• Today is: Monday, September 26, 2022

တော်လှန်ရေးထဲမှ စစ်မှန်တဲ့ ဖက်ဒရယ်ပညာရေးစနစ် ဘယ်လိုစုပေါင်းတည်ဆောက်ကြမလဲ (စကားဝိုင်း အနှစ်ချုပ်)

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁၆

ဒေါက်တာဘိုလေး (တွဲဖက်ပါမောက္ခ ဥပဒေပညာဌာန၊ မုံရွာ တက္ကသိုလ်)

စစ်မှန်တဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို တည်ဆောက်ကြမယ်ဆိုရင် တကယ့်ကို (full freedom) ဖြစ်ဖို့လိုပါတယ် (freedom) ဖြစ်မှ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်မှာဖြစ်ပါတယ်။ (freedom) ဆိုတာ Autonomous University တွေ ကျင့်သုံးတဲ့ အခွင့်အာဏာ ရမှသာ တကယ့်ကို စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော် ကျင့်သုံးနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တင်ပြလိုသာက စစ်မှန်တဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို ကျင့်သုံးနိုင်ဖို့ ဆိုရင် ဖက်ဒရယ်ကျောင်းတွေမှာ ကျင့်သုံးသလို မဖြစ်မနေ (freedom) ကြီးလေးခုကို ကျင့်သုံးရမှာဖြစ်ပါတယ်။  

အဲဒီ (freedom) လေးခုကတော့ နံပတ် (၁) အနေနဲ့ Academic Freedom ဖြစ်ပါတယ်။ ဒီ Academic Freedom ဆိုတဲ့နေရာမှာ သင်ရိုးညွန်းတန်းတွေဟာလည်း သက်ဆိုင်ရာ ဒေသအလိုက် အကျိုးပြုမယ့်ဟာ ပြည်နယ်အကျိုးပြုမယ့်ဟာ ဖြစ်ရသလို တိုင်းရင်းသား လူမျိုးများရဲ့ ကိုက်ညီတဲ့ ဘာသာစကားအရ သင်ကြားနိုင်တဲ့ ဆိုင်ရာ သင်ရိုးညွန်တန်းတွေကို လွတ်လပ်စွာ ရေးဆွဲ သင်ကြားနိုင်ဖို့ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။

နံပတ် (၂) Staff Freedom ဖြစ်ရပါမယ်၊ Staff ဆိုတဲ့ ဝန်ထမ်းတွေကို ရွေးချယ်ခန့်အပ်ကျင့်သုံးတဲ့ နေရာမှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ ကျောင်းတွေ တက္ကသိုလ်တွေမှာ အသုံးပြုသလို နှောင်အဖွဲ့ကင်းကင်း ဘက်လိုက်မှုမရှိဘဲ ရွေးချယ်ခန့်အပ်ပြီး သင်ကြားသင်ယူတဲ့ပုံစံကျင့်သုံးနိုင်မှာ စစ်မှန်တဲ့ ဖက်ဒရယ်ပညာရေး စနစ်အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

နံပတ် (၃) Administrative/Management freedom ဆိုတဲ့အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲခန့်ရေးဆိုင်ရာတို့က လွတ်လပ်မှု ဖြစ်နေရပါတယ်။ တက္ကသိုလ်ကောင်စီတွေဖြစ်စေ၊ အဆင့်မြင့်ကျောင်းကောင်စီတွေဖြစ်စေ၊ အခြေခံ ကျောင်းကောင်စီတွေဖြစ်စေ လွတ်လပ်စွာ အုပ်ချုပ် စီမံခန့်ခွဲပိုင်ခွင့် ရှိနေမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို ကျင့်သုံးနိုင်မှာဖြစ်ပါတယ်။

နံပတ် (၄) နောက်ဆုံးအချက်နေနဲ့ အလွန်အရေးကြီးတဲ့ Financial Freedom ဆိုတဲ့ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်စွာ စီမံခန့်ခွဲ သုံးစွဲနိုင်ခွင့်ဖြစ်ပါတယ်။ နုတ်က ပါးစပ်က ဖက်ဒရယ်၊ ဖက်ဒရယ် လို့ ပြောနေကြပေမယ့် ဒီလိုအလွန်အရေးကြီးတဲ့ အကြောင်းအရာတွေကို လွတ်လပ်စွာ မကျင့်သုံးနိုင်ဘူးဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့်မို့ စစ်မှန်တဲ့ ဖက်ဒရယ်ပညာရေး စနစ်ကို ကျင့်သုံးဖော်ဆောင်နိုင်ဖို့ဆိုရင် အနိမ့်ဆုံး ဒီအချက် (၄)ချက်ကို လွတ်လပ်စွာ ကျင့်သုံးနို်ငခွင့် ဖြစ်နေရပါမယ်။

ဒါ့အပြင် စစ်မှန်တဲ့ဖက်ဒရယ် ပညာရေးစနစ်ကို ကောင်းမွန်စွာ လည်ပတ်ကျင့်သုံးနိုင်ဖို့ရန် ကျောင်းသားရေ၊ မိဘရေ၊ ဆရာရေ ဒီသုံးမျိုးစလုံးကလည်း ဖက်ဒရယ်နဲ့ပတ်သက်ပြီး အသိပညာများကို သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် ဒီဖက်ဒရယ်စနစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ 

———-

ဒေါက်တာအောင်ကိုကိုလင်း (လက်ထောက်ကထိက စိတ်ပညာဌာန၊ မြစ်ကြီးနားတက္ကသိုလ်)

ကျနော်တို့ ကချင်ပြည်နယ်မှာ အခုဖန်တီးဖော်ထုတ်နေတဲ့ အဆင့်မြင့်ပညာရေးစနစ်ဟာ ဂျာမန်ပညာရေး စနစ်နဲ့ တော်တော်လေးနီးစပ်တယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုနီးစပ်လည်းဆိုတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်သာတော့မဟုတ်ဘူး၊ လွန်ခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်မှာ ၈ လပိုင်းလောက်ထဲမှာ NUG ရဲ့ ပညာရေးဝန်ကြီးဌာန ကနေ ဖက်ဒရယ်ပညာရေးဆိုင်ရာ မူဝါဒ မူကြမ်းဆိုတာ ထွက်လာခဲ့တယ် အဲဒီထဲမှာ ဘာရေးထားလဲဆိုတော့ ဖက်ဒရယ်ယူနစ်တွေပေါ့နော်၊ ပြည်နယ်လို့ဘဲ ခေါ်ခေါ် တိုင်းလို့ဘဲ ခေါ်ခေါ် ဒီဖက်ဒရယ်ယူနစ်တွေရဲ့ ပညာရေးဆိုင်ရာ စီမံခန့်ခွဲခြင်းက ဖက်ဒရယ်ဒေသမှာ ရှိတဲ့အစိုးရတွေကရဲ့ အဓိကတာဝန်သာ ဖြစ်တယ်။  

အဓိက ကိုယ့်ပြည်နယ်ကိုယ့်လုပ်ပေါ့၊ ဒီနေရာမှာ ပြည်နယ်ပညာရေးကောင်စီဆိုတာရှိမယ်၊ ပြည်နယ်အစိုးရနဲ့ ပြည်နယ်ပညာရေးကောင်စီတို့က ပညာရေးဆိုင်ရာ တွဲလိုနိုင်ဖို့ဖြစ်တယ်၊ အဲဒီနေရာမှာ  ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် ရာထူးတခုဖန်တီးထားမှာဖြစ်တယ်၊ ဥပမာ- တာဝန်ခံဖြစ်ဖြစ် ဝန်ကြီးဖြစ်ဖြစ်ပေါ့၊ အဲဒီတော့ ပြည်နယ်ပညာရေးကောင်စီထဲမှာ အခြေခံပညာကောင်စီ၊ အဆင့်မြင့်ပညာကောင်စီ၊ သက်မွေးပညာကောင်စီ ဆိုပြီး ပါဝင်မှာဖြစ်တယ်၊ ဒီကောင်စီတွေပေါ်လာပြီဆိုရင် ပညာရေးနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာမှာ အခြေခံကောင်စီတွေကို ပြည်နယ်အစိုးရ တာဝန်ယူပံ့ပိုးမယ်၊ အဆင့်မြင့်ကောင်စီမှာတော့ ပြည်နယ်အစိုးရ တာဝန်မယူတော့ဘူး အဆင့်မြင့်ကောင်စီကဘဲ လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရရှိမှာဖြစ်တယ်။ အဲဒါက စီးပွားရေးအမြင်နဲ့ အဆင့်မြင့်ကောင်စီတွေက အလုပ်ပိုလုပ်လာရမှာဖြစ်တယ်၊ Customer မကြိုက်ရင်တော့ ဝယ်ယူသုံးစွဲမှာ မဟုတ်ဘူးလေနော်၊ အဲလိုပေါ့ အပြိုင်အဆိုင်နဲ့ အဆင့်မြင့်ပညာရေးကောင်စီတွေကြားမှာ ပိုလွတ်လပ်စွာနဲ့ စီမံခန့်ခွဲနိုင်အောင် လုပ်ခွင့်ရကြမှာဖြစ်ပါတယ်။ ဖက်ဒရယ် ယူနစ်တွေရဲ့ အဆင့်မြင့်ပညာရေးကဏ္ဍမှာ လူငယ်တွေကလည်း ရွေးချယ်ခွင့် ပိုရရှိလာကြမှာ ဖြစ်ပါတယ်။

—————

ခွန်းမောင်တင် (တွဲဖက်အတွင်းရေးမှူး၊ ကယန်းမျိုး ဆက်သစ်လူငယ်အဖွဲ့)

အခုကျနော်တို့ လိုချင်တဲ့ ဖြစ်ချင်တဲ့ ဖက်ဒရယ်ပညာရေးစနစ်မှာ အရည်အချင်းပြည့်မှီအောင် ပိုပြီးစနစ် ကျအောင် လုပ်ဆောင်ပေးနိုင်ဖို့ဆိုရင် စံနှုန်းသတ်မှတ်ချက်နဲ့ စိတ်ရင်းစေတနာမှန် ဖြစ်ဖို့ လိုအပ်ပါတယ်။

ကြားကာလ ပညာရေးစနစ်ကို ဖော်ဆောင်နေတဲ့ကာလအတွင်းမှာ ဒီနှစ်ချက်ရှိမှပဲ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာဖြစ်တယ်၊ စံနှုန်းဆိုတာ ဒီကြားကာလအတွင်းမှာ ကိုယ့်ထူကိုယ်ထနဲ့ ပညာရေးကို ဖွဲ့စည်းထူထောင်လာနဲ့အဖွဲ့အစည်းတွေများလာတယ်၊ ရှိပြီးသား ပညာရေးအသင်းအဖွဲ့တွေလည်း ရှိတယ်၊ နောက်ပြီး ပညာရေးပတ်သက်ပြီး ပံ့ပိုးပေးမယ့် အရပ်ဘက် အဖွဲ့အစည်းတွေလည်း ရှိတယ်၊ တော်လှန်ရေးအင်အားစုတွေရဲ့ ပညာရေးအဖွဲ့တွေလည်း ရှိနေတယ်၊ ဆိုတော့ ဒီအဖွဲ့အစည်းတွေအားလုံးက ကရင်နီပြည်အကျိုးအတွက် လုပ်နေကြသလို ပြည်ထောင်စု အကျိုးအတွက်လည်း လုပ်နေကြသာ ဖြစ်သာကြောင့် စံနှုန်းတခုတည်းအောက်ကနေ သွားနိုင်ဖို့ လိုအပ်တယ်၊ တယောက်တပေါက် သွားနေ ရင်တော့ ရေရှည်မှာ စနစ်ကျဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး၊ အဲလိုမဟုတ်ပဲ စစ်ကောင်စီကို ပြိုင်ဆိုင်ဖို့အတွက် တခုတည်းနဲ့ ဒီပညာရေးကို အကောင်အထည်ဖော်တယ်ဆိုရင် မြေစာပြင်ဖြစ်သာက ကလေးတွေပဲ ဖြစ်သွားမယ်၊ အဲဒါကြောင့် အပြိုင်အဆိုင်လုပ်သာထက် စံနှုန်းတခုတည်းအောက်ကနေ အတူတကွ သွားနိုင် ပိုပြီး အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်လို့ ယူဆပါတယ်။ ပြီးတော့ တချိန်လုံး မူဝါဒကိုပဲ ရေးဆွဲနေပြီးတော့ အကောင်အထည်မဖော်ဘူးဆိုရင်လည်း အဆင်မပြေနိုင်ဘူး၊ တဘက်မူဝါဒလည်း ပြင်ဆင်၊ တဘက်က လက်တွေ့လည်း အကောင်အထည် ဒီနှစ်ခုကို တွန်းသွားဖို့လိုအပ်ပါတယ်။

နောက်တချက် စိတ်ရင်းစေတနာကတော့ ဒီလိုကြားကာလ ပညာရေးတည်ဆောက်တဲ့အခါမှာ နိုင်ငံရေး အမြတ်ထုတ်ဖို့နဲ့ အဖွဲ့အစည်းရဲ့ ပုံရိပ်ကောင်းဖို့အတွက် ပညာရေးကို စမယ်ဆိုရင်တော့ အဲဒါက စိတ်ရင်း စေတနာမှန် မဟုတ်တော့ဘူး၊ နိုင်ငံရေး ပယောဂ မရှင်းမလင်းဖြစ်တယ်ဆိုတော့ လက်တွေ့ကြုံရမယ့် မြေစာပင်က ကလေးတွေသာ ဖြစ်သွားနိုင်ပါတယ်။ အဲဒီနိုင်ငံရေး ပယောဂ မရှင်းမလင်းတဲ့ ပုံစံနဲ့ တည်ဆောက်တဲ့ ပညာရေးကလည်း အဆင့်မှီ အရည်အချင်းရှိတဲ့ ပညာရေးဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

တချိန်တည်းမှာ ကလေးတွေရဲ့ ပညာရေးကို တည်ဆောက်တဲ့အခါ တွေးခေါ်နိုင်တဲ့ သင်ရိုးညွန်တန်းများကို ထည့်သွင်းစဉ်းစားရမယ်၊ ကိုယ့်ဒေသအလိုက်၊ လူမျိုးအလိုက်၊ ဘာသာစကားအလိုက် နားလည် တွေးခေါ်နိုင်စွမ်းရှိတဲ့ သင်ကြားမှုတွေကို ထည့်သွင်းစဉ်းစားပေးဖို့လိုအပ်ပါတယ်။

—————

ဆလိုင်း ရွာလ်လျန်ထန်း (မဟာဘွဲ့ သဘာဝပတ်ဝန်းကျင်ဘာသာရပ်၊ ဩစတြေးလျ အမျိုးသား တက္ကသိုလ်၊)

ဖက်ဒရယ်ပညာရေးဆိုတာ ကျနော်နားလည်သာက ဖက်ဒရယ်ပညာရေးစနစ်ဆိုတာထက် ဗဟိုချုပ်ကိုင်မှု လျော့ချတဲ့ ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်တခုကို ဖြစ်စေချင်တာပေါ့၊

“ကျနော်ငယ်ငယ်က မြန်မာစာသင်ခဲ့ရတဲ့ထဲမှာ ကဗျာတပိုဒ်ရှိတယ် ဘောတိရွှေကျောင်းဆိုတာသင်ခဲ့ရတယ်၊ အလွတ်ကျက်ခဲ့ကြတယ်၊ အားလုံးကို အလွတ်ရအောင်ကျက်ပြီး ရွံ့ဆိုခဲ့ကြတယ်၊ ဒါပေမယ့် အခုထိကျနော် အဲဒီကဗျာရဲ့ အဓိပ္ပါယ်ကို နားမလည်သေးဘူး၊ ဆိုလိုချင်တာက ဒီပညာရေးစနစ်က ကျနော့အတွက် အထောက်အပံ့မဖြစ်စေဘူး၊ ဘာသာစကားအရကော်၊ ဒေသအခြေအနေအရကော် နားမလည်နိုင်ဘူး၊”

ပညာတက်တဦးဖြစ်လာဖို့အတွက် ငယ်ငယ်ကသင်ကြားခဲ့ရတဲ့ ဒေသနဲ့ကိုက်ညီအောင်၊ ဘာသာစကားအရ နားလည်သဘောပေါက်လွယ်အောင် အကျိုးဖြစ်ထွန်းဖို့အတွက် ပညာရေးစနစ်က ဘယ်လိုအကျိုးမပြုပေးနိုင် တဲ့ အနေအထားတခုဖြစ်စေခဲ့တယ်၊ ဆိုတော့ ဖက်ဒရယ်ပညာရေးလို့ပြောရင် ဒေသအလိုက်၊ ဘာသာ စကားအရ သင်ရိုးတွေမှာ စီမံခွင့် ရေးဆွဲခွင့်တွေရှိမှ ကိုယ့်ဒေသအလိုက် ဘာတွေလိုအပ်ချက်ဖြစ်နေလဲ၊ ကိုက်ညီအောင် ဘယ်လိုရေးဆွဲရမလဲဆိုတာ သိနိုင်တယ်လေ၊ အဲဒါကြောင့် ဗဟိုချုပ်ကိုင်မှုစနစ်အောက်က ပညာရေးစနစ်ကို မကြိုက်သာလဲဆိုတာ ဒီသာဓကတွေအရ ဆိုလိုချင်သာဖြစ်ပါတယ်။ ဖက်ဒရယ်လို့ပြောရင် အဆင့်သုံးခုရှိတယ်ပေါ့၊ ဖက်ဒရယ်အဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့်ပေါ့ ဆိုတော့ အဓိက အဲဒီအဆင့်သုံးခုထဲက ပညာရေးကို လွတ်လပ်စွာနဲ့ အုပ်ချုပ်စီမံခွင့်ကို ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့် မှာ ဆုံးဖြတ် စီမံပိုင်ခွင့်ကို ပေးရမှာဖြစ်တယ်။ ဆုံးဖြတ် စီမံခွင့်ပေးရတယ်ဆိုတဲ့နေရာမှာလည်း အဓိက ဒေသအဆင့်က လူထုတွေ အဲဒီဒေသခံတွေက ဘာသာစကားအရသော်လည်းကောင်း၊ ဒေသအခြေအနေများ အရသော်လည်းကောင်း ကိုက်ညီအောင် ထည့်စဉ်းစားပေးရမှာဖြစ်သလို့ သူတို့​ဒေသတွေမှာ တိုးတက်ဖွံ့ဖြိုး လာနိုင်မယ့် အခွင့်အလှမ်းကို ဦးတည်ပြီး ပေးထားတဲ့ သဘောဖြစ်ရမှာ ဖြစ်တယ်။