• Today is: Friday, August 12, 2022

ဆလိုင်းတင်မောင်ဦး သို့မဟုတ် စစ်ဖိနပ်အောက် ဒူးမထောက်သူ

📌ဆလိုင်းတင်မောင်ဦး သို့မဟုတ် စစ်ဖိနပ်အောက် ဒူးမထောက်သူ

G.T.I-Insein Students' Union
▫️စစ်အာဏာရှင်တို့၏ မတရားကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံး ခဲ့သည်မှာ ယခု ဇွန်လ ၂၆ ရက်နေ့တွင် (၄၆) နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ဆလိုင်းတင်မောင်ဦးကို ၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ နေထိုင်ခဲ့ပါသည်။ အရှိုချင်းလူမျိုး အဖဦးလှဒင်နှင့် အမိဒေါ်နှင်းမြိုင်တို့၏ သားကြီး သြရဿ ဖြစ်ပါသည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သတ္တဗေဒ အထူးပြု ကျောင်းသားတစ်ဦး ဖြစ်ပါသည်။ ဆလိုင်းတင်မောင်ဦးကို တစ်ဦးတည်းသော ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါသည်။ ဆလိုင်းတင်မောင်ဦးသည် ရန်ကုန်တက္ကသိုလ် ချင်းကျောင်းသားများသမဂ္ဂ၏ အထွေထွေ အတွင်း ရေးမှူးလည်း ဖြစ်ပါသည်။ ၁၉၆၉ ခုနှစ် (၅) ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသား လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ် သမိုင်းဝန်းအတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသားလှုပ်ရှားမှုတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့ပါသည်။ ယင်းလှုပ်ရှားမှုကြောင့် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင် ခံခဲ့ရပါသည်။ ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ထောင်က လွတ်မြောက်ခဲ့ပါသည်။ ၁၉၇၄ ဂျွန်လ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ အလုပ်သမားသပိတ်တိုက်ပွဲ၌ ကျောင်းသား၊ ကျောင်းသူများ ပါဝင်နိုင်ရေး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ ပါသည်။ ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ ရပါတယ်။ ချင်းအမျိုးသားများ၏ နာမည်အရှေ့တွင် “ဆလိုင်း”၊ ချင်းအမျိုးသမီးများ၏ အရှေ့တွင် “မိုင်” ဟု ခေါ်ဝေါ်သုံးစွဲဖို့ အဆိုပြုခဲ့ပြီး အတည်ပြုနိုင်ခဲ့သည်။

▫️၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဦးသန့် အရေးအခင်းတွင် စစ်အစိုးရကို ရဲဝင့်စွာ ဆန့်ကျင်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။ ၁၉၇၄ ဒီဇင်ဘာလ ၅ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ဈာပနကို ပို့ဆောင်ဖို့ ရန်ကုန်ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်နှင့် စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဦးသန့် အလောင်းထားရှိရာ ကျိုက္ကစံကွင်းကြီးသို့ နံနက်ပိုင်းတွင် ချီတက်သွားကြပြီး ရဟန်းသံဃာများလည်း ရောက်ရှိနေကြ ပါသည်။ အားလုံးသောသူများစိတ်ထဲတွင် မြန်မာ့ဂုဏ်ဆောင်ဦးသန့်ကို ဗိုလ်ချုပ်နေဝင်းအစိုးရက အလေးအမြတ် နေရာမပေးဘဲ ကြံ့တောသုဿန်မှာပဲ မြှုပ်နှံဖို့ စီစဉ်ထားခြင်းကို လုံးဝ မ​ေကျနပ်ခဲ့ကြပါ။ သို့သော်လည်း သူတို့၏ မကျေနပ်ချက်ကို ထုတ်ဖော်မပြောရဲကြပါ။ အစိုးရဆန့်ကျင်သူမှန်လျှင် ထောင်တန်းကျမှာကို သိနေကြသည့်အတွက် ဖြစ်ပါသည်။ ယင်းအချိန်၌ ဆလိုင်းတင်မောင်ဦးကို ကားပေါ်မှ လူတစ်ယောက်က မိုက်ခွက်ကို လှမ်းပေးလိုက်သည်။ ကိုတင်မောင်ဦးက ကားဆီသို့ လျှောက်သွားသည့်အခါ မိုက်ခွက်ကိုကိုင်ကာ အင်ဂျင်ဘောနက်ပေါ်သို့ တက်လိုက်ပြီးနောက် “ရဲဘော်တို့ ဗိုလ်နေဝင်းဟာ ငါတို့ ကျောင်းသားတွေ၊ ရဟန်းရှင်လူတွေ လေးစားတဲ့ ခေါင်းဆောင် ဦးသန့်ကို သာမန်လူတွေ မြှုပ်တဲ့နေရာမှာ မြှုပ်စေဘို့ စီမံခဲ့တယ်။ ဦးသန့်ဟာ မြန်မာ့ခေါင်းဆောင်တင် မဟုတ်ဘူး၊ ကမ္ဘာ့ခေါင်းဆောင်အဖြစ် အားလုံးက အသိအမှတ်ပြုခံရသူ မြန်မာ့ဂုဏ်ဆောင် အာဇာနည် ပုဂ္ဂိုလ်ကြီးဖြစ်တယ်၊ ဦးသန့်ကြောင့် ငါတို့နိုင်ငံကို ကမ္ဘာသူ ကမ္ဘာသားတွေ သိရှိပြီး ငါတို့ လူမျိုးကို ကမ္ဘာက လေးစားခံခဲ့ရတယ်။ ငါတို့ ဂုဏ်တက်ခဲ့ရတယ်၊ ဒီလိုပုဂ္ဂိုလ်မျိုးကို ခွေးသေဝက်သေ သာမန်သဂြိုလ်မြှုပ်နှံဖို့ လုပ်တာကို ငါတို့က လက်ခံရမလား” “ငါတို့က လက်ခံရမလားဟေ့!!!” ဟု ကျားဟိန်းသလို ဟိန်းလိုက်သည့် ကိုတင်မောင်ဦး၏ အသံသည် ကျိုက္ကစံကွင်းထဲ၌ ဟိန်းထွက်၍ သွားခဲ့ပါသည်။
“လက်မခံနိုင်ဘူး” “လက်မခံနိုင်ဘူး” ဟု ကျောင်းသားများကလည်း အတိုင်အဖောက်ညီညီနှင့် ဟစ်လိုက်သောကြောင့် ကျိုက္ကစံကွင်းတခုလုံး ပဲ့တင်ထပ်ပြီး တုန်ဟီး၍ သွားခဲ့ပါတော့သည်။ ထို့နောက် ကျောင်းသားအားလုံးနှင့် လာရောက် ဂါဝရပြုသည့် လူထုကြီးက “မမြှုပ်နှံသင့်ပါဘူး ထိုက်တန်တဲ့နေရာ ပေးသင့်ပါတယ်” ဟု ဝိုင်းအော်ခဲ့ကြကာ ဦးသန့်အခေါင်းကြီးကို တက္ကသိုလ်သို့ ယူဆောင်သွားခဲ့ပါသည်။ ထို့ကြောင့် ဆလိုင်းတင်မောင်ဦးကို ကျောင်းသားအများစုက ကျောင်းသားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ ဦးသန့် အရေးအခင်းရဲ့ ဈာပနကော်မတီ၏ အတွင်းရေးမှူး အဖြစ်လည်း အရွေးခံခဲ့ရပါသည်။ စစ်တပ်က တက္ကသိုလ်ဝန်းထဲကို အကြမ်းဖက် ဝင်ရောက်မဖြိုခွဲခင် အဖမ်းမခံဘဲ ရှောင်ထွက်ခဲ့ပါသည်။ ဦးသန့်အရေးအခင်းဖြစ်ပြီး အစိုးရက ဝရမ်းထုတ် ခံရသည့်အတွက် နယ်စပ်ကို ရှောင်ထွက်သွားခဲ့ပြီး ၁၉၇၅ ခုနှစ် မေလမှာ ပြည်တွင်းသို့ တိတ်တဆိတ် ပြန်ဝင်လာပြီး ဇွန်လတွင် အစိုးရ၏ ပညာရေးဝန်ကြီး ဒေါက်တာလှဟန်က တက္ကသိုလ် ကျောင်းများကို လာရောက်ပြီ ကျောင်းသားများ၏ လိုလားချက်များကို မေးမြန်းပြီး ပြဿနာများကို ဖြေရှင်းပေးမည်ဟု ကြေညာခဲ့ပါသည်။ ဒေါက်တာလှဟန်က ပထမဦးဆုံး ဆေးတက္ကသိုလ် (၁) ကို သွားရောက်ခဲ့ပြီး ဆွေးနွေးခဲ့ရာ ပြဿနာ မရှိသည့်အတွက် နောက်နေ့နံနက်ပိုင်းတွင် ကြို့ကုန်းရှိ ရန်ကုန်စက်မှု တက္ကသိုလ်တွင် ဆွေးနွေးပြီး နေ့လည်ပိုင်း၌ လှိုင်တက္ကသိုလ်တွင် ကျောင်းသားများနှင့် တွေ့ဆုံမည်ဟု ကြေညာခဲ့ပါသည်။ သို့ရာတွင် စက်မှုတက္ကသိုလ် ကျောင်းသားများက ဆွေးနွေးပွဲတွင် “ခင်ဗျားတို့အစိုးရ ဘယ်တော့ ဆင်းပေးမှာလဲ” ဟု မေးခွန်းထုတ်ခဲ့သဖြင့် အဆင်မပြေ ဖြစ်ပြီး လှိုင်တက္ကသိုလ်သို့ မလာတော့ဘဲ တပ်ခေါက် ပြန်သွားသည့် အတွက် လှိုင်တွင် စောင့်နေသည့် ကျောင်းသားများကို ဆလိုင်းတင်မောင်ဦးက ဦးဆောင်ပြီး ဆန္ဒပြရာကနေ ဂျွန်လ ၆ ရက်နေ့မှာ ကျောင်းသားအရေးအခင်း ထိုအရေးအခင်းကို ဂျွန်အရေးအခင်းဟု ခေါ်သလို နောက်ဆုံး ဆန္ဒပြ ကျောင်းသားတွေ ရွှေတိဂုံဘုရားမှာ သပိတ်စခန်း ပြောင်းဖွင့်ခဲ့သည့်အတွက် ဘုရားပေါ် စစ်တပ်က တက်ဖမ်းဆီးတာခံကြရလို့ ရွှေတိဂုံ အရေးအခင်းဟု ပြောင်းလဲခေါ်ခဲ့ ကြပါသည်။

▫️ဂျွန်အရေးအခင်းအပြီးမှာ ဆလိုင်းတင်မောင်ဦး မြေသျှိုးသွားပြန်ပြီး ၁၉၇၆ ခုနှစ်မတ်လမှာ ပြန်လာခဲ့ကာ မှိုင်းရာပြည့် အရေးအခင်းအတွက် စီစဉ်နေစဉ် မှိုင်းရာပြည့်မဖြစ်မီ တစ်ရက်အလို ၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကမာရွတ် ချည်မျှင်အထည်စက်ရုံအလုပ်သမား ကိုတင်မြင့်၏ တိုက်ခန်း၌ လျှို့ဝှက်စွာ တည်းခိုနေစဉ် အခန်းပိုင်ရှင်က ကြောက်လန့်ပြီး သတင်းပေးသဖြင့် စစ်ထောက်လှန်းရေးမှ လှုံ့ဆော်ရေး စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ မှိုင်းရာပြည့် အရေးအခင်းမှာ ဆလိုင်းတင်မောင်ဦးနှင့်အတူ မိဘနှစ်ပါးဖြစ်သူ ဦးမြဒင်နှင့် ဒေါ်နှင်းမြိုင်တို့လည်း အဖမ်းခံခဲ့ရပြီး ယင်းအချိန်က နဝမတန်း တက်ရောက်နေသည့် ညီမဖြစ်သူ မလှမြိုင် ခေါ် မိုင်ပိုပိုဒင်နှင့် ညီဖြစ်သူ ဆလိုင်းလှရွှေတို့လည်း ထပ်မံ အဖမ်းခံခဲ့ရပါသည်။ စစ်အာဏာရှင် နေဝင်းအစိုးရက ဆလိုင်းတင်မောင်ဦးကို သေဒဏ်ကြိုးမိန့်၊ ညီမဖြစ်သူ အထက်တန်းကျောင်းသူ မိုင်ပိုပိုဒင် ခေါ် မလှမြိုင်ကို ထောင်ဒဏ် ၉ နှစ်၊ ညီဖြစ်သူ ၈ တန်း ကျောင်းသား ဆလိုင်းလှရွှေကို ထောင်ဒဏ် ၇ နှစ်၊ ဖခင်ဖြစ်သူ ဦးလှဒင်နှင့် မိခင်ဖြစ်သူ ဒေါ်နှင်းမြိုင်တို့ကို အားပေး အားမြှောက်မှု၊ သားသမီးများကို အိမ်တွင် လက်ခံထားမှုနှင့် ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်ခဲ့ပါသည်။ ဖမ်းဆီးခံခဲ့ရပြီး ၃ လ အကြာမှာ အမေနှင့် ညီမ ဖြစ်သူကို သာယာဝတီထောင်၊ အဖေနှင့် ညီဖြစ်သူကို တောင်ငူထောင်သို့ ပို့ဆောင်ခဲ့ပါသည်။ စစ်ခုံရုံးတွင် ပြင်ဆင်ချက် တင်လျှင် ပြစ်ဒဏ်လျှော့ပေးမယ်ဟု ပြောခဲ့သော်လည်း ဆလိုင်းတင်မောင်ဦးက “မင်းတို့ ငါ့ခန္ဓာကိုယ်သာ သတ်လို့ရမယ်။ ငါ့ရဲ့ ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ် အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” ဟု ရဲဝံ့စွာ တုံ့ပြန်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသားအရေးအခင်း ၃ ခုလုံးတွင် ဦးဆောင်နိုင်ခဲ့သူ ဆလိုင်းတင်မောင်ဦးကိုစစ်အာဏာရှင် ဗိုလ်နေဝင်းက ကြောက်လန့်ပြီး သေဒဏ် ချမှတ်ပြီး အယူခံ ကာလ ၃ လပြည့်သည်နှင့် ကြိုးပေးသတ်ပစ်ခဲ့ပါသည်။

▫️ ဆလိုင်းတင်မောင်ဦး၏ မိဘ ညီအကို မောင်နှမများကို အသိမပေးဘဲ အင်းစိန်ထောင်အတွင်း သေဒဏ်ကျ အကျဉ်းသားများ ရရှိမည့် အခွင့်အရေးများကို မပေးဘဲ စစ်အစိုးရက ရက်စက် ယုတ်မာစွာ ၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်နေ့မှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို တိတ်တဆိတ် ကြိုးပေးသတ်ဖြတ်ခဲ့ကြပါသည်။

▫️စစ်အစိုးရ အဆက်ဆက်က ကြိုးပေးသတ်ဖြတ်ခဲ့သည့်နေ့ရက်ကို တရားဝင် ထုတ်ပြန် အသိပေးခဲ့ခြင်း မရှိသည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။ အာဇာနည် ဆလိုင်းတင်မောင်ဦးသည် ကြိုးပေးသတ်ဖြတ်ခံရသည့်အချိန်အထိ ကြိုးပေး သတ်ရာတွင် ချက်ချင်းမသေလျှင် သူနိုင်သည်ဟု ပြောဆိုကာ နောက်ဆုံးအချိန်ထိ ရဲဝံ့စွာ ရပ်တည်သွားခဲ့သည်။

▫️အာဏာရှင်တို့သည် ကျွန်ုပ်တို့ကို ခေတ်အဆက်ဆက် မည်သို့ပင် ဖိနှိပ်နေစေကာမူ ကျောင်းသားထုအနေဖြင့် ဘယ်သော အခါမှ ဒူးမထောက်ဘဲ ဆက်လက် တိုက်ပွဲဝင် တော်လှန်နေကြမည် ဖြစ်သည်။

▫️ဦးထွန်းအောင်ကျော်နှင့် ဆလိုင်းတင်မောင်ဦးမူရင်း ဓာတ်ပုံ”
ဒီပုံဟာ သူငယ်ချင်းနှစ်ယောက် ၁၉၇၅ ခုနှစ်၊ မေလ (ဂျွန်အရေးအခင်းမဖြစ်ခင်) ငါတို့သေနိုင်တယ်ဆိုပြီး အမှတ်တရ ရိုက်ခဲ့ကြတဲ့ ဓာတ်ပုံဖြစ်တယ်။ ဆလိုင်းတင်မောင်ဦး မသေခင် နောက်ဆုံး ရိုက်ကူးခဲ့တယ့် ပုံလည်း ဖြစ်တယ်။
 
တနှစ်ကျော်အကြာ မှာဆလိုင်းတင်မောင်ဦးဟာ ကျဆုံးခဲ့ပြီး ဦးထွန်းအောင်ကျော်(၇၄) ကတော့ 1988အာဏာသိမ်းချိန်မှာ တောခိုးခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ကျောင်းသားတပ်မတော်ရဲ့ ပထမဆုံး ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ပြီး ယခုအချိန်ထိ အသက်ရှည်ကျန်းမာလျက်ရှိသည်။

▫️ကိုးကား
– အိုးဝေစာစောင်
– ဝီကီပီဒီးယား
– ထွန်းအောင်ကျော် (၇၄ မျိုးဆက်), ၇၄ ဦးသန့် ကျောင်းသားလှုပ်ရှားမှုမှသည် အင်းစိန်ထောင်တွင်းတိုက်ပွဲဆီသို့။