• Today is: Friday, August 12, 2022

ကိုယ်ပိုင်ပြဌာန်းခွင့်၏ အဓိပ္ပာယ်နှင့်သမိုင်းကြောင်း (ဒုတိယအပိုင်း)

စစ်အေးတိုက်ပွဲကာလက ကိုယ်ပိုင်ပြဌာန်းခွင့် ပြဿနာ

ဒုတိယကမ္ဘာစစ်အပြီး ဆိုဗိယက်ယူနီယံ၏ ဩဇာဖြန့်ကျက်ရေးဝါဒကြောင့် ကမ္ဘာပေါ်ရှိကိုလိုနီစနစ် ဖျက်သိမ်းရေးလှုပ်ရှားမှုမှာ ထင်ရှားပေါ်လွင်လာခဲ့သည်။ တူဗား၊ အရှေ့ဥရောပနိုင်ငံများ၊ ဘောလတစ်နှင့် အာရှအလယ်ပိုင်းနိုင်ငံများမှာ ဒုတိယကမ္ဘာစစ်ပွဲအတွင်း ယူဗီယက်ယူနီယံ၏ ကျူးကျော်သိမ်းပိုက်ခြင်း ခံရသည်။ ဆိုဗီယက်သည် အရှေ့ဥရောပရှိနိုင်ငံများ၊ အရှေ့ဂျာမနီတို့ကို သူ၏ အခြွေအရံနိုင်ငံများအဖြစ် တည်ထောင်လိုက်သလို တရုတ်နှင့် ကိုရီယားရှိ တော်လှန်ရေးလှုပ်ရှားမှုများကိုလည်း ထောက်ခံအားပေးသည်။ အခြွေအရံနိုင်ငံများသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်မှု ရှိသော်လည်း ၁၉၅၆ ဟန်ဂေရီတော်လှန်ရေးလှုပ်ရှားမှု၊ ၁၉၆၈ ခုနှစ် ချက်ကိုစလိုဗက်ကီးယား၏ ပရက်နွေဦးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများ ပေါ်ပေါက်လားသောအခါ ဆိုဗီယက်ယူနီယံသည် ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံမူများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက် နှိပ်ကွပ်ခဲ့တော့သည်။ အာဖဂန်နစ္စတန်တွင်လည်း ကွန်မြူနစ်အစိုးရကို တိုင်းရင်းသားလူမျိုးကွဲအုပ်စုများက တိုက်ခိုက်သည့်အခါ အစိုးရဖက်မှ ထောက်ခံအားပေးရန် ဝင်ရောက်ကျူးကျော်ခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ မက်စ်-လီနင်ဝါဒနှင့် သဘောတရားများသည် ကိုလိုနီအရှင်သခင်များနှင့် ၎င်းတို့၏ ရုပ်သေးအစိုးရများကို တော်လှန်တိုက်ခိုက်သည့် တတိယကမ္ဘာရှိ အမျိုးသားရေးလှုပ်ရှားမှုများအပေါ် ကြီးမားသောဩဇာသက်ရောက်မှု ရှိခဲ့သည်မှာကား အမှန်ပင်ဖြစ်သည်။ ကွန်မြူနစ်ဝါဒသည် တတိယကမ္ဘာနိုင်ငံ အများအပြားရှိ နယ်ချဲ့ကိုလိုနီဝါဒ ဆန့်ကျင်ရေးအုပ်စုများကို ညီညွတ်စေသည့် ရှေ့ဆောင်သဘောတရားတရပ် ဖြစ်လာခဲ့သည်။

ယူဗီယက်ယူနီယံ၏ လှုပ်ရှားမှုများကို သူ၏အကျိုးစီးပွားအတွက် ခြိမ်းခြောက်မှုတစ်ခုဟု ရှုမြင်ခဲ့သော အမေရိကန်ပြည်ထောင်စုက အဆိုပါလှုပ်ရှားမှုများကို ထိန်းချုပ်ခဲ့သည်။ စစ်အေးတိုက်ပွဲကာလတစ်လျှောက်လုံး အမေရိကန်ပြည်ထောင်စုသည် သူတို့၏စီးပွားနှင့် နိုင်ငံရေးစီးပွားများကို ကာကွယ်ပေးသည့် စစ်အုပ်စုများကို မွေးမြူကာ ထောက်ခံအားပေးခဲ့သည်။ ချီလီမှ ဩဂတ်စတိုပီနိုချေး၊ အင်ဒိုနီးရှားမှ ဆူဟာတိုစသည့် ကွန်မြူနစ်ဆန့်ကျင်ရေး စစ်အုပ်စုများမှာ ထင်ရှားသည်။ ထိုရည်ရွယ်ချက်အောင်မြင်စေရန်အတွက် အာဏာသိမ်းပွဲများ ပြုလုပ်ပေးခြင်း၊ ကွန်မြူနစ်ဆန့်ကျင်ရေးအစိုးရများကို ထောက်ပံ့ကူညီခြင်းနှင့် စစ်ရေးအရ ကျူးကျော်စွက်ဖက်ခြင်းများ အပါအဝင် နည်းပေါင်းစုံကို အသုံးပြုခဲ့ကြသည်။ အကျိုးဆက်အားဖြင့် ကွန်မြူနစ်ဆန့်ကျင်ရေးအစိုးရများ၏ ဖိနှိပ်မှုများကို တုံ့ပြန်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်လှုပ်ရှားမှု အများအပြားမှာ ဆိုဗီယက်၏ လှုံ့ဆော်ချုပ်ကိုင်မှုများအဖြစ် စွပ်စွဲပုံဖျက်ခြင်းကို ခံခဲ့ရလေသည်။

အာရှတိုက်

အာရှတိုက်တွင် ဆိုဗီယက်ယူနီယံသည် မွန်ဂိုလီးယားကို အခြွေအရံနိုင်ငံအဖြစ် သိမ်းသွင်းပုံဖော်လိုက်သည်။ သို့သော်လည်း ဒုတိယအရှေ့တာကတ်စတန်သမ္မတနိုင်ငံထူထောင်ရေးကို စွန့်လွှတ်လိုက်ပြီး မန်ချူးရီးယားကိုလည်း တရုတ်သို့ လွှဲပြောင်းပေးအပ်လိုက်ပါသည်။ တရုတ်ပြည်တွင်းစစ်ပွဲမှ ကွန်မြူနစ်တို့အောင်ပွဲအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ထွက်လာသည်။ အာရှတိုက်ရှိ ကိုလိုနီစနစ်ဆန့်ကျင်ရေးတိုက်ပွဲကို အခွင့်ကောင်းယူပြီး မဟာအင်အားကြီးနိုင်ငံများက သူတို့၏ ဩဇာဖြန့်ကျက်နေရာအဖြစ် အသုံးချကြသည်။ သို့ဖြစ်၍ ကိုရီးယားစစ်ပွဲက စစ်အေးတိုက်ပွဲဗဟိုစုံချက်ကို ဥရောပဆီမှ အာရှတိုက်ဆီသို့ ရွေ့ပြောင်းလာစေခဲ့၏။

၁၉၄၇ ခုနှစ်တွင် အိန္ဒယသည် ဗြိတိသျှအင်ပါယာမှ လွတ်လပ်ရေးရရှိခဲ့သည်။ ဗြိတိသျှအင်ပါယာသည် တဖြေးဖြေးဩဇာလျှော့ကျလာနေသော်လည်း ဗြိတိသျှဓနသဟာယဖွဲ့စည်းခြင်းဖြင့် အခြေနေကိုထိန်းသိမ်းခဲ့သည်။ ဗြိတိသျှဓနသဟာယအဖွဲ့ကြီးမှာ ၁၉၄၉ ခုနှစ်ကတည်းက နိုင်ငံများ၏ လွတ်လပ်သောဆန္ဒအရ တန်းတူရေးမူဖြင့် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရသောအခါ နိုင်ငံဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍ လူမျိုးပေါင်းစုံပဋိပက္ခများ ပေါ်ထွက်လာခဲ့သည်။ သို့ဖြစ်၍ အစ္စလမ်မစ်ပါကစ္စတန်နှင့် ဘာသာရေးစွက်ဖက်မှုကင်းသောအိန္ဒိယ တို့အဖြစ်ကွဲထွက်သွားခဲ့သည်။ အင်္ဂလိပ်တို့မရောက်မီက အိန္ဒိယပြည်မကြီးရှိ မည်သည့်အင်ပိုင်ယာရှင်များကမှ ထိန်းချုပ်ခြင်းမရှိခဲ့သည့် အရှေ့မြောက်ဒေသသည် အိန္ဒိယအရှေ့မြောက်ဒေသ သူပုန်ထမှု၏ အကြောင်းရင်းတစ်ရပ်အဖြစ် ထွက်ပေါ်လာသည်။ ၁၉၇၁ ခုနှစ်တွင် ဘင်္ဂလားဒက်ရှ်သည် ပါကစ္စတန်ပြည်မှခွဲထွက်ကာ လွတ်လပ်ရေးကြေညာခဲ့သည်။

            မြန်မာပြည်သည် ဗြိတိသျှတို့ထံမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော်လည်း ဗြိတိသျှဓနသဟာယအဖွဲ့တွင် မပါဝင်ခဲ့ပေ။ မြန်မာပြည်လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် အစိုးရအဆက်ဆက်အတွက် ဖြေရှင်းရခက်ခဲသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။

အင်ဒိုနီးရှားသည် ဒတ်ချ်(နယ်သာလန်) ထံမှ ၁၉၄၉ ခုနှစ်တွင်လွတ်လပ်ရေးရခဲ့သည်။ နယ်သာလန်သည် ဒတ်ချ်နယူးဂီနီကို ဆက်လက်ထိန်းသိမ်းထားသော်လည်း အင်ဒိုနီးရှားက ကျူးကျော်သိမ်းပိုက်ရန် ခြိမ်းခြောက်ခဲ့သည်။ ကုလသမ္မဂ၏ ဦးဆောင်မှုဖြင့်ကျင်းပသော လွတ်လပ်စွာဆုံးဖြတ်ပွဲသည် ပြဿနာများရှိသော်လည်း အနောက်နယူးဂီနီသားများက အင်ဒိုနီးရှားနှင့်ပူးပေါင်းမည်ဟု သူတို့ကံကြမ္မာကိုသူတို့ ဆုံးဖြတ်လိုက်ကြသည်။ ၁၉၇၅ ခုနှစ်တွင် ပေါ်တူဂီက အ‌ရှေ့တီမောအပေါ်ထိန်းချုပ်မှုကို စွန့်လွှတ်လိုက်ပြီး အင်ဒိုနီးရှားက ချက်ခြင်းလိုလိုပင် ကျူကျော်သိမ်းပိုက်လိုက်သည်။

စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက်

ဆိုဗီယက်ယူနီယံတွင် ၁၉၈၅ ခုနှစ်မတ်လ၌ မီခေးလ်ဂိုဘာချော့ဗ် အာဏာရရှိလာပြီးနောက်ပိုင်း ကမ္ဘာစစ်အေးတိုက်ပွဲ အရှိန်လျော့ကျလာသည်။ ဂိုဘာချော့ဗ်က စီးပွားရေးမူဝါဒတင်းကြပ်မှုများကို ဖြေလျှော့လာသကဲ့သို့ ဆိုဗီယက်လက်နက်ကိုင်အင်အားနှင့် ဥရောပရှိ နြူကလီးယားလက်နက်အရေအတွက်ကို လျှော့ချလိုက်သည်။        

၁၉၈၉-၉၀ တွင် ဆိုဗီယက်အုပ်စုဝင်နိုင်ငံများဖြစ်ကြသော ပိုလန်၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗက်ကီးယား၊ အရှေ့ဂျာမနီ၊ ဘူလ်ဂေရီးယား၊ ရိုမေးနီးယားနှင့် မွန်ဂိုလီးယားတို့ရှိ ကွန်မြူနစ်အစိုးရများပြိုကျသွားလေသည်။ အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီပူးပေါင်းသွားပြီး ချက်ကိုဆလိုဗက်ကီးယားသည် ချက်နှင့်ဆလိုဗက်ကီးယား သမ္မတနိုင်ငံနှစ်ခုအဖြစ် ကွဲသွားသည်။ ၁၉၉၀ တွင် ယူဂိုဆလပ်ဗီးယားသည် မူလပါဝင်သည့် ရီပက်ဗလစ်ယူနစ် ၆ ခုအတိုင်း နိုင်ငံ ၆ နိုင်ငံအဖြစ် ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီးပြိုကွဲသွားသည်။ မူလက ဆားဗီးယားရီပက်ဗလစ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူနစ်တစ်ခုဖြစ်ခဲ့သော ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် လွတ်လပ်ရေးကြေညာခဲ့သော်လည်း နိုင်ငံတကာအသိမှတ်ပြုခံရမှု နဲပါးခဲ့သည်။

၁၉၉၁ ခနှစ်တွင် ဂိုဘာချောဗ်သည် ဆိုဗီယက်ပြည်ထောင်စု၏ သမ္မတအဖြစ်မှနှုတ်ထွက်ပြီး ဆိုဗီယက်ပြည်ထောင်စုသည်လည်း အချုပ်အခြာအာဏာပိုင်သော နိုင်ငံ ၁၅ နိုင်ငံအဖြစ် နှိုင်းယှဉ်ချက်အရ ငြိမ်းချမ်းစွာ ကွဲထွက်သွားကြသည်။ အဆိုပါနိုင်ငံသစ်များမှာ ကွန်မြူနစ်ဝါဒကို ငြင်းပယ်ခဲ့ကြပြီး အများစုက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ကို လက်ခံကျင့်သုံးကြလေသည်။ အဆိုပါသမ္မတနိုင်ငံသစ်များအတွင်း အက်ခါးဇီးယား၊ တောင်ဩဆက်ရှား၊ ထရန်နစ္စတြီးယားနှင့် နာဂေါ်နိုကရာဘာ့ရှ်ဒေသလေးခုသည် အချုပ်အခြအာဏာပိုင်လွတ်လပ်ရေးကို ကြေငြာခဲ့ကြသော်လည်း နိုင်ငံတကာအသိမှတ်ပြုမှုကို မခံရပေ။

ပြည်တွင်းစစ်ဆယ်စုနှစ်များစွာ ဖြစ်ပွားပြီးနောက် ၂၀၀၂ ခုနှစ်တွင် အရှေ့တီမော၏ လွတ်လပ်ရေးကို အင်ဒိုနီးရှားက အသိမှတ်ပြုရလေသည်။

၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်တို့က ပြည်တွင်းစစ်ပွဲကို အနိုင်တိုက်ခိုက်ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်လိုက်ကြသည်။ ကူမင်တန်ပါတီခေါင်းဆောင်သည့် တရုတ်သမ္မတနိုင်ငံအစိုးရသည် ထိုက်ပေမြို့သို့ ဆုတ်ခွာထွက်ပြေးရကာ ထိုက်ဝမ်ကျွန်းနှင့်အနီးအနားကျွန်းများတစ်ဝိုက်တွင်သာ အာဏာသက်ရောက်မှုရှိတော့သည်။ ထိုအချိန်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်သမ္မတနိုင်ငံအကြား ထိုက်ဝမ်ကျွန်း၏ အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် နိုင်ငံရေးအဆင့်နေရာနှင့် ပတ်သက်၍ အငြင်းပွားကြရလေတော့သည်။

တစ်ချို့သော ကမ္ဘာနေရာဒေသများတွင် ပြင်းထန်သော ကိုယ်ပိုင်ပြဌာန်းခွင့်လှုပ်ရှားမှုများ ဆက်လက်တည်ရှိနေသည်။ ထိုင်ဝမ်၊ မြောက်ပိုင်းဆိုက်ပရပ်စ်၊ ကိုဆိုဗိုနှင့် တောင်ဩဆက်ရှားတို့တွင်ကဲ့သို့ လက်တွေ့တွင် လွတ်လပ်ရေးရနေသောဒေသများ ရှိနေကြသည်။ သို့သော်လည်း ၎င်းတို့၏လွတ်လပ်ရေးကိစ္စမှာ အဓိကနိုင်ငံကြီးတစ်နိုင်ငံ သို့မဟုတ် နိုင်ငံအများနှင့် အငြင်းပွားနေရခြင်းမျိုး ရှိတက်သည်။ ကာဒစ္စတန်၊ ဘလိုချီစတန်၊ ချေချင်ညာနှင့် ပါလက်စတိုင်းနိုင်ငံများကဲ့သို့ လက်တွေ့တွင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု မရှိသောဘဝဖြင့် ဆက်လက်နေထိုင်ကြရသည့် ကိုယ်ပိုင်ပြဌာန်းခွင့်လှုပ်ရှားမှုများလည်း ရှိနေကြသေးသည်။

မျက်မှောက်ခေတ်ပြဿနာများ

၁၉၉၀ ခုနှစ်အစောပိုင်းနှစ်များကတည်းက အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံမူ တရားဝင်ဖြစ်ရေးပြဿနာက နိုင်ငံများအတွင်း ပဋိပက္ခဖြစ်မှုများကို တိုးပွားစေသည်။ အုပ်စုခွဲများက ပိုမိုကြီးမားသော ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ကြိုးပမ်းမှုများရှိသလို၊ လုံးဝခွဲထွက်ရေးကြိုးပမ်းသည်များလည်း ရှိသည်။ အချို့မှာ အုပ်စုအတွင်း(သို့မဟုတ်) အခြားအုပ်စုများနှင့် ခေါင်းဆောင်မှုနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွားပြီး လက်နက်ကိုင်ဖြေရှင်းကြသည်အထိ ပြင်းပြင်းထန်ထန်ဖြစ်ကြသည်။ ဤလှုပ်ရှားမှုသစ်များအတွက် နိုင်ငံတစ်ကာ၏ တုံ့ပြန်မှုမှာ တသမတ်တည်းမရှိဘဲ မကြာခဏဆိုသလို အခြေခံမူအပေါ်ထက် နိုင်ငံရေးအရ ချဉ်းကပ်တုံပြန်တက်လေ့ရှိသည်။  သက္ကရာဇ်၂၀၀၀ ပြည့်နှစ် ကုလသမ္မဂထုန်ပြန်ကြေညာချက်က “ကိုလိုနီအုပ်ချုပ်ရေးနှင့် နိုင်ငံခြားကျူးကျော်သိမ်းပိုက်မှုအောက်တွင် ဆက်လက်ရှိနေသော ပြည်သူလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်” ဟုသာ ဖော်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပေးခြင်း

အချုပ်အခြာအာဏာပိုင်နိုင်ငံအတော်များများမှာ ၎င်းတို့၏ ဖွဲ့စည်းပုံးအခြေခံဥပဒေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ခွဲထွက်ရေးဖြင့်တွဲလျက်အသိမှတ်မပြုကြချေ။ အခြေခံဥပဒေတော်တော်များများမှာ အဆိုပါခွဲထွက်ခွင့်ကို အသေအခြာတားမြစ်ထားကြသည်။ သို့သော်လည်း တစ်ချို့နိုင်ငံများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုကြီးမားသောကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံဖြင့် ခွင့်ပြုထားခြင်းများရှိသလို ခွဲထွက်ခြင်းကို ချွင်းချက်တစ်မျိုးမျိုးဖြင့် ခွင့်ပြုထားသော ပုံစံများလည်းရှိသေးသည်။

အမေရိကန်ပြည်ထောင်စုတွင် အဗရာဟင်လင်ကွန်းက ခွဲထွက်ခြင်းကို အမေရိကန်ပြည်ထောင်စုအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဖြစ်နိုင်သည်ဟု အသိမှတ်ပြုခဲ့သည်။ ၁၈၆၉ ခုနှစ်က ဗဟိုတရားရုံးချုပ်၏ “တက္ကဆက်နှင့် ဝှိုက်” ဆုံးဖြတ်ချက်တွင် ခွဲထွက်ခွင့်သည် “တော်လှန်ရေးနည်းဖြင့်လည်းကောင်း၊ ပြည်နယ်များ၏သဘောတူညီမှုဖြင့်လည်းကောင်း” ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။ ၁၉၃၃ ခုနှစ်ကကျင်းပသော ဗြိတိသျှပါလီမန်က ဩစတြေးလျအနောက်ပိုင်းခွဲထွက်ခွင့်ကို ဩစတြေးလျတစ်နိုင်ငံလုံး၏ အများစုမဲဖြင့်သာ ခွဲထွက်နိုင်သည်ဟု ဆုံးဖြတ်ခဲ့ပြီး၊ မူလသတ်မှတ်ထားသည့် အနောက်ပိုင်းဩစတြေးလျနေပြည်သူတို့၏ ဆန္ဒခံယူပွဲ ၃ ပုံ ၂ ပုံ ထောာက်ခံမဲသည် မလုံလောက်ဟုဆိုကာ ပယ်ချခဲ့သည်။

တရုတ်ကွန်မြူနစ်များအာဏာမရရှိမှီ ၁၉၃၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆိုဗီယက်ယူနီယံပုံစံအတိုင်း ခွဲထွက်ခွင့် ပါဝင်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမတည်ထောင်မီနှင့် တည်ထောင်ပြီးနောက်ပိုင်းနှစ်များတွင် ပါတီကခွဲထွက်ခွင့်ကို ပယ်ဖျက်လိုက်ပြီး ခွဲထွက်မှုကို ဆန့်ကျင်သည့်စာပိုဒ်များကို ထည့်သွင်းခဲ့သည်။ ထို့အတူ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း လုပ်ထုံးလုပ်နည်း အခြေအနေတစ်ချို့အောက်တွင် ခွဲထွက်ခွင့်ကို ပြဌာန်းပေးခဲ့သည်။ ၁၉၇၄ ခုနှစ်  ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွဲထွက်ခွင့်ကို ပယ်ဖျက်လိုက်သည်။

၁၉၉၆ ခုနှစ်တွင် ဩစတြီးယား၊ အီသီယိုပီးယား၊ ပြင်သစ်၊ စိန့်ကစ်နှင့်နီးဗစ်နိုင်ငံတို့၏ အခြေခံဥပဒေတွင် ခွဲထွက်ခွင့်ပါဝင်သည်။ ဆွတ်ဇလန်နိုင်ငံတွင် လက်ရှိအနေအထားမှခွဲထွက်ခွင့်ကိုရော၊ ကန်တုံအသစ်(ယူနစ်အသစ်) ဖွဲ့စည်းမှုကိုပါ ခွင့်ပြုထားသည်။ ကနေဒါမှ ကွိဘက်ပြည်နယ်ခွဲထွက်ရေးအဆိုပြုမှုနှင့် ပတ်သက်၍ ကနေဒါဗဟိုတရားရုံးချုပ်၏ ၁၉၉၈ ခုနှစ်ကဆုံးဖြတ်ချက်မှာ ပြည်နယ်တွင်းရှိပြည်သူများ၏ ရှင်းလင်းသောအများစုထောက်ခံမဲနှင့် အခြေခံဥပဒေပြင်ဆင်ချက်ကို ကနေဒါဖက်ဒရေးရှင်းတွင် ပါဝင်သည့်ယူနစ်အားလုံး၏ အတည်ပြုချက်တို့ ရရှိမှသာလျှင် ခွဲထွက်နိုင်သည်ဟု ဆိုလေသည်။

လူနည်းစုအခွင့်ရေးများ တိုးမြှင့်ပေးခြင်းနည်းလမ်း

နိဂုံးချုပ်အနေဖြင့်ဆိုရသော် ကမ္ဘာနိုင်ငံအများစုကြီးပါဝင်သော ကုလသမ္မဂအဖွဲ့ကြီးအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ နိုင်ငံခြားကျူးကျော်သိမ်းပိုက်မှုခံနေရသော ကိုလိုနီနိုင်ငံပြည်သူများ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး လွတ်လပ်ရေးတိုက်ပွဲအတွက် ရှေ့ဆောင်သဘောတရား တစ်ရပ်အဖြစ်ခံယူပြီး အမေရိကန်၊ အိန္ဒိယ၊ ရှရှားဖက်ဒရေးရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံအများစုမှာ ခွဲထွက်ခြင်းကို ခွင့်မပြုကြကြောင်း တွေ့ရှိရသည်။

တိုင်းရင်းသားလူနည်းစုအခွင့်အရေးများကို ဖြည့်ဆည်းပေးရေးနှင့် ခွဲထွက်မှု သို့မဟုတ် နိုင်ငံသစ်ထူထောင်မှုများကို ရှောင်ရှားနိုင်ရန်အတွက် ဖက်ဒရယ်ယူနစ်များ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဆီသို့ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ပေးခြင်း သို့မဟုတ် ဆုံးဖြတ်လုပ်ပိုင်ခွင့်အာဏာပိုမိုမြှင့်တင်ပေးခြင်းများကိုသာ ပြုလုပ်လေ့ရှိကြပါကြောင်း တင်ပြလိုက်ရပါပေသည်။                      

ရဲထွန်း (သီပေါ)