတည်ရှိခဲ့သော နိုင်ငံများ (သို့မဟုတ်) ယူနစ်များက စိတ်တူကိုယ်တူဖြင့် တနိုင်ငံတည်းအဖြစ် ပေါင်းစည်းကြရန် ရည်ရွယ်ပြီး ဗဟိုအစိုးရတရပ်ကို ဖန်တီးကာ အာဏာမည်မျှ အပ်နှင်းမည်နည်း ဆိုသည့် သမိုင်းဆိုင်ရာ အခြေခံမှ ပေါ်ပေါက်လာသည့် ပုံစံဖြစ်ပါသည်။ အထင်ရှားဆုံး သာဓကမှာ အမေရိကန် ပြည်ထောင်စုဖြစ်ပြီး ဆွစ်ဇာလန်၊ ဩစတြေးလျ တို့လည်းပါဝင်သည်။

            မြောက်အမေရိကတိုက်ရှိ ဗြိတိန်နိုင်ငံ၏ ကိုလိုနီ ၁၃ ခုနှင့် ဗြိတိန်အစိုးရတို့အကြား ၁၇၆၅ ခုနှစ်မှစ၍ တံဆိပ်ခေါင်း ဥပဒေ (Stamp Act) နှင့် ပတ်သက်ကာ အချင်းများကြရာမှာ ၁၇၇၅ ခုနှစ်တွင် စစ်ပွဲဖြစ်ပွားပြီး ၁၇၇၆ ခုနှစ်တွင် လွတ်လပ်ရေးကြေငြာခဲ့သည်။ ဂရိတ်ဗြိတိန် လက်အောက်တွင် ကိုလိုနီအဖြစ် နေထိုင် လာခဲ့ကြသော အတွေ့အကြုံအရ အဆိုပါ ၁၃ နယ်သည် အားကောင်သော ဗဟိုအစိုးရကိုမလိုအားကြချေ။ သို့ဖြစ်၍ လွတ်လပ်ရေးကြေငြာပြီးနောက် ၁၇၈၁ ခုနှစ်တွင် လျော့ရဲရဲရှိသော ပြည်ထောင်စု တခုကို (Articles of Confederation) ဟုခေါ်ဆိုသော အခြေခံဥပဒေဖြင့် နိုင်ငံကိုဖွဲ့စည်းခဲ့ကြသည်။ ဤအခြေခံဥပဒေဖြင့် ပြည်နယ်များအကြား ဗဟိုအစိုးရထက်ပိုမိုသောအာဏာများကို အညီအမျှခွဲဝေယူခဲ့ကြသည်။ အကန့်အသတ် ရှိသော အာဏာကိုသာ ပေးထားသဖြင့် အားနဲချိနဲ့သော ဗဟိုအစိုးရတရပ်နှင့် လျော့တိလျော့ရဲ နိုင်လှသော ကွန်ဖက်ဒရေးရှင်း တခုကိုသာ ပေါ်ထွန်းလာစေသည်။ ပြည်နယ်များချင်းချင်းအကြား ရှုပ်ထွေး၍ ခက်ခဲသော ပြဿနာများ ဖြေရှင်းရန်နှင့် ပြည်ပအန္တရာယ်ကို တွန်းလှန်ရန် အားကောင်းသော ဗဟိုအစိုးရ တရပ်လိုအပ် ကြောင်း သဘောပေါက်လာသည့် ၁၇၈၉ ခုနှစ်ကျမှသာ ပိုမိုအားကောင်းသော ဗဟိုအစိုးရကို ဖွဲ့စည်းနိုင်မည့် အခြေခံဥပဒေ (constitution of 1789) တရပ်ကို အတည်ပြုနိုင်ခဲ့ကြသည်။

            ယခုအခါ အမေရိကန်ပြည်ထောင်စုမှာ ဗဟိုအစိုးရမှ လုပ်ပိုင်ခွင့်အာဏာ ပိုမိုအားကောင်းသော ဖက်ဒရယ်ပြည်စုနိုင်ငံဖြစ်နေပါပြီ။

            (၂)        အတူပေါင်းစည်းရေးဖက်ဒရယ်ပုံစံ (Holding together) ဆိုသည်မှာ မူလဗဟိုက တစုတစည်း ထဲချုပ်ကိုင်ထားသော တပြည်ထောင်နိုင်ငံရေးစနစ်မှ လိုအပ်ချက်များအရ အာဏာများကို ဗဟိုနှင့် အောက် အဆင့်များခွဲဝေကျင့်သုံးသည့် ပုံစံဖြစ်ပါသည်။

            ဤသို့သောနိုင်ငံမျိုးမှာ နယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရသည့်အချိန်တွင်ဖြစ်စေ၊ ပြည်တွင်း စစ်ကြောင့်ပြိုကွဲသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်စေ၊ မူလက တပြည်ထောင်စနစ်ကိုကျင့်သုံးခဲ့ရာမှာ ဤဖက်ဒရယ်စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြစ်သည်။ အထင်ရှားဆုံးသော သာဓကမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး၊ စပိန်နိုင်ငံနှင့် ဘယ်ဂျီယမ်တို့တွင်လည်း ကျင့်သုံးသည်။ ဤ စနစ်တွင် မူလကတည်းက ဗဟိုအစိုးရက ပိုမိုကြီးမား သော အာဏာကို ရယူထားလေ့ရှိပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဆိုင်ရာ လိုအပ်ချက်များအရ ဗဟိုချုပ်ကိုင်မှုကို တဖြည်းဖြည်းလျှော့ချပေးသည့်စနစ်ကို ကျင့်သုံး သည်။ ခွဲဝေပေးထား ခြင်းခံရသော ယူနစ်များရရှိသည့် အာဏာမှာလည်း တခုနှင့်တခု အချိုးညီဖြစ်ချင်မှ ဖြစ်လေ့ရှိသည်။

ဖက်ဒရယ်ပြည်ထောင်စုတွင် ပေါင်းစပ်ပါဝင်သော ယူနစ်အမျိုးအစားရှုထောင့်မှ အမြင်

ဆိုခဲ့ပါအတိုင်း ဖက်ဒရယ်စနစ် (၂)မျိုးရှိသည်ဟု ပြောခြင်းမှာ မည်သို့ဖွဲ့တည်လာသနည်းဆိုသည့် ရှုထောင့်မှ ကြည့်၍ပြောခြင်းသာဖြစ်ပြီး မည်သို့ပေါင်းစပ်ဖွဲ့စည်းထားသနည်း ဆိုသည့်ရှုထောင့်မှကြည့်လျှင် အောက်ပါအတိုင်းတွေ့ရမည်ဖြစ်ပါသည်။

(က)      နယ်မြေဒေသကို အခြေခံ၍ဖွဲ့စည်းသော Territorial federalism (အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဩစတြေးလျ၊ ဘရာဇီးလ် စသဖြင့်)

            ဤပြည်ထောင်စုနိုင်ငံများတွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးအမည်များကို အခြေမခံဘဲ နေထိုင်ကြသည့် နယ်မြေဒေသများကိုသာ အခြေခံသည်။ ထင်ရှားသည့် ဥပမာမှာ အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ လူဝီဇီးယားနားပြည်နယ်၊ တက္ကဆက်ပြည်နယ်၊ ဟာဝိုင်အီပြည်နယ် စသဖြင့် အရွယ်အစားအကြီးအသေး မျိုးစုံရှိသော ပြည်နယ် (၅၀) ပါဝင်ပြီး၊ ပြည်နယ်တခုချင်းစီ၏ အမည်သည် မည်သည့် လူမျိုးတမျိုးကိုမျှ ကိုယ်စားပြုမှည့်ခေါ်ထားခြင်းမဟုတ်ပေ။

            အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး (territorial federalism) နယ်မြေဒေသကို အခြေခံဖွဲ့စည်းသောအစောဆုံး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတနိုင်ငံဖြစ်ကာ ဖွံ့ဖြိုးတိုးတက်ဆုံးသော ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံလည်းဖြစ်ပါသည်။ သက်တမ်း ၂၂၀ ကျော်ကာလအတွင်း ငွေဝယ်ကျွန်စနစ် ဖျက် သိမ်းရေးကိစ္စနှင့်ပတ်သက်ပြီး တောင်ပိုင်းနှင့် မြောက်ပိုင်းသဘောထားကွဲကာ ပြည်တွင်းစစ်ဖြစ်ခဲ့သည်မှ လွဲ၍ လူမျိုးရေးအရပြိုကွဲမည့် အန္တရယ်နှင့် မကြုံခဲ့ရဘူးချေ။

(ခ)       လူမျိုးအခြေခံ ပြည်နယ်များဖြင့်ဖွဲ့စည်းသော ဖက်ဒရယ်ပြည်ထောင်စု Ethno federalism (ယခုအခါ ပြိုကွဲသွားပြီဖြစ်သော ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယား၊ ချက်ကိုဆလိုဖက်ကီးယားနှင့် ဘယ်လ်ဂျီယမ် စသဖြင့်)

            ဤဖက်ဒရယ်စနစ်ကို ဆိုဗီယက် ပြည်ထောင်စုတွင် ၁၉၂၂ ခုနှစ်နှင့် ချက်နှင့်ယူဂိုဆလပ်တို့တွင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်နောက်ပိုင်း စတင်ကျင့်သုံးခဲ့သည်။ ဤပြည်ထောင်စုနိုင်ငံများတွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးကိုအခြေခံသည်။ ဥပမာ ဆိုရှယ်လစ် ဖက်ဒရယ်ရီပတ်ဘလစ် ယူဂိုဆလပ် ဗီးယားတွင် ပါဝင်ခဲ့သောပြည်နယ်များမှာ… ဘော့စနီးယား – ဟာဇီဂိုဗီးနား၊ ကရိုးရှား၊ မက်ဆီဒိုးနီးယား၊ မွန်တီ နီးဂရိုး၊ ဆားဗီးယား၊ ဆလိုဗင်းနီးယား စသဖြင့် လူမျိုးကို အခြေခံ၍ ဖွဲ့စည်းထားသည်။

            ယူဂိုဆလပ်ဗီးယားတွင် ခေါင်းဆောင် ဂျိုးဇက် တီတိုး ကွယ်လွန်သော ၁၉၈၀ ခုနှစ် နောက်ပိုင်းမှစ၍ ပြည်ထောင်စုအဖွဲ့ဝင် ရီပတ်ဘလစ်များမှ ခေါင်းဆောင်များက တနှစ်တကြိမ်အလှည့်အကျ သမ္မတတာဝန်ယူ‌သော စနစ်ဖြင့်အုပ်ချုပ်ခဲ့သော်လည်း ပြိုကွဲခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ၁၉၉၁ မှစ၍ ပြည်တွင်းစစ်ဖြစ်ပွားပြီး စတင်ပြိုကွဲခဲ့ရာ ၁၉၉၂ ခုနှစ်၊ ၁၉၉၅ ခုနှစ်နှင့် ၁၉၉၉ ခုနှစ်တို့အတွင်း စစ်ပွဲလေးကြိမ်ဖြစ်ပွားပြီး နိုင်ငံ(၆)ခု အဖြစ်ပြိုကွဲသွားလေသည်။

            ထို့နည်းတူ သမ္မတနိုင်ငံ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော ဆိုဗီယက်ယူနီယံသည် ၁၉၉၁ ခုနှစ်တွင်၎င်း၊ ချက်နှင့် ဆလိဗက် ယူနစ်နှစ်ခုဖြင့်ဖွဲ့စည်းထားသော ချက်ကိုဆလိုဗက်ကီးယားသည် ၁၉၉၃ ခုနှစ်တွင်၎င်း ပြိုကွဲသွားခဲ့သည်။ အဆိုပါ နိုင်ငံ (၃)ခုလုံးမှာ တပါတီစနစ်ကျင့်သုံးသော ဆိုရှယ်လစ်နိုင်ငံများဖြစ်ခဲ့ကြပြီး ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးသည့် ကာလတွင် ပြိုကွဲသွားကြခြင်းဖြစ်လေရာ ကျနော်တို့ မြန်မာနိုင်ငံ အနေဖြင့် သတိကြီးစွာထားသင့်လှပေသည်။

            ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော ဘယ်လ်ဂျီယမ်နိုင်ငံမှာ ဥရောပတိုက်ရှိ အသေးငယ်ဆုံးနိုင်ငံတခုဖြစ်ပြီး ဒတ်ချ်စကားပြောသော (Flemings) ဖလန်းမင်းများနှင့် ပြင်သစ်စကားပြောသော ဝလွန်း (Walloons) ဘယ်လ်ဂျီယမ်များနေထိုင်ကြသည်။ ဘယ်လ်ဂျီယမ်ကို Flanders ဖလန်းဒါး၊ Wallonia ဝလွန်းနီးယားနှင့် (ပြင်သစ်ဘာသာစကားပြောသူ များရော ဒတ်ချ်ဘာသာစကားပြောသူများပါနေထိုင်သည့်) Brussels ဘရပ်ဆဲ ဒေသသုံးခုအဖြစ်ပိုင်းခြားထားပြီး ဒေသသုံးခုလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်။ သို့သော်လည်း ဖလန်းမင်းများနှင့် ဝလွန်းတို့အကြား ပွတ်တိုက်မှုများမှာ ယနေ့ထက်တိုင်အောင်ရှိနေကာ မတည့်အတူနေဘဝက ရုန်းမထွက်နိုင်ကြ သေးချေ။

()       မျိုးစပ် ဖွဲ့စည်းသော Hybrid federalism (သို့မဟုတ်) Territorial-ethnic federalism (ကနေဒါ၊ အိန္ဒိယ၊ စပိန်၊ ဆွစ်ဇာလန်)

            ဤပြည်ထောင်စုအမျိုးအစားတွင် ပါဝင်ဖွဲ့စည်းထားသော ယူနစ်များမှာ လူမျိုးကိုအခြေခံသည်ရှိသလို၊ နယ်မြေဒေသကိုသာ အခြေခံသည့် ပြည်နယ်များလည်းရှိသည်။ ဥပမာ အိန္ဒိယနိုင်ငံတွင် တမီးနားဒူး၊ ပန်ဂျပ်၊ မဏိပူ၊ မီဇိုရမ်၊ နာဂလန်း စသည့် လူမျိုးကို အစွဲပြုသည့် ပြည်နယ်များနှင့် အူတာပရာဒက်ရှ်၊ အရူနာချယ်ပရာဒက်ရှ်၊ မီဂါလာယာ စသဖြင့် ဒေသအမည်ကိုသာ အစွဲပြုခေါ်ဝေါ်သည့် ပြည်နယ်ပေါင်း (၂၈)ခုနှင့် ပြည်ထောင်စုနယ်မြေ (၇)ခု အတူပေါင်းစပ်ဖွဲ့စည်းထားသည်။ ဥပဒေပြုခွင့်အာဏာကို ပြည်ထောင်စုစာရင်း၊ ပြည်နယ်စာရင်းနှင့် ပူးတွဲ ဥပဒေပြုစာရင်းတို့အဖြစ် သုံးမျိုးခွဲခြားထားသည်။ အဆိုပါ စာရင်းများတွင် မပါဝင်သော ကြွင်းကျန်အာဏာ (Residual powers) များကိုမူ အမေရိကန်၊ ဩစတြေးလျ တို့နှင့်မတူဘဲ ကနေဒါနိုင်ငံမှာကဲ့သို့ ပြည်ထောင်စုသို့သော အပ်နှင်းထားသည်ကိုတွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော ဥပဒေပြုခွင့်အာဏာများမှာလည်း အချိုးညီမဟုတ်ပေ။ ဂျမူးနှင့်ကက်ရှမီးယားပြည်နယ်သည် ပိုမိုမြင့်မားသော အာဏာရရှိသကဲ့သို့ ဒေလီနှင် ပူဒူချာရီ ပြည်ထောင်စုနယ်မြေများသည် ပြည်နယ်ထက်ပိုနဲသော ဖက်ဒရယ် အခွင့်အာဏာကိုသာ ရရှိသည်။ အဆိုပါနိုင်ငံများရှိ ဖက်ဒရယ်စနစ်မှာလည်း ယနေ့ထိတော့ အလုပ်ဖြစ် လျက်ရှိပါသည်။

 

ရဲထွန်း (သီပေါ) စာကိုး: စင်္ကာပူနိုင်ငံ နန်ယန်တက္ကသိုလ် ပညာရှင်များ၏ Ethno federalism and its Critics: Offering a Hybrid Federal (Approach: Wikipedia: Federalism: A study of evolution and consequences)