• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်း

                                                                                ဇွန် – ၂၃ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုပြုလုပ်ခဲ့သည့် ပြည်သူလူထုအပေါ် အာဏာသိမ်းစစ်ကောင်စီ တပ်၏ အကြမ်းဖက်ပစ်သတ်မှုကြောင့် ယနေ့ ဇွန်လ (၂၃)ရက်နေ့ထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူ (၂၀၁၁)ဦး ရှိခဲ့ကြောင်း သိရှရသည်။ ထို့အပြင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ (၁၄၂၆၄)ဦးအထိ ရှိခဲ့ပြီး လက်ရှိအချိန်ထိ (၁၁၂၀၁)ဦးမှာ အကျဉ်းကျနေရဆဲဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက် အရသိရသည်။

 

  • ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ မှ ဇွန်လ ၂၂ရက်နေ့ သေနတ် ပစ်ခတ်ဖမ်းဆီးခေါ်ဆောင် သွားပြီး လက်ရှိအချိန်အထိ မည်သည့်နေရာ တွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ဒေသခံ များထံမှ သိရသည်။ ယမန်နေ့ ၂နာရီဝန်းကျင် အောင်မြေ ၂ ကျေးရွာ ရပ်ကွက် ၂ တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၂ဦးကို ဖမ်းဆီးပြီး နေအိမ်တစ်အိမ်တွင် ဝင်နားနေစဉ် ပြည်သူ့စစ်အဖွဲ့မှ လာရောက် ဝန်းရံ ပစ်ခတ်ခဲ့သောကြောင့် KIA အရာရှိတစ်ဦး သေနတ်ထိမှန်ကာ ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင် သက်သေ အောင်မြေ ၂ ဒေသခံတစ်ဦးက ပြောထားဆိုသည်ဟု KNG သတင်းဌာနတွင် ဖော်ပြထား သည်။

 

  • ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇွန်လ ၂၃ ရက်နေ့က KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေးသပိတ် ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြပြည်သူများက KIA , PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ်အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA , PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့၊ ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • မင်းတပ်မြို့နယ်တွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ဦးဆောင်၍ မြို့နယ်လုံးဆိုင်ရာ ဆရာသင်တန်း (Teacher Training via Zoom) တစ်ပတ်သင်တန်းကို လွန်ခဲ့သောရက်ပိုင်းက မြို့နယ်တွင်း နေရာတစ် နေရာတွင် ရာသီဥတု၊ ထိုးစစ်အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပ ပြီးစီးခဲ့သည်ဟု မင်းတပ်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ သင်တန်းကို ပြည်တွင်းမှ တတ်သိပညာရှင်များက သင်ကြားရေးဆိုင်ရာခေါင်းစဥ် အမျိုးမျိုးဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

  • ကယန်းမျိုးဆက်သစ်လူငယ် (KNGY)၏ ဒေသစည်းရုံးရေးဇုံအမှတ် (၂၀)၊ အနောက်ကယန်းဒေသ၊ ရီလုံရီ ကန်ကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာတွင် မိခင်ဘာသာစကားအခြေပြု ဘာသာစကားအစုံသုံး ပညာရေး (MTB/MLE) စနစ်ဖြင့် သင်ကြားမည့် KG ကျောင်းတစ်ကျောင်းကို ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ယခုဖွင့်လှစ်သည့် KG ကျောင်းတွင် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) မှ ဖန်တီးထုတ်လုပ်ထားသော မိခင်ဘာသာစကားအခြေပြု ဘာသာစကားအစုံသုံး ပညာရေး (MTB/MLE) ၏ သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်း KG ကျောင်းသည် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) မှ ယခုပညာသင်နှစ်အတွက် လက်တွေ့ စမ်းသပ် သင်ကြားရန်  ကယန်းဒေသတွင်း ရွေးချယ်လိုက်သည့် တစ်ခုတည်းသော KG အဆင့် မိခင်ဘာသာ စကားအခြေပြု ဘာသာစကားအစုံသုံး ပညာရေးစနစ်ဖြင့် သင်ကြားမည့် ကျောင်းဖြစ်သည်ဟုဆိုသည်။

 

  • ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်ရှိ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များမှ ပြည်သူများကို မြန်မာစစ်တပ်က လိုက်လံ ဖမ်းဆီးနေခြင်းမှာ တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မူကို လုံးဝပျက်ပြက်စေသည့် လုပ်ရပ်ဖြစ်ကြောင်း AA ဘက်က ပြောဆိုလိုက်သည်။ “ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဆိုပြီးတော့ သူတို့ (စစ်ကောင်စီ)ပြောနေတာနဲ့ တလွဲစီဖြစ်နေတာကို တွေ့ရတယ်။ ဒါဟာ အပြောတခြား၊ အလုပ်တခြား လုပ်နေတယ်ဆိုတာကို ကွက်ကွက်ကွင်း ကွင်းဖော် ပြနေတာဖြစ်တယ်။ ဒါဟာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မူကို လုံးဝပျက်ပြက်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပဲ ကျွန်တော်တို့က ပြောချင်တယ် ” ဟု ရက္ခိုင့်တပ် တော် ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ပြောသည်ဟု ဖော်ပြထားသည်။

 

  • မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို ကေအန်ယူ တပ်မဟာ (၁) KNLA တပ်ရင်း ပူးပေါင်းအဖွဲ့က ယမန်နေ့ (ဇွန် ၂၂)နံနက်အစောပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ ပြီး နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ မွန်ပြည်နယ် သထုံ မြို့နယ်မှ ဘီလင်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းကို ကမာစိုင်ကျေးရွာ အရောက်တွင် ကေအန်ယူတပ်မဟာ (၁) KNLA တပ်ရင်း ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

 

  • ပြန်ပေးဆွဲဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကျောင်းဆရာနှင့် ဆရာမတို့အား ဖမ်းဆီးထားသူများက တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။ မည်သည့်အဖွဲ့ကဖမ်းဆီးသည်ကို မသိရသော်လည်း ဖမ်းဆီးထားသူများက ငွေကြေးတောင်းခံခဲ့၍ ၎င်းတို့ တောင်းသည့်ငွေ ပေးလိုက်ခြင်း ကြောင့် ပြန်လွတ်လာခြင်းဖြစ်သည်ဟု သိရကြောင်း ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်းတစ်ဦးက ယ​နေ့ (ဇွန်လ ၂၃ ရက်)နံနက်တွင် ပြောသည်။ “အကြမ်းဖက် အဖွဲ့အစည်းတွေက အဲဒီဘက်မှာရှိတဲ့ ရခိုင်ရွာတစ်ရွာကို ပို့ခဲ့တယ်လို့ ကြားတယ်။ ရခိုင်အချင်း ချင်းလက်ဆင့်ကမ်းပြီး ဒီဘက် ပြန်ပို့မှာပေါ့။သတင်းတွေတော့ အဲဒီလိုကြားတယ်။ သူတို့ တောင်းတာလည်း ပေးတာပေါ့။ ဒီဘက်က ပြည်နယ်ပညာရေးမှူးတို့ ပြောထားတာ ရှိတယ်လေ။ သူတို့ ဘက်ကပို့နေတယ်။ ပေးနေပါ တယ်လို့။ အပြည့်အစုံတော့မဟုတ်လောက် ဘူးထင်တယ်။ဘယ်လောက်လဲတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် “ငါတို့အားလုံး အကျဉ်းသား အာဏာရှင် ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓါး”ဆိုသည့် စာတန်းများကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်းအထိမ်းအမှတ် ရန်ကုန်ရှိ တော်လှန် လူငယ် များသည် ယနေ့ ဇွန်လ ၂၃ ရက် နံနက်တွင် ‘စစ်ဖိနပ်အောက် ငါ ဘယ်တော့မှ ဒူးမထောက်ဘူး’ ဘန်နာ ကိုင်ဆောင်၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး မီးတုတ်ရှို့ ချီတက်ဆန္ဒပြကြသည်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် နေဝင်း ဦးဆောင်သော စစ်အုပ်စုက ကြိုးပေးကွပ်မျက်ခဲ့သည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် “မီးစ တစ်ဖက် ရေမှုတ်တစ်ဖက် အာဆီယံ လုပ်ရပ်ကို ရှုတ်ချပါသည်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်သော ပြည်ကြီး တံခွန် သပိတ် အင်အားစုများ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၆၉ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင် ချီတက်မှု ဇွန် ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ်မြောက်ခြမ်းတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ကျဆုံးရေး ညနေခင်းသပိတ်စစ်ကြောင်းကို ယနေ့ ဇွန် ၂၃ ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဒီပဲယင်းတွင် စစ်အာဏာရှင်စနစ် ချေမှုန်းရေး “ပြည်သူ့နဲ့ဆန့်ကျင်ဘက် ဘယ် ကောင် နေရဲလဲ” ကြွေးကြော်သံဖြင့် ယနေ့ ချီတက်  သပိတ် မှောက် ကြသည်။  ဒီပဲယင်းမြို့နယ်အတွင်း ခြေလျှင်သပိတ် စစ်ကြောင်းကို မုံရွာပင်မ သပိတ် စ စ်ကြောင်း၊ မုံရွာလူငယ့်အစည်းရုံး၊ ရန်ကုန်မှရဲဘော်တစ်ဦး၊ ဒီပဲယင်းမြို့နယ် တော်လှန်ရေးစစ်ကြောင်းဦးဆောင်ကော်မတီတို့ ပူးပေါင်း ချီတက်ဆန္ဒပြ သပိတ် မှောက်ကြကြောင်း သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရဲ့ ကျေးရွာတစ်ရွာက ပြည်သူများက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြ သပိတ်ကို ဒီနေ့ မနက်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ ပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ စာသားတွေကိုင် ဆောင်ထားသလို အကြမ်းဖက်စစ်တပ်ကျရှုံးရေး ကြွေးကြော်ခဲ့ကြပါတယ်။

 

  • ရှမ်းပြည်တောင်းပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါ်ဝ်ဒေသ ရတနာသီရိရပ်ကွက်တွင် ဇွန်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည့်သူ့စစ် PNO/ PNA အဖွဲ့မှ တပ်သား ကောဝိဒသည် ရိုးရာမီးလုံးပွဲတွင် ရန်ဖြစ်သည့် လူများကို ခြောက်လှန့်သည်ဟု ဆိုကာ သေနတ်နှင့် ပစ်ခတ်ခဲ့ပြီး ၎င်း၏ ပစ်ခတ်မှုသည် နန်းခမ်းအွမ်ကို ထိမှန်ခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် နန်းခမ်းအွမ် မှာ သေနတ်ထိမှန် ဒဏ်ရာနှင့် သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ PNA တပ်သား၏ ကျူးလွန်မှုအပေါ် ရပ်ကွက်နေ ပြည်သူ များက တရားမျှတမှု ဆောင်ရွက်ပေးရန် ဆောင်းဆိုသော်လည်း PNO/PNA မှ ယနေ့အထိ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

 

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌလည်းဖြစ်၊ မွန်ပြည်နယ်လွှတ်တော် အမတ်လည်းဖြစ်သူ ဦးကျော်မျိုးမင်း ဘီးလင်းမြို့နယ်တွင် ဖမ်းဆီးခံရကြောင်း ဘီးလင်း NLD များထံမှ သိရှိရသည်။ ဇွန်လ ၂၂ ရက်နေ့ ဦးကျော်မျိုးမင်းနှင့် မိတ်ဆွေ ၃ ဦး စုစုပေါင်း ၄ ဦးသည် ဘီးလင်းမြို့နယ်အတွင်းတွင် ဆိုင်ကယ် များဖြင့် သွားလာနေစဉ် စစ်တပ်၏ ဖမ်းဆီးခံရမှု ဖြစ်ကြောင်း NLD တချို့ထံမှ သိရှိရသည်။

 

  • ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သက္ကေပြင်ဈေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးကို ယနေ့ ဇွန် ၂၃ နေ့လည် ၃ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီ အမြောက်တပ်က အိမ်သို့လာရောက်၍ ဖမ်းဆီး သွားကြောင်း မိသားစု ပြောပြချက်အရသိရသည်။ ဖမ်းဆီးခံရသူမှာ ရွာသစ်ကေအုပ်စု သက္ကေပြင်ဈေးရွာမှ အဘဦးတင်ရွှေ၏သား ဦးဆော်လိမ် (ခ) ဦးမောင်မောင်ခင် အသက် ၄၆ နှစ် ဖြစ်ပြီး ၎င်းသည် လယ်ယာ လုပ်ကိုင်နေသူဖြစ်သည်။

 

  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေပျူစောထီး ပူပေါင်းတပ်ဖွဲ့နှင့် တမူး PDF တပ်ဖွဲ့များကြား ယမန်နေ့ ဇွန်လ ၂၂ ရက်၌ ၄ နာရီနီးပါး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီနှင့် ပျူစောထီးများဘက်မှ ၈ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း တမူး PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ပန်းသာကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီးများကို တမူးမြို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃ ရင်းနှင့် Special Task Force တပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုသည် ပွင့်ဖြူတွင် ကျဆုံးခဲ့သည့် ရဲဘော်များအတွင် လက်စားချေ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တမူး PDF တပ်ရင်း ၃ မှ ထုတ်ပြန်ထားသည်။

 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် Non-CDM ဝန်ထမ်းများအား ခြိမ်းခြောက်ငွေညှစ်နေသည့် PDF အမည်ခံ အဖွဲ့ကို ဖော်ထုတ်အရေးယူမည်ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု တပ်ရင်းက သတိ​ပေးထုတ်ပြန်သည်။ ရေလယ်ကျွန်းဒေသရှိ ပြည်သူ့ဝန်ထမ်းကောင်း CDM ဝန်ထမ်းများ ကို နွေးထွေးပျူငှာစွာ အားပေးကူညီလျက်ရှိပြီး Non-CDM ဝန်ထမ်းများအား CDM ဝင်ရန် တိုက်တွန်း လျက်ရှိကြောင်း၊ Non-CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အလှူခံခြင်းများအား (လုံးဝ) လုံးဝ မပြုလုပ်ခဲ့ကြောင်း ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက ယမန်နေ့ ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မရဲစခန်းကို ယနေ့ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ၁၂၀ မမ လက်နက်ကြီး ဖြင့် ၁၁ လုံးပစ်ခတ်ခဲ့ကြောင်း သင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် ဆားလင်းကြီးမြို့ မြို့မရဲစခန်းကို တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့မှ ၁၂၀မမ လက်နက်ကြီးဖြင့် ၁၁လုံး ပစ်ခတ်ခဲ့ရာ စခန်းခေါင်မိုးပေါ်ကျ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိနိုင်ကြောင်း၊ မြို့မစခန်းကို တွေရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ (၂) ၊ တပ်ခွဲ (၄) တို့ဖြင့် ပူးပေါင်း တိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်း #ပြည်တွင်း

https://www.facebook.com/federaljournal

https://www.federaljournalmm.org/