• Today is: Thursday, March 28, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 43, June 17, 2022)

၁။ ကရင်နီတွင် စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံး၊ ဒေါညေးခူတိုက်ပွဲတွင် စစ်တပ် က ဘုရားကျောင်း အတွင်း တပ်စွဲပြီး ဘုရားကျောင်း ကို မီးရှို့ဖျက် ဆီးသွား
June, 16, 2022

ကရင်နီပြည်နယ်တွင် ဇွန်လ ဒုတိယတစ်ပတ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲ များတွင် စစ်ကောင်စီဘက်မှ ၂၂ ဦး သေဆုံးပြီး ကရင်နီ ရဲဘော်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေါညေးခူတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်သည် ဘုရားကျောင်းအတွင်း တပ်စွဲကာ ဆုတ်ခွာချိန်တွင် ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသား များကာကွယ် ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၂ ရက်နေ့ ဖရူဆိုမြို့နယ်၊ ဒေါညေးခူတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ သေနတ် ၈ လက်နှင့် ခဲယမ်းအချို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ သိမ်းဆည်းရရှိခဲ့သည်။

ဇွန်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် ဒေါညေးခူကျေးရွာရှိ နေအိမ် များကို ဖောက်ထွင်းခိုးယူပြီး နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇွန်လ ၁၅ ရက်နေ့တိုက်ပွဲတွင် စစ်သား ၄ ဦး သေဆုံးပြီး ဒေါညေးခူကျေးရွာရှိ St. Matthew’s Church တွင် တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ ပြန် လည်ဆုတ်ခွာချိန်တွင် ဘုရားကျောင်း၊ ဘုန်းတော်ကြီး နေအိမ်နှင့် ဓမ္မာရုံ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။ အလားတူ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး လျက် ရှိသော အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဇွန်လ လ ဆန်း ပိုင်း မှစ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ကြောင်း၊ ဇွန်လ ဒုတိယ တစ် ပတ်တွင် ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း၊ လွိုင်ကော်မြို့နယ် ပကြဲကျေးရွာနှင့် ပဒါးညေးကျေးရွာအနီးတွင် ဇွန်လ ၉ ရက်နေ့၌လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ သည် ကျေးရွာအတွင်းမှ ဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ်များကို ဖောက်ထွင်းခိုးယူ ဖျက်ဆီးခဲ့သည်ဟု KNDF က ယနေ့ သတင်းထုတ်ပြန်သည်။

၂။ ကွတ်ခိုင်မှာ လက်နက်ကြီးကြောင့် စစ်ဘေးဒုက္ခသည် နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာပြင်းထန်
June 17, 2022

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာရှိတဲ့ ကာလိုင်ရွာ စစ်ဘေးဒုက္ခသည်စခန်းမှာ ဇွန်လ ၁၇ ရက် ဒီနေ့မနက် ၁၀ နာရီကျော်လောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒုက္ခသည်နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စခန်းမှာ နေထိုင်သူတွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ လက်နက်ကြီးနှစ်ချက်မှာ တစ်ချက်က နေအိမ်ပေါ်တည့်တည့် ကျရောက်လာတာလို့ အဲဒီစခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြော ပါတယ်။ “တစ်ခုက နေအိမ်မှာကျလို့ သားအမိနှစ်ယောက်တော့ ပွဲချင်းပြီး ဆုံးသွားပြီ။ ဒဏ်ရာရတဲ့တစ်ယောက်လည်း ဒဏ်ရာ ပြင်းထန်တယ်။ သူ့ကိုတော့ အမြန်ကုသပေးရင်ကောင်းမယ်။ အခုထိတော့ ကူညီမယ့်သူတွေ ဘယ်သူမှမရှိသေးဘူး။ ကျနော်တို့ စခန်းကဟာတွေလည်း လုပ်နေကြတယ်။ လက်နက်ကြီးက ဘယ်ကပစ်တာလဲတော့ ကျနော်တို့မသိဘူး” သေဆုံး ခဲ့ရသူတွေ ဟာ အသက် ၅၆ နှစ်အရွယ် ဒေါ်နန်လိုင်နဲ့ သမီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မူကြိုကျောင်း ဆရာမ ဒေါင်နော်တို့ ဖြစ်ပါတယ်။ ဒဏ်ရာအပြင်းအထန်ရရှိသွားသူကတော့ အသက် ၈၁ နှစ်အရွယ် ဦးဒွမ်ဖောင်လအောင် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီလက်နက်ကြီးဟာ ကွတ်ခိုင် စစ်ကောင်စီတပ် ဗျူဟာကုန်းဘက်ကနေလာတဲ့ လက်နက်ကြီးဖြစ်တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “ကွတ်ခိုင်ဘက်ကနေ လက်နက်ကြီးနှစ်လုံး ကျလာတယ်။ ကျမတို့ လောလောဆယ်သိရတာ KBC စခန်းက နှစ် ယောက်။ ဒဏ်ရာရသူလည်း ရှိတယ်လို့ ဖုန်းနဲ့ပဲ ပြောနေ တာ။ အခု ကတုတ်ကျင်းထဲမှာ ကျမတို့ အပြင်ကိုမထွက်ရဲ ကြသေးဘူး၊ သွားလည်း မကြည့်ရဲသေးဘူး။ သားအမိနှစ်ဦးကတော့ သေချာပြီ ဆုံးတာ” ဒုက္ခသည်စခန်းကို ကျရောက်လာတဲ့ အဲဒီလက်နက်ကြီးဟာ ကွတ်ခိုင်ဘက်ကနေပစ်ခတ်တဲ့ လက်နက်ကြီး လို့ ပြောဆိုတာနဲ့ ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဇွန်လ ၁၇ ရက်နေ့ ဒီမနက်ပိုင်း ၉ နာရီလောက်မှာတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေက ကွတ်ခိုင်မြို့ အထွက်ကနေ စစ်ကောင်စီ ဗျူဟာတပ် စခန်းကို အဝေးကနေ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်သံတွေကို ကြား နေရတယ်လို့ ကွတ်ခိုင် ဒေသခံတစ်ဦးက ပြောပါတယ်။ https://www.rfa.org/burmese/news/kutkai-weapon-hit-two-dead-06172022065251.html

၃။ မင်းတပ် မွီတွီရွာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံး
June 16, 2022

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊ မွီတွီကျေးရွာမှာ ဇွန်လ ၁၆ ရက် ဒီနေ့မနက်ပိုင်း က စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တောင်ယာလုပ်နေတဲ့ သက်ကြီး ရွယ်အို နှစ်ဦး အပါအဝင် စုစုပေါင်း သုံးဦး သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။\မင်းတပ်အခြေစိုက် ခလရ ၂၇၄ စစ်တပ်ဟာ ဒီနေ့မနက် ၉ နာရီကျော်လောက်က မြို့မြောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ချိန် မွီတွီ (Mui Tui) ကျေးရွာပေါ် လက်နက်ကြီး ကျည်ဆန် တချို့ ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ နဲ့ ၆၀ အရွယ် အဘိုးအဘွား နှစ်ဦးနဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့တယ်လို့ စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံနေတဲ့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာ၀န်ရှိသူ ကိုယောမန် က RFA ကို ပြောပါတယ်။

“တောင်ယာမှာ အလုပ်လုပ်နေတဲ့ အသက် ၇၀ အရွယ် အဘိုး၊ အသက် ၆၀ အရွယ် အဘွားနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးက ပွဲချင်းပြီးပဲ သေဆုံးတယ်။ နောက်တစ်ယောက်ကျတော့ ကျည်ဆန်တွေထိလို့ ဒဏ်ရာရ တယ်။ လက်နက်ကြီးက ရွာထဲမှာလည်းကျတယ်။ ရွာထဲမှာ လူနေအိမ် သုံးလုံး ပျက်စီးသွား တယ်” ထိခိုက်ဒဏ်ရာရသူကိုတော့ မင်းတပ်မြို့အနီးက ပရဟိတဆေးခန်းတစ်ခုမှာ ကုသ ပေးနေတယ်လို့ ကိုယောမန်က ဆိုပါတယ်။ အခုလက်နက်ကြီး ထိမှန်တဲ့ မွီတွီကျေးရွာဟာ မင်းတပ်မြို့မြောက်ဘက် ခြောက်မိုင်အကွာမှာ တည်ရှိပါတယ်။ မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းဟာ ဒီနေ့မနက် ၉ နာရီခွဲလောက်ကစလို့ မွီတွီကျေးရွာ အပါအဝင် မြို့မြောက်ဘက်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ခုနစ်ကြိမ် လောက်အထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်လို့ အပြန်အလှန် ပစ်ခတ်ကြတာ မဟုတ်ဘဲ ကျေးရွာတွေဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာလို့ သူတို့က ဆိုပါတယ်။ ချင်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စာရင်းတွေအရ လက်နက်ကိုင် ခုခံမှု အစောဆုံးစတင်ခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန် တစ်နှစ်ကျော်အတွင်း အရပ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ချင်းပြည်နယ် တစ်ခုလုံးမှာတော့ သေဆုံးသူ ၂၀၀ ကျော် အထိရှိပါတယ်။ https://www.rfa.org/burmese/news/three-people-death-in-mindat-tsp-06162022050852.html

၄။ တစ်စုတစ်ဖွဲ့၏အာဏာတည်မြဲရေးအတွက် နိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသုံးမချသင့်ဟု ANP ဥက္ကဋ္ဌဆို
June 17, 2022

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်စုတစ်ဖွဲ့၏ အာဏာတည်မြဲရေးအတွက် အသုံးမချသင့်ဟု ရခိုင်အမျိုး သားပါတီ( ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောဆိုလိုက်သည်။ မြန်မာစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ ကို ဖိတ်ခေါ်ပြီး လက်ရှိ ပြုလုပ်နေသည့် ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး Narinjara သတင်းဌာနက ANP ဥက္ကဋ္ဌ ဦးသာထွန်းလှကို ဆက်သွယ်မေးမြန်းစဉ် သူ့အမြင်ကို ထိုသို့ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ ဦးသာထွန်းလှက “မြန်မာနိုင်ငံမှာ တက်လာတဲ့အစိုးရတိုင်းက ငြိမ်းချမ်းရေးကို ပုံစံတမျိုးမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အခင်းအကျင်းရှိနေခဲ့ကြ တယ်။ တခါမှ ပြီးပြည့်စုံတဲ့နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ မမြင်တွေ့ ခဲ့ဘူး။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်း ရေးအတွက် မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့မူအပါ်မှာ ရိုးရိုးသားသားနဲ့ လုပ်ဖို့လိုတယ်။ အဖွဲ့စည်း တစ်ခုက အာဏာတည်မြဲရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသုံးချနေတဲ့ ပုံစံမျိုးဆိုရင် အခုလို တွေ့ဆုံဆွေးနွေးပွဲတွေက ခရီးရောက်မှာမဟုတ်ဘူး” ဟု ပြောသည်။

စစ်ကောင်စီမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို လွန်ခဲ့သည့် ဧပြီလက ဖိတ်ခေါ်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီနှင့် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေကြသည့် အင်အား ကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမပါဝင်သဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အနှစ်သာရ ကင်းမဲ့နေသလို ပြည်သူအများဟု၏ ယုံကြည်မှုကိုလည်း မရရှိဘဲဖြစ်နေသည်။ သို့အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ကြရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဇွန် ၁၄ ရက်နေ့က ထပ်မံ ဖိတ်ခေါ် ခဲ့သည်။ “ အခု ပထမအကြိမ်ပေါ့လေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ပေမယ့် KNU တို့လို၊ KIO တို့လို အင်အားကြီးလက်နက် ကိုင်အဖွဲ့တွေ၊ ဒီဘက်ကဆိုရင် ULA/ AA တို့လို အင်အားကြီးအဖွဲ့တွေ တက်ရောက် ဆွေးနွေးတာ မတွေ့ရဘူး။ ဒါကြောင့် သူတို့ ဘက်က နောက်တစ်ကြိမ် ထပ်ပြီး ကမ်းလှမ်းတာလို့မြင်တယ်။ သူတို့ ပမထအကြိမ်ခေါ်ကြည့်တယ်။ ဒါပေမဲ့ သူတို့နဲ့ တကယ့်ကို နဖူးတွေ့ ဒူးတွေ့ တွေ့ရမဲ့ အင်အားကြီး အဖွဲ့အစည်းတွေ ပါမလာတော့ သူတို့လုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အောင်မြင်တယ်လို့ ပြောမရဘူး။ ဒါကြောင့် နောက်ထပ် ကြိုးစားကြည့်တယ်လို့ဘဲ သတ်မှတ်လိုတယ်” ဟုဆိုသည်။

၅။ မြဝတီရှိ အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့များ အသွားအလာ စစ်ကောင်စီကန့်သတ်
June 16, 2022

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဒေသအတွင်းရှိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် -NCA အပစ်ရပ်ထားသော ကရင်လက်နက်ကိုင်အဖွဲ့များအနေဖြင့် မြို့နှင့် အနီးတဝိုက်ဒေသများသို့ ဖြတ်သန်းသွား လာမည်ဆိုပါက (၂) ရက်ကြိုတင် သတင်းပို့၍ ခွင့်ပြုချက်ရမှသာသွားလာရန် စစ်ကောင်စီက အသိပေးစာ ပေးပို့ကာ ပြောဆိုလိုက်သည်။ မြ၀တီ မြို့နယ်အတွင်းရှိ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC ) စသည့် အပစ်ရပ်အဖွဲ့ ၃ ဖွဲ့၏ ဆက်ဆံရေးရုံးများ သို့ မြ၀တီရှေ့တန်းရုံး (၂၇၅ တပ်ရင်း) ယာယီတပ်ရင်းမှူး ဇော်မိုးထွန်း လက်မှတ်ဖြင့် ဇွန်လ ၁၃ ရက်နေ့တွင် အသိပေး အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အပစ်ရပ်အဖွဲ့ထံမှ သိရသည်။

အသိပေးစာအပေါ် KNU/KNLA -PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ” တာဝန်ရှိသူတွေ အစည်းအဝေး ထိုင်ပြီးတော့ လောလောဆယ် အခြေအနေမှာ ဝင်ထွက်သွားလာဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ချိတ်ဆက် သွားလာကြမလဲ အဲလိုတော့ ကြားတယ်။ မြဝတီမှာက အဖွဲ့စုံနေကြတယ်လေ။ ကျနော်တို့ PC လည်းရှိတယ်။ DKBA လည်းရှိ တယ်။ အချို့အယောင်အဆောင်လည်းရှိမယ်လေ။ တခုခုဖြစ်လာရင် ဆက်ဆံရုံးကို မေးလာတော့ မသိရှိ၊ နားမလည် တဲ့အပေါ် အခက်အခဲဖြစ်လာစေတာပေါ့နော်။ အဲဒါကြောင့် ကျနော်နားလည်တာ သူတို့ ဝင်ထွက်သွားလာမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် အသိပေးကြဖို့ပေါ့နော်။ “ဟု ပြောသည်။ စစ်ကောင်စီတပ်၏ အသိပေးစာအရ အပစ်ရပ်အဖွဲ့များအနေဖြင့် မိမိတို့သတ်မှတ်ထား သော နယ်မြေအတွင်း၌သာ ယူနီဖောင်းဝတ်ဆင် လက်နက်ကိုင်သွားလာရန်၊ လုံခြုံရေးနယ်မြေပြင်ပသို့ သွားလာရာတွင် ယူနီဖောင်း ဝတ်ဆင်၍ လက်နက်ကိုင်ဆောင်သွားခြင်းများ မပြုစေရန်နှင့် မြ၀တီမြို့နှင့် အနီးတဝိုက်ဒေသများသို့ ဖြတ်သန်း သွားလာမည်ဆိုပါက (၂) ရက်ကြိုတင် သတင်းပို့၍ ခွင့်ပြုချက်ရမှသာသွားရန် ဖော်ပြထားသည်။ ထို့အပြင် သတင်းပို့တင်ပြရာ တွင်လည်း ဦးစီးခေါင်းဆောင်၊ အင်အား၊ သွားရောက်မည့်အကြောင်းအရာ၊ ခရီးစဉ်(မှ-သို့) /( သွား/ပြန်)၊ သုံးစွဲမည့် ယာဉ် အမျိုးအစား၊ နံပါတ်၊ အရောင်နှင့် သွားရောက်မည့်ရက်၊ ပြန်လည်ရောက်ရှိမည့်ရက်တို့ကို အသေးစိတ်ထည့်သွင်းတင်ပြ ရမည်ဟု ဖော်ပြပါရှိသည်။ https://kicnews.org/2022/06/%e1%80%99%e1%80%bc%e1%80%9d%e1%80%90%e1% 80% ae%e1%80%9b%e1

၆။ ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်သား ၁ ဦးကို AA က ဖမ်းဆီး
June 16, 2022

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ဦးကို ယနေ့ဇွန်လ ၁၆ ရက် နေ့ နေလည်ပိုင်း ၂ နာရီကျော်ခန့်က က ရက္ခိုင်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်မျက်မြင်များ ကပြောသည်။ စစ်ကောင်စီတပ်သား ၂ ဦးမှာဆောက်လုပ်ရေးပစ္စည်းလာဝယ်ရာတွင် တစ်ဦးကို ဖမ်းဆီးသွားပြီး နောက်တစ်ဥဦးမှာ ထွက်ပြေး သွားလွတ်မြောက်သွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးက Western News ကိုပြော သည်။ “မြန်မာစစ်သား ၂ ဦးက ဆောက်လုပ်ရေးပစ္စည်းတွေ လာဝယ်တာမှာ ဖမ်းတာလို့သိရတယ်။ တစ်ယောက်ကိုတော့ ဖမ်းသွားပြီး နောက်တစ်ယောက်ကတော့ ထွက်ပြေးလို့လွတ်သွားတယ်။ ဖမ်းတဲ့နေရာနဲ့ စစ်တပ်နဲ့က နီးနီးလေးပဲ။ ဖမ်းသွားတဲ့ စစ်သားရဲ့ ရာထူးတွေကိုတော့ မသိရသေးဘူး”ဟုပြောသည်။

စစ်ကောင်စီ တပ်သားနှစ်ဦးမှာ အရပ်ဝတ်ဖြင့် ပုဏ္ဏားကျွန်းမြို့မစျေးမှ ဆောက်လုပ်ရေးပစ္စည်းဝယ်ယူ၍ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းနားတွင်ဖြစ်ကြောင်း မျက်မြင်များက Western News ကို ပြောသည်။ စစ်ကောင်စီတပ်သားများအဖမ်းခံရပြီးနောင်ပိုင်း လက်နတ်ငယ်များဖြင့် ပစ်ခတ်သံများ ဆက်တိုက်ကြားရပြီး စစ်ကောင်စီတပ်ဖွဲ့များက မြို့အဝင်အထွက်လမ်းတစ်ချို့မှာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း အမည် မဖော်လိုသည့် နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။ “စစ်သားတစ်ယောက်ဖမ်းသွားတော့ သေနတ် ၆ ချက်လောက်ပစ်ပြီး တော့ စစ်သားတွေမြို့ပတ်ပြီးရှာနေကြတယ်။ လမ်းတွေမှာလည်း လူတွေတစ်ယောက်မှ မရှိကြတော့ဘူး။ မြို့ဝင်မြို့ထွက် တွေမှာ စစ်ဆေးနေတာတွေရှိတယ်”ဟုပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရက္ခိုင့်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအားမေးမြန်းရာတွင် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြန်လည်ဖြေဆိုသည်။

၇။ ကြာအင်းဆိပ်ကြီးမြို့နယ် မယ်ဖလာကျေးရွာကျောင်းကို ဆရာတစ်ဦးတည်းဖြင့် ဖွင့်လှစ်သင်ကြားပေးနေ
June 17, 2022

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မယ်ဖလာ(ကိုယ်ဒူခွဲ) ကျေးရွာအခြေခံပညာမူလတန်းကျောင်းကို ယခုနှစ် ပညာသင်နှစ်တွင် ကိုယ်ထူကိုယ်ထကျောင်းအဖြစ် စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက စတင်ဖွင့်လှစ်သင်ကြား ပေးနေ သည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေးအခြေအနေကြောင့် ၂ နှစ် ကျော်ကြာ စာသင်ကျောင်းများ ပိတ်ထားခဲ့ရ၍ ကျေးရွာအသီးသီးမှ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့် နောက်ကျ ကျန် နေသည့်အတွက် ဌာနေကလေးများအားလုံး စာသင်ယူတတ်မြောက်နိုင်အောင် ယခုလို ကိုယ်ထူကိုယ်ထအစီအစဉ် ဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်သည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

“ သူငယ်တန်းကနေ လေးတန်းအထိ ကလေး ၂၉ ယောက်ရှိတယ်။ အတန်းခွဲအားလုံးကို ဆရာတစ် ယောက်ထဲကပဲ သင်ကြားပေးနေ တယ်ပေါ့နော်။ တိုင်းရင်းသားစာပေအတွက်ကတော့ ဆရာမတစ်ယောက်က လာသင်ပေးတယ်။ သင်ထောက် ကူပစ္စည်းတွေ စာရေးခုံတွေ လိုအပ်တယ်။ ကျောင်းဆောင်ကလည်း ကျဉ်းကြပ်နေတော့ အခက်ခဲရှိတယ်။ ခုတော့ ရှိတဲ့အင်အား နဲ့ပဲ ကလေးတွေစာတတ်မြောက်အောင် ကြိုးစားလုပ်ပေးနေတယ်”ဟု အမည်မဖော်လိုသူ ကျောင်း တာဝန်ရှိသူတစ်ဦးက ပြော သည်။ လက်ရှိ စစ်ရေးနှင့် နိုင်ငံရေးအခြေနေကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအသီးသီးမှ စာသင်ကျောင်း အများ စုမှာ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ဖွင့်လှစ်နိုင်သည့် ကျေးရွာစာသင် ကျောင်းအချို့လည်း ကိုယ်ထူကိုယ်ထ သင်ကြားရေးအစီအစဉ်ဖြင့်သာ ဖွင့်လှစ်နိုင်ကြသည်ဟု သိရသည်။ https://kicnews.org/2022/06/%e1%80%80%e1%80% bc%e1%80%ac%e1%80%a1%e1%80%84%e1%80%ba%e1

၈။ စစ်ကောင်စီတပ်၏ ပူတာအို ထောက်ပို့ ခရီးစဉ်တွင် စစ်သား ၃၀ ကျော် သေဆုံးပြီး ၆၀ ကျော် ထိခိုက်
17 June 2022

မြစ်ကြီးနား မှ ပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ခဲ့သော စစ်ကောင်စီ စစ်ကြောင်းကို တစ်လအတွင်း ကချင်လွတ်လပ် ရေးတပ်မတော် KIA မှ လမ်းတစ်လျောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များတွင် စစ်ကား ၅ စီး ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံးကာ ၆၀ ကျော် ထိခိုက်ခဲ့သည်ဟု KIA တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ပြီးခဲ့သော မေလ ၁၁ ရက်နေ့မှ စတင်ပြီး မြစ်ကြီးနားဘက်မှ စစ်အင်အား ၅၀၀ ဝန်းကျင်အပါ စစ်ရိက္ခာသယ်ဆောင်သည့် စစ်ကား ၈၀ စီးခန့်ပါသော ယာဉ်တန်းကို ပူတာအို အတက်လမ်းတွင် ၅ကြိမ်ထက်မနည်းနှင့် ယခု ဇွန်လ အဆင်းလမ်းတွင် ၇ ကြိမ်ခန့် ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် ယနေ့အထိ တိုက်ပွဲပေါင်း ၁၂ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ ၁ တာဝန်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။ “စတက်လာတဲ့အချိန်တုန်းကတော့ စစ်အင်အား ၁၅၀ လောက်ပါတဲ့အဖွဲ့နဲ့ စဖြစ်ကြ တာဟုတ်တယ်။ အတက်ပိုင်းမှာဘဲ တိုက်ပွဲဖြစ်တာ ၅ကြိမ်လောက်ရှိတယ်။ အဲ့ထဲမှာ သူတို့ရဲ့ ရိက္ခာသယ်လာတဲ့ စစ်ကား ၄ စီး ပါတယ်။ သေဆုံးတဲ့သူက ၁၀ယောက်အထက်ရှိတယ်။ အဆင်းဘက်မှာ ခင်ဒူနဲ့ ဖုန်ကျန်းနားမှာ ပြန်ဖြစ်တဲ့နေရာမှာက ကား တစ်စီးပြန်သွားတယ်။ နောက် မိုင်ထောင်းနဲ့ ခဂရန်းကြားမှာ ပြန်ဖြစ်တဲ့နေရာမှာလည်း တော်တော်ထိသွားကြတယ်။ အဲ့ကြောင့် မနေ့ကအထိ တိုက်ပေါင်း ၁၂ နေရာမှာ ၁၂ကြိမ်ဖြစ်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်တွင် စစ်ကောင်စီဘက်မှ အတက်လမ်းတွင် ၁၀ ဦးကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ ၂၀ ဝန်းကျင်အထိရှိခဲ့ကြောင်းနှင့် အဆင်းတွင် သေဆုံးသူ ၂၀ ဝန်းကျင်အထိရှိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄၀ ဦးအထိရှိခဲ့သော ကြောင့် တစ်လအတွင်း စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်ရာတွင် သေဆုံးသူ စုစုပေါင်း ၃၀ ခန့်နှင့် ထိခိုက်ဒဏ်ရာရှိသူ ၆၀ ဦးအထိရှိခဲ့သည်ဟု ဆက်လက်ပြောဆိုထားသည်။ စစ်ကောင်စီယာဉ်တန်းကို KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့သော နေရာများအနက် ဇွန်လ ၁ ရက်နေ့ ခင်ဒူယန်(Hkin Du Yang)နှင့် ဖုန်ကျန်း(Hpung Chyan) ကျေးရွာ ၂ခုကြား၊ ဇွန်လ ၁၀ ရက်နေ့ တစ်ရက်အတွင်း ဇနန်ချောင်းကူးတံတား (Za Nan Hka)အနီးနှင့် မိုင်ထောင်း (Mai Htawng Mare) နှင့် ခဂရန်း (Hka Garan Mare) ကျေးရွာ ၂ခုကြားရှိ ဝဘော်(Wa Baw Mare)အနီး၊ ဇွန်လ ၁၂ ရက်နေ့ ခဂရန်းရွာအထက် အနီးတဝိုက်ရှိသော လမ်းခုလပ်တစ်နေရာ စသော ၄ နေရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှု အများဆုံးဖြစ်ခဲ့သည်ဟု KIA ဘက်မှ ပြောဆိုသည်။ ယခုအကြိမ် မြစ်ကြီးနားဘက်မှ ပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ရာတွင် စစ်ကောင်စီတပ် ခလရ ၁၃၇ ၊ ခလရ ၁၃၈ ၊ ခလရ ၁၄၂ ၊ ခလရ ၂၉၈ ၊ ခလရ ၃၂၁ တို့ပါဝင်ပြီး အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ် အဖွဲ့၊ ဦးရွှေမင်းဦးဆောင်သော ပြည်သူ့အဖွဲ့ နှင့် ဦးအတန်ပြည်သူ့စစ်တို့လည်း ပါဝင်သည်ဟု ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။ https://burmese.kachinnews.com/2022/06/17/jun17-yl1/

၉။ တောင်ကြီးမြို့က Non-CDM ကျောင်းဆရာ၊ ဆရာမများကို ပြောက်ကျားတပ်ဖွဲ့ သတိပေး
16 June, 2022

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် Non-CDM ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်၊ ဆရာ ဆရာမတွေက ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေ၊ CDM ဆရာ၊ ဆရာမတွေကို ကျောင်းပြန်တက်ဖို့ ခြိမ်းခြောက်နေတဲ့အပေါ် Taunggyi Guerilla Force (TGF) က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ တောင်ကြီးမြို့ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက “အဓိကက တဦးတယောက်တည်းကို ရည်ရွယ်ပြီး ထုတ်ပြန်တာ မဟုတ်ပါဘူး။ CDM ဆရာ၊ ဆရာမတွေကို ကျောင်းမှာ ဆရာ၊ ဆရာမ မလုံလောက်လို့ CDM ဆရာ၊ ဆရာမတွေကို ကျောင်းပြန်လာတက်ဖို့၊ မတက်ရင် အိမ်လိပ်စာပေးပြီး စကစကို ဖမ်းခိုင်းမယ် ဆိုပြီး ခြိမ်းခြောက်နေပါတယ်။ နောက်ပြီး ဒုကျောင်းအုပ်တယောက်က ကျောင်းသားကျောင်းသူတွေကို သူ့အဆောင်မှာ လာမနေရင် အတန်းမတင်ပေးဘူးဆိုပြီး ကျောင်းသားမိဘတွေကို ခြိမ်းခြောက်ပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့ ဆရာ၊ ဆရာမ တွေ အားလုံးကို ရည်ရွယ်ပြီး ထုတ်ပြန်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြန်ဖွင့်ပြီး စာသင်နေရပေမဲ့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖြစ်နဲ့ မနေဘဲ အရင်လို ဆရာပီသတဲ့ ဆရာ၊ ဆရာမတွေအဖြစ် နေပေးကြဖို့ တောင်ကြီးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က တောင်းဆိုထားပါတယ်။ တောင်ကြီးမြို့ပြ ပြောက်ကျားတပ်ဖွဲ့အနေနဲ့ စာသင်ကျောင်းတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး အခုလိုလုပ်ရပ်မျိုး ဆက်လက်ကျူးလွန်နေပါက တခြားမဆိုင်တဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ မထိခိုက်အောင် အတတ်နိုင်ဆုံး ရှောင်ရှားပြီး ထိုက်သင့်တဲ့ လုပ်ဆောင်ချက်တွေ လုပ်သွားမယ်လို့ပြောပါတယ်။ Taunggyi Guerilla Force (TGF) ပြောက်ကျား တပ်ဖွဲ့ဟာ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို အားဖြည့်ကူညီပေးနေရတာကြောင့် မြို့ပေါ် mission တွေကို ခဏတာ ရပ်နားထားရပေမဲ့ မြို့တွင်းရှိ စစ်ကောင်စီရဲ့လက်ကိုင်တုတ် ဒလန်တွေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ် ကုပ်သွေး စုတ်နေသူတွေရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းပြုစုထားတယ်လို့ ဆိုပါတယ်။ http://burmese.dvb.no/archiv es/538690

၁၀။ မိုင်းဆတ်မြို့ မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ
June 16, 2022

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့မှ အသက် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးကို တရပ်ကွက်တည်း နေထိုင် သည့် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းသိရသည်။ (ဇွန်လ ၁၅) ရက် ညနေပိုင်း ၃ နာရီကျော်ချိန်တွင် မိုင်းဆတ်မြို့ မယ်ဆွမ်း မြောက်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို အသက် ၄၂ အရွယ်ရှိ အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ကလေးငယ် ရဲ့ အမေက သူများရဲ့ အိမ်မှာ အလုပ်လုပ်ပြီး သူ့သမီးကို ရှာကျွေးနေတာပါ၊ နှစ်ယောက်တည်း နေကြတာ မုဒိမ်းကျင့်တဲ့ သူကလည်း သူတို့နဲ့ ရင်းနှီးတယ်ထင်တယ်၊သူ့အမေကိုအပြင် ထုတ်လိုက်ပြီး သူ့သမီးကို မုဒိမ်းကျင့်လိုက်တာလို့သိရတယ်” ဟု မိုင်းဆတ်မြို့မှ ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

အဆိုပါ ကျူးလွန်သည့် အမျိုးသားသည် အသက် ၄၂ နှစ်အရွယ် ဦးနေမင်းဦး ဟုသိရပြီး အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ် နှင့်တစ်ရပ်ကွက်တည်း နေထိုင်သည့် အိမ်နီးချင်းများဖြစ်ကြောင်းလည်းသိရသည်။ မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်၏ မိခင် အိမ်ပြန်လာအချိန်တွင် သမီးငယ်ငိုနေသည်ကို မြင်ရသည့် အပြင် မိန်းကလေးငယ်၏ အင်္ဂါမှလည်း သွေးထွက်နေသည်ကိုတွေ့ရကာ သမီးငယ်ကို မေးမြန်းရာ မုဒိမ်းကျင့် ခံရကြောင်း သိရသည်။ “ဖြစ်စဥ်က ၃ နာရီ ကျော်မှာ ဖြစ်သွားတယ်၊ သူ့အမေက ဖြစ်စဥ်တွေကို သိသိပြီးချင်း ၅ နာရီထိုးခါနီးမှာ ရဲစခန်းကို သွားပြီး တိုင်ချက်ဖွင့်တော့ ရဲတွေက စစ်ဆေးမှုပြုပြီး အဲ့ဒီတရားခံ ကိုလည်း ရှာဖွေဖမ်းဆီးခဲ့တယ်၊ မှုခင်းဖြစ်ပွားတဲ့နေရာကိုလည်း ရဲတွေသွားစစ်ဆေးပြီး မှတ်တမ်း ဓါတ်ပုံယူခဲ့တယ်၊ အမျိုးသမီးငယ်ကိုတော့ ဆေးရုံပို့ထားပါတယ်”ဟု ဌာနဆိုင်ရာနှင့် ဆက်စပ်ပတ်သက်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိတွင် ကျူးလွန်သည့်သူကို မိုင်းဆတ်မြို့မှ ရဲစခန်း ဖမ်းဆီးစစ်ဆေးပြီး ချုပ်နှောင် ထားကြောင်း ၎င်းကိုယ်တိုင်ကလည်း ကျူးလွန်ခဲ့သည်ကို ဝန်ခံထားကြောင်း သိရသည်။ ကျူးလွန်သည့် ဦးနေမင်းဦးကို မုဒိမ်းမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် မိုင်းဆတ်မြို့မ ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။ https://burmese.shannew s.org/archives/28662

၁၁။ ကာစီနိုရုံများတွင် BGF တပ်များ လုံခြုံရေးပိုမိုချထားလာမှုကြောင့် မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို ပြည်သူများစိုးရိမ်နေ
June 16, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်တွင်တည်ရှိသောနယ်ခြားစောင့်တပ် BGF အဖွဲ့ပိုင် ကာစီနိုလောင်းကစားရုံများ၏ အပြင်ဘက်များတွင် ခံတပ်သဘောမျိုးနှင့် လုံခြုံရေး များကို အခိုင်အမာချထား လာသောကြောင့် မြို့တွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း အနီးဝန်းကျင်ရှိ ဒေသခံများက ပြောသည်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း တနှစ်တာကာလအတွင်း မြဝတီမြို့၊ သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ အမှတ် (၃) ကြံခင်းလမ်း၊ အမှတ် (၂) သဲပုံဂိတ်နှင့် အမှတ်(၅) ဝါးတော ကိုးသုံးလုံးဂိတ်များရှိ ကာစီနိုရုံများကို ခြံများ ခတ်ထားပြီး BGF တပ်များ ယခင်ကထက် ကင်းပိုချထားပြီး စောင့်ကြပ်ထားသောကြောင့် မြို့အတွင်း တိုက်ပွဲဖြစ်လာနိုင်မည်ကို စိုးရိမ်နေကြရသည်ဟု ကာစီနိုရုံအနီးရှိ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလိုပြောသည်။ ” အခု က ကာစီနိုရုံမှာ သူတို့က နေ့တိုင်းကင်းချထားတာ။ ကျနော်တို့ နားမှာလည်း ဘယ်တော့ဗုံးပေါက်မလဲ အဲ့တာပဲစိုးရိမ်နေရတာ။ အခုဆိုမြို့ထဲမှာက ခဏခဏ ဗုံးပေါက်နေတာ။ ဟိုတစ်နေ့ကဆို ကြံ့ခိုင်ရေးရုံး ဗုံးပေါက် တယ်။ ပေါက်လိုက်ရင်လည်း အဲ့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကြီးပဲပေါက်တာ။ အခုလည်း သူတို့ ကာစီနို ရုံမှာကင်းချထားတယ်ဆိုတော့ သူတို့ကို တခြားအဖွဲ့တွေက လာတိုက်မှာစိုးလို့ချထားတယ်လို့ ထင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ လုံခြုံရေးတင်းကြပ်ထားသည့် မြဝတီမြို့ပေါ်တွင်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ် အကြိမ် (၂၀)ထက် မနည်းဖြစ်ပွားခဲ့ပြီး မြဝတီအနီးတွင် စစ်ကောင်စီနှင့် နယ်မြေခံ ကရင်အမျိုးသား အစည်းအရုံး-KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ သေးသည်။ https://kicnews.org/2022/06/%e1%80%80%e1%80%ac%e1%80%85%e1%80%ae%e1%80%94% e1%8

၁၂။ ဘီလင်းမြို့နယ်ရှိ BGF ဂိတ်စခန်း တိုက်ခိုက်ခံရ
17 June, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ဂိတ် စခန်းဟာ ဇွန် ၁၆ ရက်က တရက်တည်း နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီ BGF ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျိုက်ထိုတော်လှန်ရေး အင်အားစုနဲ့ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က နေ့လယ် ၂ နာရီခွဲခန့်မှာတကြိမ်၊ ၃ နာရီလောက်မှာတကြိမ် လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

BGF ဂိတ်စခန်း ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ BGF ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ KNLA ပူးပေါင်းအဖွဲ့က ထိခိုက်မှု တစုံတရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူ တဦးက ပြောပါတယ်။ BGF ဂိတ်စခန်း တိုက်ခိုက်ခံရတာကြောင့် BGF တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။ မဲလံကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဂိတ်စခန်းဟာ တပ်ဖွဲ့ဝင် ၃၀ လောက် အမြဲလို လာရောက်နေထိုင်လေ့ ရှိတဲ့ ဂိတ်စခန်းတခုဖြစ်ပြီး မကြာခဏဆိုသလို ခရီးသွားပြည်သူတွေကို စစ်ဆေးနေပါတယ်။ http://burmese.dvb.n o/archi ves/538927

၁၃။ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ပစ္စည်းသယ်ဆောင်လာသော ကားကို စစ်ဆေးတွေ့ရှိ
June 17, 2022

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက် ခြမ်းတနေရာမှာ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ အသုံး အဆောင်ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ယာဉ်တစ်စီးကို ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဘောလခဲမြို့ကနေ မောင်းနှင်လာတဲ့ မော်တော်ယဉ် ထဲမှာ ဒုရဲအုပ် အောင်ဇော်လင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရှိခဲ့ တဲ့အပြင် ပစ္စည်းအပြင်ကို တပ်ကြပ်ကြီးရဲ့ ယူနီဖောင်း ၊ ရုံးသုံးပစ္စည်းဖစ်တဲ့ computer ၊ printer ၊ဗီဒို စရှိတဲ့ စရှိတဲ့ အသုံး အဆောင် ပစ္စည်းတွေလည်း ပါတယ်လို့ ကရင်နီဒေသခံကာကွယ်ရေးအဖွဲ့တစ်ခု စစ်ဆေးရေးဂိတ် တာဝန်ရှိသူ တစ်ဦးကပြော ပါတယ်။

“ရက်ရွေ့ပြောင်းပေါ့။သူရဲ့တာဝန် ရာထူးတိုးနဲ့ ထပ်ပြောင်းရမာပေါ့။ ဘော်လခဲ့ကနေပြောင်းရမှာ။ ဂိတ်မာတင်ပေးရင် ကားသမားတွေက တင်ပေးမာမဟုတ်ဘူး။ အဲ့တော့ သူကပြည်သူတွေကို ဟိုဘက်ကနေ တင်လာခိုင်းမယ်။ ဘော်လခဲကနေ တင်လာခိုင်းမယ်။ ဘော်လခဲ ဘုရားကျောင်း ရှမ်းပိုင်းကနေ တင်လာခိုင်းပီးတော့မှ လွိုင်ကော်ရဲစခန်းမာ လာချပေး။ ပြီးတော့မှ သူတို့ပြန်မယ်။ သူကတော့ လေယဥ်နဲ့ ပြန်မယ်ပေါ့” “လို့ စစ်ဆေးရေးဂိတ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါ ယဥ်တန်းကို မောင်းနင်လာတဲ့ ပြည်သူတစ်ယောက်ကိုတော့ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ နောက်ဒါမျိုးမလုပ်ဖို့ သတိပေးပြီး ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

၁၄။ တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမား တစ်ဦးကို ဆိုင်ကယ် လုယူရန် ကြိုးပမ်းမှု ဖြစ်ပွားပြီး ဆိုင်ကယ်သမား ဓါးဒဏ်ရာ ရရှိ
June 17, 2022

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi မောင်းသည့် အမျိုးသားတစ်ဦး အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီး ဆိုင်ကယ်လုယူရန် ကြိုးစားခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့ ဟွေခိုက်ရွာအနီးတွင် ဇွန်လ၏ တတိယပတ်အတွင်း ညနေပိုင်းက ရွှေတာချီခရီးသွားလုပ်ငန်းမှ ကျောနံပါတ် (၆၁၉) ဝတ်ဆင်ထားသည့် ဆိုင်ကယ် Taxi မောင်းသူအား ၎င်း၏ ခရီးသည်ဖြစ်သည့် အမည် မသိ အမျိုးသားတစ်ဦးက ဓါးဖြင့်ထောက်ပြီး ဆိုင်ကယ် လုယူရန် ကြိုးစားရာ ဆိုင်ကယ် Taxi မောင်းသူ ဦးမျိုးလွင်၏ ဘယ်ဘက် နံကြား နှင့် ပေါင်တို့တွင် ဓါးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အတွင်း ချက်ချင်း ပြန်လည်ခုခံနိုင်မှုကြောင့် ဆိုင်ကယ် မပါသွားကြောင်း နှင့် လုယက်ရန် ကြိုးစား သူမှာလည်း ထွက်ပြေးသွားကြောင်း သိရသည်။ ဆိုင်ကယ်လုယက်ရန် ကြိုးပမ်းသူသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်း ဆမ်လောဝ်ကားဂိတ်အနီး ဆိုင်ကယ်ဂိတ်ကနေ မြို့ပြင် ဟွေခိုက် စာသင်ကျောင်းအနီးသို့ လိုက်ပို့ခိုင်းခြင်း ဖြစ်ပြီး ဟွေခိုက်ရွာအနီးတွင် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ် Taxi မောင်းသည့် ဦးမျိုးလွင်ကို ရွှေတာချီလူမှုကူညီရေးအသင်း ဥက္ဌဌ ဖြစ်သူ တာချီလိတ်ခရိုင် ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးဘိုစံက ဆေးကုသစရိတ်အဖြင့် ဘတ်(၂၀၀၀) ထောက်ပံ့သည်ဟု သိရသည်။“ရွှေတာချီအသင်းသားများအနေဖြင့် သတိထားဆိုင်ကယ် ပြေးဆွဲကြရန် ရှေ့တွင်လဲ သတိပေးထားပြီးဖြစ်ရာ မိမိတို့ အသက်အန္တရယ် ရှိ မရှိ သတိထားပြေးဆွဲကြရမည်ဖြစ်ပြီး၊ ခရီသည် (၂)ဦး တင်ဆောင်ခြင်းသည်လည်း လုယက်သူတို့၏ ပစ်မှတ်ဖြစ်နိုင်သောကြောင့် သတိထားပြေးဆွဲ ကြပါရန် ထပ်လောင်း သတိပေးအပ်ပါသည်။”ဟု ရွှေတာချီခရီးသွားလုပ်ငန်း၏ ရွှေတာချီလူမှုကူညီရေးအသင်းက ၂၀၂၂ခုနှစ် ဇွန်လ(၁၆)ရက်နေ့က အသိပေးထားရှိသည်ကို တွေ့ရသည်။ “တာချီလိတ်မှာ ကတော့ အခုလို ဖြစ်စဉ် မကြားရတာ အတော်ကြာခဲ့ပြီ။ ဟိုးအရင်တုန်းကတော့ ဆိုင်ကယ်သမားကို သတ်ပြီး ဆိုင်ကယ် ယူသွားတဲ့ ဖြစ်စဉ်တွေ ခဏခဏ ကြားရတယ်။ အခုတော့ ပြန်ဖြစ်လာပြီ။ ဆိုင်ကယ် Taxi ဆွဲသူတိုင်း သတိထားဖို့လိုပါတယ်။ အခုခေတ်ကာလက အရင်နဲ့မတူဘူး။ ဆိုင်ကယ်ခိုးမှုတွေလည်း နေ့စဉ်နီးပါးဖြစ်နေတယ်။ အခုလိုမျိုး အသက်အန္တရာယ် စိုးရိမ် စရာ ဖြစ်ရပ်တွေလည်း ပေါ်ပေါက်လာနေတယ်။ ရဲတို့ စရဖ တို့ ဆိုတာလည်း သူတို့ အကျိုးအမြတ်အတွက် သူတို့ ဖမ်းချင် တာဆိုရင် လျှောက်ဖမ်းတာ။ ပြည်သူအတွက် အမှန်တကယ် အကာအကွယ် မပေးနိုင်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ လိုတယ်”ဟု ဒေသခံ တစ်ဦးက ဆိုသည်။ https://www.tachileik.net/mm/news/30502

၁၅။ ပျောက်ဆုံးနေသည့် မောင်တောက ပညာရေးဝန်ထမ်းနှစ်ဦးကို ရှာမတွေ့သေး
June 17, 2022

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ မူလတန်းကျောင်းအုပ်တစ်ဦးနှင့် ကျောင်းဆရာမတစ်ဦးသည် မနေ့က ဇွန်လ ၁၆ ရက် နေ့လည် ၁ နာရီခန့်ကပင် ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း သိရသည်။ ပျောက်ဆုံး နေသူများမှာ ကျောင်းအုပ်ကြီး ဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်ပြီး မောင်တောမြို့သို့အသွား လမ်းခရီးတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ၎င်းတို့သည် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ မြို့နယ်ပညာရေးရုံးမှူးရုံးသို့ သွားရောက်စဥ် သင်္ဘောလှကျေးရွာနှင့် ၇ မိုင်ခန့်ဝေးကွာသည့် ကျောက်ချောင်းကျေးရွာအနီးတွင် ပျောက်ဆုံးခြင်းဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ဆိုသည်။ “ဆိုင်ကယ် ပါတာက ၃ စီး၊ လူ က ၆ယောက်၊ နှစ်စီးကတော့ ရန်အောင်ပြင်ရွာလမ်းဆုံကို ရောက် တယ်။ ရန်အောင်ပြင်ကနေပြီး ကျောင်းအုပ်ကြီးနဲ့ ဆရာမကိုစောင့်တယ်။ သူတို့ကတော့ သာယာကုန်းဘက်က ဆရာတစ်ဦး ကိုဝင်ပြီး နုတ်ဆက်ခဲ့သေးတယ်။ ရန်အောင်ပြင်ကို ကျနော်တို့နဲ့ရောက်လာတဲ့ ဆရာတစ်ယောက်က ကျောင်းအုပ်ကြီးတို့ကို ဖုန်းဆက်တယ်။ ဆက်လို့မရဘူး” ဟု သူကဆိုသည်။

“မရတော့ ကျနော်တို့လည်း ပြန်လှည့်ပြီးလာကြတယ်။ ရွာက လူတွေခေါ်ပြီးရှာတော့ ဆိုင်ကယ်ကို ကျွန်းပေါက် ဆင်အိုး နားက ချုံပုတ်ထဲမှာတွေ့ပါတယ်။ ဖုန်းကာဗာတွေတွေ့တယ်။ မနေ့ညက အဲဒီနားမှာ အကုန်လုံးရှာပြီးပါပြီ။ အခုလည်း ရွာသားတွေနဲ့ပေါင်းပြီး ရှာနေပါတယ်”ဟု သူဆက်ပြောသည်။ လက်ရှိတွင် အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးကို အနီး အနားမှ ဒေသခံများနှင့်မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက ရှာဖွေလျက်ရှိနေကြောင်း ဒေသခံများကဆိုသည်။ ထိုသို့ ပျောက်ဆုံးနေသော ကြောင့် အနီးအနားမှဒေသခံများလည်း လုံခြုံမှုမရှိသကဲ့သို့ ခံစားနေရသည်ဟု တောင်ပြိုလက်ဝဲမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ဦးမောင်မောင်ချေက ပြောသည်။ “အနီးအနားက ဒေသခံအနေနဲတော့ စိုးရိမ်တာပေါ့။ ကျနော်လည်းစိုးရိမ် တယ်။ ကျနော်တောင် အဲ့လမ်းက မသွားရဲတော့ဘူး။ ကျနော်တစ်လ တစ်ခါ မောင်တောမြို့ အစည်းအဝေး သွားရတယ်လေ။ အသွားအလာရှိတဲ့ လမ်းမှာ အခုလိုအခင်းဖြစ်တော့ ဘယ်သူမှ သွားရဲတော့မှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

၁၆။ မိုးညှင်းမှာ ရေကြီးလို့ နေအိမ် ၂ဝဝ ဝန်းကျင် ရေမြုပ်
June 16, 2022

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြို့အလယ်ခေါင်ကို ဖြတ်သန်းစီးဆင်းတဲ့ နန့်ရင်းချောင်း ရေလျှံပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးနေလို့ နေအိမ် ၂ဝဝ ဝန်းကျင် ရေမြုပ်နေတယ်လို့ မိုးညှင်းဒေသခံက RFA ကိုပြောပါတယ်။ ရေမြုပ်တဲ့ အိမ်တွေက ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းတွေဆီကို ပြောင်းနေကြရပြီး၊ တချို့ကတော့ အိမ်အပေါ်ထပ်တွေမှာ တက်နေနေရတယ်လို့ ဆိုပါတယ်။ ရေကြီးတာကြောင့် လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။ “မနက်ကစပြီး ရေကြီးတာ၊ အခု ညနေပိုင်းတော့ နည်းနည်းလေး ပြန်တော့ကျတယ်။ အထည်ရောင်း တဲ့ ဆိုင်တစ်ဆိုင်ဆို အကုန်မြုပ်သွားတယ်။ အထည်တွေတောင် အကုန်စိုသွားတယ်။ တချို့တွေက ပစ္စည်းတွေ ရွှေ့နေတယ်။ ရှမ်းဘုန်းကြီးကျောင်းက သံပန်းတွေနဲ့ ဆောက်ထားတဲ့ ဇရပ်ဆောင်တော့ ရေထဲပါသွားတယ်။ မိုးက အခုတောင် ပြန်ရွာမလို အနေအထား၊ ရေကထပ်ကြီးဦးမယ်။ မီးကလည်း ဖြတ်ထားတယ်” လို့ မိုးညှင်းဒေသခံက ဆိုပါတယ်။

“ရေဝပ်တဲ့ အိမ်တွေက အိမ်ခြေ ၂၀၀ လောက်တော့ ရှိမယ်လို့ ခန့်မှန်းတယ်။ အောက်ထပ်က ပစ္စည်းလေးတွေ ရေလွတ်တဲ့နေရာတွေကို ကျနော်တို့ တစ်ပိုင်တစ်နိုင် ရွှေ့ပေးရတာပေါ့။ ထမင်းထုတ်တွေ ဝေတာတွေလည်း ရှိတာပေါ့” လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ တစ်ဦးကလည်း ပြောပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ ရေအနည်းငယ် ပြန်ကျနေပြီ ဖြစ်ပေမယ့် မိုးထပ်ရွာပြီး ရေပြန်ကြီးလာနိုင်တာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ အခုရက်ပိုင်း ကချင်ပြည်နယ်မှာ မိုးကြီးလို့ မိုးညှင်းမှာတင်မကဘဲ ဖားကန့်မြို့မှာလည်း ဥရုချောင်းရေကြီးပြီး ရပ်ကွက်တချို့ ရေဝပ်တာတွေ ရှိခဲ့ပါတယ်။ https://www .rfa.org/burmese/news/flood-in-kachin-state-moenyin-06162022082426.html

၁၇။ ရသေ့တောင်မြို့တွင် လယ်ထွန်နေစဉ်မိုင်းပေါက်ကွဲ၍ လင်မယား ၂ ဦး ထိခိုက်ဒဏ်ရာရ
June 17, 2022

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သာစည်ကုန်းကျေးရွာတွင် ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က လင်မယားနှစ်ဦး လယ်ထွန်နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်၍ ထိခိုက်ဒဏ်ရရာရှိခဲ့သည်။ သာစည်ကုန်ကျေးရွာတွင် နေထိုင်ပြီး လယ်ယာ လုပ်ငန်းကို လုပ်ကိုင်နေကြသည့် အသက် ၅၀အရွယ်အရွယ် ဦးအေးစိန်ထွန်းနှင့် သူ၏ ဇနီးဖြစ်သူ ဒေါ်အေးနုစိန် တို့မှာ အဆိုပါပေါက်ကွဲမှုကြောင့် မိုင်းစများစဉ်၍ ခြေလက်များနှင့် ခန္ဓာကိုယ်များတွင် ထိခိုက်ဒဏ်ရာ ရရှိခဲခြင်း ဖြစ်သည်။ ၎င်းတို့ ၂ဦးမှာ ကျေးရွာရွာနှင့် မနီးမဝေးတွင်ရှိသညါမိမိတို့၏ ပိုင်ဆိုင်သည့် လယ်ကွင်းတွင် လယ်ထွန်ယက်နေစဉ် မိုင်းပေါက်ကွဲပြီး လင်မယား ၂ဦးစလုံးထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု သာစည်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကြီးက Western News ကိုမိန့်သည်။

“လယ်ပြင်က ရွာနဲ့ တစ်ကီလိုမီတာလောက်ဝေးတယ်။ လယ်ထွန်နေရင်းနဲ့ မိုင်းပေါက်လို့ ဇနီးကော ယောင်္ကျားပါပါ ထိခိုက်ဒဏ်ရာရသွားကြတယ်။ လက်တွေနဲ့ မျက်လုံးတွေမှာ ဒဏ်ရရသွားတယ်။ အရမ်းဆိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ပါ ဘူး”ဟုပြောသည်။ လက်ရှိတွင် အဆိုပါထိခိုက်ဒဏ်ရာရရှိသည့် လင်မယား ၂ဦးစလုံးကို ဆေးကုသမှုခံယူရန်အတွက် စစ်တွေဆေးရုံကိုယူဆောင်သွားသည်ဟုလည်း သိရသည်။ သာစည်ကုန်းကျေးရွာတွင် အိမ်ခြေ ၄၀ ကျော်ခန့်သာရှိပြီး ယခင်တိုက်ပွဲ ကာလအတွင်းက ကျေးရွာအနီးကို စစ်တပ်က ဖြတ်သန်းသွားလာမှု၊ ၂၀၂၀ ခုနှစ်အထိ တပ်စွဲနေထိုင်မှုတို့အပြင် တိုက်ပွဲများပါ ဖြစ်ပွားမှုရှိခဲ့သည်ဟုလည်းသိရှိရသည်။ လက်ရှိအထိလည်း ကျေးရွာအနီးရှိ တောင်ဦးတောင်နားတွင် မြန်မာစစ်တပ်က တပ်စွဲ ထားလျက်ရှိနေသည်ဟု ယင်းဒေသခံများကပြောသည်။ မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ခဲ့သည့် ရခိုင်မြောက် ပိုင်းမြို့နယ်များတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သေဆုံးဒဏ်ရာရရှိမှု မကြာခဏဆိုသလိုရှိ လာသည်။ ယခုနှစ် ၂၀၂၂ခုနှစ်တွင် မိုင်းကြောင့်သေဆုံးဒဏ်ရရရှိသူပိုများပြားလာနေသည်ပြီး ၅လကျော်အတွင်းတွင်မူ သေဆုံးဒဏ်ရရှိမှု ၃၀ ကျော် ထက်မနည်းရှိနေပြီဖြစ်သည်။

၁၈။ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ တွေ့ဆုံ
June 16, 2022

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO) ဒုတိယဥက္ကဋ္ဌ ဦးခွန်ထွန်းတင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဇွန် ၁၆ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေ အကြမ်းဖျင်းဆွေးနွေးခဲ့ ပေမယ့် ဒီကနေ့ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းအပေါ် အပြန်အလှန် ဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ PNLO တွဲဖက်အထွေ ထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး ခွန်မင်းသိမ်းက RFA ကို ပြောပါတယ်။ PNLO ကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့တာ ဧပြီ ၂၂ ရက်နေ့ကတည်း ကပါ။ သူ့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်တာ NCA လက်မှတ်ထိုးထားတဲ့ခြောက်ဖွဲ့ နဲ့ NCA လက်မှတ်မထိုးရသေးတဲ့ သုံးဖွဲ့ စုစုပေါင်း ကိုးဖွဲ့ရှိပါတယ်။ အဲဒီထဲက NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (APL)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ NCA လက်မှတ်မထိုးရသေးတဲ့ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နဲ့ မိုင်းလားအဖွဲ့ (NDAA) စုစုပေါင်း ခြောက်ဖွဲ့ကို စစ်ကောင်စီဥက္ကဋ္ဌက လက်ခံတွေ့ဆုံ ထားပါတယ်။ NCA ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ NCA လက်မှတ်ထိုး မထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ကိုလည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ https://www.rfa.org/burmese/news/pnlo

၁၉။ ဆီဆိုင်မြို့နယ် နာနတ်သီး၂လုံးခိုးစားမှုကြောင့် ရွာသားများဝိုင်းရိုက် သေဆုံး
June 17, 2022

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဥ် ကျောင်းချယ်ကျေးရွာတွင် နာနတ်သီး ၂လုံးခိုးစားသည့် အမျိုးသား တစ်ဦးကို ရွာသားများ ဝိုင်းရိုက်သဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန် ၁၄ ရက်တွင် လမ်းဘေးဗူးခွံ လိုက်ကောက် သည့် အသက် ၃၈ နှစ်ရှိ အမျိုးသားတစ်ဦးသည် ဘန်းယဥ် ကျောင်းချယ်ကျေးရွာရှိ နာနတ်သီးခြံထဲမှ နာနတ်သီးကို ခိုးယူသဖြင့် ရွားသားများက ဝိုင်းရိုက်ကာ သေဆုံးသွားကြောင်း နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။ “အစကတော့ ကျောင်း ချယ်ရွာက ပစ္စည်းတွေပျောက်သွားတယ်၊ ဘုန်းကြီးကျောင်းကဟာ သူသွားလှန်းဆွဲတာ ရွာသားတွေကလည်း သူတို့သူခိုးလို့ ထင်ပြီးလိုက်တာ ပြီးတော့ သူများခြံထဲမှာ နာနတ်သီး နှစ်လုံးကို သွားခိုးသေးတယ်။ အဲ့ဒါနဲ့ ရွာသားတွေက သူ့ကို ဝိုင်းရိုက်တာ သေသွားတယ် “ဟု ၎င်းက ပြောသည်။

ထိုသို့ ရပ်ရွာသားများဝိုင်းရိုက်ခံရသော သူခိုးတစ်ဦးအား ဒဏ်ရာပြင်းထန်စွာရပြီး အိမ်ကိုပြန်နိုင်ခဲ့သော်လည်း ခေါင်း၏ ဒဏ်ရာကြောင့် အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။ “ သူရိုက်ခံရပြီး ချက်ချင်းမသေဘူး။ ဆိုင်ကယ်မောင်းနိုင်သေးတယ်။ အိမ်ရောက်မှသူ ဒဏ်ရာပြင်းထန်ပြီး သေသွားတာ၊ သူ့အမေက ဆီဆိုင်ဈေးက အပြန်ပြန်လာပြီး သူသားသေနေတာကို တွေ့ တယ်“ဟု ဒေသခံတစ်ဦးက ပြောသည်။ သို့သော် သူခိုးကို ယခုကဲ့သို့ သေအောင်ရိုက်နှက်ခြင်းသည် အလွန်ဆိုးရွား ကြောင်း၊ နာနတ်သီးခိုးစားခဲ့ပါက သေသည့်အထိရိုက်နှက်ခြင်း မပြုသင့်ကြောင်းလည်း ဆီဆိုင်ဒေသခံ တစ်ဦးက ပြောသည်။ “ တကယ်ဆိုရင် အရင်ဖမ်းပြီး စစ်ဆေးဖို့လိုတယ်။ ဝိုင်းရိုက်တာတော့ မလုပ်သင့်ဘူး။ အခုက နာနတ်သီး ၂လုံးနဲ့ သေသွားရတာ တော့ မဟုတ်သေးဘူး” လို့ ၎င်းက ပြောသည်။ https://burmese.shannews.org/archives/28682

၂၀။ ၁၀ တန်းစာမေးပွဲအောင်စာရင်း ကြည့်ရှုသူနည်းပါး၊ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်
17 June, 2022

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက ဇွန် ၁၇ ရက် ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကနေ မနက်လေးနာရီ ကတည်းက အောင်စာရင်းတွေကို ထုတ်ပြန်ထားပြီး ကျောင်းတွေမှာလည်း အောင်စာရင်းတွေက ကပ်ထားပြီးဖြစ်ပေမဲ့ မနက် ၆ နာရီထိုးမှသာ ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။ ရဲလုံခြုံရေးတွေကို သက်ဆိုင်ရာကျောင်းတွေမှာချထား အောင်စာရင်းလာကြည့်သူ နည်းပါတယ်။ မြန်မာတနိုင်ငံလုံးရှိ စာစစ်ဌာန ၆၉ ခုနဲ့ နိုင်ငံခြားစာစစ်ဌာနနေ ကျောင်းသားပေါင်း ၂၈၁,၇၅၁ ယောက် ဝင်ရောက်ဖြေဆိုရာမှာ ၁၃၂,၀၇၇ ယောက် အောင်မြင်ခဲ့ပါတယ်။ တနိုင်ငံလုံးရဲ့ အောင်ချက်ရာခိုင်နှုန်းက ၄၆ ဒသမ ၈၈ ရာခိုင် နှုန်းရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံးရရှိသူက စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင် အထကမှ မငြိမ်းမို့မို့ထွန်းက စုစုပေါင်းရမှတ် ၅၃၄ မှတ်နဲ့ ပထမရခဲ့ပါတယ်။ ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံး ရရှိသူကတော့ မွန်ပြည်နယ်၊ ဘီးလင်းအထကမှ မောင်ဆန်းဝင်းနောင်ဖြစ်ပြီး စုစုပေါင်းရမှတ် ၅၂၂ မှတ်နဲ့ ပထမရရှိခဲ့ပါတယ်။ သိပ္ပံဘာသာတွဲ အမှတ်အများဆုံးဆုရှင်ကတော့ မန္တလေးတိုင်းဒေသကြီး အထက ၁၆ ချမ်းအေးသာဇံမှ မအိမ့်မှူးခင်ဖြစ်ပြီး စုစုပေါင်းရမှတ် ၅၅၈ မှတ်ဖြစ်ပါတယ်။၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသားဦးရေ အများဆုံးဒေသက ရခိုင်ပြည် နယ်ဖြစ်ပြီး ၄၁,၇၅၅ ‌ယောက် ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ နိုင်ငံအတိုင်းအတာအရ မွန်ပြည်နယ်က အောင်ချက် အကောင်းဆုံး ဖြစ်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းထိ အောင်မြင်ခဲ့ပါတယ်။ မွန်ပြည်နယ်ဟာ အခုတက္ကသိုလ်ဝင် တန်းစာမေး ပွဲ မှာ ဝင်ရောက်ဖြေဆိုသူ ၁၁,၂၁၂ ယောက်ရှိပြီး အောင်မြင်သူ ၆,၄၁၄ ယောက် ရှိခဲ့တာပါ။ စစ်ကောင်စီကျင်းပတဲ့ စာမေးပွဲကို စစ်ကျွန်ပညာရေး ဆန့်ကျင်တဲ့ ကျောင်းသူကျောင်းသား သိန်းချီက ဝင်မဖြေဘဲ သပိတ်မှောက်ထားကြပြီး စစ်ကောင်စီရဲ့ ပညာရေးလုပ်ဆောင်မှုတွေ အားလုံးကို အသိအမှတ်မပြုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကြေညာထား ပါတယ်။ http://burmese.dvb.no/archives/538905

၂၁။ ကချင်တွင် စစ်အစိုးရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ငါးထောင်ကျော်အထိရှိ
June 17, 2022

စစ်အစိုးရ၏ ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ယနေ့ ဇွန်လ ၁၇ရက်နေ့တွင် တနိုင်းငံ လုံးအတိုင်းတာဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူငါးထောင်ကျော်အထိရှိခဲ့ ကြောင်းသိရပါသည်။ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အောင်စာရင်းတွင် ကချင်တစ်ပြည်နယ်လုံးတွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ ကျောင်းသားဦးရေ ၁၁၄၈၃ အထိရှိခဲ့သည့်အနက် ၅၃၂၅ ဦး အောင်မြင်ခဲ့ကြောင်းနှင့် မြစ်ကြီးနားနှင့် ဗန်မော်သည် အောင်ချက်အများဆုံးဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားမြို့နယ်တွင် ကျောင်းသား ၁၂၆၈ ဦးအောင်မြင်ပြီး ဗန်းမော်မြို့နယ်မှ ၁၀၅၃ ဦးအထိအောင်မြင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရပါသည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုရန် ၁၂၇၈၇ ဦး စာရင်းရရှိခဲ့ သော်လည်း စာမေးပွဲတွင် ၁၁၄၈၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ဆက်သိရပါသည်။

၂၀၂၁-၂၀၂၂ ခုနှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ့်မြို့နယ်နှင့် ပူတာအိုဒေသဖြစ်သည့် ခေါင်လန်ဖူး တို့တွင် အောင်ချက် ရာခိုင်နှုန်းအနည်းဆုံးဖြစ်ပြီး ဆွမ်ပရာဘွမ့်မြို့နယ်မှ ၁၁ ဦး၊ ခေါင်လန်ဖူးဒေသမှ ၉ ဦးတို့သာအောင်မြင်ခဲ့ကြောင်းသိရပါသည်။ စစ်ကောင်စီအစိုးရ၏ ၂၀၂၁-၂၀၂၂ ခုနှစ် ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၃၁ ခုအထိဖွင့်လှစ် ဖြေဆိုနိုင်ခဲ့ကြပြီး အင်ဂျန်းယန်နှင့်ဆော့လော် စသောမြို့နယ် ၂ ခုတွင် ကျောင်းအပ်နှံသူမရှိသည့် အတွက်ဝင်ရောက် ဖြေဆို သူမရှိခဲ့ပေ။ https://burmese.kachinnews.com/2022/06/17/jun17-az1/

၂၂။ ကျောက်မဲမြို့နယ် စစ်ရှောင်ထဲ RCSS တပ်သားရှိသည့်ဟုဆိုကာ TNLA ဝင်ရောက်စစ်ဆေးမည်ဟု ခြိမ်းခြောက်
June 16, 2022

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းမူးကျေးရွာတွင် နေထိုင်သည့် စစ်ရှောင်များကြားတွင် RCSS/SSA တပ်သားများရှိသည်ဟုဆိုကာ TNLA ဝင်ရောက်စစ်ဆေးမှု ကြမ်းနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဆေးမှုသည် လွန်ခဲ့သည့် ဇွန် (၁၃) ရက်နေ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ‌ကောင်းမူးကျေးရွာ အုပ်ချုပ်ရေး မှူးကို လာရောက်ခေါ်ဆောင်သွားပြီး ကျေးရွာအတွင်း RCSS တပ်ဖွဲ့ရှိသည်ဟုဆိုကာ လာရောက် ဝန်ခံခိုင်းကြောင်း၊ RCSS တပ်သားများကို လာမည့် ဇွန် ၁၇ ရက် တွင်လာရောက်ပို့ထားခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။ “၁၃ ရက်နေ့ ညတုန်းက အုပ်ချုပ်ရေးမှူးကို သူတို့လာခေါ်သွားတယ်။ ကျနော်တို့ စစ်ရှောင်တွေကြားမှာ RCSS တပ်သားတွေရှိနေတယ်ဆိုပြီး သူတို့က သွားဝန်ခံခိုင်းတာ။ ပြီးတော့ အဲ့တပ်သားတွေကိုလည်း ၁၇ ရက်နေ့သွားပို့ ခိုင်းတာ။ မလာပို့ဘူးဆိုရင် သူတို့ရွာထဲမှာ ဝင်လာ ဖမ်းမယ်တဲ့” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

RCSS တပ်သားများကို ဇွန် ၁၇ တွင် မပို့ဆောင်နိုင်ပါက ကျေးရွာအတွင်းသို့ TNLA တပ်သားများက ကိုယ်တိုင် လာရောက်ရှာဖွေမည်ဖြစ်ပြီး ကျန်ရှိနေသည့် စစ်ရှောင်များကိုလည်း ဖမ်းဆီးသွားမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။ လက်ရှိ ကျေးရွာအတွင်းတွင် RCSS တပ်သားများ မရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သို့သော် သျှမ်းသံတော်ဆင့် သတင်းဌာနမှ RCSS တပ်သားရှိ ၊ မရှိကို အတည်မပြုနိုင်သေးပေ။ ကျောက်မဲမြို့နယ်မှ စစ်ရှောင် “တကယ် လည်း ရွာထဲမှာ RCSS တပ်သားတွေက မရှိပါဘူး။ သူတို့က ရှိတယ်ပြောပြီးတော့ သွားပို့ခိုင်းနေတာ။ မပို့ပေးရင် သူတို့လာဖမ်း မယ်တဲ့။ ရွာထဲဝင်လာပြီးတော့ ကိုယ်တိုင်လာဖမ်းမယ်တဲ့။ အခုဆို ကျမတို့ ထွက်ပြေးနေရပြီ။ အထုတ်တွေပြင်နေပြီးတော့ ထွက်ပြေးရတော့မယ်” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦး ကပြောပြသည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဗိုလ်မှူးမိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်လို့မရရှိပေ။ https:// burmese.shannews.org/archives/28671

၂၃။ စာသင်ကျောင်းအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားခြင်းကြောင့် ဘုန်းကြီးကျောင်း၌ ပြောင်းရွှေ့စာသင်နေရ
June 15, 2022

ကော့ကရိတ်မြို့နယ် တောင်ကြာအင်းစံပြကျေးရွာ အထက်ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲ နေထိုင်ခြင်းကြောင့် ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသားများ ရွာဘုန်းကြီး ကျောင်းထဲ၌ ပြောင်းရွှေ့စာသင် နေကြရသည်ဟု ဒေသခံများက ပြောသည်။ တောင်ကြာအင်းအထက်တန်းကျောင်းသည် ယခုနှစ်တွင် စစ်ကောင်စီ ပညာရေး အစီအစဉ်ဖြင့် ပြန်လည်ဖွင့် လှစ်သည့် စာသင်ကျောင်းဖြစ်သော်လည်း ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်များမှာ နေရာပြောင်းရွှေ့ပေးခြင်းမရှိသည့်အတွက် ဘုန်းကြီးကျောင်း၌သာ ကျောင်းပြန်လည်ဖွင့်လှစ်နေရခြင်းဖြစ် သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “ လူကြီးတွေသွားညှိသေးတယ်။ သူတို့က ပြောင်းမယ်ဆိုပြီး ကျောင်းဖွင့်တော့ မပြောင်းပေးတော့ဘူး။ ကျောင်းမှာ ကျောင်းသုံးပစ္စည်းစာအုပ်တွေ၊ ခုံတွေသွားယူတောင်မှ ပေးမဝင်ဘူး။ ကျောင်းဝင်းတစ်ခုလုံးကို အပိုင်စီးလိုက်တယ်။ လူထုတွေက ကြောက်ရတော့ ဘာမှမပြောရဲဘူး။ သူတို့အင်အားက ၅၀ အထက်တော့ရှိမယ်။ အတိအကျတော့မသိရဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စာသင်ကျောင်းဝင်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့များသည် နေရာပြောင်းရွှေ့ပေးခြင်းမရှိသည့်အပြင် ယခုအချိန် တွင် တပ်အင်အားပါ ထပ်မံတိုးချဲ့လာသည့်အတွက် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့နှင့် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံရွာသားများက စိုးရိမ်လျက်ရှိသည်။ “ ကလေး တွေကို ဘုန်းကြီးကျောင်းမှာ ကျောင်းပေးတက်ပေမယ့်လည်း သိပ်မလုံခြုံဘူးလို့ ခံစားရတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်တပ်တွေက ကျောင်းဝင်းထဲမှာ အင်အားတိုးချဲ့ပြီး နေထိုင်နေတုန်းပဲဆိုတော့ ဘယ်တော့ ပစ်ကြ ခတ်ကြမလဲ၊ ပြီးတော့ အရင်လတွေက ဘုန်းကြီးကျောင်းဝင်းထဲမှာ လက်နက်ကြီးတွေ ခဏခဏကျ တာရှိတယ်ဆိုတော့ ဘယ်တော့လက်နက်ကြီးနဲ့ပစ်မလဲ စိုးရိမ်နေ ရတယ် ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ တောင်ကြာအင်းအထက်တန်းကျောင်းသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်ပြန့်ပွားသည့်ကာလနှင့် စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ၂ နှစ်ကြာ ကျောင်းပိတ် ထားပြီးနောက် ယခုနှစ်မှ စစ်ကောင်စီပညာရေးအစီအစဉ်ဖြင့် ကျောင်းကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။ ယခုနှစ် ပညာသင် နှစ်တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား ဦးရေ စုစုပေါင်း ၂၀၀ ကျော်ရှိသည်ဟု ဒေသခံထံမှ သိရသည်။ https://kicnews.org/2022/06/%e1%80%85%e1%80%ac%e1%80%9e%e1%80%84%e1%80%ba%e1%80%80%e1

၂၄။ စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့ခံ ၃ ဦးကို ဖမ်းဆီးပြီး တမြို့လုံးပိတ်ဆို့စစ်ဆေးနေ
17 June, 2022

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်က မြို့ခံ ၃ ဦးအထိ ဖမ်းဆီးထားပြီး ဇွန် ၁၇ ရက် ဒီနေ့မနက်ကစပြီး မြို့လုံးကျွတ် ဝင်ရောက်ရှာဖွေနေတာကြောင့် စျေးတွေပါ ပိတ်ထားရကာ လမ်းတွေမှာလည်း ပိတ်ဆို့စစ်ဆေးနေတယ်လို့ ပုဏ္ဏားကျွန်းမြို့ခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့ခံ ဦးမောင်လှသိန်းက “ဒီနေ့ မိုးလင်းကတည်းက စစ်သားတွေ ရပ်ကွက် ထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ရှိနေတယ်။ လမ်းတွေမှာလည်း ပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေး နေတာကြောင့် လူတွေ အိမ်ပြင်မထွက်ကြတော့ဘူး။ စျေးလည်း ပိတ်ထားတယ်” လို့ ပြောပါတယ်။

ဇွန် ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် ခလရ ၅၅၀ စစ်တပ်က သေနတ်တွေနဲ့ပစ်ပြီး မြို့ဝင်မြို့ထွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးတာတွေပြုလုပ်ပြီး အခင်းဖြစ်ပွားရာ ထွေအုပ်ရုံးရှေ့က ဆောက်လုပ် ရေးဆိုင်ရှင် အပါအဝင် မြို့ခံ ၂ ဦးကို ထပ်မံဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က ဖမ်းဆီးထား သူ ၃ ဦးမှာ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှင် ဦးဘုလှိုင်၊ စံပြရပ်ကွက်မှ ဦးဝင်းမောင်သန်းနဲ့ မြို့သစ်ရပ်ကွက်မှ ဦးကျော်မင်း တို့ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ လက်ရှိ ပုဏ္ဏကျွန်းမြို့မှာ လူအသွားအလာမရှိဘဲ တိတ်ဆိတ်နေတယ် လို့ သိရပါတယ်။ http://burmese.dvb.no/archives/538910

၂၅။ မေလအတွင်း NUG က လူသားချင်းစာနာမှု အကူအညီကျပ် ၂၀၈ သန်းကျော် ထောက်ပံ့
17 June, 2022

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလအတွင်း လူသားချင်းစာနာမှု အကူအညီကျပ် ၂၀၈ ဒသမ ၇၄ သန်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ တယ်လို့ ထုတ်ပြန်ပါတယ်။ NUG အစိုးရအနေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးမှာ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက် ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေ၊ အကူအညီလိုအပ်နေတဲ့ မသန်စွမ်းတွေအပါအဝင် ထိခိုက်လွယ်အုပ်စုတွေအပါအဝင် အကြောင်းကိစ္စအမျိုးမျိုး ကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေကို မိတ်ဖက်အသီးသီးနဲ့ လက်တွဲချိတ်ဆက်ကာ အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ပေးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ထောက်ပံ့မှုမှာတော့ စစ်ကိုင်းတိုင်း၊ ကရင်နီ(ကယား)နဲ့ ကရင်ပြည်နယ် ၃ ခုကို ထောက်ပံ့မှု အများဆုံးပြုလုပ်ခဲ့ပြီး ယာယီစစ်ဘေးရှောင်စခန်းတွေက လူဦးရေ ၂၅၇,၃၀၁ ယောက်ကို ထောက်ပံ့နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ စစ်ဘေးရှောင်တွေကို ၁၃၀ ဒသမ ၂၉ သန်း၊ ကျဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ၂၀ ဒသမ ၇၄ သန်း၊ CDM ဝန်ထမ်းတွေကို ၁၄ ဒသမ ၃၆ သန်း၊ ထိခိုက်လွယ်ပြည်သူတွေနဲ့ မိသားစု ဝင်တွေကို ၁၉ ဒသမ ၇၉ သန်းနဲ့ အထွေထွေ လူသားချင်းစာနာမှုအကူအညီတွေအတွက် ၂၃ ဒသမ ၅၆ သန်းစီ ထောက်ပံ့ နိုင်ခဲ့တာပါ။ ခုလို ထောက်ပံ့မှုတွေကို စစ်တပ်ရဲ့ အတားအဆီး အမျိုးမျိုးကြားက ဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေ လက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေနဲ့ စေတနာ့ဝန်ထမ်း ပြည်သူ တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင် စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။ http://burmese.dvb.no/arc hives/538961

၂၆။ ယခုနှစ်အစိုးရဓမ္မာစရိယစာမေးပွဲ အောင်ချက်အလွန်နည်းပါး
June 16, 2022

၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် စာဖြေသံဃာ ၁၇၀၀၀ ကျော်ရှိသည့်အနက် ၁၃၀၀ နီးပါး ရ ဒသမ ၅ ရာခိုၚ်နှုန်းသာအောင်မြင်သဖြင့် အောင်ချက်အလွန်နည်းပါးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ်ကာလ ဓမ္မာစရိယစာမေးပွဲတွၚ် အောၚ်မြၚ်သူ ရ၆ ရာခိုၚ်နှုန်းကျော်၊ ၂၀၂၁ ခုနှစ်တွၚ် ၁၈ ဒသမ ၅ ရာခိုၚ်နှုန်းရှိခဲ့ကြောၚ်း သိရသည်။ သံဖြူဇရပ်မြို့ နန္ဒဝန်စာသၚ်တိုက်မှ ဆရာတော် ခေမာနန္ဒက “အစိုးရက ကျၚ်းပတဲ့စာမေးပွဲဆိုတော့ အရှိန်အဝါကြီးစေလိုလို့ အလွယ်တကူ မအောၚ်နိုၚ်ဘူးဆိုတာ ပြချၚ်လို့ သိက္ခာကို ထိန်းကြတဲ့သဘောမှာရှိတယ်။ ဒီနှစ်မေးခွန်းက သိပ်မခက်ဘူး။ အောၚ်စာရၚ်းမထွက်ခၚ်က ကျမ်းပြီးစာရၚ်းဆိုပြီး အွန်လိုၚ်းမှာ ပေါက်ကြားတာက (၆၀၀) ပါးကျော်တယ်။ ဒီနေ့အောၚ်စာရၚ်း ထွက်တော့ ၂၆၀ ကျော်ပဲရှိတယ်။ အရၚ်နှစ်တွေ အောၚ်မြၚ်သူများသွားလို့ ဒီဘက်နှစ်တော့ သေသေချာချာ ပြန်စိစစ်လိုက်လို့ ရှုံးတဲ့သူများတယ်လို့ ယူဆစရာရှိတယ်” ဟု မိန့်ကြားသည်။

အလားတူ မွန်ပြည်နယ်တွၚ် ဖြေဆိုသူ ၁၂၀၀ ပါးကျော်ရှိပြီး ကျမ်းရၚ်း ၃ ကျမ်းအောၚ် ကျမ်းပြီး ဓမ္မစရိယဘွဲ့ရသံဃာ ၂၇ ပါး၊ ကျမ်းရၚ်း ၂ ကျမ်းအောၚ် ၂၅ ပါးနှၚ့် ကျမ်းရၚ်း ၁ ကျမ်းအောၚ် ၄၃ ပါး စုစုပေါၚ်း အောၚ်မြၚ်သူ ၉၅ ပါးသာရှိပြီး အောၚ်ချက် ၈ ရာခိုၚ်နှုန်းနီးပါးရှိကြောၚ်း သိရှိရသည်။ စာစစ်အဖွဲ့ဝင် ဆရာတော်တစ်ပါးက “မေးခွန်းတွေက သိပ်မခက်ပါဘူး။ မဖြေနိုၚ်လို့ ကျတာပဲ။ အရည်အချၚ်းမပြည့်မီဘူး။ အစိုးရဘက်က ချလို့ကျတာမဟုတ်ဘူး။ မဖြေနိုၚ်လို့ကျတာပါ။ မွန်သံဃာတော်တွေပဲ အောၚ်ချက်နည်းနေတာ မဟုတ်ဘူး။ တစ်နိုၚ်ငံလုံးလိုလို အောၚ်ချက်မကောၚ်းဘူး” ဟု မိန့်ကြားသည်။ https://burmese.monnews.org/2022/06/16/%e1%80%9a%e1%80%81%e1%80%af%e1%80%94%e1%80%be%e1

၂၇။ လောင်းလုံးတွင် စစ်ကောင်စီတပ်က နေအိမ်တလုံးကို မီးရှို့ပြီး ပြည်သူ ၄ ဦးကို ပစ်ခတ်
17 June, 2022

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းမှာ ဇွန် ၁၆ ရက်ညက စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ်တလုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ ရှိသူ တွေက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ဇွန် ၁၆ ရက် ည ၁၀ နာရီလောက်က လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာ အတွင်းကို သေနတ်ပစ်ခတ် ဝင်ရောက်ပြီး နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေအိမ်ရှိ အသက် ၃၀ ကျော်အရွယ် မနွယ်နီဌေးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းတနေရာမှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ကာ စွန့်ပစ်ထားခဲ့တယ် လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကနေ ထုတ်ပြန်ထားပါတယ်။ မနွယ်နီဌေးကတော့ အသက် သေဆုံးခြင်းမရှိဘဲ လက်ရှိ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအနေနဲ့ တက်ရောက်ကုသနေရတယ်လို့ နီးစပ်သူ တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ အခုလိုလုပ်ရပ်နဲ့ပတ်သက်ပြီး ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တဦးက “ဘာမှအပြစ် မရှိတဲ့ အရပ်သားပြည်‌သူတွေကို ကြက်ကလေး ငှက်ကလေး သတ်သလိုသတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီး‌နေတာတွေဟာ ဖက်ဆစ်မှ တကယ့်ဖက်ဆစ်‌ပါပဲ။ ဒါပေမဲ့ ကျနော်တို့ပြည်သူ‌တွေဟာကြောက်ပြီး ငြိမ်သွားမယ့်အစားထဲက မဟုတ်ဘူး။ ကျနော်တို့ မှာ ရွေးချယ်စရာဆိုလို့ တခုပဲရှိတယ်။ အဲဒါက လွတ်မြောက်မှုအတွက် တော်လှန်ပုန်ကန်ဖို့ပါပဲ” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ဇွန် ၁၇ ရက်၊ မနက် ၁ နာရီလောက်မှာတော့ ဂေါ့အင်းကျေးရွာက နေအိမ်တလုံးကို သေနတ် ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၄၁ နှစ်အရွယ်ရှိ မအေမီဖြိုးဝေကို အနီးကပ်ပစ်ခတ်ခဲ့လို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အသက် ၂၀ အရွယ် လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကို ထပ်မံပစ်ခတ်ခဲ့လို့ တဦး သေဆုံးပြီး တဦးအပြင်းအထန်ဒဏ်ရာရရှိကာ လက်ရှိ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ် လို့ နီးစပ်သူတွေက ပြောပါတယ်။ http://burmese.dvb.no/archives/538889

၂၈။ လူ့အသက်တွေကို လေးစားကြဖို့ မြန်မာခရစ်ယာန်ဘုန်းတော်ကြီးတွေ တိုက်တွန်း
June 16, 2022

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်း၊ လူ့အသက်တွေကို လေးစားကြဖို့ မြန်မာခရစ်ယာန်ဘုန်းတော်ကြီး တွေက တိုက်တွန်းလိုက်ကြပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲအပေါ် ကမ္ဘာက အာရုံစိုက်နေချိန်မှာ မြန်မာနိုင်ငံ အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရ၊ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ အဲဒီလိုအခြေအနေမှာ ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက မြန်မာနိုင်ငံ ရိုမန်ကက်သလစ်ညီလာခံကို ရန်ကုန်မြို့မှာ ဇွန်လ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကိစ္စက အဓိက အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့ပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ စစ်တပ အာဏာသိမ်း ခဲ့ကတည်းက၊ အရပ်ဘက်ပြည်သူ ၁၉၀၀ ကျော် သေဆုံးခဲ့ရပြီး တစ်သောင်းတစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရ၊ ပြည်သူ ရှစ်သိန်း ကျော် ပြည်တွင်းနေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။ ကယားနဲ့ချင်းပြည်နယ်တွေမှာလည်း ခရစ်ယာန်ဘုရားကျောင်းတွေ ပစ်မှတ် ထားတိုက်ခိုက်ခံနေရတဲ့အတွက် ခရစ်ယာန်တွေအပါအဝင် ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့ကြရ ကြောင်း ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန် ကက်သလစ်ဘုရားကျောင်းက ပြောပါတယ်။ အကူအညီတွေ လိုအပ်နေတဲ့ ဒုက္ခသည် တွေအတွက် ဘာသာလူမျိုးမရွေး၊ ကူညီရေး အစီအစဉ်တွေကို ဒေသခံပြည်သူတွေနဲ့အတူ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း လည်းပြောပါတယ်။ https://www.rfa.org/burmese/news/burmese-bishops-call-for-respect-of-human-life-in-ongoin g-w ar- in-myanmar-06152022201621.html

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **