• Today is: Friday, March 29, 2024

တော်လှန်ရေး ပိုအားကောင်းဖို့ NUG ရဲ့ငွေတိုက်စာချုပ် PNFC ပူးပေါင်းရောင်းချပေးနေတယ်လို့ဆို

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၃၀

တော်လှန်ရေး ပိုအားကောင်းဖို့ NUG နဲ့ ပူးပေါင်းပြီး ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ငွေတိုက်စာချုပ်ကို ရောင်းချပေးနေတယ်လို့ PNFC ပြောခွင့်ရ ခွန်ဝေထူးက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။ 

ခွန်ဝေထူးက “ငွေတိုက်စာချုပ်ကိုကျနော်တို့ ယခင်ကတည်းက ဒီ NUG ရဲ့ငွေတိုက်စာချုပ်ကို ကျနော်တို့ ကူညီပြီးတော့ ရောင်းချတဲ့လုပ်ငန်း အရင်ကတည်းက ရှိတယ်ပေါ့။ ဝိုင်းကူရောင်းပေးတာ ရှိတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီက ပအိုဝ်း ပြည်သူ့ ကာကွယ်ရေးတပ် ဖွဲ့ အတွက်ပေါ့နော် လူငယ်လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း PNFC မှာ ပါဝင်လာတာရှိတယ်။ အဲဒီမှာ ကျနော်တို့ နိုင်ငံရေးရော စစ်ရေးရော ဒီတော်လှန်ရေးမှာ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ဖို့ အတွက် လိုအပ်ချက်တွေ နိုင်ငံရေးအရလိုအပ်ချက်တွေရှိလာသလို စစ်ရေးအရသုံးဖို့အတွက် လိုအပ်ချက်တွေ အများကြီးတွေ့လာရတယ် အဲဒီလိုအပ်ချက်တွေမှာ အသုံးပြုနိုင်ဖို့ ရောင်းချနေသာ ဖြစ်တယ်” လို့ ပြောပါတယ်။ 

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်း  ငွေတိုက်စာချုပ် ရောင်းချမှုမှာ တဖက်တလှမ်းက PNFC အနေနဲ့ အားသွန်ခွန်စိုက် ပါဝင်နေတယ်ဆိုတာကို ဖော်ပြနေလည်း ဖြစ်ပါတယ်။ 

ခွန်ဝေထူးက “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျနော်တို့ NUG နဲ့ပူးပေါင်းဆောင်ရွက်သလိုပဲ စစ်ရေးအတွက် လိုအပ်ချက်တွေကိုပိုပြီးတော့ ပအိုဝ်းပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ လိုအပ်နေတဲ့ တော်လှန်ရေး လူငယ်တွေအတွက် လိုအပ်နေတဲ့ လက်နက်ခဲယမ်း တွေကိုလည်း ကျနော်တို့အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာတယ်ပေါ့နော်။  ဒါကြောင့် NUG ကငွေတိုက် စာချုပ်နဲ့ ကျနော်တို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီအနေနဲ့ ပူးပေါင်းပြီးတော့ ရောင်းချလို့ရတဲ့ ငွေတိုက်စာချုပ်တွေကို PNFC မှာလိုအပ်တဲ့ စစ်ရေး၊ နိုင်ငံရေး ကဏ္ဍတွေမှာ အသုံးပြုမယ်” ဟု ဆက် ပြောပါတယ်။

ဒါ့အပြင် ငွေတိုက်ချုပ်ကို စေတနာဝန်ထမ်းများနှင့် မေလ ပထမပတ်က စပြီး PNFC က ရောင်းချနေသာ ဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပရောက် ပအိုဝ်းလူမျိုးစု အတိုင်းအဝိုင်းအများဆုံး ဝယ်ယူအားပေးကြတယ်လို့ သိရပါတယ်။

အဲဒီငွေတိုက်စာချုပ် ရောင်းရတဲ့ ငွေတွေက NUG ရဲ့ဘဏ္ဍာရေးဌာနနှင့် PNFC ရဲ့ ဘဏ္ဍာရေးဌာနတွေမှာ ဝယ်သူရွေးချယ်တဲ့ အမျိုးစားကဏ္ဍအလိုက် ဝင်ရောက်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။