• Today is: Friday, April 26, 2024

တပ်သားသစ် စုဆောင်းကာ PNO အခြေခံစစ် သင်တန်းစတင်ဖွင့်လှစ်

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၆

ရှမ်းပြည်တောင်ပိုင်း  အထူးဒေသ (၆)နယ်မြေထဲမှာရှိတဲ့ PNO/ PNA ပအိုဝ်းပြည်သူ့စစ်က နယ်မြေ အေးချမ်းတည်ငြိမ်ရေးအကြောင်းပြုကာ ၄င်းနယ်မြေရှိ တိုင်းရင်းသား ဒေသခံများအား တပ်သားသစ် စုဆောင်း၍ ဇူလိုင် ၆ ရက်နေ့တွင် အခြေခံစစ်သင်တန်း စတင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

ယင်းအခြေခံစစ်သင်တန်းအား ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆိုက်ခေါင် အနောက်ဘက်ရှိ  PNO ပြည်သူ့စစ်၏ အောင်ဆုဗွေတပ်စခန်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယခုလို အခြေခံ စစ်သင်တန်းပေး ဖွဲ့စည်းမှုသည် ပအိုဝ်းတော်လှန်ရေး အင်အားစုများဖြစ်သည့် ပအိုဝ်း ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် လုပ်ဆောင် သည့် သဘောဖြစ်သည် ဟု ပအို့ဝ်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF)မှ ရဲဘော်တဦးက ဖက်ဒရယ် ဂျာနယ်သို့ ပြောဆိုသည်။

“ပြောရရင် ပြည်သူ့စစ်လို့လည်း ခေါ်လို့ရမယ်။ စစ်ကောင်စီရဲ့ လက်အောက်ခံအဖွဲ့လို့လည်း ခေါ်လို့ရမယ်။ ဒီလိုပဲ ကျနော်တို့ အနေနဲ့ မြင်ပါတယ်။ အခုလို ဗျူစော်ထီးကို ရပ်တိုင်းရွာတိုင်းမှာဖွဲ့မယ်ဆိုရင် နောက်ပိုင်း ဆိုရင် အထူးသဖြင့် ကျနော်တို့ ရှမ်းပြည်တောင်ပိုင်း  အထူးဒေသ (၆)နယ်မြေထဲမှာရှိတဲ့ ကျနော်တို့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကို သူတို့ထိန်းချုပ် ခြင်တဲ့သဘော ဖြစ်ပါတယ်။ ရှင်းရှင်းပြောရ မယ်ဆိုရင် PNO က ကျနော်တို့ကို သူတို့နဲ့ထိပ်တိုက် မတွေ့ခင် ပြည်သူတွေကို အရင် ထိပ်တိုက်တည်ပေးလိုက်တဲ့ သဘောပေါ့” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

PNO ပေးသည့် သင်တန်းတက်ရောက်ပြီးနောက် ဒေသခံများကို စစ်ရေးဆိုင်ရာအတွက် အသုံးချကာ ပြည်သူများ အချင်းချင်း ပြန်လည် တိုက်ခိုက်မည့် အခြေအနေကို ပအို့ဝ်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့( PNDF )ဘက်က မလိုလားကြောင်း တွေ့ရသည်။

“အခုလိုမျိုး စစ်သင်တန်းပေးတယ်ဆိုတာ ကျနော်တို့အနေနဲ့ကတော့ ဗျူစော်ထီး၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ကို တဖက်လှည့်အနေနဲ့ ဖွဲ့စည်း လိုက်တဲ့ သဘောပါပဲ။ ဒေသကို တကယ် ကာကွယ်နိုင်လားဆိုတာ မေးခွန်းမေးစရာရှိတယ်။ မကြာသေးမီကပဲ သူတို့ရဲ့ ရဲဘော်တစ်ဦး ကနေပြီးတော့ အပြစ်မဲ့ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့တာတွေရှိခဲ့တယ်။ ဒီလောက်ထိ တောင်မှ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့သူတို့ရဲ့ ရှိရင်းစွဲတပ်ဖွဲ့ကိုတောင်မှ မကြပ်မတ်နိုင်ဘဲနဲ့ နောက်ထပ်အဖွဲ့တစ်ဖွဲ့ ပအိုဝ့်လူငယ် အကုန်လုံးနီးပါး အသက်အရွယ်ရပြီးသား အကုန်လုံးကို စစ်ပညာသင်ကြားပေးမယ်ဆိုရင်တော့ ဒါတော်တော်လည်း တွေးစရာရှိလာတာပေါ့။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ လူငယ်တွေကို အဆုံးရှုံး မခံနိုင်ဘူး။ စစ်ကောင်စီရဲ့ အသုံးချခံ လူသားဒိုင်းအဖြစ် မမြင်ချင်ဘူး။ တကယ်လို့ ကျနော်တို့ ထိပ်တိုက် တွေ့လာမယ် ဆိုရင်လည်း ရန်သူဆိုရင်တော့ ကျနော်တို့လုပ်မှာပဲ သို့သော်လည်း လက်နက်မပါဘူး အရပ် ဝတ်နဲ့ဆိုရင်တော့ ကျနော်တို့ စဉ်းစား ရတာပေါ့။ အခုလိုသူတို့ရဲ့ လုပ်ရပ်က ကျနော်တို့ ဒီတော်လှန်ရေး အတွက် အတော်လဲအကြပ်ရိုက်စေတယ်။ ဒါကြောင့် လူငယ်တွေကို အခုလိုလုပ်တာကို ကျနော်တို့အနေနဲ့ ကတော့ လုံးဝလက်မခံဘူး။ အပြင်းအထန် ကန့်ကွက်ပါတယ်” သူက ဆက်ပြောသည်။

ဒါ့အပြင် ပအိုဝ်းလူမျိုးများတွင် PNO အပါအဝင် ပအိုဝ်းလူမျိုးကို အခြေခံသည့် နိုင်ငံရေးပါတီက (၂)ဖွဲ့ရှိ သည်ကို တွေ့ရသည်။ သို့သော်လည်း လူထုထောက်ခံမှု အားနည်းသည်ကို သိရသည်။

“ပအိုဝ်းမှာ နိုင်ငံရေးပါတီက (၂)ဖွဲ့ရှိတယ်။ တခုက ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) နဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဆိုပြီးရှိတယ်။ ဒီနှစ်ဖွဲ့က ပအိုဝ်းပြည်သူ တရပ်လုံးကို ဘယ်သူက ကိုယ်စားပြုသလဲ မေးလို့ရှိရင် ဘယ်သူမှ ပအိုဝ်းလူထုတရပ်လုံး တစ်မျိုးသားလုံးကို ကိုယ်စားမပြုဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ ပအိုဝ်း လူထုတရပ်လုံးကို ကိုယ်စားမပြုဘူး ဆိုတော့ PNO စာက PNO တာဖြစ်တယ်။ လူတစု အစုအဖွဲ့တခုကနေချုပ်ကိုင်ထားတဲ့ အစည်း အဖွဲ့အစည်းတာ ဖြစ်တယ်ဆိုတာကို လူထုတွေကို သိစေချင်တယ်။ နောက်အခြားတိုင်းရင်းသားတွေ အနေနဲ့နည်း PNO ရဲ့လုပ်ရပ်က ပအိုဝ်းလူထုတရပ်လုံးရဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်စေ ချင်ပါတယ်။ ထင်ရှားတဲ့ ဥပမာ တခုပြောရ မယ်ဆိုရင် ကျနော်တို့ ကရင်နီဘက်ကနေ စစ်ဘေးရှာင် လာတဲ့ပြည်သူ တွေကို ဘယ်သူတွေကူညီခဲ့ သလဲဆိုရင် PNO ကူညီခဲ့တာမဟုတ်ပါဘူး။ ပအိုဝ်းဒေသမှာရှိတဲ့ လူထုတွေကနေပြီး လူသားချင်းစာနာ ထောက်ထားမှုအားဖြင့် ကူညီခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၁၉၇၆ ခုနှစ်တွင် မူလက ပါတီ နိုင်ငံရေးအသွင် စတင်ဖွဲ့စည်းခဲ့ သော်လည်း လက်နက်ကိုင် လှမ်းစဉ်ကိုသာ အဓိကထားပြီး ရွေးချယ်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ သို့သော် ၁၉၉၁ ခုနှစ်တွင် ပအိုဝ်းလူမျိုးများကြား လူထုညီလာခံ ခေါ်ယူကျင်းပကာ နဝတ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး၍ လက်နက်ကိုင် လှမ်းစဉ် စွန့်လွတ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအရ အထူးဒေသ (၆) ပအိုဝ့်အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနေနဲ့ ဖွဲ့စည်းတည်ရှိခဲ့ပြီး  ၂၀၀၉ ခုနှစ်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံ ပြည်သူ့စစ်အနေနဲ့ တရားဝင်နေထိုင်ခဲ့သည်ဟု သိရသည်။ ယင်းနောက် ၂၀၁၀ ခုနှစ်တွင်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဖြင့် နိုင်ငံရေးပါတီ ဖွဲ့စည်း မှတ်ပုံတင်ခဲ့ ကြောင်း သိရသည်။