• Today is: Friday, March 29, 2024

မြန်မာ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို အုပ်စုသုံးခုဖြင့် ပိုင်းခြားကြည့်ခြင်း

                                                                                            ဆလိုင်းထောင်း

 

မိမိတို့နိုင်ငံသည် လက်ရှိမှာ တစ်ပြည်လုံးအတိုင်းတာဖြင့် ပြည်တွင်းစစ်(full-scale civil war) ဖြစ်နေပြီဟု ဆိုနိုင်သည်။ လွတ်လပ်ရေးရခါစ ၁၉၅၀ ဝန်းကျင်အနေအထားမျိုးဟု ဆိုရမည်။ ၁၉၆၀ ခုနှစ် မှ ၂၀၂၀ ကြား နှစ်ပေါင်း ၆၀ ကာလကိုတော့ ပြည်တွင်းစစ်ဟုဆိုသော်ငြား တိုင်းရင်းသားဒေသမှာသာ အဓိက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူဦးရေအများစု နေထိုင်သည့် ပြည်မတွင်မူ အတန်အသင့် တည်ငြိမ်ခဲ့သည်။

လက်ရှိတော်လှန်ရေး ပြည်တွင်းစစ်ဆင်နွဲနေသည့် လက်နက်ကိုင်အဖွဲ့များကို အခြေခံအားဖြင့် အုပ်စု သုံးခုဖြင့် ပိုင်းခြားနိုင်သည် –

(က) ကိုယ့်အမျိုးသားလွတ်မြောက်ရေးကိုသာ အာရုံစိုက်သည့်အဖွဲ့များ

အခြေခံအားဖြင့် အေအေ (ULA/AA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် ရှမ်းပြည်နယ် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော UWSA (ဝတပ်ဖွဲ့)၊ NDAA(မိုင်းလား)၊ RCSS/SSA (ရှမ်း)၊ SSPP/SSA(ရှမ်း)နှင့် TNLA (တအာင်း)နှင့် PNLO (ပအိုစ့်) အဖွဲ့များသည် လက်ရှိတစ်ပြည်လုံး ဆင်နွဲနေသော နွေဉီးတော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပူးပေါင်းခြင်းမရှိကြပေ။ သူတို့အနေဖြင့် ဤလမ်းကြောင်းကို မျှော်လင့်ချက် မရှိသည်လည်း ဖြစ်နိုင်သလို တစ်နိုင်ငံလုံးအရေးကို စိတ်ဝင်စားမှု သိပ်မရှိသည်လည်း ဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် ပြည်မမှ တီးမှုတ်သည့်သံစဉ်ကို ရင်မခုန်တော့ဘဲ ကိုယ်ပိုင်တီးဝိုင်းဖြင့် ကိုယ့်ဇာတ်ကိုယ်သာ  ‘က’လိုတော့သည့်သဘော ဖြစ်သည်။

(ခ) စစ်အာဏာရှင်ဖြုတ်ချရေးကိုသာ အာရုံစိုက်သည့်အဖွဲ့များ

စစ်အာဏာသိမ်းမှုနှင့်အတူ ‌ပေါက်ဖွားလာသည့် NUG အစိုးရနှင့် ပြည်မတွင် ဖွဲ့စည်းသော ဒေသ/ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)များသည် အခြေခံအားဖြင့် စစ်ကောင်စီကျဆုံးရေးကို အလေးပေးသည့် အဖွဲ့များဟု သတ်မှတ်နိုင်သည်။ သူတို့အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုလည်း အလေးပေးသည်ဟု ဆိုသော်ငြားလည်း တိုင်းရင်းသားဘက်က အပြည့်အဝ ယုံကြည်စိတ်ချရန် ခက်ခဲနေသေးသည်။ အလားတူ တိုင်းရင်းသားဒေသရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များထဲမှာလည်း စစ်ကောင်စီ ကျဆုံးရေးကိုသာ အလေးပေးသည့် အဖွဲ့များရှိသည်။

(ဂ) အမျိုးသားလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်ကျဆုံးရေး ဒွန်တွဲ၍ တိုက်ပွဲဝင်သည့်အဖွဲ့များ

တတိယအုပ်စုအနေဖြင့် ချင်း(CNF)၊ ကချင်(KIO)၊ ကရင်(KNU)၊ ကရင်နီ(KNPP)နှင့် ကိုးကန့်(MNDAA)အဖွဲ့တို့သည် ကိုယ့်အမျိုးသား အချုပ်အခြာနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး ရည်မှန်း ချက်ဖြင့် ဖွဲ့စည်းရပ်တည်သည့်အဖွဲ့များ ဖြစ်ကြသော်လည်း တစ်ဖက်မှာ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် နွေဉီးတော်လှန်ရေးကို တစိုက်မတ်မတ် ပူးပေါင်းရပ်တည်ပေးကြသည်။ တစ်ချို့က မေးခွန်းထုတ်တာတော့လည်း ရှိပါသည်။ KIA လိုအဖွဲ့က NUG/PDF ကူညီမှု(အထူးသဖြင့် စစ်ကိုင်းတိုင်း)သည် သူ၏ စစ်ဗျူဟာ အကျိုးစီးပွားသာ ဖြစ်သည် စသည်ဖြင့်။ မည်သို့ပြင်ဆိုစေ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တောင်လှန်ရေးအဖွဲ့ တစ်ချို့၏ NUG/PDF များ ကူညီမှုနှင့် စစ်မျက်နှာဖွင့်နေမှုသည် အများပြည်သူက ကြိုဆိုထောက်ခံကြသည်မှာ ငြင်းလို့မရပေ။

ခြုံငုံသုံးသပ်ချက်

ယခုကဲ့သို့ အုပ်စုပိုင်းခြားမှု(categorize)သည် အတိအကျတော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မည်။ ဉပမာ နွေဉီးတော်လှန်ရေးနှင့်အတူ ‌ပေါက်ဖွားလာသည့် တိုင်းရင်းသားဒေသ ကာကွယ်ရေးအဖွဲ့ ကြီးများဖြစ်သည့် ကရင်နီ(KNDF)နှင့် ချင်း(CJDC)အဖွဲ့များသည် စစ်ကောင်စီကျဆုံးရေး အသာပေးသည့် အုပ်စုလော၊ တတိယအုပ်စုဖြစ်သည့် အမျိုးသားရေးနှင့် နွေဉီးတော်လှန်ရေး ဒွန်တွဲသည့်အဖွဲ့လော အတိအကျသတ်မှတ်လို့ မလွယ်သေးပေ။ အလားတူ ယခုနောက်ပိုင်းမှာ NUG နှင့် ပိုပိုဆက်ဆံလာပြီး စစ်ကောင်စီနှင့် ပွတ်တိုက်မှုများလာ သည့် AA အဖွဲ့သည်လည်း ခန့်မှန်းရခက်နေပါသည်။

သေချာသည်မှာ ဤကဲ့သို့ အုပ်စုကွဲ၊ အင်အားကွဲနေမှုသည် စစ်ကောင်စီ၏ အကြိုက်ဖြစ်သည်။ ဤအချိန် မှာ ကျန်တော်တို့က အဘယ်ကြောင့် မစုစည်းနိုင်သနည်း။ အတိတ်ကအနာဟောင်းမည်မျှပြင်ရှိလင့်ကစား၊ နိုင်ငံရေးအနာဂတ်ပန်းတိုင် မည်သို့ပြင် ကွာခြားနေစေကာမူ၊ နှစ်ပေါင်း ၆၀ ကျော်ကြာ တိုင်းရင်းသား ပြည်သူ အားလုံး၏ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်(စကစ)ကျဆုံးရေးမှာ အဖွဲ့အားလုံး ဘုံရပ်တည်ချက် မရှိသင့်ဘူးလား။ မရှိနိုင်ဘူးလား။ စစ်အာဏာရှင်နှင့် ထာဝရ မိတ်ဆွေဖြစ်လို့မရသည့်အတွက် ဒီနေ့မှာ အများပြည်သူနှင့်အတူ စစ်ကောင်စီကို မတိုက်လျှင် နက်ဖြန်မှာ ဤစစ်တပ်ကို တစ်ဉီးတည်း ရင်ဆိုင်ရမည်ကိုလည်း သတိချက်ရမည်။

                                                                                                                      —၀၀၀—

#ဖက်ဒရယ်ဂျာနယ်

#အတွေးအမြင်