• Today is: Sunday, June 26, 2022

အရပ်သားများအပေါ် စစ်ကောင်စီရဲ့ ကျူးလွန်မှုများဟာ စစ်ကိုင်းတိုင်းက ဖြစ်ရပ်ထက် တိုင်းရင်းသားဒေသများ၌ ကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်က ပိုဆိုးခဲ့တယ်လို့ KWAT ပြော

Getty Images

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၂၁

အရပ်သားပြည်သူများကို စစ်ကောင်စီတပ်က ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများဟာ စစ်ကိုင်းတိုင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ထက် တိုင်းရင်းသားဒေသများ၌ ပိုပြီး ဆိုးဝါးစွာ ကြုံတွေ့ခဲ့၊ ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ ကချင်အမျိုးသမီးအစည်း အရုံး(ထိုင်းနိုင်ငံ)- KWAT ရဲ့ ပြောခွင့်ရ မွန်းနေလီက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

“ကျမတို့ KWAT အနေနဲ့ အထူးသဖြင့် ကချင်နဲ့ ရှမ်းမြှောက်ဒေသတွေက စစ်ကောင်စီရဲ့ အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူသားဖြစ်မှုဆန့်ကျင်တဲ့ကျူးလွန်မှုများကို ဆယ်စုနှစ်များကြာအောင် ကျူးလွန်ခဲ့တဲ့ သက်သေခံ မှတ်တမ်းများကို စုစည်းကောက်ခံသာကို ပြုလုပ်ခဲ့ ပါတယ်။ အဲဒီထဲမှာ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှု ဖြစ်ရပ်အမျိုးအစားတွေကို ပြန်စမ်းစစ်ကြည့်တဲ့အခါ အထူးသဖြင့် ၂၀၁၁ ခုနှစ် စစ်ရေးပြန်လည် တင်းမာလာပြီးနောက် စစ်ကောင်စီတပ်က ကချင်လူထုတွေ နေထိုင်တဲ့ဒေသတွေမှာ ပုံစံမျိုးစုံနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ပါတယ်” ဟု ပြောပါတယ်။

“အထူးသဖြင့် (၂၀၁၇-၂၀၁၈) ခုနှစ်က မုံးကိုးမြို့တခုလုံး ပြာကျသွားအောင်ဖျက်ဆီးခဲ့သလို၊ ဒေသခံအရပ်သားများ အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်းဖျောက်ခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ရွာသားများ (၂၀၀) နီးပါးကို မုံးကိုး ဗျူဟာကုန်းပေါ် ခေါ်သွားပြီး လူသားဒိုင်း ပြုလုပ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေ ဖြစ် ပေါ်ခဲ့တယ်၊ (၂၀၁၅) ခုနစ်က မူဆယ်ကောင်းခါး ကျေးရွာ၊ နန်တောင်းအုပ်စုမှာ စေတနာ့ ဝန်ထမ်း ကချင်ဆရာမလေး နှစ်ဦး ရက်ရက်စက်စက် သတ်ဖြတ် မုဒိမ်းကျင့်ခံခဲ့ရတယ်။ ပြီးတော့ လသာအရွယ် မိခင် ဆွတ်လွတ်ရွယ်ဂျားကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ယနေ့ချိန်ထိ ပျောက်ဆုံးသွားတဲ့ဖြစ်ရပ်နှင့် ဖားကန့်က ၉ တန်းကျောင်းသူလေး ပစ်ခတ်ခံရပြီး သေဆုံးတဲ့ဖြစ်ရပ် အစရှိတဲ့ ဖြစ်ရပ်ပေါင်းသောင်းခြောက်ထောင် ဖြစ်ပွားခဲ့ပါတယ်။ ကချင်ဒေသ တခုတည်းမဟုတ်ပဲ ရှမ်းပြည်ဒေသမှာလည်း အလားတူ ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရတယ်” ဟု ဆက်ပြောပါတယ်။

တိုင်းရင်းသားဒေသမှ ကြုံတွေ့နေရတဲ့ စစ်ရာဇဝတ်မှုအမျိုးအစားများ (ကိုးကား-Legal Aid Network- War Crime Report )

၁။ စစ်ရေးလှုပ်ရှားမှုများမှ ကင်းလွတ်ခွင့်ပေးရမည့်အရပ်သားများ သို့မဟုတ် အခြားကာကွယ်စောင့်ရှောက်မှု ပေးရမည့်လူပုဂ္ဂိုလ်များကို နေရာဒေသများ၊ ဧရိယာများ သို့မဟုတ် စစ်တပ် တပ်ဖွဲ့များ၏ အကာ အကွယ် (လူသားဒိုင်း)အဖြစ် အသုံးပြုခြင်း။

၂။ ခုခံ၊ အကာအကွယ်မရှိသော သို့မဟုတ် စစ်ရေးပစ်မှတ် မဟုတ်သော မြို့များ၊ ကျေးရွာများ၊ နေရာများ သို့မဟုတ် အဆောက်အဦးများကို တနည်းနည်းဖြင့် တိုက်ခိုက်ခြင်း သို့မဟုတ် ဗုံးကြဲခြင်း။

၃။ တိုက်ခိုက်မှုများတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသော အရပ်သားများ သို့မဟုတ် အရပ်သားတဦးချင်းကို ပစ်မှတ်ထား၍ တိုက်ခိုက်ရန် ညွန်ကြားခြင်း။

၅။ ငြင်းပမ်း နှိပ်စက် သတ်ဖြတ်ခြင်း၊ ကိုယ်ခန္ဓကိုယ် အစိတ်အပိုင်းများဖြတ်တောက်ခြင်း၊ ရက်စက်သောပြုမှုဆက်ဆံမှုနှင့် နှိပ်စက်ခြင်း။

၆။ ဘာသာရေး၊ ပညာရေး၊ အနုပညာ၊ သိပ္ပံ သို့မဟုတ် အလှူဒါနပြုရန် ရည်ရွယ်ချက်များဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးများ၊ သမိုင်းဝင်အဆောက်အဦးများ၊ ဆေးရုံများနှင့် လူနာများ၊ ဒဏ်ရာရသူများအား ထားရှိသော် နေရာများ၊ စစ်ရေးပစ်မှတ်မဟုတ်ဟု သတ်မှတ်ထားသော နေရာများရှိ အဆောက်အဦးများကို တိုက်ခိုက်ရန် တမင်ရည်ရွယ်ချက်ဖြင့် ညွန်ကြားခြင်း။

၇။ အရပ်သားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်းဆုံးရှုံးမှု ဖြစ်စေနိုင်သည့် သို့မဟုတ် အရပ်သား ပစ်မှတ်များကို ထိခိုက်စေမည့် တိုက်ခိုက်မှုကို ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်း။

၈။ မုဒိန်းကျင့်မှု ကျူးလွန်ခြင်း။

၉။ စစ်ရေးလိုအပ်ချက်အရ အကြောင်းပြချက်မခိုင်လုံပဲ ပိုင်ဆိုင်မှုပစ္စည်များကို ဥပဒေနှင့် မညီညွတ်ဘဲ အကြောင်းမဲ့ ကျယ်ပြန့်စွာ ပျက်စီးစေခြင်းနှင့် သိမ်းယူခြင်း။

၁၀။ ခန္ဓကိုယ် သို့မဟုတ် ကျန်းမာရေးကို ကြီးမားစွာ ခံစားစေရန် သို့မဟုတ် ပြင်းထန်စွာ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိစွာ သတ်ဖြတ်ခြင်းနှင့် ရည်ရွယ်ချက် ရှိစွာ ဖြစ်ပေါ်စေခြင်း။

၁၂။ ဓါးစာခံအဖြစ်ခေါ်ဆောင်ခြင်း။

၁၃။ မရှိမဖြစ်လိုအပ်ချက်ဟု ယေဘုယျအားဖြင့် အသိအမှတ်ပြုထားသည့် ပုံမှန် ဖွဲ့စည်းထားသော တရားရုံး၊ ခိုင်မာသော တရားစီရင်မှု အာမခံချက်တို့မရှိဘဲ ထောင်ဒဏ်ချမှတ်ခြင်းနှင့် သေဒဏ်စီရင်ခြင်းများ။

၁၄။ အတင်းအဓမ္မပျောက်ဆုံးစေခြင်းများ ကြုံတွေ့ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာတပြည်လုံးက အရပ်သားတွေအပေါ် အခုလို စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု၊ လူသားဖြစ်မှုဆန့်ကျင်မှု၊ လူမျိုးသုံးသတ်ဖြတ်မှု ဒီလို ကျူးလွန်မှုများကို အရေးယူနိုင်ဖို့ အချိန်ကျရောက်တဲ့အခါ အရပ်သားများ ကျူးလွန်ခံရတဲ့ သက်သေခံချက်များကို စနစ်တကျ စုစည်းထားပြီး တင်ပြနိုင်ဖို့ ပြင်ဆင်ထားရမှာဖြစ်သလို နောက်နောင်အခါ ဘယ်တော့မှာ အခုလို လူထုတွေအပေါ် နောက်ထပ် ကျူးလွန်မှုများ ဖြစ်မလာနိုင်အောင် အကာအကွယ်ပေး အားလုံး လက်တွဲပြီး ပူးပေါင်းတားဆီးရမှာဖြစ်တယ်လို့ ကချင်အမျိုးသမီး အစည်းအရုံး(ထိုင်းနိုင်ငံ)- KWAT ရဲ့ ပြောခွင့်ရ မွန်းနေလီက ဖက်ဒရယ်ဂျာနယ်သို့ ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ အရပ်သားလူထုတွေအပေါ် စစ်ကောင်စီရဲ့ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု၊ လူသားဖြစ်မှုဆန့်ကျင်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဘယ်လိုမှလက်ခံလို့ မရတဲ့ အနေအထားဖြစ်နေပါပြီ။ လူထုကို အကာအကွယ်ပေးနိုင်ဖို့ တည်ဆောက်ထားတဲ့ မြန်မာစစ်တပ်က လူထုတွေကို ပြန်လည်တိုက်ခိုက် သတ်ဖြတ် နှိပ်စက်နေသလို နိုင်ငံတကာ စစ်ဥပဒေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ အရပ်သားများကို အကာအကွယ်ပေးရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ အမျိုးသမီးများ အခွင့်အရေးကိုအကာအကွယ်ပေးရေး ဆုံးဖြတ်ချက်တွေ စသည့် အကြောင်းအရာတွေကို ချိုးဖောက် ဖျက်ဆီးနေသာဖြစ်တယ်။

အဲဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်း ကနေလည်း အရေးယူအပြစ်ပေးဖို့ တာဝန်ရှိသလို၊ လက်ရှိ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တားဆီးဖို့ လိုအပ်နေပါတယ်၊ တဖန် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းတွေလည်း စစ်ကောင်စီရဲ့ လူထုတွေအပေါ်ကျူးလွန်မှုများကို တားဆီးနိုင်ဖို့နှင့် ပြည်သူများ အားလုံးလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်၊ အဲဒါမှ စစ်ကောင်စီရဲ့ ကျူးလွန်မှုများကို အရေးယူနိုင်ဖို့ အချိန်ကျရောက်တဲ့အခါ အခုလို ကျူးလွန်ခံရတဲ့ သက်သေခံချက်များကို စနစ်တကျ စုစည်းထားပြီး တင်ပြနိုင်ဖို့ ပြင်ဆင်ထားရမှာဖြစ်ပါတယ်၊ နောက်နောင်အခါ ဘယ်တော့မှာ အခုလို လူထုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်တဲ့ စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု၊ လူသားဖြစ်မှုဆန့်ကျင်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုများကို နောက်ထပ် ကျူးလွန်မှုများ ဖြစ်မလာနိုင်အောင် အကာအကွယ်ပေး တားဆီးနိုင်ရမှာ ဖြစ်သလို တရားမျှတမှုရှာဖွေတဲ့ အသွင်ကူးပြောင်းရေးကာလမှာ ပိုပြီး ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းခြင်ပါတယ်” ဟု ပြောပါတယ်။

ဒါ့အပြင် ကချင်ဒေသတွေက ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်ရပ်များဟာ ယနေ့ချိန်ထိ တရားမျှတမှု  မရရှိသေးပါဘူး။

တဖန် စစ်ကောင်စီတပ်ရဲ့ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်တဲ့ စစ်ရာဇ၀တ်မှု၊ လူသားဖြစ်မှုဆန့်ကျင်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုများသည်လည်း တိုင်းရင်းသားဒေသများမှ အရပ်သား လူထုများက ယနေ့ချိန်ထိ ကြုံတွေ့ခံစားနေရပါတယ်။