• Today is: Sunday, June 26, 2022

ဖက်ဒရယ်ယူနစ် တည်ဆောက်ခြင်း

◼️ဖက်ဒရယ်ယူနစ် တည်ဆောက်ခြင်း◼️

ထင်ကျော်အေး

ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းမှာ “ဖက်ဒရယ်ယူနစ်” ဆိုတဲ့စကားလုံးကို ဆွေးနွေးပြောဆိုလာကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ “ပြည်နယ်/ဖက်ဒရယ်ယူနစ်” လို့ ရေးသားခဲ့ပြီး “တိုင်း”၊ “တိုင်းဒေသကြီး” အသုံးတွေကို ရှောင်ဖယ်ခဲ့တာကို တွေ့ရနိုင်ပါတယ်။ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အမှန်တကယ်အကောင်အထည်ဖော်နိုင်ဖို့အတွက် လမ်းစ ဖောက်တာ၊ တော်လှန်ရေးကာလမှာကတည်းက အကောင်အထည်ဖော်ဖို့ ကြိုးစားတာလို့ ယူဆနိုင်ပါတယ်။​

တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာမျိုး၊ တစ်ကြောင်းတည်းသော ဖြစ်စဉ်ပုံစံမျိုး မရှိပေမယ့် တော်လှန်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဝါဒ (revolutionary constitutionalism) ဆိုတဲ့ စကားလုံးရှိပါတယ်။ ၁၉၈၈ အလွန် မြန်မာ့နိုင်ငံရေးသမိုင်းမှာလည်း တော်လှန်ရေးကာလမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးသားကြပြီး နိုင်ငံရေးအခင်းအကျင်းသစ်ကို ရှာဖွေတာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးသားရေး လုပ်ငန်းကနေတစ်ဆင့် တော်လှန်ရေးအင်အားစုများရဲ့ တပ်ပေါင်းစုကို တည်ဆောက်တာကို မြင်တွေ့ခဲ့ ကြရပါတယ်။ ဒါက အနာဂတ်ကို မျှော်ရည်ချက်တင်မကပဲ မျက်မှောက်တော်လှန်ရေးကာလမှာတင် ယုံကြည်မှု၊ တန်းတူမှုနဲ့ ငြိမ်းချမ်းရေးကို တစ်ပါတည်း တည်ဆောက်သွားကြတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ဖက်ဒရယ်အခြေခံမူတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွေ ထွက်လာတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးအင်အားစုတွေကြား ယုံကြည်မှုကို လုံလောက်အောင် မတည်ဆောက်နိုင်ပဲ အကြမ်းဖက် စစ်တပ်နဲ့ တစ်နည်းမဟုတ် တစ်နည်း အာဏာခွဲဝေမှုကို နှစ်ဖက်ညှိတည်ဆောက်ခဲ့ကြပြီး နိုင်ငံ့သမိုင်းကို နွေဦးတော်လှန်ရေးအထိ တွန်းပို့လိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုတော်လှန်ရေးမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်ကို အခြေခံပြီး တော်လှန်ရေးအင်အားစုတွေကြား စုစည်းမှုကို တည်ဆောက်ဖို့ ကြိုးစားနေကြပြန်ပါတယ်။ ဒါကလည်း လိုအပ်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ပင်လုံစာချုပ်အလွန် မြန်မာ့နိုင်ငံရေးမှာ ပြည်ထောင်စုရဲ့ တန်းတူရည်တူ အဖွဲ့ဝင်တွေဟာ လူများစု ဗမာ/မြန်မာနိုင်ငံရေးသမားတွေရဲ့ လွှမ်းမိုးမှုကို ခံရပြီး၊ တန်းတူညီမျှမှုမရှိတဲ့ နိုင်ငံရေးအခင်းအကျင်းကိုပဲ ရရှိခဲ့ကြပါတယ်။ ဒါကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ မဖြေရှင်းနိုင်သရွေ့ ဘုံရန်သူနဲ့ ပတ်သက်တဲ့ သဘောထားကို တူအောင် ညှိယူနိုင်ဖို့ ခက်မှာဖြစ်ပါတယ်။

ဖက်ဒရယ်လို့ပြောရင် မြန်မာနိုင်ငံရဲ့ အခြေအနေမှာ အချက်နှစ်ချက်ကို ထည့်စဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဖက်ဒရယ်အဆင့်မှာ တန်းတူညီမျှမှုနဲ့ ဖက်ဒရယ်ယူနစ်တစ်ခုချင်းအဆင့်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဖြစ်နိုင်ပါတယ်။

◼️ဖက်ဒရယ်အဆင့် တန်းတူညီမျှမှု

ဖက်ဒရယ်အဆင့်မှာ တန်းတူညီမျှမှုကို အာမခံချက်ပေးနိုင်ဖို့အတွက် အာရုံစိုက် တည်ဆောက်ရမှာကတော့ အထက်လွှတ်တော်ဖြစ်ပါတယ်။ ဖက်ဒရယ်အထက်လွှတ်တော်ဟာ ပြည်ထောင်စုအဖွဲ့ဝင် ဖက်ဒရယ်ယူနစ် တစ်ခုချင်းစီကနေ တန်းတူစေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ လိုမှာဖြစ်ပြီး၊ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုလုံးကို လွှမ်းခြုံသက်ရောက်မှုရှိနိုင်မယ့်ကိစ္စတွေကို ဆုံးဖြတ်ခွင့် ရှိရမှာဖြစ်ပါတယ်။ နိုင်ငံခြားရေး၊ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေး တပ်ဖွဲ့ကို ထိန်းကြောင်းရေး၊ ဖက်ဒရယ်အစိုးရ ခန့်အပ်ရေးစသည်ဖြင့် ရှိနိုင်ပါတယ်။

ဒီလိုတန်းတူညီမျှမှုကို အာမခံနိုင်ဖို့အတွက်က အရင်လို တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ခုဆိုတဲ့ အခင်းအကျင်းနဲ့ မရတော့ပါဘူး။ အသေးစိတ်ကျနိုင်တဲ့ ပထဝီခွဲဝေသတ်မှတ်မှုကို အခုမလုပ်သေးရင်တောင်မှ တိုင်း ၇ တိုင်းအနက် အနည်းဆုံး ၆ တိုင်းမှာ ဗမာ/မြန်မာ လူဦးရေက အများဆုံးပါဝင်ပါတယ်။ ဖက်ဒရယ်ယူနစ်တွေကို အရင်အခင်းအကျင်းတိုင်းပဲ ထားပြီးတော့ နိုင်ငံကို တည်ဆောက်ကြမယ်ဆိုရင် ဗမာ/မြန်မာတွေဟာ အထက်၊ အောက်လွှတ်တော်တွေကို ဆက်ပြီး လွှမ်းမိုးထားဦးမှာဖြစ်ပါတယ်။ ဘယ်လို နည်းနဲ့မှ တန်းတူညီမျှမှု ရနိုင်စရာမရှိပါ။ အရင်လွှတ်တော်တွေမှာ ဗမာ/မြန်မာ လွှတ်တော် ကိုယ်စား လှယ်တွေဟာ လွှတ်တော်နှစ်ရပ်လုံးမှာ ၆၀ ရာခိုင်နှုန်းကျော်အထက်ကို ရယူထားခဲ့ကြပါတယ်။ ရွေးကောက်ပွဲ စနစ်နဲ့မဆိုင်ပဲ နိုင်ငံရေးအရ ဖက်ဒရယ်စုဖွဲ့မှုမရှိခဲ့တာကြောင့် ဖြစ်တဲ့အတွက် ရွေးကောက်ပွဲစနစ် ဘယ်လိုပဲပြောင်းလည်း ဒီလိုပြည်ထောင်စုပုံစံအတုဆိုရင်တော့ ထူးမခြားနားပဲ ဖြစ်မှာ ဖြစ်ပါတယ်။

ဒီလိုပြောလို့ ဗမာ/မြန်မာပြည်နယ် ဖွဲ့ရမယ်လို့ ချက်ချင်းကောက်ချက်ချဖို့ မဆိုလိုပါဘူး။ တန်းတူညီမျှရေး အတွက် ဖြစ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖို့တော့ ဆော်သြလိုတာဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ တန်းတူညီမျှမှုဖြစ်တဲ့ ဖက်ဒရယ်ယူနစ် ထူထောင်ရေးကို လူများစုဖြစ်တဲ့ ဗမာ/မြန်မာတွေ ဝိုင်းစဉ်းစားဖို့ လိုပါတယ်။ ဖက်ဒရယ်ယူနစ် စုစည်းရေးဟာ အီလစ်တွေရဲ့ စားပွဲဝိုင်းမှာတင် အဆုံးသတ်သွားစရာမလိုပဲ တော်လှန်ရေးမှာ တန်းတူရည်တူ ရဲဘော်တွေပဲ ဖြစ်ကြတဲ့ ပြည်သူတွေရဲ့ ပါဝင်မှု၊ ထည့်ဝင်မှုဟာ အလွန်အရေးကြီးပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့ တန်းတူညီတူ အကုန်အတူတူ ပေါင်းစုကြတဲ့အခါ ကျနော်တို့က ဘယ်လို ဖက်ဒရယ်ယူနစ်(တွေ) အနေနဲ့ သွားရောက်ပေါင်းစည်းကြမလဲဆိုတာကို စဉ်းစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဗမာ/မြန်မာ နိုင်ငံရေး အီလစ်တွေဟာ သမိုင်းတလျောက် လွတ်လပ်ရေး ခေတ်ကတည်းက နိုင်ငံရေးဝန်ထုပ်ဝန်ပိုးသစ်တွေကိုပဲ ပြည်သူတွေ ပုခုံးပေါ်တင်ခဲ့ထားခဲ့တဲ့ အစဉ်အလာကို ပြည်သူဘက်ကနေ ပြန်ဖျက်ဖို့ ကြိုးစားကြဖို့ရာ ဒီတစ်ခါ အခွင့်ကောင်းဖြစ်ပါတယ်။ ကိုယ့်သမိုင်းကိုရော၊ ကိုယ့်အနာဂတ်ကိုပါ ကိုယ်တိုင် ရေးနိုင်ဖို့ ဖြစ်ပါတယ်။

တူညီတဲ့လူမျိုး (လူများစု)၊ ဘာသာစကား (လူများစု)၊ ဘာသာတရား (လူများစု)၊​ ထူးခြားတဲ့ပထဝီဝိသေသေ၊ ပြည်သူတွေရဲ့ တူညီတဲ့ နိုင်ငံရေးစိတ်ဆန္ဒတွေနဲ့ ဖက်ဒရယ်ယူနစ်တွေကို တည်ဆောက်ဖွဲ့စည်းနိုင်မယ် ထင်ပါတယ်။ ဖက်ဒရယ်ယူနစ် ဖွဲ့စည်းရေးဟာလည်း တော်လှန်ရေးနဲ့ အပြန်အလှန် အထောက်အပံ့ဖြစ်မယ့် လှုပ်ရှားမှု ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

ဖက်ဒရယ်ယူနစ်လို့ပြောရင် ပထဝီ အခြေခံမှုနဲ့ လူမျိုး အခြေခံမှုကို ပြောကြပါတယ်။ တစ်မျိုးတည်းသော အခြေခံမှုကို လှေနံဓားထစ်မယူပဲ ကိုယ့်ရေခံမြေခံနဲ့ ကိုက်ညီမယ့်နည်းလမ်းကို ဝိုင်းဝန်းဆွေးနွေး ရှာဖွေကြဖို့သာဖြစ်ပါတယ်။ မတူညီတဲ့ ပထဝီဝင် ဒေသများနဲ့ လူမျိုးများအကြား တန်းတူညီမျှမှုကို မထိခိုက်စေရဆိုတဲ့ မူတစ်ခုတော့ ရှိဖို့ လိုနိုင်ပါတယ်။ လူမျိုးဝိသေသအားဖြင့်သော်လည်းကောင်း၊ ပထဝီစုဖွဲ့မှုအားဖြင့်သော်လည်းကောင်း ထင်ရှားသည့် လူမျိုး၊ ဒေသများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ နောင်မှာလည်း ဖက်ဒရယ်ယူနစ်အသစ်များ ဖွဲ့စည်းနိုင်ခွင့်ကိုလည်း လမ်းဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။

◼️ဖက်ဒရယ်ယူနစ်အဆင့် ကိုယ်ပိုင်ပြဌာန်းခွင့်

ဖက်ဒရယ်ယူနစ်အဆင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စကတော့ အများကြီး ဆွေးနွေးစရာမရှိပါဘူး။​ ဖက်ဒရယ်ယူနစ်တစ်ခုချင်းစီမှာ သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေရှိကြမှာဖြစ်ပါတယ်။ ဖက်ဒရယ်ယူနစ်အဆင့် ကိုယ်ပိုင်ပြဌာန်းခွင့်လို့ပြောရာမှာ ဖက်ဒရယ်ယူနစ်အလိုက် လူများစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် သက်သက်လည်း မဖြစ်ရလေအောင် လူမျိုးအသီးသီးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်တဲ့ လူမျိုးများအကြား လူနည်းစု လူမျိုးများ (minorities within minority) ကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဗမာ/မြန်မာတွေ အနေနဲ့လည်း ကိုယ့်ရဲ့ ဖက်ဒရယ်ယူနစ်(တွေ)မှာ လူနည်းစု လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပါအဝင် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ လက်ရှိပြည်နယ်တွေထဲက ခွဲထွက်ပြီးဖြစ်ဖြစ်၊ အခြားဒေသနဲ့ ပေါင်းစည်းပြီးဖြစ်ဖြစ် ပြည်နယ်သစ်စုစည်းတာကို ပြုလုပ်ရာမှာ တန်းတူညီမျှရေးမူ (Equal Footing Doctrine) ကို ချမှတ်ထားပါတယ်။ ပြည်နယ်သစ်တိုင်းသည် ရှိပြီးသားပြည်နယ်များနှင့် တန်းတူညီမျှ ဖြစ်ရမယ်ဆိုတဲ့ မူဖြစ်ပါတယ်။ ပြည်နယ်အသစ်များ ဖွဲ့စည်းခြင်းကိုတော့ သက်ဆိုင်ရာ ပြည်နယ်(များ)ရဲ့ လွှတ်တော်တွေက သဘောတူရမှာဖြစ်ပြီး၊ Enabling Act နဲ့ ဖွဲ့စည်းပုံရေးဆွဲနိုင်ဖို့ကာလတစ်ခု သတ်မှတ်ပေးပါတယ်။ ပြည်နယ်သစ်တစ်ခုချင်းအလိုက် လိုအပ်တဲ့ လိုအပ်ချက်တွေကိုလည်း Enabling Act မှာ ထည့်ပြီး ရေးပါတယ်။ ကျနော်တို့အနေနဲ့ ရှိပြီးသား၊ ကျင့်သုံးပြီးသား နည်းလမ်းတွေကို တိုက်ရိုက်ကူးယူဖို့မဟုတ်ပဲ၊ ပြင်ဆင်ပြီး သုံးဖို့လည်း လိုမယ်ထင်ပါတယ်။

ဒီစာကို ဖက်ဒရယ်အကြောင်း အသေအချာ နားလည်သူတစ်ယောက်အနေနဲ့ဆိုတာထက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလေးထားသူ ဗမာ/မြန်မာတစ်ယောက်အနေနဲ့ ဗမာ/မြန်မာ စာဖက်သူတွေအတွက်ကို အဓိကရည်စူးပြီး ရေးပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအသစ် အခင်းအကျင်းမှာ လူထုဟာ အစကနေ အဆုံးအထိ ပါဝင်ဖို့ လိုအပ်တယ်လို့ ယုံကြည်သူတစ်ယောက်အနေနဲ့ ဆော်သြပြီး ရေးပါတယ်။

တော်လှန်ရေးနည်းလမ်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခင်းအကျင်းသစ်၊ ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ပေါက်ရေးဆိုတဲ့ နည်းလမ်းနဲ့ တော်လှန်ရေးကို ရှေ့ဆက်ကြရာမှာလည်း လူထုအားနဲ့ နိုင်ငံရေး အထောက်အပံ့ကောင်းဖြစ်မယ်လို့လည်း မျှော်ရည်ပါတယ်။