• Today is: Sunday, June 26, 2022

စစ်ကောင်စီတပ်က ဘုရားကျောင်း၊ ဘုန်းတော်ကြီးနေအိမ်နှင့် ဓမ္မာရုံအပါအဝင် အရပ်သားနေအိမ်တချို့ မီးရှို့ဖျက်ဆီး

ဓါတ်ပုံ – KNDF

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁၆

စစ်ကောင်စီတပ်က ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းအတွင်း တပ်စွဲထားကာ၊ ၄င်းတို့ ဆုတ်ခွာချိန်တွင် ဒေါညေးခူကျေးရွာရှိ ဘုရားကျောင်း၊ ဘုန်းတော်ကြီးနေအိမ်နှင့် ဓမ္မာရုံအပါအဝင် အရပ်သားနေအိမ် တချို့ မီးရှို့ဖျက်ဆီးခဲ့တယ်ဟု KNDF ဘက်က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ် မှတဆင့် ဒီးမော့ဆိုမြို့နယ် နှင့် လွိုင်ကော်မြို့နယ်များသို့ တပ်ချိန်းပြောင်းရန်အတွက် စစ်ကြောင်းထိုးလျက်ရှိရာ ဖရူဆိုမြို့နယ် နှင့် ဒီးမော့ဆို မြို့နယ်ကြားရှိ ကျေးရွာများဖြစ်သော၊ ထီးပေါ့ဆိုကျေးရွာ နှင့် ဒေါညေးခူကျေးရွာ တို့တွင် ကရင်နီပူးပေါင်းတပ်များ၊ PDF ပူးပေါင်းမဟာမိတ်များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်လို့ ကရင်နီဘက်ကလာတဲ့ သတင်းအရင်းအမြစ်အရလည်း သိရပါတယ်။

ဇွန်လ(၁၂)ရက် ညတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု (၁၀)ဦးထက်မနည်း ရှိခဲ့ပြီး ကရင်နီ ပူးပေါင်းတပ်များမှ လက်နက်ငယ် (၈) လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ထို့အပြင်ဇွန်လ (၁၄) ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းရှိ နေအိမ်(၄)လုံး အား မီးရှို့ခဲ့ပြီး၊ ရွာလုံးကျွတ် နေအိမ်များကို ဖောက်ထွင်းခြင်းများအပါအဝင် ခရစ်ယာန်ဘုရား ကျောင်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့တယ်လို့ KNDF ဘက်က သတင်းထုတ် ပြန်ပါတယ်။

ဒါ့အပြင် ဇွန်လ (၁၅) ရက်နေ့မှာလည်း တိုက်ပွဲပြင်း ထန်ခဲ့ပြီး စစ်ကောင်စီဘက်က (၄)ဦး သေဆုံးခဲ့တယ်လို့ ဆိုထား ပါတယ်။

ယခုလို စစ်ကောင်စီတပ်က ဘာသာရေးအဆောက်အဦးများ ဖျက်ဆီးမှုများ၊ အရပ်သားနေအိမ်များ မီးရှို့ဖျက်ဆီးမှုများနှင့် နေအိမ်များ ဖောက်ထွင်းမှုများဟာ တိုင်းရင်းသားနယ်မြေဒေသများသို့ စစ်ကြောင်းများ ထိုးပြီး ဝင်ရောက်လာမှုတိုင်း ဖြစ်ပွားလျက်ရှိသည့် အခြေအနေတရပ်လည်းဖြစ်ပါတယ်။