• Today is: Thursday, March 28, 2024

ရခိုင်တွင် စစ်မီးတောက်ချိန် နီးပြီလော

“ရခိုင်တွင် စစ်မီးတောက်ချိန် နီးပြီလော”

လှထွန်းဖြူ

“စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးကျဆုံး”ဟူသည့်သတင်းသည် ယခုရက်ပိုင်းအတွင်း မီဒီယာများတွင် ထိပ်ပိုင်းသတင်းအဖြစ် နေရာယူလျက်ရှိနေသည်။ ထိုသတင်းကြောင့် AA ကို အားပေးထောက်ခံသည့်ရခိုင်ပြည်သူများကလည်း စုတ်တသတ်သတ်ဖြင့် စိတ်မကောင်းဖြစ် နေကြ ရသည်။ အချို့ဆိုလျှင် ၄င်းတို့၏ Profile ပုံများကို လူမှုကွန်ရက်များတွင် အနက်ရောင်သို့ပင် ပြောင်း၍ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြနေကြသည်။ ရက္ခိုင့်တပ်တော်(AA)၏ စစ်ဒေသအသီးသီးတွင်လည်း အာရက္ခအလံကို တိုင်ထက်ဝက်အောက်သို့ချ၍ လွှင့်ထူလိုက်ကြသည်။

ထိုသတင်းဆိုးကား ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ- ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ(၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်(AA)တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ယင်းနေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် ဂျက်တိုက်လေယာဉ်(၂)စီးဖြင့် လေကြောင်းမှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု AA က ယင်းနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခဲ့ မှုကြောင့် AA တပ်ဖွဲ့ဝင်အချို့ကျဆုံးပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တပ်စခန်းအတွင်းရှိ ဆေးရုံ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ကျဆုံးသည့်တပ်ဖွဲ့ဝင်အရေအတွက်နှင့်  ထိခိုက်ဒဏ်ရာရရှိခဲ့သည့်တပ်ဖွဲ့ဝင် အရေအတွက် ကိုမူ AA ၏ ကနဦးထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိခဲ့ပေ။

AA က ထိုသို့သတင်းထုတ်ပြန်ပြီး မိနစ်ပိုင်းအကြာတွင် Salween Press သတင်းဌာန၏လူမှုကွန်ရက်တွင် AA တပ်စခန်း ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခံရ၍ AA တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ဝ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံဆေးခန်းသို့ပို့ဆောင်နေသည့်ဓာတ်ပုံများနှင့်တကွ သတင်းတစ်ပုဒ် ထုတ်လွှင့်ခဲ့သည်။ ထိုဓာတ်ပုံများသည်လည်း လူမှုကွန်ရက်စာမျက်နှာများတွင် တမဟုန်ချင်း ပျံ့နှံ့သွား ခဲ့သည်။

နောက်တစ်နေ့ ဇူလိုင်လ ၅ ရက်နံနက်ပိုင်းတွင် ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း AA တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့သည်ဟု AA က သတင်းထုတ်ပြန်လာသည်။ ကျဆုံးသွားသည့် AA တပ်ဖွဲ့ဝင် ၆ ဦးမှာ ရသေ့တောင်မြို့နယ်မှ တပ်သား ကျော်ဦးလှိုင် (၃၁)နှစ်နှင့် တပ်သားနေဇော်ဦး(၂၉)နှစ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ တပ်သား ကျော်ဆန်းဌေး(၂၆)နှစ်၊ ပလက်ဝမြို့နယ်မှ တပ်သားထွန်းထွန်းလင်း (၂၄) နှစ်၊ ကျောက်တော်မြို့နယ်မှ တပ်သားဘိုသန်းကျော်(၂၀)နှစ်၊ မြေပုံမြို့နယ်မှ တပ်သားဇာနည်ဝင်း(၂၀) နှစ်တို့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူအချို့ရှိခဲ့သော်လည်း ထိခိုက်သူ စာရင်းကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။

စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်(၂)စီးသည် ယင်းနေ့က မြန်မာ-ထိုင်းနယ်စပ်အနီးရှိ AA တပ်စခန်းအား မြန်မာဖက်(ကရင်ပြည်ထဲ)မှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက် အတွင်းသို့ဝင်ရောက်သွားခဲ့သည်ဟုလည်း AA က ဆိုထားသည်။

ယခုတိုက်ခိုက်ခံရသည့်နေရာသည် လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့်နေရာနှင့်လည်း ဝေးလွန်းသည့် အတွက် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းသာဖြစ်နိုင်သည်ဟု ဦးခိုင်သုခက မီဒီယာများတွင် သုံးသပ်ပြောဆို ထားသည်။ သို့သော် လာရောက်တိုက်ခိုက်သည့်အသေးစိတ်ကို စုံစမ်းနေပြီး လိုအပ်သလို တုံ့ပြန် သွားမည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်မှုတော့ မရှိသေးပေ။

တိုက်ဆိုင်သည်ဟုပင်ဆိုရမည်လား။ ယခုကဲ့သို့ AA တပ်စခန်းကို လေကြောင်းမှ တိုက်ခိုက်ချိန်တွင် ရခိုင်ကမ်းရိုးတန်းရေပိုင်နက်အတွင်း စစ်ကောင်စီက ရေပြင်နှင့် ဝေဟင်ပါ စစ်ရေးလေ့ကျင့်ခဲ့ကြသည်။ ထိုစစ်ရေးလေ့ကျင့်ခြင်းကို ဇူလိုင်လ ၁ ရက်မှစတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၅ ရက်တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ကာ အားပေးကြည့်ရှုခဲ့သည်။ ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို စစ်ကောင်စီက ယခင်နှစ်များကလည်း ပြုလုပ်ခဲ့ကြပြီး ယခုနှစ်တွင် ရေငုတ်သင်္ဘော ၂ စင်းပါ ပါဝင်လာခဲ့သည်ကိုတွေ့ရသည်။ ပထမအဆင့်အနေဖြင့် မြန့်မာပင်လယ်ပြင်ရှိ စီးပွားရေးဇုန်များကို ကာကွယ်နိုင်စွမ်းရှိသည့် ရေတပ်တစ်ခုဖြစ်လာစေရန် မျှော်မှန်းထားကြောင်းလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆက်ပြောရမည်ဆိုလျှင် တိုက်ပွဲမဖြစ်ဘဲ တည်ငြိမ်နေချိန်တွင် ယခုကဲ့သို့ စစ်ကောင်စီတပ်၏ ကျူးကျော် တိုက်ခိုက်ခြင်းကို AA သည် ယခုတစ်ကြိမ်သာကြုံခဲ့ရသည်မဟုတ်ပေ။ ယခင် ၂ဝ၁၄ ခုနှစ်ကလည်း တစ်ကြိမ်ကြုံခဲ့ဖူးပြီ။ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာတွင် ဖွင့်လှစ်ထားသော ကေအိုင်အေဗိုလ်သင်တန်းကျောင်းကို စစ်ကောင်စီဖက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့သည်။ ကျဆုံးသွားသော ဗိုလ်လောင်း ၂၃ ဦးတွင် ရက္ခိုင့်တပ်တော် (AA)မှ တပ်ဖွဲ့ဝင် ၈ ဦးလည်း ပါဝင်သွားခဲ့သည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ  ၁၁ ဦး၊ ချင်းအမျိုးသားတပ်ဦး (CNF)မှ ၂ ဦးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ၂ ဦးတို့လည်း ကျဆုံးသွားခဲ့သည်။ ရုတ်တရက်တိုက်ခိုက်ခံခဲ့ရသည့်အတွက် ယခုကဲ့သို့ ထိခိုက် ကျဆုံးမှုများပြားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအချိန်ကလည်း စစ်ကောင်စီဘက်က ရေရာသေချာသည့်အကြောင်းပြချက်ကို မပေးခဲ့သလို  ယခုတစ်ကြိမ်တွင်လည်း မည်သည့်အကြောင်းပြချက်မျှ တုံ့ပြန်ပြောဆိုခြင်းမျိုးမရှိသေးပေ။ စစ်ကောင်စီ ၏ ယခုလုပ်ရပ်နှစ်ခုမှာ ကျားခေါင်းကို သန်းသွားရှာသလို ကျားအမြီးကို သွားဆွဲသည်နှင့် ဆင်တူနေပေသည်။ သေချာသည်ကတော့ AA သည် စစ်ကောင်စီထံတွင် ယခုကဲ့သို့တိုက်ခိုက်ခံရမှုမျိုး နှစ်ကြိမ်တိုင်တိုင် ရှိသွားပြီဖြစ်ရာ မည်သည့်နည်းနှင့်မျှ သည်းခံလိမ့်မည်မဟုတ်ပေ။ ဦးခိုင်သုခကလည်း ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်ခံရမှုကို လိုအပ်သလို တုံ့ပြန်သွားမည်ဟုဆိုထားရာ AA နှင့် စစ်ကောင်စီတို့အကြား စစ်ရေးပဋိပက္ခအရှိန်က ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိနေသည်။

တစ်ဘက်တွင်လည်း စစ်ကောင်စီနှင့် AA တို့သည် ၂ဝ၂ဝ နိုဝင်ဘာမှစတင်ကာ နားလည်မှုဖြင့် အပစ်ရပ်စဲထားကြခြင်းဖြစ်သည်။ နှစ်ဘက် လက်မှတ်ရေးထိုးကာ အပစ်ရပ်စဲထားခြင်းမဟုတ်ဘဲ နားလည်မှုဖြင့် ရပ်စဲထားခြင်းဖြစ်ရာ ယခု စစ်ကောင်စီက ကျူးကျော်ကာ AA တပ်စခန်းကို လေကြောင်း တိုက်ခိုက်မှုဖြစ်ရပ်ကြောင့် ထိုနားလည်မှုတည်ဆောက်ထားခြင်းသည် တစ်စုံတစ်ရာ ထိခိုက်သွားနိုင်ပေမည်။

လက်ရှိ ရခိုင်တွင် မြေပြင်အခြေအနေတွင်လည်း စစ်ကောင်စီနှင့် AA တို့ အချင်းချင်း တိုက်ပွဲ မဖြစ်ရုံသာရှိသည်။ အချင်းချင်း အပြန်အလှန် အဖမ်းအဆီးများတော့ ရှိနေကြသည်။ မေလနှင့် ဇွန်လတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက AA တပ်ဖွဲ့ဝင်များကို ညအချိန်မတော် ဝင်ရောက် ဖမ်းဆီးမှုများရှိနေ၍ AA ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇွန်လ ၁၁ ရက််နောက်ပိုင်းမှစတင်ကာ ဖမ်းဆီးမှုများရှိနေသည်။ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေမြို့များတွင် အပြန်အလှန်ဖမ်းဆီးနေကြရာ AA ထံဖမ်းဆီးခံနေရသူများတွင် စစ်ကောင်စီတပ်ဖွဲဲ့ဝင်များအပြင် စရဖတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များပါ ပါဝင်နေသည်ကိုတွေ့ရသည်။ စစ်ကောင်စီဘက်ကလည်း အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးစစ်ဆေး၊ အမှုဖွင့်ခြင်းများကို ဆက်တိုက်ဆိုသလို လုပ်နေသည်။ ယခုကဲ့သို့ နှစ်ဘက်အပြန်အလှန် ဖမ်းဆီးမှု အကြားတွင် ဒေသခံအရပ်သားပြည်သူများသည် စစ်ကောင်စီထံ သံသယဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ် ကြောက်လန့်ကာ အလုပ်ပျက်အကိုင်ပျက်နှင့် တိမ်းရှောင်နေရသူများလည်း ရှိနေသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်တွင် ၂ဝ၂၁ ခုနှစ်မှစတင်ကာ စစ်ရေးလှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်လာနေခြင်းဖြစ်သည်။ ရပ်ရွာများအတွင်း လက်နက်အပြည့်အစုံဖြင့် စစ်ကြောင်းများ လှည့်လည်ကာ အင်အားပြမှု၊ အပြစ်မဲ့အရပ်သားများကို လမ်းသွားလမ်းလာနေစဉ် ရပ်တန့်စစ်ဆေးမှု၊ ညအချိန်မတော် ဧည့်စာရင်းကိုအကြောင်းပြကာ နေအိမ်များအတွင်း ဝင်ရောက်စစ်ဆေးမှု၊ တစ်မြို့နယ်နှင့် တစ်မြို့နယ်၊ တစ်ရွာနှင့်တစ်ရွာသို့ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ထားမှု၊ ဆန်ရိက္ခာများ သယ်ဆောင် ခွင့်ကန့်သတ်ထားမှု၊ AA ၏ လှုပ်ရှားဆောင်ရွက်နေမှုများကို ဟန့်တားနှောင့်ယှက်မှု စသည့်အကြောင်းအရာ များကို ဆက်တိုက်လုပ်ဆောင်နေသည်မှာ ယခုအချိန်ထိပင်ဖြစ်သည်။ မကြာသေးခင်ကလည်း ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်တွင် စစ်ကောင်စီက ရေငုတ်သင်္ဘောတစ်စီးကိုထုတ်ပြန်လာသည်အထိ စစ်ရေးလှုပ်ရှားပြခဲ့သည်။ ယခုအခြေအနေများကို သည်းမခံနိုင်တော့သည့်အဆုံးတွင် AA နှင့် ရင်ဆိုင်တိုက်ပွဲ များဖြစ်ပေါ်လာနိုင်ပေသည်။

ပြောရမည်ဆိုလျှင် ရခိုင်တွင် စစ်မဖြစ်ရုံတမယ်ရှိသော်လည်း စစ်အရိပ်အငွေ့များက နေ့စဉ်နှင့်အမျှ ယှက်ဖြာလျက်ရှိနေသည်။ အကယ်၍ စစ်ပွဲများသာ ရခိုင်ဒေသတွင်ဖြစ်ပွားလာပါက မြေစာပင်ဖြစ်သည့် အပြစ်မဲ့ပြည်သူသည်သာ ထိခိုက်ဆုံးရှုံးမှုများကို ခံစားကြရမည်ဖြစ်သည်။ ယခင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲကာလအတွင်းလည်း ပြည်သူအများအပြား စစ်ဘေးဒဏ်ကို အလူးအလဲ ခံစားခဲ့ရပြီးဖြစ်သည်။ ယင်းအချိန်က ခံစားခဲ့ရသည်များမှာ ယခုအချိန်အထိ နာလံထူနိုင်သေးသည်မဟုတ်။ ဤအခြေအနေတွင် တိုက်ပွဲသာ ထပ်ဖြစ်လာပါက ပြည်သူများတွင် ဆုံးရှုံးနစ်နာထိခိုက်ခံစားရမည်မှာ ပြောစရာတောင် လိုမည်မထင်ပါ။

လက်ရှိ ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေများမှာ ရှုပ်ထွေးလျက်ရှိနေရာ မနက်ဖြန်ဘာဖြစ်မည် ဆိုသည်ကို မည်သူကမျှ မခန့်မှန်းနိုင်ကြပေ။ စစ်မီး စစ်လျှံများ မည်သည့်အချိန် ထတောက် မည်ဆိုသည်ကိုလည်း မည်သူမျှ မသိနိုင်ကြပေ။ အခြေအနေက ပြော၍မရပေ။ ယင်းကြောင့် ရခိုင်ပြည်သူ များအနေဖြင့် အသွားအလာဆင်ဆင်ခြင်ခြင်ဖြင့် ပြင်ဆင်သင့်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန်သာ တိုက်တွန်းလိုပေတော့သည်။