• Today is: Friday, August 12, 2022

ပင်လုံမတိုင်မီ(Pre-Panglong) အခင်းကျင်းဖြင့် ပြန်ညှိခြင်း ဟုဆိုရာတွင် 

ပင်လုံမတိုင်မီ(Pre-Panglong) အခင်းကျင်းဖြင့် ပြန်ညှိခြင်း ဟုဆိုရာတွင် 

ဆလိုင်း ထောင်း

မြန်မာစစ်တပ်၏ တတိယအကြိမ် အာဏာသိမ်းမှုအလွန်တွင် တိုင်းရင်းသားခေါင်းဆောင် ခပ်များများက ပြည်မနိုင်ငံရေးကို တစ်ဖြည်းဖြည်းစိတ်ပျက်လာကြသည်။ ဖက်ဒရယ်စနစ်အပေါ် စိတ်ဝင်စားမှုလည်း လျော့နည်း လာကြသည်။ ပင်လုံမတိုင်မီ နိုင်ငံရေး အခင်းအကျင်းကို ပြန်သွားပြီး နိုင်ငံတည်ဆောက်ရေးကို စလုံရေစဖြင့် ပြန်လည်ညှိလိုကြသည်။ ယင်းသည် အဘယ်ကြောင့်နည်း။ ခွဲထွက်လိုမှုနှင့် ဆက်စပ်သလော။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခွင့်အရေး မည်မျှကျန်ရှိသေးသနည်း။

ပြည်မနိုင်ငံရေးကို စိတ်ပျက်လာခြင်း

တိုင်းရင်းသားအရေးကို ခဏဘေးဖယ်ထား။ ပြည်မမှာ ဒီမိုကရေစီရရှိရေး ခရီးနီးသလား။ နှစ်ပေါင်း ၆၀ အာဏာ ဆုပ်ကိုင်ထားသည့် ဗမာဉီးဆောင်စစ်တပ်က လတ်လတ်စပ်စပ် တတိယအကြိမ် အာဏာပြန်သိမ်းခြင်း အားဖြင့် သူတို့သည် အာဏာစွန့်လွှတ်ရန် အစီအစဉ်လုံးဝ မရှိကြောင်းနှင့် ရာသက်ပိုင် ဆုတ်ကိုင်ထားလိုသည်မှာ သိသာပါသည်။

ထိုသို့ဆိုလျှင် လက်ရှိနွေဉီးတော်လှန်ရေးက ၎င်းစစ်အာဏာရှင်စနစ်ကို ရပ်တန့်နိုင်မည်လော။ တိုင်းရင်းသားများလိုလားသည့် တန်းတူမှုအခြေခံသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ဖော်ဆောင်ပေးနိုင် မည်လော။ အာမခံမှုမရှိ။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဗမာလူငယ်များ၏ လက်နက်ကိုင်တော်လှန်ရေး သမိုင်းကို ကြည့်ရလျှင် ကောက်ရိုးမီးလောင် ဖြစ်တတ်သည် (၁၆၅၀ ဝန်းကျင် ကွန်မြူနစ်လှုပ်ရှားမှု၊ ၁၉၇၀ ဝန်းကျင် ဉီးနု၏ PDP လက်နက်ကိုင်လှုပ်ရှားမှု၊ ၁၉၈၈ ဝန်းကျင် ဗမာကျောင်းသားများ၏ ABSDF လက်နက်ကိုင်လှုပ်ရှားမှု)။

ထို့ကြောင့် ရှုပ်ထွေး၍ မရေရာလှသော ရာစုနှစ်ထက်ဝတ်ကျော်သည့် ရန်ကုန်/နေပြည်တော် အာဏာလုပွဲကို စိတ်မရှည်တော့ဘဲ မိမိလူမျိုးနှင့်ဒေသ တည်ဆောက်ရေးနှင့် လွတ်မြောက်ရေးကိုသာ လက်တွေ့ကျကျ အာရုံစိုက် လိုကြတော့သည်။ 

ပင်လုံအကြို ပြန်သွားခြင်းသည် ခွဲထွက်ခြင်းမဟုတ်

ပင်လုံသဘောတူစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံဝိညာဉ်ကို ဗမာဉီးဆောင်အစိုးရ ခေတ်အဆက်ဆက်က လေးစားလိုက်နာမှုမရှိသည့်အတွက် တိုင်းရင်းသားအရေး ဆွေးနွေးပွဲများကို အကြိမ်ကြိမ် အလီလီ ပြုလုပ်ကြပြီးပြီ။ သို့သော် နှစ်ပေါင်း ၇၀ အတွင်း တိုးတက်မှု သုည ဖြစ်သည်။

တစ်ဘက်မှာ ပင်လုံစာချုပ်နှင့် ပင်လုံကတိသည်ပြင်လျှင် လွတ်လပ်ရေးအမြန် ရချင်ဇောဖြင့် ညှိနှိုင်းသဘောတူခဲ့ခြင်း ဖြစ်သည်ကတစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာခေါင်းဆောင်တစ်ချို့က အနုနည်းဖြင့် ချိန်းခြောက်ခဲ့သည်ကတစ်ကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်အများစု ထိုစဉ်က နိုင်ငံရေးရေချိန် နိမ့်နေခဲ့သည်ကတစ်ကြောင်း၊ စသည့်အကြောင်းကြောင်းကြောင့် ပြီးပြည့်စုံလှသည့် စာချုပ်စာတမ်း (document)တော့ဖြင့် မဟုတ်ခဲ့ပေ။ ထို့ကြောင့်လည်း မရိုးသားသည့် အာဏာရခေါင်းဆောင်များက အမျိုးမျိုးဖြင့် အဓိပ္ပယ်ဖွင့်ဆိုပြီး ကလိမ်ကကျစ်လုပ်ခဲ့သည်။ ထိုသို့လုပ်လို့ လွယ်ကူစေခဲ့သည်။ (သာဓက- ပင်လုံစာချုပ် အချက် ၉ ခုထဲက အများစုသည် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ နိုင်ငံရေးအခြေခံမူ နှင့် သက်ဆိုင်ခြင်းမရှိပေ)။  

ထို့ကြောင့် ရာစုနှစ်ထက်ဝက်ကျော် ဗမာခေါင်းဆောင်များက အကောင်အထည် ဖော်ဆောင်လိုခြင်း မရှိသည့် ပင်လုံစာချုပ်ကို တိုင်းရင်းသားများကလည်း သံယောဇဉ်ဖျက်ပြီး အရာရာကို အစကနေပြန်စပြီး စလုံရေစဖြင့် ဆွေးနွေးလိုကြခြင်းဖြစ်သည်။ ခွဲထွက်လိုခြင်းနှင့် တိုက်ရိုက်အချိုးမကျပေ။

‘စလုံရေစ’ဟုဆိုရာတွင်

နှစ်ပေါင်း ၇၀ ကျော် တိုင်းရင်းသားများကိုင်စွဲထားသော ပင်လုံလမ်းစဉ် သို့မဟုတ် ‘ပင်လုံသို့ပြန်သွားစု’(Back to Panglong) မူ အလုပ်မဖြစ်သည့်အတွက် ၎င်းကို ကျောခိုင်းပြီး ပင်လုံအကြိုကာလ နိုင်ငံရေးညှိနှိုင်းသည့် အခင်းအကျင်းကို ပြန်သွားလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် တွဲရေးခွဲရေးကအစ နိုင်ငံရေးအခင်းအကျင်းအားလုံးကို ကြိုတင်ကန့်သတ်ချက်နှင့် ဘောင်ခပ်ထားခြင်းမပြုဘဲ စလုံရေစကနေစပြီး ပြန်ဆွေးနွေးလိုခြင်းဖြစ်သည်။ အားလုံးသိရှိသည့်အတိုင်း အရင်နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းများသည် “တို့တာဝန်အရေးသုံးပါး၊ ပင်လုံစာချုပ်နှင့် ဖက်ဒရယ်စနစ် စသည့် ကန့်သတ်ချက်နှင့် ဘောင်ခပ်မှုများ အောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖက်ဒရယ်စနစ်ထက်ကျယ်ပြန့်သော ကိုယ်ပိုင်ပြဌာန်းခွင့်

အရင်က တိုင်းရင်းသားလက်နက်ကိုင်အများစုက လွတ်လပ်ရေး(ခွဲထွက်ရေး)ကို စိတ်အားထက်သန် ခဲ့ကြသော်လည်း ၁၉၇၆ခုနှစ်တွင် National Democratic Front(NDF) တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ရာမှစ၍ “ဖက်ဒရယ်လမ်းကြောင်း”ကို တရားဝင် ကိုင်ဆွဲလာကြသည်။ သို့သော် ယင်းကဲ့သို့ သဘောထားပျော့ပြောင်းလာ ကြသော်လည်း ဆယ်စုနှစ်များစွာ ကြာလာသည်အထိ မည်သည့် တိုးတက်မှုမှမရှိပေ။

ထို့ကြောင့် စစ်ကောင်စီအာဏာသိမ်းမှုနှင့်အတူ NCA လည်း မြောင်းထဲရောက်သွားရာ တိုင်းရင်းသား ခေါင်းဆောင်တစ်ချို့က များစွာ စိတ်ပျက်လာပြီး ‘ဖက်ဒရယ်’မူကိုပြင် သိပ်ပြီးမှ ရင်မခုန်ကြတော့ပေ။ ဖြစ်နိုင်လျှင် AA ကဲ့သို့ ပိုမိုကြီးမားသော နိုင်ငံရေးအဆင့် (ကွန်ဖက်ဒရယ်ရှင်းဟုလည်း ဆိုကြသည်)ကို အိပ်မက်မက် လာကြသည်။ ‘လောဘ’ ပိုကြီးလာကြပြီ။

ဝမ်းနည်းစွာဖြင့် ဤနိုင်ငံသည် ကျဆုံးနိုင်ငံ(Fail State)ကို ဉီးတည်နေပြီ ဖြစ်သည်။ ထို့ကြောင့် နွေဉီးတော်လှန်ရေးနှင့်အတူ နိုင်ငံတော်သစ် တည်‌ဆောက်မည်ဆိုပါက အကြောင်းအမျိုးမျိုးပြခံရသည့် ပင်လုံစာချုပ်၊ တို့တာဝန်အရေးသုံးပါးနှင့် ဖက်ဒရယ်စနစ် ကဲ့သို့သော ကြိုတင်ကန့်သတ်ချက်များအားလုံးကို ထားခဲ့ပြီး ပင်လုံအကြို နိုင်ငံရေးဆွေးနွေးမှုမျိုးဖြင့် (စလုံရေစဖြင့်) အသစ်တဖန် ပြန်လည် ညှိနှိုင်းနိုင်သည်။