• Today is: Friday, April 19, 2024

စွန့်ပစ်မြေစာပုံတွေမှာ ကျောက်ရှာခွင့်မရ၍ တနိုင်တပိုင်အခြေခံလူတန်းစားများ စားဝတ်နေရေးအခက်ကြုံ 

Getty Images

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁၅

ဖားကန့် ကျောက်စိမ်းမှော် ဒေသမှာ ကုမ္ပဏီများက ၎င်းတို့ စွန့်ပစ်ထားတဲ့ မြေစာပုံတွေမှာ ကျောက်ရှာ ခွင့်မပြုသာကြောင့် တနိုင်တပိုင်အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုမိုခက်ခဲစွာ ကြုံတွေ့နေကြတယ်လို့ ဆိုပါတယ်။

“ဟုတ်ပါတယ်။ စွန့်ပစ်မြေစာပုံတွေမှာရှာခွင့်မပေးတာလည်း တစ်မျိူးပေါ့နော်။ အရင်ကတော့ ကုမ္ပဏီပေါ့နော်၊ အခုကတော့ ကုမ္ပဏီသပ်သပ်တော့မရှိတော့ဘူးပေါ့နော်၊ အခုကတော့ စီမံခန့်ခွဲတဲ့သူရဲ့ လက်ထဲကိုပြန် ရောက်သွားတဲ့အခါကျတော့ အခုကတော့ ရှာခွင့်မပေးတော့ဘူး။ အရင်ကတော့ မြေစာပုံတွေကို မျောတိုက်ခွင့်ပေးတာတော့ရှိတယ်၊ ဒါမယ့်အခုကတော့ မျောတိုက်ခွင့်တောင်မပေးတော့ဘူး” ဟု မျိုးရှာဇင်လွမ်း (ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)က အမျိုးသမီးရေးရာ တာဝန်ခံ ကိုင်ရိန်က ပြောပါတယ်။

အခုလို စွန့်ပစ်မြေစာပုံတွေမှာတောင် ကျောက်ရှာခွင့်မရတော့သာကြောင့် တနိုင်တပိုင်အခြေခံ လူတန်းစားများက ခက်ခဲလာကြသလို ကူးဆက်ကိုးဗစ် (၁၉)ရောဂါဖြစ်ပွားမှုအလွန် စစ်အာဏာသိမ်းမှုဖြစ်ပွားနေသည့် ကာလအတွင်း ပြောမပြနိုင်လောက်အောင် ပိုပြီးဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။

“ဖာကန့်မှာကတော့ အရင်က ကုမ္ပဏီတွေပေးရှာတဲ့ဟာတွေနဲ့ အသက်မွေးဝမ်း ကျောင်း ပြုကြတယ်။ အခုကတော့ ခက်ခဲတာပေါ့ တော်တော်လေးခက်ခဲတာပေါ့။ ပြီးလို့ရှိရင် ကုန်စျေးနှုန်းတွေလည်း အဆမတန်တက်လာပေါ့နော် အခုဆိုရင်။ တချို့ကုမ္ပဏီတွေဆိုရင် နားလည်း နားလိုက်ရတာပေါ့။ နားလိုက်ရတယ်ဆိုတဲ့နေရာမှာ ဘယ်လိုပြောရမလဲ ဆီစျေးကအင်မတန်တက်လာတော့ မလုပ်နိုင်တာ တွေလည်း ရှိတယ်။ အဲဒီအခါကျတော့ တစ်ဝက်တစ်ပျက် နားရတဲ့ကုမ္ပဏီတွေကိုတော့ သူတို့ ကျောက်မရှာသေးတဲ့ ကုမ္ပဏီတွေ ရေမဆေးပုံဖြစ်တဲ့အတွက်ကြောင့်မို့ ကျောက်သတ်ထားတဲ့ အနေအထားမျိုး ရှိတာပေါ့။

ထိုနည်းတူစွာ ကျမတို့ အခြေခံလူတန်းစားဖြစ်တဲ့ ရေမဆေးရှာတဲ့သူတွေ ကလည်း ရေမဆေးရှာခွင့် မရှိတဲ့အခါကျတော့ အင်မတန်မှ ဒုက္ခရောက်တာပေါ့။ ဒုက္ခရောက်တယ်ဆိုတာက ဘယ်ပုံဘယ်နည်း ဒုက္ခရောက်တယ်ဆိုတာက ပြောမပြနိုင်လောက်တဲ့အနေအထား ဖြစ်နေတယ်ပေါ့။ ပေါများ လာတာဘာရှိလဲဆိုတော့ မူးယစ်ဆေးဝါးကတော့ ပေါများလာတယ်ပေါ့။ ဒါပါပဲ ကျမတို့ ဖားကန့်ဒေသ ကတော့။ ပျက်ပါပြီးဆရာတို့ရယ်” ဟု မျိုးရှာဇင်လွမ်း (ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)က အမျိုးသမီး ရေးရာ တာဝန်ခံ ကိုင်ရိန်က အခုလို ဆက်ရှင်းပြပါတယ်။

လက်ရှိအချိန်ကာလများတွင် အခြေခံလူတန်းများအနေဖြင့် အရင်နှစ်လများက စုဆောင်းထားမိတဲ့ လက်ကျန် ငွေကြေး၊ ပစ္စည်းဥစ္စာများဖြစ် တဦးနှင့်တဦး ချေးငှားစားသောက်နေနိုင်ကြသော်လည်း နောက်ထပ် နှစ်ဝက်၊ တနှစ်ခန့် ယခုလိုစီးပွားရေးကြပ်တည်းမှုမျိုး ဆက်လက်ကြုံတွေ့နေရပါက ဖားကန့် ဒေသသည် အမှောင်မိုက်ဆုံး အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်းလည်း ပြောဆိုနေကြပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသသည် အင်တာနက်လိုင်းဖြတ်တောက်ခံထားသည်မှာလည်း တနှစ်နီးပါး ကြာမြှင့်လာပြီ ဖြစ်ပါတယ်။