• Today is: Thursday, April 25, 2024

နေ့စဉ်သတင်းအကျဉ်း

                                                                           ဇွန် – ၃၀ – ၂၀၂၂ ခုနှစ်

  • ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နိုင်ငံတော်အာဏာကို စစ်တပ်မှ မတရားသိမ်းယူပြီး နောက် ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ ဇွန်လ(၃၀)ရက်နေ့ထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူ (၂၀၄၀)ဦးထိ ရှိခဲ့ကြေင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးခံရသူ ( ၁၄၄၀၂ )ဦးထိ ရှိခဲ့ပြီး လက်ရှိချိန်ထိ (၁၁၃၃၈)ဦးအထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။

 

  • ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦးတစ်ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် လိုက်သည်ဟု သိရသည်။ အမှုဖွင့်ခံထားရသူနှစ်ဦးမှာ အသက် (၆၀) ကျော်အရွယ် ပလက်ဝမြို့ မရပ်ကွက် ရာအိမ်မှူးဦးမောင်ဝင်းနှင့် အသက် (၅၇) နှစ်အရွယ် ဦးမောင်မဲကျော့တို့ဖြစ်ကြပြီး ၎င်းတို့ကို ဇူလိုင်လ ၁၆ ရက်နေ့ကို ထပ်မံ ရုံးချိန်းလိုက်ကြောင်း သိရသည်။ အမှုဖွင့်ခံသူထဲမှ မိသားစုဝင်တစ်ဦးက  ” အခုတော့ တရားစွဲခံထားရတယ်။ ဘာဖြစ်လို့ တရားစွဲတာလည်းမသိဘူး။ သူတို့မှာဘာမှအပြစ်မရှိဘူး၊ အဲဒါဟာ တရားမျှတမူမရှိဘူး “ဟုပြောသည်။

 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းဘေး၊ မွေးမြူရေးဇုန်အနီး တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ယမန်နေ့ ဇွန်လ ၂၉ ရက် နံနက်တွင် ပစ်ခတ်တိုက်ခိုက် ပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။ ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် တွင် အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံးကြောင်း ကော့ကရိတ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

 

  • ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ခေါ် ပအိုဝ်းပြည်သူ့စစ်က သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အသက် (၂၂)နှစ် အရွယ် နန်းခမ်းအွမ်းကို မနေ့မှာ PNO က မိသားစုဝင်တွေဆီ ငွေ သိန်း ၁၀၀ ကျပ်ပေးပြီး ကြေအေးပေး လိုက်ရတယ်လို့ သိရပါတယ်။ နန်းခမ်းအွမ်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က ရပ်ကွက်၁မှာ နေထိုင်တဲ့ PNO/PNA တပ်ဖွဲ့ထွက် ကောဝိဒက သူမရဲ့ နေအိမ်ရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

  • ကရင်နီပြည်နယ်၊ လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာသယ်ပို့ သည့် ကား ၁ စီးကို ယနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကင်းလှည့်နေသည့် KNDF တပ်ရင်း ၁၀ တပ်ဖွဲ့က တွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။ ၂၀ မိနစ်ခန့် ထိတွေ့ တိုက်ပြွဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ယာဉ်ပေါ်မှ တပ်ရေးဗိုလ်ကြီး ကိုင်ဆောင်သော ၉ မမပစ္စတို ၁ လက်၊ ကျည် ၁၂ တောင့်နှင့် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF က ဆိုသည်။

 

  • ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးဖွဲ့တစ်ခုဖြစ်သည့် စစ်ကိုင်းအထူးတပ်ဖွဲ့တို့ကြား ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံး များပြီး တပ်သားအချို့ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် မှ သိရသည်။ ဗန်းမောက်မြို့နယ် သောင်ကြီးကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၄ ရက် ဆက်တိုက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ဇွန် ၂၈ ရက်တစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး၍ ၆ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

  • ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ် (CDF) က သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၉ ရက် ည ၁၀ နာရီခွဲခန့်တွင် မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်အနီး ၄မိုင်ကုန်း၌ စစ်ကောင်စီ တပ်သားများ အချင်းချင်း စကားများကြရင်း ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဖော်ပြ ထား သည်။ မင်းတပ် CDF နှင့် စစ်ကောင်စီတပ်သည် ယမန်နေ့က မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး CDF ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။ ထို့ပြင် စစ်ကောင်စီ၏ ခလရ(၂၇၄) တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရသည်။

 

  • မြန်မာနိုင်ငံအမှန်တရားနှင့် မျှတသောအမျိုးသား ပါတီကိုဖွဲ့စည်းခဲ့သော (၉)နှစ်မြောက် အခမ်းအနားကို ယမန်နေ့ ဇွန်လ ၂၉ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပါတီအဖွဲ့အစည်း အသီးသီးမှ (၉)နှစ်မြောက် အထိန်း အမှတ်တွင် ပါတီဖြတ်သန်းလာခဲ့သောခရီးစဉ်တ လျှောက်လုံးကို အထူးအမှတ်တရဖြင့် ပြန်လည် သုံးသပ်ရေးအခန်းအနားများကို ကျင်းပခဲ့ကြသည်။

 

  • ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒရွာ(မူဆလင်ရွာ)၌ ဖြစ်ပွားခဲ့သော စပါးကောက်လှိုင်း ပုံများ မီးရှို့ခဲ့သည့် အမှုဖြစ်စဉ်ဆိုင်ရာ ထွက်ဆိုချက် Video (ရုပ်သံဖိုင်)များနှင့် ပတ်သက်၍ ရက္ခိုင့် တပ်တော် (AA) က ရှင်းလင်းချက် ယနေ့ထုတ်ပြန်လိုက်သည်။ ထို့ပြင် အဆိုပါ စပါးကောက်လှိုင်းပုံ များအား မီးရှို့ရန် အဆင့်ဆင့်စေခိုင်းသူများကိုလည်း ပူးတွဲထုတ်ပြန် ထားသည်ကို တွေ့ရသည်။

 

  • ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသ ဥကရစ်ထတွင် ယနေ့နံနက်ပိုင်းကစပြီးတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ဘက်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း တောက်လျှောက် ပစ်ခတ် နေ သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ဥကရိထတိုက်ပွဲအတွင်း၌ ဒေသခံများလည်း ဘေးလွတ်ရာသို့ တစ်နေရာပြီးတစ်နေရာရွှေ့ပြောင်းနေကြရသည့်အတွက် စားသောက်ရေးအတွက် အခက်အခဲဖြစ်နေ သည်ဟု ဒေသခံများထံမှသိရသည်။ လက်ရှိတိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၂ မိုင်ကျော်ဝေးကွာသည့် ဝါးမီးထစာသင်ကျောင်းအပါအဝင် ပန်းခြံကုန်း၊ ရွှေအင်းမြိုင်စသည့်နေရာတို့၌ ခိုလှုံနေသော ဥကရိထ တိုက်ပွဲအတွင်း စစ်ဘေးရှောင်များသည် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယနေ့အချိန်ထိ တစ်နေရာပြီးတစ်နေရာ ပြေးနေကြရသည်ဟု သိရသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA၊ PDF၊ NUG ထောက်ခံပွဲ ဖားကန့် ပင်မ သပိတ်စစ်ကြောင်းသည် ယနေ့ဇွန်လ ၃၀ ရက် နံနက်၌ ချီတက်ဆန္ဒပြကြသည်။ ဆန္ဒပြသူများက ‘KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ် ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့ သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့၊ ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင် များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။

 

  • လောင်းလုံးတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်လူငယ်များ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းကဦးဆောင်ကာ ကျွန်စိတ်ကင်းတဲ့ ၅/ ၊ လွမ်းမိုးမခံတဲ့ ၅/ ဆိုသည့် စာတန်းကိုင်ဆောင်ကာ ယနေ့ ဇွန်လ ၃၀ ရက်တွင် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး  ချီတက်ဆန္ဒပြကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် “နိုင်တဲ့နေရာက ပါဝင်ပါ။ တော်လှန် ပါ။ တော်လှန်ရေးဟာ ပြည်သူတွေရဲ့ခွန်အား ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေ အမြဲလိုအပ်နေ ပါတယ်” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး မန္တလေး၊ ပြည်ကြီးတံခွန် ဆရာတော်က ဦးဆောင်ကာ ယနေ့ ဇွန်လ ၃၀ ရက် ညတွင် အသံမတိတ်၊ အလံမလိပ် ပြည်ကြီးတံခွန် ညသပိတ်ဖြင့် ဆန္ဒပြကြသည်။

 

  • ရန်ကုန်မြို့တစ်နေရာတွင် “ကျောင်းသားသည် ထောင်နှင့် မဆိုင်” ဘန်နာကိုင်ဆွဲကာ မင်္ဂလာဒုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ ( ဗကသများ အဖွဲ့ချုပ်)၊ သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသား များသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်)၊တောင်ဒဂုံမြို့နယ် ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်) တို့ ဦးဆောင်၍ ညီနောင် ကျောင်းသားသမဂ္ဂများ( ဗကသများအဖွဲ့ချုပ် )နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ ဇွန် ၃၀ တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

 

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၇၆ ရက်မြောက်နေ့အဖြစ် ယနေ့ ဇွန် ၃၀ ရက်တွင် အကြမ်းဖက်ဖက် ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်ခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ် မြောက်ခြမ်းတွင် ရွာပေါင်းစုံရှိ ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေခင်းသပိတ် စစ်ကြောင်းကို ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီ ပူးပေါင်းပါဝင်အားဖြည့်ပေးခဲ့ကြသည်။
  • ယင်းမာပင်မြို့နယ် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ကျေးရွာနေ ပြည်သူများ ဦးဆောင် သည့် အရာတော်မြို့နယ် လူထု သပိတ်စစ်ကြောင်း ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် “သွေးစည်း ညီညွတ် တော်လှန်ကြ၊ ဘုံရန်သူကို ချေမှုန်းကြ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့​ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက သပိတ် စစ်ကြောင်း လုံခြုံရေးအတွက် လိုက်ပါ ဝန်းရံခဲ့ ကြောင်း သိရသည်။

 

  • စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တပ်စွဲထားသောကြောင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ထုံးရေပေါက်ကျေးရွာမှ ဒေသခံများ နေရပ်ပြန်ရန်အခက်တွေ့နေကြောင်း သိရသည်။ ထုံးရေပေါက်ကျေးရွာတွင် ဇွန်လ၂၇ ရက်​​နေ့က ပြည်သူ့စစ်နှင့် ​ကေအိုင်အေပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ​ဖြစ်ပွားခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကျေးရွာအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်း ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်ဟု The 74 Media တွင် ဖော်ပြထားသည်။ “ရွာထဲမှာ စစ်သားအယောက် ၇၀လောက်တပ်ထိုင်ထားတယ်။ ရွာကိုပြန်သွားတဲ့ ရွာသားတွေကို စစ်ကောင်စီက အဝင်ပဲခံတယ်၊ အထွက်မခံဘူး။ စစ်ဆေးမှုတွေလည်း လုပ်နေတယ်” ဟုပြောသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက် မူးယစ်ရဲစခန်းက ရဲတစ်ဦးကို ဒီကနေ့ ဇွန်လ (၃၀) ရက်နေ့မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က လုပ်ကြံသတ်ဖြတ်သွားကြောင်း ဒေသခံတွေပြောကြား ချက်အရသိရပါတယ်။ “ သူက မှူးယစ်စခန်းက ဗေလုဝလို့နာမည်ထွက်တဲ့တစ်ယောက်ပါ၊ စခန်းမှူးတွေ နယ်တွေပြောင်းကြတော့ သူ့ကို စခန်းမှူးရာထူးပေးလိုက်ကြတာလားတော့မသိဘူး၊ ရပ်ကွက်ထဲမှာ ဆိုင်ကယ်တစ်စီးနဲ့တစ်ယောက်ထဲဖြတ်သန်းသွားလာနေတာတော့အမြဲတွေ့နေရတယ်”လို့‌ ဒေသခံ တစ်ဦးကပြောပါတယ်။ အဆိုပါ သတ်ဖြတ်ခံရသည့် မူးယစ်ရဲမှာ လက်ပံချောင်းကားဂိတ်အနီး ဆီဆိုင် တစ်နေရာတွင် ဦးခေါင်းတွင် သေနတ်ထိဒဏ်ရာနဲ့ ပစ်သတ်ခြင်းခံရပြီး မွန်းလွှဲ ၃နာရီခန့်အထိ အလောင်း လာမကောက်ကြသေးကြောင်းသိရပါတယ်။

 

  • ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များအပါအဝင်လူဦးရေ ၃၅ ဦးမှာ အရေပြားရောဂါဖြစ်နေကြောင်း အဆိုပါစခန်းမှသိရသည်။ အဆိုပါ အရေပြား‌ရောဂါဖြစ်ပွားနေသူ များမှာ များသောအားဖြင့် ငါးနှစ်အောက်ကလေးငယ်များဖြစ်ကြပြီး အသက် ၃၀ ကျော် လူကြီးအချို့ လည်းပါဝင်ကာ ပြီးခဲ့သည့် မေလကပင် စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး သက် သာသူ အနည်းငယ်ရှိကြောင်း စခန်းတာဝန်ခံ ကိုသန်းအေးက ပြောသည်။ ” ဖြစ်တာကတော့ကြာနေပြီပေါ့။ လူကြီးပိုင်းက နှစ်ယောက်၊ သုံးယောက်ပဲပါတယ်။ ကျန်တာကအကုန် ကလေး တွေပဲ။ ဒီထက်ပိုပြီး ကူးစက်ပျံ့ပွားတာမျိုးတော့ မရှိ သေးပါဘူး။ အနာသီးတွေက အရည်ယိုတာတွေရှိ တယ်။ တချို့လူတွေမှာတော့ အနာသီး ထိပ်ဖုလေးတွေ မဲနေပြီ။သက်သာစပြုလာတယ်လို့ပြောလို့ရတာပေါ့ ” ဟု ၎င်းကပြောသည်။

 

  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် ငွေတောင်းခံနေသော ကျွန်းပင်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ဒီပဲယင်းမြို့ကျွန်းပင်ဂိတ်တွင်လူထုထံမှ ငွေတောင်း ဓားပြ တိုက်နေ သော  စစ်ကောင်စီတပ်ကို  DRPA – FRF – မိုးဦး တို့ပူးပေါင်း၍ ဒရုန်းဖြင့်  M9(အီနာဂါ)တစ်လုံး ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံးပြီး စစ်သား ၄ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း DRPA သတင်းနှင့် ပြန်ကြားရေးက ပြောဆိုသည်။

 

  • သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် သျှမ်းသံဃာတော်များ ဦးဆောင်ပြီး ဘုန်းတော်ကြီး သင်ပညာ ရေးကျောင်း (ဘကကျောင်း) ဖွင့်လှစ် သင်ကြားပေးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် သံဃာတော်များ၏ ဦးဆောင်မှုဖြင့် မိုင်းကိုင်မြို့နယ် ပန်စက်ကျေးရွာ (ဗဟိုစာသင်ကျောင်း)၊ ကုန်းလုံကျေးရွာ၊ ဖောင်းဆိုင်ကျေးရွာ၊ ပုန်းယမ်းကျေးရွာ၊ ကုန်းကောက်ကျေးရွာ၊ ပန်ဝါကျေးရွာ နှင့် နောင်ပူးကျေးရွာ စသည့် ကျေးရွာ ၇ ရွာတွင် ဘကကျောင်းများ ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်ဟု ဆိုသည်။

 

  • ပြီးခဲ့သည့် ဇွန်လ၂၄ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓညဝတီ(က) ရပ်ကွက်မှ လူ ၃ ဦးထဲမှ ၂ ဦးကို ယနေ့ ဇွန်လ ၃၀ ရက်တွင် ထောင်ဒဏ် ၁ လချမှတ်လိုက်သည်ဟု သိရသည်။ ထောင်ချခံလိုက်ရသူ ၂ ဦးမှာ ဦးမောင်အေး (၅၂ နှစ်)နှင့် ဦးသိန်းရွှေ(၄၂ နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့ကို မှောင်ရိပ်ခိုမှုဥပဒေပုဒ်မ ၆၁(ဂ)ဖြင့် စစ်တွေ မြို့နယ်တရားရုံးက ထောင်ဒဏ် ၁ လ ချမှတ် လိုက်ခြင်းဖြစ်သည်ဟု ဦး‌မောင်အေး၏မိသားစုဝင်တစ်ဦးက ပြောသည်။ “အခုတော့ သူတို့ကို စစ်တွေ ထောင်ချုပ်ကိုယူသွားကြပြီ။ မိသားစုတွေနဲ့တော့ ဒီနေ့တရားရုံးမှာ တွေ့ခွင့်ရခဲ့ပါတယ်။ ကျန်းမာရေး ကတော့ ခြေထောက် တစ်ဖက် နည်းနည်း ဒဏ်ရာရနေတဲ့ပုံစံမြင်ခဲ့တယ်”ဟု ဆိုသည်။

 

  • ရန်ကုန်တိုင်း၊ မြောက်ဒဂုံလမ်းဆုံအနီးတွင် ဇွန်လ(၂၉)ရက်နေ့၊ ညပိုင်းက တောင်ဒဂုံလျှပ်စစ်ရုံး မြိုနယ်မှူးကို ကျည်(၇)တောင့်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Special Task Agency of Burma-STA က ယနေ့ဇွန်လ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ တောင်ဒဂုံလျှပ်စစ်ရုံး မြို့နယ်မှူး ဗိုလ်ကြီး ဝင်းမြင့်ဇော် ကို ရှင်းလင်းရာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းမောင်းနှင်သည့် ကားပေါ်တွင် အတူလိုက်ပါလာသော မိသားစုဝင်နှစ်ဦး ထိခိုက်ဒဏ်ရာမရရှိခဲ့ဟု လည်း သတင်းထုတ်ပြန်ထားသည်။ ၎င်းဗိုလ်ကြီးဝင်းမြင့်ဇော်ဆိုသူသည် မီတာခများကို အဆမတန် လိုက်လံကောက်ခံရန်နှင့် မီးဖြတ်ရန်စေခိုင်းသူဖြစ်ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဆိုသူအမျိုးသမီးကို ရှင်းလင်းခဲ့ကြောင်း တိုက်နယ်စွန်မဟာမိတ်ပူးပေါင်းအဖွဲ့ထံက သိရ သည်။ ကာကွယ်ရေးတပ်ဖွဲ့သည် ညောင်ပင်ဝန်းကျေးရွာနေ အသက် ၄၀ အရွယ် မအေးမိုးဆိုသူ အမျိုးသမီးကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က ၎င်းနေထိုင်သည့် နေအိမ်အနီးဇရပ်တွင် သွားရောက် ဖမ်းဆီး၍ ရှင်းလင်းခဲ့ ခြင်း ဖြစ်ကြောင်းသိရသည်။ “သူက ညောင်ပင်ဝန်းကျေးရွာက စစ်ကောင်စီသတင်းပေး လုပ်နေတာ ကြာပါပြီ။ အမျိုးသမီးဖြစ်နေတာမို့ သတိပေးစာတွေ ပို့ခဲ့တယ်။ ပို့တဲ့အချိန်တော့ ညောင်ပင်ဝန်းရဲစခန်းမှာ သွားနေတယ်။ ပြီးရင် အချိုးက မပြင်ဘူး။ သက်သေအထောက်အထားတွေလည်း အခိုင်အမာအများကြီး ရရှိထားတယ်။ အဲ့ဒါကြောင့် ရှင်း လင်းလိုက်ရတာ ဖြစ်ပါတယ်”ဟု တိုက်နယ်စွန်မဟာမိတ်ပူးပေါင်း တပ်ဖွဲ့မှရဲဘော်တစ်ဦးက ပြောသည်။

 

  • မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွှဲ တစ်နာရီခွဲအချိန် တိုင်းတာချက်အရ ကချင်ပြည်နယ်၊ ရွှေကူမြို့ ဧရာဝတီမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာ နိုင်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။  “ရွာဦးဘက်မှာတော့ အခင်းတွေရှိတယ်။ အခင်းတွေ ဘက်တော့ ရေဝင်နေပြီ။ ရွာထဲက အိမ်အချို့မှာလည်း ရေဝင်နေကြပြီ” ဟု ဒေသခံများက ပြောသည်။ ရွှေကူမြို့နယ်တွင် စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၁ ပေခွဲခန့်တွင် ရောက်ရှိနေပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

 

  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း စစ်ဘေးရှောင်တစ်ဦး နေရပ်ရွာသို့ပြန်၍ ပစ္စည်းများသယ်ယူချိန် ကားမှောက်ပြီးဘသေဆုံးခဲ့ကြောင်း ဒေသခံများမှ ပြောသည်။ ဇွန်လ ၂၈ ရက်နေ့တွင် တမူးမြို့နယ်၊ ခွန်မွန်းနွန်ရွာသို့ပြန်၍ ပစ္စည်းများသယ်ယူပြီးပြန်အလာ လမ်းတွင် သုံးဘီးကားမှောက်ကာ Ro Uk Lian အသက် (၅၅) နှစ်သည် ပြင်းထန်သော ဒဏ်ရာရရှိခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။ “ သုံးဘီးကားမှာ လူရှစ်ယောက်ပါတယ်။ အငယ်ဆုံး နှစ်နှစ် အရွယ်ကလေးပါ၊ သူက ဒဏ်ရာ အပြင်းဆုံးဆိုတော့ အိမ်မှာ တစ်ရက်နေပြီးတော့ ဆုံးသွားတာ ” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

 

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်တွင် ပန်းရံလုပ်နေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးသွားပြီးနောက် ၈ ရက် ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။ ၎င်းသူမှာ ကိုမောင်မောင်လင်း(၂၆)နှစ် (ဘ) ဦးမောင်လှဝင်း (မိ) ဒေါ်မအေးခိုင် တို့၏ သားဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီကုန်းရွာဇာတိဖြစ်ကြောင်းသိရသည်။ ၎င်းကို ဇွန်လ ၂၃ရက် ညနေ ၉နာရီ အချိန်ခန့်တွင် ကုန်တန်း ရပ်ကွက်ရှိ ဘီအိုစီ(BOC) လမ်းဆုံတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မအေးခိုင် က ပြောသည်ဟု နိရဉ္စရာ သတင်းဌာနတွင် ဖော်ပြထားသည်။

 

  • စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာမတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူများ တပ်စခန်းကို ယနေ့ 3: 30မိနစ်ခန့်တွင် ဒေါင်းလုလင်-LPDF နှင့် ဘန့် 2 အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအား မသိရသေးကြောင်း ဒေါင်းလုလင် – LPDF က သတင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်က လက်နက်ကြီး ၅ လုံး ပြန်လည်ပစ်ခဲ့သော်လည်း PDF များ ဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#ဖက်ဒရယ်ဂျာနယ်

#အပတ်စဉ်သတင်း #ပြည်တွင်း

https://www.facebook.com/federaljournal

https://www.federaljournalmm.org/