• Today is: Thursday, April 18, 2024

နေ့စဉ်သတင်းအကျဉ်း

                                                                         ဇူလိုင်  – ၇ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ ဇူလိုင် ( ၇ )ရက်နေ့အထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူ ( ၂၀၆၉ ) ဦး အထိရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ (၁၄၅၀၉) အထိရှိခဲ့ပြီး ( ၁၁၄၄၃) ဦးမှာ လက်ရှိချိန်ထိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း AAPP ၏ ထုတ်ပြန် ချက်အရသိရသည်။

 

  • အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို(DMO-Local PDF) မှ တပ်ရင်း (K)ကို ယမန်နေ့ ဇူလိုင် (6)ရက်​​နေ့တွင် ဗဟို​ကော်မတီဦး​ဆောင်ပြီး တိုးချဲ့ ဖွဲ့စည်း နိုင်ခဲ့ကြောင်းသိရသည်။ တိုးချဲ့ဖွဲ့စည်းခဲ့​သော တပ်ရင်း(K)သည် အဓိဌာန်(၄) ချက်နှင့်အညီ အကြမ်းဖက် စစ်​ကောင်စီတပ်ဖွဲ့ကို အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အခြား​တော်လှန်​ရေးတပ်ဖွဲ့နှင့် အတူ ညီညွတ် စွာ လက်တွဲသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ထို​ကြောင့် စတင်ဖွဲ့စည်းလိုက်​သော တပ်ရင်း သစ်အား လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာ စသည့် အ ခက်အခဲအမျိုးမျိုးရှိ​သည့်အတွက် မိဘပြည်သူ များ ဝိုင်းဝန်း ကူ​ညီထောက်ပံ့​ပေးနိုင်ရန်အထူး​ ​မေတ္တာ ရပ်ခံပါသည်ဟု ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်းတစ်နေရာ လွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်ကလေးများအား ပညာသင် ကြားပေးနိုင်ရန်အတွက် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂမှ ဆရာ၊ ဆရာမများ အား ခေါ်ယူလျက်ရှိကြောင်း သိရသည်။ လွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်ကလေးများ ပညာသင် ကြားနိုင်ရေးအတွက် ကျောင်းများဖွင့်လှစ်ထားနိုင်ပြီဖြစ်ရာ ထိုစာသင်ကျောင်းများတွင် ကလေးများအား ပညာသင်ကြားပေးနိုင်ရန် ဆရာ၊ဆရာမအင်အား အဆမတန် လိုအပ်လျက်ရှိကြောင်း တောင်ကြီး ပညာ ရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂက ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့က ထုတ်ပြန် ထားသည်။

 

  • အကြမ်းဖက် စစ်တပ်ကို ခုခံ တိုက်ခိုက်ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် PDF ကွန်မန်ဒိုတပ်ဖွဲ့မှ စစ်ရေးလေ့ကျင့် ပြုလုပ်နေသောဓာတ်ပုံများကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အထူး ကွန်မန်ဒို တပ်ဖွဲ့သည် ပြည်သူပိုင် နေအိမ်များ မီးရှို့ပြီး ပြည် သူပိုင်ပစ္စည်းများကို ခိုးယူ လုယက်နေ သည့် အကြမ်းဖက် စစ်တပ်ကို ခုခံကာကွယ်ရန်နှင့် စစ်​တပ်၏ စစ်စခန်း​များ၊ မြို့သိမ်းတိုက်ပွဲ​များနှင့် အထူးစစ်ဆင်​ရေး​များကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

  • သရက်ချောင်းမြို့နယ်ထဲက စုံစင်ဖျားရွာမှာ မနေ့ကစပြီး ရွာလုံးကျွတ် နေအိမ်တွေပြောင်းရွှေ့နေကြ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စုံစင်ဖျားမီးသတ်ရုံနဲ့ ရွာက စစ်ရှောင်သွားသူတို့ရဲ့ နေအိမ် တချို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ အထက်ဘက်က စစ်တပ်တွေဆင်းလာရင် နေထိုင်နိုင်ဖို့အတွက် ပြည်သူတွေကို နေရာ ရွှေ့ပြောင်းစေခဲ့တာလို့ သိရပါတယ်။ ” ညကတော့ တချို့ တစ်ဝက်ရောက်နေကြပြီလို့ပြောသံကြားတယ် ” လို့လည်း စစ်ကောင်စီတပ်ဖွဲ့တွေ ရွာထဲ ရောက်ရှိလာတဲ့ အခြေအနေကို ဒေသခံတစ်ဦးကပြောဆိုသည်ဟု တနင်္သာရီတိုင်းမ် တွင် ဖော်ပြထားပါတယ်။

 

  • ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်ချုပ်ချပ်ခွင့်ရဒေသ ရွာငံမြို့နယ် ငွေတောင်ရွာက ပြည်သူနေအိမ် တစ်လုံးကို စစ်ကောင်စီတပ်သားတွေက ယမနေ့ဇူလိုင် ၆ ရက် ညနေပိုင်းမှာ လာရောက် မီရှို့ဖျက်ဆီး သွားတယ်လို့သိရပါတယ်။ မီးရှို့ခံရတဲ့ နေအိမ်ပိုင်ရှင် ဦးသန်းလှိုင်က NLD ပါတီအတွက် တက်ကြွ လှုပ်ရှားသူ ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းကထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပြီး မိသားစုဝင်တွေကတော့ ခေတ္တပြန်လာတာတွေ ရှိတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်သားတွေက ‌ရှောင်တခင်လာရောက်စောင့်ကြည့်နေတာတွေရှိပြီး အခုတစ်ကြိမ်မှာတော့ နေထိုင်သူကို ရှာမတွေ့လို့ နေအိမ်ကိုမီးရိူ့သွားတာဖြစ်တယ်လို့ မြင်တွေ့ခဲ့ရသူတစ်ဦးကပြောဆိုသည်ဟု ခမ်းသားငေါဝ်း သတင်းဌာန တွင် ဖော်ပြထားပါတယ်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျောင်းသား ပြည်သူများမှ ယနေ့တွင် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့် အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ” စာတန်းများကိုင်ဆောင်ကာ 7 July နှစ် ၆၀ ပြည့် အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်ချေ မှုန်းရေးချီတက် ဆန္ဒပြကြသည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့ တွင် 7 July နှစ် ၆၀ ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့အပြင် သရက်ချောင်းမြို့နယ်က ကျောင်းသား ပြည်သူတွေလည်း ဒီနေ့ကျရောက်တဲ့ 7July အထိမ်းအမှတ်အဖြစ် ” ဖိနှိပ်တိုင်းသာ ပျောက်ကွယ်ရရင်တော်လှန်ရေးဟာဖြစ်မလာဘူး” ဆိုတဲ့ ဘန်နာနဲ့ စစ်အာဏာရှင် ဆန်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။

 

  • ထားဝယ်မြို့ တစ်နေရာတွင် ထား၀ယ်သပိတ်တက်ကြွ လှုပ်ရှားသူများ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် “ဖောက်ပြန်သူအပေါင်းတီးတဲ့စောင်းမှာ ခွပ်ဒေါင်းဘယ်ခါမကပါ”၊ “7July စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲ၀င်ကြ” စာတန်းများ ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာရွက်များဖြန့်ဝေခြင်း၊ ဆေးနီ များပက်ဖြန်းခြင်းနှင့် တော်လှန်သောသီချင်းများကိုဖွင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • နှစ် ၆၀ ပြည့်ပြီ ဖြစ်တဲ့ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ အထိမ်းအမှတ် ဇူလိုင် ၇ ရက် နေ့လယ်ပိုင်းမှာ ကံပေါက်ဒေသကလူငယ်များက Paper Strike လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ သမိုင်း အစဉ်အလာ ကြီးမားတဲ့ အရေးတော်ပုံကြီးတခုကို လူငယ်တွေအနေနဲ့ အမှတ်ရ အောက်မေ့ စေနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ လှုပ်ရှားမှုကို ဦးဆောင်သူက ဆိုပါတယ်။

 

  • ကျောင်းသားသမိုင်းတစ်လျှောက် မေ့မရနိုင်သော ဆဲဗင်းဂျူလိုင်အရေး တော်ပုံကြ (၆၀)နှစ်မြောက်​နေ့တွင် ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ စစ်အာဏာရှင်တို့၏ ရက်စက်ယုတ်မာမှုများနှင့် မတရားမှုများကို အောက်မေ့လျက် ယနေ့ထက်တိုင် အန်တုဆန့်ကျင်လျက်ရှိကြောင်း လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July နေ့အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်တွင် ဆဲဗင်းဇူလိုင် အရေးခင်း နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)နှင့် North Dagon Oppressed People’s Strike Coalition တို့ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။ အလားတူ “ဆဲဗင်းဂျူလိုင် စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ” စာသားပါဘန်နာဖြင့် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ် )၊ အထက၆​ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်သုခ ကိုယ်ပိုင် ကျောင်သားသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ရွှေ​​ပြည်သာမြို့နယ်တွင် ယ‌နေ့ ဇူလိုင်လ ၇ ရက်နေ့၌ ဆဲဗင်းဂျူလိုင်ကျောင်းသား အရေးတော်ပုံ နှစ်(၆၀) ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

  • “ 7 july ” အထိမ်းအမှတ်နေ့ကို အောက်မေ့အမှတ်ရသောအားဖြင့် စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း နှင့် လွတ်မြောက်နယ်မြေရှိ ရဲဘော်တချို့ ပူးပေါင်း၍ အင်တာနက် လူမှုကွန်ရက် (Online) လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၇ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ်မတ်လတွင် အာဏာသိမ်းယူခဲ့သည့် စစ်ခေါင်း ဆောင် ဦးနေဝင်းသည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ကျောင်းသား များအား ရက်စက်စွာဖြိုခွင်းခဲ့ကြသည်။

 

  • မန္တလေး သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် “၇.၇.၆၂ မမေ့ကြနှင့်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July နှစ် ၆၀ ပြည့်နေ့အဖြစ် “ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြ ” စာတန်းချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • ပြည်ကြီးတံခွန်ဆရာတော် ဦးဆောင်၍ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်(၆၀)ပြည့် အောက်မေ့ခြင်းအဖြစ် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)မှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းကပ်လှု၍ အမျှပေးဝေ ခြင်း တော်လှန်ရေးအတွင်းမှာကျဆုံးသွားကြသော အာဇာနည်သူရဲကောင်းများ အားအလေးပြုခြင်းပြု လုပ်ခဲ့ကြပြီး “7July-စိတ်ဓာတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ” စာသားနှင့် အကြမ်းဖက်စစ်အာဏာရှင် တော်လှန် ခဲ့ကြသည့် ပြည်/ခွန်သပိတ်ဆန္ဒပြခဲ့သည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ တော်လှန်လူငယ်များသည် 7th July နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ယနေ့တွင် မီးတုတ်ရှို့ ဆန္ဒပြကြသည်။ ‘သမဂ္ဂအဆောက်အဦး ကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး’ ဟု ကြွေးကြော်ဆန္ဒပြကြသည်။

 

  • ဆားလင်းကြီးတွင် မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့မှ ဦးဆောင်ကာ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းမှ သွားရောက်ပူးပေါင်းပြီး ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July နေ့ အထိမ်း အမှတ်အဖြစ် “၇.၇.၆၂မမေ့ကြနဲ့” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ပြီး Local PDF များက လိုက်ပါဝန်းရံခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသို့ မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ အမျိုးသမီးသပိတ်အင်အားစု(WAB)၊ လက်ပံတောင်းတောင် ဒေသသပိတ်စစ်ကြောင်း၊ လက်ပံတောင်းဒေသ ကျေးရွာ သပိတ်စစ်ကြောင်း၊ ချင်းတွင်း မြစ်အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း၊ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ် ကျေးရွာသပိတ် စစ်ကြောင်း၊ ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်း၊ ရုန်းထတော်လှန် ရွာငယ့်အားမာန် သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း၊ ရွှေဥက္ကံသပိတ်စစ်ကြောင်းတို့ ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ဆဲဗင်းဇူလိုင်နေ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်နှင့် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း သုံးဦးကို အလေးပြုပြီး စစ်အာဏာရှင် တော်လှန်ရေး ချီတကိ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ) တို့ပူးပေါင်းကာ ဆဲဗင်းဇူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ် အဖြစ် အကြမ်းဖက် စစ်တပ် ဝတ်စုံကို မီးရှို့ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ယင်းမာပင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲချုပ်)က ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ စာသားပါဘန်နာဖြင့် ယင်းမာပင်မြို့နယ် ပြည်သူပိုင်လမ်းမတွေပေါ်မှာ ဇူလိုင်လ ၇ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။

 

  • အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထကမလဲသာကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ မုံရွာပင်မသပိတ်တို့ စုပေါင်း၍ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် “၇.၇.၆၂ မမေ့ကြနဲ့” စာသားပါဘန်နာအား ကိုင်စွဲကာ ဇူလိုင်လ ၇ ရက်နေ့၌ အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် 7 July အထိမ်းအမှတ် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်း ရေး ယနေ့ ဇူလိုင်လ ၇ ရက်တွင် ဆန္ဒပြကြသည်။ ‘၇.၇.၁၉၆၂ ကျောင်းသားလူထုအရေးတော်ပုံမှ သွေးကြွေး နွေးဦးတော်လှန်ရေးတွင် အပြီးရယူမည်၊ အရေးတော်ပုံ အောင်ရမည်၊ အိမ်တွေကိုပဲ မီးရှို့လို့ ရမယ် စိတ်ဓာတ်တွေကို မီးရှို့လို့မရဘူး၊ ဖိလေကြွလေ ကနီမြေနှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောကြားခဲ့သော စကားဖြစ်သည့် သမဂ္ဂအဆောက်အဦ ကိုသာဖြိုချလို့ရမယ် အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို ဖြိုချလို့မရဘူး’ ဘန်နာများကိုင်‌ဆောင်ကာ ကြွေးကြော်ဆန္ဒပြကြသည်။

 

  • တောင်ငူမြို့တွင် တောင်ငူခရိုင် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အထက (၁) တောင်ငူ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July နှစ် ၆၀ ပြည့်နေ့ အဖြစ် “ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ” စာတန်း ချိတ်ဆွဲပြီး “၇.၇.၆၂ မမေ့ကြနဲ့” စာသား ရေးသားခဲ့​ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

  • ဟင်္သာတမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ရဲဘော်များ ဦးဆောင် ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ဆဲဗင်းဇူလိုင် နှစ် ၆၀ ပြည့်​နေ့အဖြစ် “အဆောက်အဦးကိုသာ ဖြိုလို့ ရမယ် အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့မရဘူး” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်းစစ်ရှောင်စခန်းတစ်ခုမှာ အမျိုးသမီး ၆၀၀ ဦးအတွက် လစဉ် သုံးပစ္စည်းအပါအဝင် အသုံးအဆောင်ပစ္စည်းတွေကို အလှူရှင်တွေက ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့မှာ လှူဒါန်းခဲ့ပါတယ်။ “အမျိုးသမီးပေါ့နော။ သူတို့စစ်ရှောင်ရောက်တဲ့အချိန်မှာ တချို့ အရေးပေါ်ရောက်တဲ့ ပြေးနေတဲ့ အမျိုးသမီးတွေဖြစ်တဲ့အတွက် သူတို့ထမီအလဲအလှယ်ဖြစ်အောင် ကျမတို့ ထမီထည့်တယ်။ အထဲခံထည့်တယ်။ ဘီးထည့်တယ်။ မှန်ထည့်တယ်။ အဓိက အမျိုးသမီး အသုံးအဆောင်တွေ ကျမတို့ ထည့်ပြီးတော့မှ ပေးလေ့ရှိတယ်ပေါ့နော။” လို့ လှူဒါန်းခဲ့သူ အမျိုးသမီးတစ်ဦးက ပြောဆိုကြောင်း ဒေသ အခြေစိုက် သတင်းဌာန ကန္တာရဝတီတိုင်း( မ် )တွင် ရေးသားဖော်ပြထားပါတယ်။ ဒီးမော့ဆို အနောက် ဘက်ခြမ်း စစ်ရှောင်လူဦးရေရဲ့ ထက်ဝက်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ အများစုဟာလည်း အရွယ် ရောက်ပြီး အမျိုးသမီးဖြစ်တဲ့အတွက် အသုံးအဆောင်ပစ္စည်းတွေ မရှိမဖြစ်လိုအပ်တယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏ မြို့လည်ခေါင်၌ ယ‌နေ့၊ နေ့လည်ပိုင်းက နေ့ခင်း ကြောင်တောင် တွင်ပင် လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း လုယက်ခံရသည့်အမျိုးသမီးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားဖော်ပြထားချက်အရ သိရသည်။ တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်၊ အရှေ့မြို့ပါတ်လမ်းနှင့် ရေထွက်ဦးလမ်းကို ဆက်သွယ်ထားသည့် လမ်းမကြီးရှိ ILBC ကျောင်းအနီး၌ ယနေ့၊ နေ့လည် ၂ နာရီ၊ ၄၀ မိနစ် အချိန်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသား တစ်ဦးက ပိုက်ဆံအိတ်လုယက်သွားခြင်းဖြစ်ကြောင်း အဆိုပါအမျိုးသမီးက ရေးသားထားသည်။

 

  • မကွေးတိုင်း မြိုင်မြို့နယ် သံဘိုကြီးကျေးရွာနှင့် ဇီးဖြူစားကောင်းကျေးရွာကြားတွင် ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက်နက်အင်အားမမျှခြင်းကြောင့် ပြည်သူ့ရဲဘော် ၃ ဦးဘကျဆုံးခဲ့ကြောင်း သိရသည်။ ကျဆုံးသူများမှာ ရဲဘော်မောင်သန်းအောင်၊ ရဲဘော်မောင်နှင်းလွင်ဦး နှင့် ရဲဘော်မောင်ရန်ပိုင်စိုးတို့ ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်မှ အရာရှိ ၁ ဦး သေဆုံးခဲ့ကာ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ သံဘိုကြီးကျေးရွာနှင့် ဇီးဖြူစားကောင်းကျေးရွာကြား တိုက်ပွဲတွင် အကြမ်းဖက် စစ်အုပ်စု အင်အား ၇၀ ဝန်း ကျင်ကို ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့၊ ပုလဲတပ်ရင်း (၄) မှ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုတွင် တော်လှန်ရေးအဖွဲ့မှ သေနတ်အစစ် ၃ လက်သာပါရှိခဲ့ သော်လည်း အကောင်းဆုံးခုခံပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

  • အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊မိုးရေးမြို့မှ အိန္ဒိယနိုင်ငံသား  တမီးလ်အမျိုး သား ၂ ဦးကို အကြမ်း ဖက်စစ်တပ်၏ လက်အောက်ခံ ပျူစောထီးများက  တမူးမြို့တွင် ပစ်ခတ်သတ်ဖြတ်မှုကို ရှုတ်ချကြောင်း တမူး PDF က သတင်းထုတ်ပြန် သည်။  ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် အိန္ဒိယနိုင်ငံသား Mohan အသက် ၂၈ နှစ်၊ Mr.M Iyarnar အသက် ၃၅ နှစ်တို့နှစ်ဦးကို တမူးမြို့ စော်ဘွားရပ်ကွက်၊ အမက ၄ စာသင်ကျောင်းအနီးတွင် ပျူစောထီးအဖွဲ့က အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း  သိရှိရ သည်။ PDF တမူးအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ကျူးလွန်သော အဆိုပါ  သတ်ဖြတ်မှုကို ရှုတ်ချကန့်ကွက်ပြီး စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၊ ပျူစောထီး၊ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး လက်ပါးစေများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် သတင်းထုတ်ပြန်ထားသည်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်း #ပြည်တွင်း

https://www.facebook.com/federaljournal

https://www.federaljournalmm.org/

Federal Journal You tube  channel>>https://www.youtube.com/channel/UCdiso3nQ1RbwYu0ixQYqtiA