• Today is: Thursday, April 25, 2024

နေ့စဉ်သတင်းအကျည်း

                                                                            ဇွန် – ၉ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ ဇွန်လ (၉)ရက်နေ့အထိ အသက်သေးဆုံးခဲ့ရသည့်ပြည်သူပေါင်း (၁၉၂၄)ဦးအထိ ရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးခံရသူ(၁၄၀၅၅)ဦးအထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းခံရဆဲမှာ ( ၁၀၉၈၈)ဦးထိရှိနေသေးကြေင်း AAPP မှ ထုတ်ပြန်ထားသည်။

 

  • ဖားကန့်မြို့နယ် အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းထဲတွင် အိမ်စီးကားတစ်စီး ပြုတ်ကျ ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိုနေရာတွင် သေဆုံး သွားကြောင်း သိရသည်။ ဖြစ်စဥ်မှာ ယနေ့ နံနက် ၉နာရီခွဲတွင် မှော်မောင်းလျှံကျေးရွာမှ ဖားကန့်ပြည်သူ့ဆေးရုံသို့ လသားအရွယ် ကလေးကို ကာကွယ် ဆေးသွားထိုး၍အပြန်တွင် အေးမြသာယာ အနီးရှိ ကျောက်စိမ်းလုပ် ကွက်ဟောင်းတွင် ကားဘရိတ်ပေါက်၍ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကယ်ဆယ်ရေးသမား တစ်ဦးက KNG သတင်းဌာနသို့ ပြောဆိုထားကြောင်းသိရသည်။

 

  • ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အာဏာသိမ်း မြန်မာစစ်တပ် မှ မိုင်းရှူးမြို့နယ် မြောက်ဘက်ရှိ SSPP-SSA တပ်စခန်း (၃)ခုကို တပ်ဆုတ်ပေးရန်တောင်းဆိုသည့်အပေါ် မဆုတ်ပေးနိုင်ကြောင်း  SSPP-SSA မှ တုံ့ပြန်သည်။  “ကျွန်တော်တို့ SSPP-SSA တပ်မဟာ ( ၇၀၂ ) /တပ်ရင်း ( ၄၂၄ ) ဆယ်စုနှစ်တစ်ခုစာ အခြေပြု လှုပ်ရှားလာနေတဲ့ စစ်စခန်း ၃ ခုကို မြန်မာစစ်တပ်က  တပ်စခန်းဆုတ်ခိုင်း တာ ဟုတ်တယ်ဟု” SSPP-SSA မှတာဝန်ရှိသူက အတည်ပြုပြောကြားခဲ့ကြောင်း SSPP Info တွင်ဖော်ပြ ထားသည်။ “ ဒီဘက်က ကျွန်တော်တို့ ဌာနချုပ်လုံခြုံရေး တပ်စခန်းဆိုတော့ သူတို့ အာရုံလာနောက်ချင်တာ ။ ဘာလို့ လဲဆိုတော့ တောင်ပိုင်းဘက် ဆနင်းတောင် အနီးနားတစ်ဝိုက်က RCSS နဲ့ ကျွန်တော်တို့ SSPP/SSA တပ်တွေ စစ်ရေးတင်းမှာနေတယ်လေ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တယ် ။ တစ်ဖက်မှာ စစ်ရေးတင်းမှာ နေတဲ့ အခြေနေရှိနေလို့ ၊ ဒီဘက်က ကျွန်တော်တို့ အာရုံနောက်အောင်လုပ်တဲ့အကွက်ပဲ ၊ ကျွန်တော်တို့ လည်း မဆုတ်ပေးနိုင်ဘူး စစ်လည်းပြင်ဆင်ထားပြီးပြီ ။ မြန်မာစစ်တပ်ဖက်က စစ်စထိုးရင်လည်း ကျွန်တော်တို့ဖက်က တုန့်ပြန်ဖို့အသင့်ပဲ” ဟု SSPP-SSA စစ်မြေပြင် တာဝန်ရှိသူတစ်ဉီး က ပြောကြား ခဲ့ကြောင်းသိရသည်။

 

  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မြန်မာပြည်ရုံးခွဲ၏ ဝန်ထမ်းတဦးဖြစ်သော ဦးမျိုးမင်းထွဋ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းနှင့် ပတ်သက်ပြီး ကျူးလွန်သူများ အနေဖြင့် တာဝန်ခံရမည် ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ (UN) က ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး မစ္စတာ Ramanathan Balakrishnan က “ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို လူသားချင်းစာနာထောက်မှုဆိုင်ရာ များကို လေးစားကြရန် ပန်ကြားထားပြီး ဖြစ်သလို အရပ်သားများရဲ့ အခွင့်ရေးနဲ့လုံခြုံမှုကို ကာကွယ် ပေးရန်အတွက်လည်း ထပ်လောင်း တောင်းဆိုပါတယ်။ အရပ်သားများအပေါ် အကြမ်းဖက်မှုလုပ်ရပ် များအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ကျူးလွန်သူများအား တာဝန်ခံရန် ကုလသမဂ္ဂက မျှော်လင့်ပါတယ်” ဟု ဆိုသည်။ မော်လမြိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကမူ ဦးမျိုးမင်းထွဋ်သည် အာဏာသိမ်း စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဆွေမျိုးနီးစပ်သူဖြစ်သလို အကြမ်းမဖက် အာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ဆောင်ထားသော ဝန်ထမ်းမိသားဝင်များအား ခြိမ်းခြောက်အကျပ်ကိုင် နေသူဖြစ်၍ သတင်းပေးဒလန်ဟု သတ်မှတ်ထားပြီး ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

  • ကချင်ဒေသတကျော့ပြန်စစ်ပွဲ ၁၁ နှစ်ပြည့်သည့် ယနေ့ ဇွန်လ ၉ ရက်နေ့တွင် တိုင်းရင်းသားပြည်သူများ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် ပြည်သူများအားလုံးပါဝင်ဖို့လိုအပ်သည်ဟု ကချင်လူငယ်နှင့်ကျောင်းသားအဖွဲ့နှင့် လူ့အခွင့်အရေးအဖွဲ့အချို့က သဘောထားထုတ်ပြန်လိုက်သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစ၍ မြန်မာစစ်တပ်နှင့် ကေအိုင်အေကြား တကျော့ပြန်စစ်ပွဲ ဖြစ်ပွားလာကာ တိုင်းရင်းသား ဒေသခံပြည်သူများ အိုးအိမ်မဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တိုင်းရင်းသားပြည်သူများလိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရန် ပြည်သူလူထုတရပ်လုံးအနေဖြင့် ပါဝင်ဖို့ လိုအပ်သည်ဟု All Kachin Youth Union (AKYU)၊ Kachin Human Rights Watch (KHRW) နှင့် Universities Kachin Literature and Culture Association –Yangon (Yangon JLH) အဖွဲ့တို့က ယနေ့ သဘောထား ထုတ်ပြန် လိုက်သည်။

 

  • တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်နယ်မြေ ၄ (လွယ်ခံ)တွင်ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က နေအိမ် ဖောက်ဝင်သည့် သူခိုးကို ရပ်ကွက်သားများ စုပေါင်းပြီး ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဘုရာဖြူရပ်ကွက် နယ်မြေ ၄ (လွယ်ခမ်း) စာသင် ကျောင်းအနီး ကိုလှိုင်မင်းတို့နေအိမ်ကိုအိမ်နောက် ဖေးတံခါးဖျက်ပြီး နေအိမ်ထဲသို့ဖောက်ဝင်ခဲ့ရာ လိပ်သည်ထမ်းပေါ်က ထည့်ထားသည့်ငွေတစ်သောင်းကျော် ခိုးယူခဲ့ပြီး ထွက်ပြေးလာစဉ် ရပ်ကွက်ကလူများ ဝိုင်းဝန်းဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ “သူ့လက်ထဲမှာ ဆိုင်ကယ် ပြင်တဲ့ဂွ ကျောက်လှည့်အချွန်ပါတယ် မြင်တဲ့သူကိုထိုးဖို့လုပ်သေးတယ် မြင်တဲ့သူကလက်နဲ့ ပုတ်ထုတ်လို က်တော့ အပြင်ကိုထွက်ပြေးလာတဲ့အချိန် မြင်တဲ့သူကအော်တော့ အားလုံးဝိုင်းပြီးဖမ်းလိုက်တာမိသွား တယ်”ဟု မျက်မြင်တွေ့သူ ​ရပ်ကွက်သား ခွန်ထွက်ယ က ခမ်းသားငေါဝ်းသတင်းဌာနသို့ ပြောဆိုထား ကြောင်းသိရသည်။

 

  • အင်တာနက်ဖြတ်တောက်ခံရတာ ၉ လကျော်ရှိပြီဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇွန်လ ၉ ရက် နေ့ KIA PDF NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး သပိတ် ပြုလုပ်ကြသည်။ ဆန္ဒပြ ပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်း ပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ကြသည်။

 

  • ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာတစ်ရွာတွင် ဇွန်လ ၉ရက်နေ့ တွင် “ပြာပုံကနေ ပြည်သစ်တည်”ဘန်နာကိုင်စွဲပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ်ကို လမ်းပေါ်ထွက် သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ အခြားသော ကျေးရွာတရွာမှာ လည်း လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကလေးမြို့ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များမှ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီး တံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အာရုဏ်ဦးသပိတ်လှုပ်ရှားမှု”စစ်ကျွန်ပညာတိုက်ထုတ်ရေး ဖက်ဒရယ်ပညာဖော်ဆောင်ပေး” ဟူသော ဘန်နာကိုကိုင်ဆွဲကာ တော်လှန်ရေးလူငယ်အင်အားတစ်စုက လမ်းမပေါ်သို့တက်ကာ ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ‘ပြည်သူ့အသံဖြင့် ဖက်ဆစ်ပလ္လင်ကို ရိုက်ခွဲပစ်မယ်’ ဘန်နာကိုင်ဆောင်ကာ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ယနေ့ ဇွန်လ ၉ ရက် နံနက်တွင် ချီတက်ဆန္ဒပြ ကြသည်။ မုံရွာလူငယ်များအစည်းအရုံးနှင့် မုံရွာ အခြေခံပညာကျောင်းသားသမဂ္ဂတို့ ပူးပေါင်း၍ မုံရွာမြို့၊ အာဇာနည်လမ်းမပေါ်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံကို ခြေဖြင့်နင်းကာ မီးရှို့ဆန္ဒပြကြသည်။

 

  • ယင်းမာပင် မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ကဗျာ ဆရာများသမဂ္ဂ (ဗလကသ)တို့ ပူးပေါင်းကာ ဆရာကြီး ဗန်းမော်တင်အောင် (၁၀၂) ပြည့် အထိမ်း အမှတ်အဖြင့် ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ”လူတစ်​ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်း​ကျော်လွှား​နေတဲ့ ​ခေတ်ကြီးက သူ့ပုခုံး​ပေါ် တင်​ပေးလိုက်တဲ့ သမိုင်း တာဝန်ကို သူဘယ်​လောက် သယ်ပိုး ထမ်း​ဆောင်ခဲ့ တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ်တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု သပိတ် ၄၅၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဇွန် ၉ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် ပြည်သူများက ဇွန်လ ၉ ရက်နေ့တွင် နံနက်ပိုင်းတွင် ချီတက် ဆန္ဒပြကြသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာရှိ တော်လှန် ပြည်သူများသည် ယနေ့ ဇွန်လ ၉ ရက် နံနက်တွင် အရုဏ်ဦးသပိတ်ဖြင့် ချီတက်ဆန္ဒပြကြသည်။

 

  • ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇွန် ၉ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ၅/ အရာတော် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုအတွက် ရန်ကုန်မြို့မှ အလှူရှင် တစ်ဦးက ယနေ့ ဇွန်လ ၉ ရက်တွင် ဆန်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ရှောင်စခန်း တွင် အိမ်ထောင်စု ၁၅ စုနှင့် စစ်ရှောင်ပြည်သူ ၇၅ ဦးခန့် နေထိုင်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ် ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ အကြောင်းမဲ့ဖမ်းဆီးမှုများ ကြောင့် ဒေသခံပြည်သူများမှ တောတောင်တွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

 

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ကျင်းပနေသည့် နိကယ်စာမေးပွဲတွင် ရခိုင်တစ်ပြည်လုံးမှ သံဃာတော် အပါး ၁ ထောင်ခန့်ဝင်ရောက်ဖြေဆိုနေကြသည်ဟု သိရသည်။ အဆိုပါစာမေးပွဲကို စစ်တွေမြို့ လောကာ နန္ဒာစေတီတော်မြတ်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ဇွန်လ ၇ ရက်မှ ဇွန်လ ၁၁ ရက်အထိ ၅ ရက်တိုင်တိုင်ကျင်းပနေခြင်းဖြစ်သည်။ “ဒီစာမေးပွဲက အုပ်စုလိုက် အုပ်စု (၉)အုပ်စုခွဲပြီး ဖြေဆိုရတာ ဖြစ် ပါတယ်။ ဦးဇင်းကဆိုရင် အုပ်စု(၁)က နိကယ်ငါးကျမ်းကိုဖြေဆိုနေတာဖြစ်တယ်။ ဒီနေ့ကတော့ သုံးကျမ်း မြောက်ပေါ့။ နောက်ထပ် နှစ်ကျမ်းကျန်သေးတယ်။ ဒီနိကယ် ငါးကျမ်းစလုံးအောင်မှ နိကယ်ဝိထူဘွဲ့ကို ရမှာဖြစ်ပါတယ်” ဟု ဆရာတော်ဦးစန္ဒကုမာရ က နိရဉ်စရာသတင်းဌာနသို့ မိန့်ကြားခဲ့ကြောင်းသိရသည်။

 

  • မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ယနေ့ နေ့လယ်ပိုင်းက သိမ်းယူနိုင်ခဲ့ကြောင်း မြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန် သည်။ ယင်းဂိတ်စခန်းကို မြိုင်၊ ရေစကြိုနှင့် ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် ငွေကျပ်သိန်း ၁၀၀ ကျော်ပါ သိမ်းဆည်း ရရှိကြောင်း ထုတ်ပြန်အသိပေးသည်။ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းထပ်ဖွဲ့ဝင်များအထိအ ခိုက်ကျဆုံး မရှိဘဲ ယင်း ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာနိုင်ခဲ့သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က အသိပေးခဲ့သည်။ ယနေ့ နေ့လယ်တွင်ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲသည် တစ်နာရီ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ၃ ဦး သေဆုံးပြီး ၁ ဦးအရှင် ဖမ်းမိ ရရှိခဲ့သည်ဟု ထုတ်ပြန် ထားသည်။

 

  • ရခိုင်ပြည်နယ် အမ်းမြို့ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင် ယနေ့ ဇွန်လ ၉ ရက်နေ့က ဓားထိုးခံ ရ၍ သေဆုံးသွားကြောင်း အမ်းမြို့ခံများကပြောသည်။ အမ်းမြို့ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်အား ပူးတွဲအုပ်ချုပ်နေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသက် ၃၀ ကျော်အရွယ် ဦးပိုင် ပိုင် ဓားဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း အမ်းမြို့ခံများကပြောသည်။ “အသတ်ခံရ တာက နံနက် ၉ နာရီလောက်မှာ စစ်မှူးထမ်းဟောင်းရုံးနဲ့ စွယ်ယ်တော်ဘုန်းကြီးကျောင်း အနီး လမ်းခွဆုံမှာလို့ ကြားတယ်။ လူနှစ်ယောက်က ဓားနဲ့ ထိုးသွားတာလို့ သိရတယ်။ အဲဒီနေရာမှာ ထိုးသွင်းဒဏ်ရာနဲ့ ပွဲချင်း သေသွားတာ။ ဘယ်သူ သတ်တယ်ဆိုတာတော့ မသိရသေးဘူး။ သူက အရင်က အုပ်ချုပ်ရေးမှူး မလုပ် ခင်ကလည်း စစ်ရေးနဲ့ ပတ်သတ်ပြီး စစ်တပ်ကို သတင်းတွေပေးတယ်လို့တော့ ကြားရတယ်။ ဘာကြောင့် ဘယ်သူက သတ်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

 

  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့နှင့် တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ တပ်ဖွဲ့ကြား ယမန်နေ့ ဇွန်လ ၈ ရက်တွင် တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ကာ PDF ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ရန်လင်းဖိုင် ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်နယ်မြေရှင်းပြီး ရန်လင်းဖိုင်ရွာရှိ ဘုရားကျောင်းတွင် ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • ရခိုင်ပြည်နယ် မောင်တောမြို့တွင် လူ ၉ ဦးနှင့်အတူ WY မူးယစ်ဆေးပြားပေါင်း ၂ သောင်း ၄ ထောင် ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဇွန်လ ၈ ရက် နံနက် ၁၁ နာရီခွဲမှစတင်ကာ မောင်တောမြို့ သီဟိုဠ်ခြံစစ်ဆေးရေးဂိတ်၌ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးများနှင့်အတူဖမ်းမိရာတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦးပါဝင်သည်ဟုလည်း ရဲမှတ်တမ်းအရ သိရသည်။ ဖမ်းဆီးခံရသူ ၉ ဦးမှာ မောင်တောမြို့နယ် သရီကုန်းဘောင်ရွာမှ ကိုစိုးအောင်သိန်း(၃၂ နှစ်)၊ ရသေ့တောင်မြို့နယ် နှင်းဆီကုန်းကျေးရွာမှ ဒေါ်စိုးစိုးအေး(ခ)မိုးမိုးအေး(ခ)စိုးစိုး (၄၅ နှစ်)၊ မောင်တောမြို့ ကညင်တန်း ရပ်ကွက်မှ ဦးဝင်းချေ(၃၆ နှစ်)၊ မောင်တောမြို့ တမန်းသားကျေးရွာမှ ဦးအောင်နီလာ( ၅၄ နှစ်)၊ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးစိန်လှထွန်း (၄၂ နှစ်)နှင့် ကိုအောင်မျိုးဝင်း(၃၁ နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ် မြသောက်ကျေးရွာမှ ဦးအောင်ချမ်းအေး (၃၈ နှစ်)၊ မောင်တောမြို့ ခရေမြိုင်ကျေးရွာမှ ကိုခိုင်မျိုးလင်း(၂၂ နှစ်)၊ မောင်တောမြို့ မြို့မအနောက်ရပ်ကွက်မှ ဦးဇော်မီ (၆ဝ နှစ်)တို့ဖြစ်ကြသည်။